The Voice Daily, 5-3-2017.
ဆောင်းရာသီ ဟောလီးဒေးမှာ ဘယ်သွားရင်ကောင်းမလဲ
ဖေဖေါ်ဝါရီ တတိယသတင်းပတ်ဟာ နော်ဝေးနိုင်ငံရဲ့ ဆောင်းရာသီဟောလီးဒေးဖြစ်တာကြောင့် ဘယ်သွားရင်ကောင်းမလဲဆိုပြီး စဉ်းစားပါတယ်။ ဒီဇင်ဘာ ခရစ်စမတ်ဟောလီးဒေးတုန်းကလည်း အလားတူစဉ်းစားပေမဲ့ ဘတ်ဂျက်မရှိတာ၊ ကြိုတင်အစီအစဉ်မဆွဲနိုင်တာတွေကြောင့် ဘယ်မှ မသွားဖြစ်လိုက်ပါ။ အခုတော့ ဒီတိုင်း ထိုင်နေလို့မဖြစ်၊ တနေရာရာတော့ ထသွားမှဖြစ်မယ်လို့ ကြိုတင်ဆုံးဖြတ်ထားပါတယ်။
ပထမ ဆုံးသွားချင်တဲ့နေရာက Northern Light မြောက်ပိုင်းရောင်ချည် (ဥတ္တအလင်း) မြင်ခွင့်ရနိုင်တဲ့ အရပ်ဆီ။ ဒါပေမဲ့ ခရီးစရိတ်၊ ဟော်တယ်စရိတ်ကို Check ကြည့်တော့ နဲနဲနောနောမဟုတ်။ နော်ဝေးနဲ့ ရုရှားနယ်စပ်ကမြို့ကို သွားမလား၊ နော်ဝေးမြောက်ပိုင်းက ကျွန်းကလေးဆီသွားမလား၊ ဖင်လန်မြောက်ပိုင်း ဆီသွားမလား။ ဘယ်သွားသွား ခရီးစရိတ်နဲ့ ဟိုတယ်စရိတ်ပေါင်းရင် ခရိုနာ ၅၀၀၀ (ဒေါ်လာ ၆၀၀ ကျော် ) အထက်မှာချည်း။ ပြီးတော့ ရာသီဥတုက အစိုးရတာမဟုတ်။ မြောက်ပိုင်းရောင်ချည်ဆိုတာကလည်း သန်းခေါင်ယံနေလိုပဲ တိမ်ကင်းပြီး ကောင်းကင်တခုလုံးကြည်လင်နေမှ မြင်ခွင့်ရနိုင်တဲ့အရာမျိုး။ စရိတ်အများကြီးအကုန်ခံသွားပြီးမှ မိုးရွာတာ၊ တိမ်ထူတာနဲ့တိုးနေရင် သေပြီဆရာပဲ။
ဒီတော့ စရိတ်သက်သာ နွေးထွေးရာကို လိုက်ရှာရပါတယ်။ အခုချိန်က အော်စလိုမှာတောင် အနှုတ် ၅ လောက်ရှိပြီး ဆီးနှင်းတွေထူထပ်စွာကျနေတာဆိုတော့ ရှေ့မှာပြောခဲ့တဲ့ မြောက်ပိုင်းအရပ်တွေဆို အနှုတ် ၂၀ ကျော်လောက်ဖြစ်နေမှာ။ စိတ်ကသွားချင်ပေမဲ့ ရုပ်ပိုင်းဆိုင်ရာကတော့ အအေးဒဏ်ကနေ ထွက်ပြေး ချင်နေပုံရပါတယ်။ အထူးသဖြင့် ရေခဲအမှတ်အောက် အအေးဒဏ်ကို ၃ လလောက် ဆက်တိုက်ခံပြီးချိန်မှာ နွေးထွေးတဲ့တနေရာရာဆီ ထွက်ပြေးချင်စိတ်ပေါ်နေပါတယ်။
