Monday, March 13, 2017

၂၉ နှစ်ကြာပြီးတဲ့အခါ တောင်းဆိုချက်တွေ ဘယ်နားမှာ

The Voice Daily, 13-03-2017

ကျောင်းသားသမဂ္ဂတော့ ဆောက်ခွင့်ရပြီ

ဒီနေ့ မတ်လ ၁၃ ရက်နေ့ဟာ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဘုန်းမော်နဲ့ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရတဲ့ ၂၉ နှစ်မြောက်နေ့ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ဒီနေ့ နေပြည်တောမှာပြုလုပ်နေတဲ့ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်ကို စတင်ပေးခဲ့တဲ့ ပထမဆုံး ကျောင်းသားလှုပ်ရှားမှုရဲ့ ၂၉ နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ဒီနေ့ကို မြန်မာနိုင်ငံလူ့အခွင့် အရေးနေ့အဖြစ် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက သတ်မှတ်ခဲ့ကြပေမဲ့ အစိုးရနဲ့လွှတ်တော်ဖက်ကတော့ အခုချိန်ထိ တရားဝင်သတ်မှတ်ခေါ်ဆိုတာ မကြားရသေးပါဘူး။


သေချာတာကတော့ လွန်ခဲ့တဲ့ ၂၉ နှစ်၊ မတ်လ ၁၃ ရက်မှာစတင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှု ကနေ အစပြုပြီး မြန်မာ့နိုင်ငံရေးအခြေအနေကို တမျိုးတဖုံပြောင်းလဲစေခဲ့တဲ့ လေးလုံးအရေးတော်ပုံဖြစ် ပေါ်လာတယ်။ အဲဒီကတဆင့် လူထုတိုက်ပွဲတွေ၊ အကျဉ်းထောင်တွင်းတိုက်ပွဲတွေ၊ လက်နက်ကိုင်တိုက်ပွဲ တွေဖြစ်ပေါ်လာပါတယ်။ နှစ် ၂၀ ကျော်တိုက်ပွဲကာလအတွင်း လမ်းမပေါ်ကျဆုံးသွားသူ၊ အကျဉ်းထောင် တွင်းကျဆုံးသူ၊ တောတောင်တွေထဲ ကျဆုံးသွားသူ အာဇာနည်တွေ မနည်းလှပါ။

သူတို့ရဲ့ပေးဆပ်မှု၊ လူထုရဲ့နှိုးကြားမှု၊ နိုင်ငံတကာ အခင်းအကျင်းပြောင်းလဲမှုတွေကြောင့် နောက်ဆုံး ၂၀၁၀ မှာ ရွေးကောက်ပွဲအသစ်တခုဖြစ်ပေါ်လာပြီး စစ်အစိုးကနေ စစ်တပိုင်းအစိုးရဆီပြောင်းပေးခဲ့တယ်။ တခါ ၂၀၁၅ မှာ လူထုကရွေးချယ်တဲ့ NLD အရပ်သား (အများစုပါတဲ့) အစိုးရတရပ်ပေါ်လာတဲ့အထိ အခြေအနေ တွေ တဆင့်ပြီးတဆင့်ပြောင်းလဲလာတယ်လို့ ဆိုချင်ပါတယ်။

ဒီလိုလူထုကရွေးချယ်တဲ့အစိုးရတရပ်ပေါ်လာပြီဖြစ်လို့ ၁၉၈၈ တုန်းက ကျောင်းသားတွေ ဆန္ဒပြတောင်းဆိုခဲ့ တာတွေ ပြည့်စုံသွားပြီလို့ ဆိုနိုင်ပြီလား။ ဒါကိုတော့ လက်တန်းဖြေလို့မရပါ။ အစိုးရသစ်အပေါ်လိုလားခြင်း၊ အစိုးရဟောင်းအပေါ်မနှစ်မြို့ခြင်းပေါ်အခြေခံပြီးပြောလို့မဖြစ်ပါ။ ၁၉၈၈ မတ်လတုန်းက ကျောင်းသားတွေ ဘယ်လိုကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့သလဲဆိုတာကို ပြန်လေ့လာဖို့လိုပါလိမ့်မယ်။

‘’လမ်းစဉ်ပါတီ တော်ပါပြီ’’ ‘’ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး တို့အရေး’’ ‘’ဒီမိုကရေစီရရှိရေး တို့အရေး’’ စတဲ့ကြွေး ကြော်သံတွေဟာ များစွာသောအသံတွေထဲက အခုချိန်ထိ စာရေးသူမှတ်မိနေတဲ့အသံ ခုဖြစ်ပါတယ်။ အခု ၂၉  နှစ်ကြာပြီးတဲ့အချိန်မှာ ဒီကြွေးကြော်သံ ခု ကျနော်တို့ရနေပြီလား။ 