ဒါဟာ နော်ဝေးဆောင်းနဲ့ အလိုက်သင့်မနေတတ်လို့၊ အထူးသဖြင့် ဆောင်းတွင်းအားကစား စကီးမစီး တတ်တာလဲ ပြသာနာတခုလို့ထင်ပါတယ်။ ဒီလိုနဲ့ ဘတ်ဂျက်မများ၊ အချိန်သိပ်မစား၊ နေရောင်ချည်များပြီး နွေးထွေးနိုင်တဲ့ နေရာတခုခုကိုလိုက်ရှာရင်း ဒီလိုဆောင်းတွင်းကြီးမှာတောင် အပူချိန် ၁၈ ဒီဂရီလောက်ရှိနေ တဲ့ ဥရောပတိုက် မြေထဲပင်လယ်ကမ်းဘေးက ဂရိနိုင်ငံ အေသင်မြို့က ခရီးသွားကြော်ညာကိုတွေ့မိပါတယ်။ လေယဉ်ခရော၊ ဟိုတယ်ခပါ ၃ ညအိပ်၊ ၄ ၇က်ခရီးမှ ၂၅၀၀ ခရိုနာ (ဒေါ်လာ ၃၀၀ ၀န်းကျင်) တဲ့။
လေကြောင်းလိုင်းကတော့ တူရကီလိုင်းမို့ အင်စတန်ဘူးလ်ကနေ တဆင့်သွားရမယ်။ ပျံသန်းချိန်နဲ့ Transit မှာ စောင့်ရမဲ့အချိန် အားလုံးပေါင်း ၆ နာရီနီးပါး ကြာမယ်လို့ဆိုပါတယ်။ ဥရောပတိုက်အပြင်ဖက်ကနေ ကွေ့ပတ်သွားတာကြောင့် ဈေးပေါတာဖြစ်မယ်။ ဥရောပအပြင်ကိုမထွက်ပဲ နယ်သာလန်၊ ဒိန်းမတ်၊ ဂျာမဏီ စတဲ့လေယဉ်ကွင်း တခုခုကနေ တဆင့်သွားမယ်ဆိုရင် ဈေးက ဒေါ်လာ ၁၀၀ လောက်ပိုများပါတယ်။ ဂရိကိုမသွားပဲ တူရကီမှာပဲ ဆင်းမယ်။ ဒါမှမဟုတ် တူရကီနဲ့ ဆီးရီးယားကြားက ဆိုက်ပရပ်ကျွန်းဆီသွား မယ်ဆိုရင် ဈေးက ပိုတောင်သက်သာနေပါသေးတယ်။
ဒီက ခရီးသွားတွေက မြန်မာနိုင်ငံမှာလို ခရိးသွားကုပဏီတွေဆီ ဘယ်သူမှ လက်မှတ်သွားမ၀ယ်ပါ။ အားလုံး အင်တာနက်ပေါ်မှာပဲ ၀ယ်ကြပါတယ်။ လေယဉ်ခက ဈေးပေါတယ်ဆိုပေမဲ့ ထိုင်ခုံဖိုး၊ အစားအစာ ဖိုး၊ အသက်အာမခံ၊ ခရီးသွားအာမခံ၊ ဘာကြေး ညာကြေးတွေကလည်း ရှိသေးတယ်။ ဒါက အတွေ့ အကြှုံရှိမှ။ နို့မို့ဆို အကုန်ဝယ်မိနိုင်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ် မြန်မာနိုင်ငံဆီ ပထမ အခေါက်ပြန်တုံးက အကြောင်းမသိသေးတော့ အဲဒါတွေ အားလုံး သွားဝယ်မိပါတယ်။ တထောင်နီးပါး ထပ်ကုန်သွားတယ် ဆိုပါတော့။ တကယ်တော့ ထိုင်ခုံနေရာထပ် ၀ယ်စရာမလို၊ ရန်ကုန်-မော်လမြိုင်ကားတွေလို ခုံပိုထိုး တင်လို့ရတာမှမဟုတ်ပဲ။ အသက်အာမခံနဲ့ နေထိုင်မကောင်းရင် လက်မှတ် အပြောင်းအရွှေ့လုပ်နိုင်တဲ့ အာမခံတော့ ၀ယ်ထားသင့်ပါတယ်။
အော်စလိုမှ အေသင်သို့