ကျန်တဲ့ ခုကို ခဏထားလိုက်ပါ။ ဒုတိယ ကြွေးကြော်သံဖြစ်တဲ့ ‘’ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး’’ ကတော့ အခု ရနေပြီလို့ဆိုချင်ပါတယ်။ NLD အစိုးရသစ်မတက်ခင်လေးမှာ ကျောင်းသားသပိတ်စစ်ကြောင်းတွေဖြိုခွဲ ခံရ၊ ကျောင်းသားတွေဖမ်းဆီးခံရပေမဲ့ အခု တနှစ်ခန့်ကြာပြီးချိန်မှာတော့ ကျောင်းသားတွေအားလုံး ကိုပြန်လွတ်ပေးတဲ့အပြင် သမဂ္ဂအဆောက်ဦ ဆောက်ခွင့်ပေးတဲ့အထိ အခြေအနေတွေ တိုးတက်နေပါပြီ။ ၁၉၆၂ ဇူလိုင်လ ရက် နေ့က အာဏာသိမ်းစစ်တပ်က ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်ဦကို ပြန်လည်တည် ဆောက် ဖို့ အစိုးရက ခွင့်ပြုချက်ပေးလိုက်ပြီ မဟုတ်ပါလား။

ကျောင်းသားသမဂ္ဂတွေကို အစိုးရနဲ့လွှတ်တော်က တရားဝင်အသိအမှတ်ပြုပေးဖို့၊ ကျောင်းသားသမဂ္ဂပြန် ဆောက်ရေးမှာ အစိုးရဆန္ဒထက်ကျောင်းသားတွေရဲ့ဆန္ဒကိုဦးစားပေးဖို့ စတဲ့အငြင်းပွားမှုတွေ ကျန်နေ ဆဲဖြစ်ပေမဲ့ အခြေနေတွေ အတော်တိုးတက်လာနေပြီ။ တနည်းအားဖြင့် ကြွေးကြော်သံ ခုမှာ တခုတော့ သေချာပေါက်ရလုနီးနေပြီလို့ ဆိုချင်ပါတယ်။


‘’လမ်းစဉ်ပါတီ တော်ပါပြီနဲ့ ဒီမိုကရေစီရရှိရေး’’ က ဘယ်လိုလဲ

စကားလုံးအရပြောမယ်ဆိုရင် ‘’လမ်းစဉ်ပါတီ တော်ပါပြီ’’ ဆိုတဲ့ကြွေးကြော်သံဟာ ၁၉၈၈ သြဂုတ်လမှာ မလလ ပါတီဥက္ကဌတွေ ပြုတ်ကျပြီးကတည်းက ရခဲ့ပြီးပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ လမ်းစဉ်ပါတီ ဆိုတဲ့အမည်သာပြုတ်သွားတာဖြစ်ပြီး အနှစ်သာရဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကိုကိုယ်စားပြု အုပ်ချုပ်နေ တဲ့နိုင်ငံရေးပါတီ ပြုတ်သွားပြီလို့ ပြောဖို့ခက်ပါတယ်။ 


လမ်းစဉ်ပါတီဟာ ၁၉၈၈ နောက်ပိုင်း တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ (တစည) အဖြစ်အသွင် ပြောင်းပြီး ၁၉၉၀ ရွေးကောက်ပွဲကိုဝင်ခဲ့ပါတယ်။ တခါ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ပြည်ထောင်စုကြံ့ခိုင် ရေးနဲ့ဖွံဖြိုးရေးပါတီအဖြစ် အမည်ပြောင်း ၀င်ပြိုင်ပြန်ပါတယ်။ အခု ၂၀၁၅ အထိ စစ်အာဏာရှင်အတွေး အခေါ်အပေါ် အခြေခံထားတဲ့ ကြံ့ခိုင်ရေးပါတီက ရှိနေဆဲမို့ ‘’လမ်းစဉ်ပါတီ တော်ပါပြီ’’ ဆိုတဲ့ ကြွေးကြော်သံ အောင်မြင်သွားပြီလို့ မဆိုနိုင်သေးပါ။