အအေးဒဏ်ကနေ လွတ်အောင်ထွက်ပြေးပါတယ်ဆိုမှ အော်စလိုက သဘောကောင်းပြီး ဒီနေ့ကျမှ နေသာနေတဲ့အပြင် အပူချိန်က ၂ ဒီဂရိအထိရှိနေပါတယ်။ ဒါပေမဲ့ လမ်းမပေါ်မှာ ဆီနင်းတွေ၊ ရေခဲတွေ ရှိနေဆဲမို့ အတော်ချောပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံးမြို့တော်ဆိုတဲ့စကားနဲ့အညီ မြို့ထဲကနေ လေယဉ်ကွင်း ဘတ်စ်ကားခက ၂၂၀ ခရိုနာပေးရပါတယ်။ အသွား-အပြန်ဆိုတော့ ၄၄၀ ( ဒေါ်လာ ၆၀ နီးနီး) ဖြစ်နေပြီ။ တက္ကစီသာငှားမယ်ဆိုရင်တော့ ကားခက လေယဉ်ခထက် ပိုများသွားမဲ့ပုံ။
ဥရောပအပြင်ဖက် (Schengen ၂၆ နိုင်ငံ အပြင်ဖက်) ရှိ တူရကီကတဆင့်ဖြတ်သွားမှာဆိုတော့ Passport Control ဖြတ်ရပါတယ်။ တူရကီကို ဘာသွားလုပ်မှာလဲလို့ ကောင်တာအရာရှိကမေးပါတယ်။ ဂရိ (နော်ဝေ အခေါ် Hellas) ကိုဟောလီးဒေးသွားမှာဆိုတော့ ဘာမှထပ်မမေးတော့ပါ။ လက်မှတ်ဝယ်စဉ်က အစားအစာ ဖိုးပေးမထားပေမဲ့ လေယဉ်ပေါ်မှာ ထမင်း သို့မဟုတ် ခေါက်ဆွဲတခုခု အခမဲ့ကျွးပါတယ်။ အော်စလိုက ထွက်ချိန် ၁၂ နာရီ၊ အင်စတဘူးလ်ရောက်ချိန် ၅ နာရီခွဲလို့ရေးထားပေမဲ့ ပျံသန်းချိန် ၅ နာရီခွဲ ကြာတာ မဟုတ်။ တူရကီက နော်ဝေးထက် ၂ နာရီစောတဲ့အတွက် တကယ့်ပျံသန်းချိန်က ၃ နာရီခွဲမျှသာဖြစ်ပါတယ်။
အစားအစာဖိုးပေးမထားလို့ ပြသာနာမရှိပေမဲ့ ထိုင်ခုံဖိုးမပေးမိလို့ထင်ပါရဲ့။ ကျနော်ရတဲ့ ခုံက အရေးပေါ် ထွက်ပါက်နားမှာ။ လေယဉ်အဆင်း အင်စတန်ဘူးလ်မြို့အလှကို ကြည့်ချင်၊ ဓတ်ပုံရိုက်ချင်ပေမဲ့ ပြူတင်း ပေါက်နဲ့ဝေးနေတော့ ဘယ်လိုမှ မြင်ခွင့်၊ ရိုက်ခွင့်မရလိုက်။ အဆင်းကြည့်ခွင့်မရလည်း အေသင်သွားဖို့ပြန် အတက်မှာ ကြည့်ခွင့်ရဦးမှာပေါ့ဆိုတဲ့ မျှော်လင့်ချက်တော့ ကျန်ပါသေးတယ်။ အချိန်က ညနေ ၅ ခွဲဆိုတော့ နေရောင်ကတောက်ပနေပြီး အပူချိန် က ၁၂ ဒီဂရီလောက်ရှိနေပါတယ်။
အင်စတန်ဘူး လေယဉ်ကွင်းက အကြီးကြီး။ အော်စလိုကွင်းနဲ့တခြားစီ။ ဘန်ကောက်ကွင်း၊ အမာစတာဒမ် ကွင်း လောက်ရှိမယ်ထင်ပါတယ်။ လေယဉ်ဆိုက်ချိန်က ၆ နာရီနီးနီး၊ အေသင်ကို ပြန်ထွက်မဲ့အချိန်က ၆ နာရီ ၅၅ ဆို တော့ Transit ကောင်တာကိုဖြတ်၊ ပစ္စည်းတွေ စစ်တာကိုတခါထပ်ကြုံရနဲ့ လေယဉ်ကောင်တာ ရောက်တော့ ၇ နာ ရီနီးနေပြီ။ ဒါပေမဲ့ ကိစ္စမရှိ။ ဂရိက တူရကီထက် တနာရီနောက်ကျတဲ့အတွက် သတ်မှတ်ချိန် ည ၈ နာရီ အေသင်မြို့ ဆီရောက်ပါတယ်တဲ့။
ဒီတော့မှ ရေ၀ယ်သောက်ရင်း ဟိုငေး ဒီငေးလုပ်ခွင့်ရခဲ့ပေါ့။ တူရကီဆိုတာ အာရှနဲ့ဥရောပကြားက နိုင်ငံဆို တဲ့ အတိုင်း ဒီလေယဉ်ကွင်းထဲမှာတွေ့ရတဲ့လူတွေက လူမျိုးစုံသလားမမေးနဲ့။ ဘန်ကောက်နဲ့ အမာစတာဒန် ကွင်းတွေမှာ တွေ့ရသလို လူဖြူတွေ၊ အာရှတွေ၊ လူမဲတွေ သိပ်မရှိပဲ အာရပ်လိုလို၊ တောင်အာရှလိုလို အသားအရောင်တွေက ပိုများတာ သတိထားမိပါတယ်။ အင်စတန်ဘူးလ်ကနေ အာရှသွားမလား၊ အာဖရိကသွားမလား၊ မြောက်အမေရိကား သွားမလား၊ ဥရောပထဲ ပြန်ဝင်မလား၊ နေရာစုံသွားနိုင်တဲ့ အချက်အချာ လေယဉ်ကွင်းကြီးပေါ့။
ဂရိဟာ ဥရောပတိုက်ထဲမှာဆိုပေမဲ့ နော်ဝေနဲ့ ၃ နာရီကျော်ဝေးပြီး အင်စတန်ဘူးလ်နဲ့ ၅၅ မီနစ်ပဲဝေးပါ တယ်။ ဒီတခါ ပြူတင်းပေါက်မှာနေရာရလို့ဝမ်းသာခဲ့ပေမဲ့ ည ၈ နာရီဆိုတော့ အပြင်မှာမှောင်နေပြီ။ မီးရောင်တွေနဲ့လင်းနေတဲ့ အင်စတန်ဘူးလ်ကို လေယဉ်ပေါ်ကနေ ဓတ်ပုံလှမ်းရိုက်ပေမဲ့ ဘာမှရှင်းရှင်း လင်းလင်းမရ။ ဆောင်းတွင်းကာလမို့ လေထုသိပ်သည်းဆများနေလို့လားမသိပါ။ အင်စတန်ဘူးလ်ကို လေယဉ်ပေါ်ကနေ မြင်ရတဲ့မြင်ကွင်းက ဘန်ကောက်ကို လေယဉ်ပေါ်ကနေ မြင်ရသလို ရှင်းလင်းပြီးမနေပါ။
ပြူတင်းပေါက်နေရာရပေမဲ့ အခါနှောင်းခဲ့ပြီဆိုပါတော့။ အထူးသဖြင့် အင်စတန်ဘူးလ် မြို့လယ်ကိုဖြတ်ပြီး ဆောက်ထားတဲ့ Bosphorus Bridge (အာရှတိုက်နဲ့ ဥရောပတိုက်ကြားက တံတား) ကို ဓတ်ပုံရိုက်ချင်ပေမဲ့ ဘယ်လိုမှ အခွင့်အရေးမရတော့ပါ။ မီးရောင်မှိန်မှိန်အောက်မှာ မြင်နေရတဲ့ အင်စတန်ဘူးလ်က ဘန်ကောက်ထက်တောင် ပိုကြီးနေမလားမသိပါ။ Google Search မှာခေါက်ကြည့်တော့ လူဦးရေ ၁၄.၈ သန်းရှိတယ်တဲ့။ ဘန်ကောက်ထက်တောင် တသန်းခန့်ပိုများနေပါတယ်။ ရန်ကုန်နဲ့ယှဉ်မယ်ဆိုရင်တော့ ၂ ဆပိုများတာပေါ့။ နော်ဝေနဲ့ယှဉ်ရင်တော့ တနိုင်ငံလုံးရှိလူ ဦးရေးရဲ့ ၃ ဆတောင်ရှိနေပါရော့လား။