ဒါဖြင့် တတိယ ကြွေးကြော်သံဖြစ်တဲ့ ‘’ဒီမိုကရေစီရရှိရေး’’ ကကော အခြေအနေဘယ်လိုလဲ။ လွတ်လပ်မျှ တတဲ့ ရွေးကောက်တွေကျင်းပ၊ လူထုကရွေးချယ်လိုက်တဲ့အရပ်သားအစိုးရတရပ် တက်လာတဲ့အပြင် လွှတ်တော်အခင်းအကျင်းလည်း အတော်အားကောင်းနေပြီ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လည်း (ပုဒ်မ ၆၆ ခေတ်စားလာသည့်တိုင်) အတော်ရလာနေပြီဆိုတော့ ဒီမိုကရေစီအခွင့်အရေး အတိုင်း အတာတခုထိတော့ ရနေပြီလို့ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ပြသာနာက ဘယ်လိုဒီမိုကရေစီမျိုးကို မြန်မာတွေရနေသလဲ ဆိုတဲ့မေးခွန်းပါ။ ၂၀၁၅ ရွေးကောက်ပွဲ အလွန် တနှစ်တာအတွင်းမြင်နေရတဲ့ မြန်မာ့ဒီမိုကရေစီအနေအထားဟာ အခြားနိုင်ငံတွေရဲ့ ဒီမိုကရေစီ အနေအထားနဲ့ မတူဘူးဖြစ်နေပါတယ်။ အထူးသဖြင့် အနောက်တိုင်းသဘောတရားဆရာတွေ လက်ခံထား တဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကွဲလွဲနေပါတယ်။ အရင် စစ်အစိုးရခေတ်က လူသိများခဲ့တဲ့ ‘’မြန်မာ့နည်းမြန်မာ့ ဟန် ဆိုရှယ်လစ်’’ ဆိုသလို အခုလည်း ‘’မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ’’ ဖြစ်နေပြီလားလို့ မေးစရာဖြစ် လာနေပါတယ်။

လွန်ခဲ့တဲ့ ၂၉ နှစ်ကာလအတွင်း၊ အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေးအားကောင်းခဲ့တဲ့ ၁၉၉၀ ပြည့်လွန် ကာလတွေအတွင်း တောခိုကျောင်းသားတွေအကြား ခေတ်စားခဲ့တဲ့ သဘောတရားတခုရှိ ပါတယ်။ ‘’အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းမှု မလုပ်နိုင်ပဲနဲ့ ဒီမိုကရေစီစနစ်ကို ထူထောင်လို့မရနိုင် ဘူး’’ တဲ့။ တနည်းအားဖြင့် ရန်-ငါ စည်း ပြတ်ရမယ်၊ လက်နက်ကိုင်နည်းနဲ့ အာဏာရှင်တွေကိုဖြုတ်ချရမယ်၊ လူထုတိုက်ပွဲနဲ့ အာဏာရှင်တွေကိုဖြုတ်ချမှရ မယ်ဆိုတဲ့ သဘောတရားပေါ့။

ဒါပေမဲ့ ၂၉ နှစ်တာကာလအတွင်း လက်နက်ကိုင်နည်းရော၊ လူထုတိုက်ပွဲနည်းပါ ထင်သလောက်ဖြစ်မလာ တဲ့ အခါမှာတော့ ဒီနေ့ခေတ်စားနေတဲ့ ‘’အာဏာရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း’’ ဖက်ဆီ ခေါင်းဆောင်ပိုင်း က ယိမ်းသွားတယ်လို့ထင်ပါတယ်။ ရန်ကုန်ကလူတွေ မယိမ်းခင်ကတည်းက နယ်စပ်မှာလက်နက်ကိုင်ပြီး တိုက်နေသူတွေက ၁၀ နှစ်လောက်စောပြီး ယိမ်းခဲ့ကြတယ်မဟုတ်ပါလား။ ဒါပေမဲ့ ဒီနည်းကို အပြစ်ပြောလို့ မဖြစ်။ ဒါဟာ ၂၁ ရာစု နိုင်ငံရေး အခင်းအကျင်းဖြစ်ပါတယ်။ နည်းမှန်လမ်းမှန်လို့ သေချာပေါက်မပြောနိုင်ပေ မဲ့ လက်ရှိမြန်မာ့နိုင်ငံအတွက် လက်တွေ့အကျဆုံးနည်းလို့တော့ ဆိုရမယ်ထင်ပါတယ်။