အင်စတန်ဘူးလ်အလွန်မှာ မြေထဲပင်လယ်ထဲက ကျွန်းစုတွေကိုဖြတ်ပျံလာတယ်လို့ထင်ရပေမဲ့ ဘာမှ သဲသဲ ကွဲကွဲ မမြင်ရတော့ပါ။ ဒီလိုနဲ့လေယဉ်ဟာ ဒေသစံတော်ချိန် ည ၈ နာရီအတိမှာ အေသင်လေယဉ်ကွင်းဆီ ဆိုက်ပါတယ်။ ဥရောပတိုက်သားတွေရဲ့ Passport ကောင်တာမှာတန်းဝင်စီတော့ လူပုံကိုကြည့်ပြီး အေးရှား ဆိုရင် ဟိုဖက်သွားပါလို့ လ၀က အရာရှိတဦးကပြောပါတယ်။ စာအုပ်ကိုထုတ်ပြလိုက်တော့ ဘာမှထမ်ပြော တော့ပါ။ လ၀က ဥပဒေ အရ ဒီလိုလုပ်ရတာကို လူမျိုးခွဲခြားတယ်၊ နိုင်ငံခွဲခြားတယ်လို့ပြောဖို့တော့ ခက်မယ်ထင်ပါတယ်။ ဒါပေမဲ့ သေချာတာကတော့ ဘယ်လောက်ပဲလူ့အခွင့်အရေးထွန်းကားတဲ့ နိုင်ငံဖြစ် နေပါစေ။ အဲဒီနိုင်ငံရဲ့ လေယဉ်ကွင်းမှာတော့ Passport (နိုင်ငံကူးလက်မှတ်) ပေါ်မူတည်ပြီး ၀င်ပေါက်-ထွက်ပေါက် ခွဲခြားထားတာကတော့ အမှန်ပါပဲ။
အေသင်ရဲ့ ပထမနေ့
ခွဲခြားမှုက အဲလောက်နဲ့မပြီးသေး။ Passport ကောင်တာအလွန်မှာရပ်စောင့်နေတဲ့ လ၀က အရာရှိတဦးက ထပ်မေးပါသေးတယ်။ တူရကီက လာတာလား၊ တူရကီမှာနေတာလားတဲ့။ မဟုတ်ဘူး၊ နော်ဝေးကနေ ဟောလီးဒေး လာတယ်ဆိုမှ ‘အိုကေ’ သွားပါတယ်။ အေသင်လေယဉ်ကွင်းကတော့ အင်စတန်ဘူးနဲ့စာရင် သေးသေးလေးရယ်။ အော်စလိုကွင်းလောက်ပဲရှိပါတယ်။ အထုပ်အပိုးယူပြီး မြို့ထဲသွားဖို့ပြင်တော့ ၉ နာရီ လောက်ရှိနေပြီ။ မြေအောက် ရထားနဲ့သွားရင်အဆင်ပြေမလားဆိုပြိး Information မှာသွားမေးတော့ သဘောကောင်းလိုက်ပုံများ၊ ရန်ကုန် လေယဉ်ကွင်းနဲ့တခြားစီ။
အေသင်မြို့ မြေအောက်ရထားပြေးတဲ့မြေပုံကိုထုတ်ပြီး ကျနော်သွားမဲ့ဟိုတယ်ကိုရှာပေး၊ လမ်းညွှန်ပေး တာတွေကို ကောင်တာထိုင်အရာရှိက စိတ်ရှည်လက်ရှည်လုပ်ပေးပါတယ်။ တခြားသူတွေလည်း ကိုယ့်လိုပဲ တန်းစီပြီးမေးနေတာအများကြီး။ လေယဉ်ကွင်းကနေ ကားလမ်းမတခုကိုကျော်၊ အဲဒီဘေးမှာ ဘူတာရှိ တယ်။ ၁၀ ယူရိုတန် လက်မှတ်ဝယ်လိုက်ရင် တမြို့လုံးစီးလို့ရတယ်တဲ့။ ရထားက မီနစ် ၃၀ တစီးနှုန်းရှိပါ တယ်။
တခါမှမရောက်ဖူးသေးတော့ မြေပုံအားကိုးနဲ့ပဲ ဒိုးရမှာပေါ့။ ကံကောင်းချင်တော့ ကိုယ့်ဘေးကခုံမှာ ထိုင်သူ က ဒေသခံ ဂရိတဦးဖြစ်နေပါတယ်။ ဟိုတယ်လိပ်စာနဲ့ မြေပုံနဲ့တိုက်ပြီးရှာတော့ ကိုယ်ဆင်းရမဲ့ဘူတာက ၁၂ ခုမြောက်မှာ။ မီနစ် ၃၀ ခန့်ကြာမှာဆိုတော့ ဒီလူနဲ့ ဂရိအကြောင်း နဲနဲပွားခွင့်ရပါတယ်။ ဂရိရဲ့လက်ရှိ နိုင်ငံရေး၊ စီးပွားရေးအခြေအနေကို သူက သိပ်ဘ၀င်ကျပုံမရ၊ လက်ရှိ အာဏာရပါတီအပေါ် အဆိုးချည်း ပြောနေပါတယ်။ သူဟာ ဂရိဆိုပေမဲ့ အေသင်မှာ နေသူမဟုတ်ပဲ ဘူဂရီးယားနယ်စပ်မှာနေသူ၊ တနည်း အားဖြင့် အာဖရိကဖက်ကနေ ဂရိကမ်းခြေဆီ လှေတွေနဲ့ရောက်လာပြီး ဥရောပတိုက်ထဲ ခိုးဝင်တဲ့ ဒုက္ခသည်တွေ၊ တရားမ၀င်အလုပ်သမားတွေရဲ့ လမ်းကြောင်းပေါ်မှာ နေထိုင်သူပေါ့။
ဆင်းမဲ့ဘူတာရောက်တော့ ဟိုတယ်ဆီ ၁၀ မီနစ်ခန့်လမ်းလျောက်ရမယ်တဲ့။ တက္ကစီငှားရင်ကောင်းမလား၊ ဘတ်စ်ကားစီးရင်ကောင်းမလားဆိုပြီး ဘူတာရှိ Information မှာသွားမေးတော့ ဒီလက်မှတ်နဲ့ဘတ်စ်ကား ဆက်စီးလို့ရတယ်။ ၂ မှတ်တိုင်လောက်စီးရင်ရောက်ပြီတဲ့။ အေသင်က ဘတ်စ်ကားတွေက တမျိုးကြီး။ ရိုးရိုးကားတွေရှိသလို လျှပ်စစ်ကြိုးနဲ့ချိတ်ပြီးပြေးနေတဲ့ကားတွေလည်းရှိပါတယ်။ နော်ဝေးနဲ့ တခြားဥရောပ နိုင်ငံတွေက (Tram) ဓတ်ရထားနဲ့တူပါတယ်။ ဒါပေမဲ့ ရထားမဟုတ်ပဲ ကားကိုလျှပ်စစ်ကြိုးချိတ်ပြီးပြေး နေတာက အမြင်မှာထူးဆန်းနေပါတယ်။ ကောင်းတာကတော့ လမ်းမပေါ်မှာ ရထားသံလမ်းတွေ (ဓတ်ရထားလမ်း) ရှုပ်မနေတော့ပါ။
ဟိုတယ်မှာ အထုပ်အပိုးထား၊ ရေမိုးချိုးပြီးချိန်မှာ ည ၁၁ နာရီကျော်နေပြီ။ ဟိုတယ်ကင်တီးမှာ သောက် စရာပဲရပြီး စားစရာမရတော့ပါ။ အပြင်ထွက်မယ်ပြင်တော့ အပူချိန်က ၁၄ ဒီဂရိတဲ့။ ညဖက်ကြီးမှာတောင် ၁၄ ဆိုတော့ နေ့ခင်းဖက်ဆို ၂၀ လောက်တောင်ရှိမလားမသိပါ။ အော်စလိုက၀တ်လာတဲ့ အသားကပ်ဝတ်စုံ တွေ၊ နှင်းကာအနွေးထည်တွေကို အခန်းထဲပြန်ထားပြီး ခပ်ပေါ့ပေါ့အ၀တ်နဲ့ပြန်လဲရပါတယ်။ သာယာ လိုက်တဲ့ ရာသီဥတု။ ကြယ်တွေတောင် မြင်နေရပါတယ်။
မြန်မာတွေရဲ့ထုံးစံအတိုင်း ထမင်း သို့မဟုတ် ခေါက်ဆွဲစားချင်ပေမဲ့ အနီးအနားမှာ အေးရှားဆိုင်မရှိပဲ ကေဘတ်ဆိုင်နဲ့ ဟမ်ဘာဂါဆိုင်ပဲရှိပါတယ်။ ဂရိရိုးရာစားသောက်ဆိုင်ဆီသွားပါလားဆိုပြီး ဟိုတယ် ကောင်တာထိုင် ပုဂ္ဂိုလ်က အကြံပေးပါတယ်။ အင်း-စမ်းကြည့်ဦးမှဆိုပြီး သူညွှန်တဲ့လမ်းအတိုင်း လျောက်သွားတော့ ပန်းချီကားတွေ၊ ဂစ်တာ အ ဟောင်းတွေ၊ ရှေးဟောင်းပစည်းတွေ နံရံမှာချိတ်ထားတဲ့ သစ်သားအဆောက်ဦဟောင်းတခုကိုတွေ့ပါတယ်။ အင်း- အေသင်ဆိုတာ ရှေးဟောင်းအတွေးအခေါ်ပညာရှင်တွေရဲ့မြို့တော်ပဲလေ။
Menu ကိုဖတ်ကြည့်တော့ ဂရိဘာသာနဲ့ချည်းရေးထားလို့ ဘာမှမဖတ်တတ်။ တခြားနိုင်ငံတွေမှာလို စားစရာတွေ ကို ဓတ်ပုံရိုက်ပြမထားပါ။ အဂ်လိပ်ဘာသာနဲ့ရေးထားတဲ့ Menu ကို ထပ်လာပြပေမဲ့ စားစရာတွေက ကိုယ်မသိတာတွေ ခပ်များများ။ Rice ဆိုပြီးတွေ့တာနဲ့ အဲဒါကိုမှာလိုက်ပါတယ်။ ထမင်းဆိုရင် ကိုယ်နေ့စဉ်စားနေကြ အဖြူရောင်လို့ပဲထင်ထားပေမဲ့ တကယ်တန်းရောက်လာတော့ ၀ါကျင်ကျင်ခပ်ကြမ်းကြမ်း ဆန်နဲ့ ထမင်းကြား အသွင်ကူးပြောင်းမှုမပြီးသေးတဲ့ အနေအထားကြီး။ ဒါပေမဲ့ စားကြည့်တော့ မဆိုးပါဘူး။ ဟင်းကလည်း ခပ်ဆန်းဆန်းတွေ။
ဟိုတယ်ပေါ်မတက်ခင် အဆာပြေစားစရာ၊ နို့နဲ့ရေ ၀ယ်မယ်ဆိုပြီး ဆဲဗင်းအလဲဗင်း လိုက်ရှာတော့ မတွေ့ ဘူး။ မြန်မာပြည်ကကွမ်းယာဆိုင်နဲ့ခပ်ဆင်ဆင် လမ်းဘေးတဲဆိုင်လေးတွေပဲတွေ့ပါတယ်။ တဲဆိုင်ဆိုပေမဲ့ ရေခဲသေတ္တာ၊ လျှပ်စစ်မီးရှိပြီး ဆဲဗင်းအလဲဗင်းနီးပါး ပစ္စည်းအစုံတင်ရောင်းနေတာတွေ့ရပါတယ်။ ရေ တပုလင်းမှ ယူရွန် ပြား ၅၀။ အအေးတလုံးမှ တယူရိုဆိုတော့ အော်စလိုထက်အများကြီးသက်သာနေပါ တယ်။ (အော်စလိုမှာ ရေတပုလင်း ၂၅ ခရိုနာ သို့မဟုတ် ၃ ယူရွန်ဆိုတော့ ၆ ဆတောင်သက်သာနေပါ တယ်)။ တခြားကွားခြားချက်တွေ၊ ထူးခြားချက်တွေကိုတော့ မနက်အိမ်ရာနိုးမှ အသေအချာလိုက်လေ့ လာရပါဦးမယ်။ ။
0 comments:
Post a Comment