တပ်မတော်ကို ၂၅ ရာခိုင်နှုန်း တရားဝင် အာဏာပေးထားရတာ၊ စစ်အာဏာရှင်အတွေးအခေါ် ခံယူထားဆဲ လူဟောင်းတွေကို ၂၅ ရာနှုန်းခန့် ခွဲတန်းပေးထားရသည့်တိုင် ဒီမိုကရေစီအတွေးအခေါ်အားကောင်းသူ ၅၀ ရာခိုင်နှုန်းခန့်အထိပါဝင်ခွင့်ရနေပြီမဟုတ်ပါလား။ ၁၀၀ ရာခိုင်နှုန်း စစ်အာဏာရှင်တွေထိမ်းချုပ်ထားတဲ့ ခေတ်နဲ့စာရင်တော့ အများကြီးတိုး တက်လာမယ်လို့မျှော်လင့်ရပါတယ်။ 

ဒါပေမဲ့ လက်ရှိအနေအထားဟာ မီးခိုရောင်အဆင့် (Gray area) မှာပဲရှိနေ ပါသေးတယ်။ အာဏာရှင် အတွေးအခေါ် ရှိသူတွေက ဒီမိုကရေစီသဘောတရားကို တကယ်ပဲလက်ခံလာမှာလား။ ဒီမိုကရေစီနည်း အရ ရွေးချယ်ခံထားရသူတွေက အာဏာရှင်အတွေးအခေါ်ရှိသူတွေကို မလွန်ဆန်နိုင်ပဲ ဆက်ရှိနေဦးမှာ လားဆိုတာ သဲသဲကွဲကွဲမမြင်ရသေးပါ။


နောက်တိုး ကြွေးကြော်သံ ဖက်ဒရယ်

၈၈ တုန်းက ဆန္ဒပြကျောင်းသားတွေ တောင်းဆိုခဲ့တဲ့ ကြွေးကြော်သံတွေထဲမှာ ‘’ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး’’ ဆိုတာ မကြားမိပါဘူး။ ဒီလိုမကြားမိတဲ့အတွက် ကျောင်းသား တွေကို အပြစ်မတင်သင့်။ အဲဒီကာလ ပညာရေးစနစ်နဲ့ နိုင်ငံရေးစနစ်ကိုသာအပြစ်တင်သင့်ပါတယ်။ ဘာကြောင့်လဲဆို ပြည်တွင်းစစ်အကြောင်း ကျောင်းသမိုင်းစာအုပ်ထဲမှာ ဖေါ်ပြထားခြင်းမရှိပါ။ တခါ တက္ကသိုလ်ကျောင်းသားအများစုဟာ မြို့ပြမှာကြီးပြင်းသူတွေမို့ နယ်စပ်ကတိုက်ပွဲတွေအကြောင်းမသိပဲ မှောင်ခိုလမ်းကြောင်းကိုပဲ သိခဲ့ဖူးကြတယ် မဟုတ်ပါလား။


ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာနေသူတွေကိုမပြောနဲ့။ ထားဝယ်မှာနေတဲ့ စာရေးသူတောင် လေးလုံး မတိုင်မီအထိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအကြောင်း၊ တိုက်ပွဲတွေအကြောင်း ဘာမှမသိပါ။ မသိဆို တိုက်ပွဲဖြစ်တဲ့နေရာတွေက အနဲဆုံးမြို့နဲ့ မိုင် ၃၀ လောက်ဝေးတဲ့ မေတ္တာရွာလိုနေရာမျိုး၊ နယ်စပ်မှာ ကော်သူလေ (ကရင်အမျီုး သားအစည်းအရုံး) နဲ့ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) တွေရှိနေတယ်လို့ ကြားဖူးပေမဲ့ ကိုယ်နဲ့ဘာမှမဆိုင်သလိုပါပဲ။ ဆိုင်တာဆိုလို့ တခါတလေ ပေါ်တာဖမ်းလို့ထွက်ပြေးရတာ၊ အိမ်တိုင်း ပေါ်တာကြေးထည့်ရတာ မျိုးလောက်ပဲရှိပါတယ်။

ဒါပေမဲ့ လေးလုံးအရေးတော်ပုံနောက်ပိုင်း ထောင်နဲ့ချီတဲ့ကျောင်းသားတွေ နယ်စပ်က သူပုန်နယ်မြေ တွေဆီ ရောက်သွားတဲ့အခါမှာတော့ စာသင်ခန်းထဲမှာတခါမှ မသင်ဖူးတဲ့ လက်တွေ့ ပထ၀ီအနေအထား၊ သမိုင်းအနေအထား၊ စစ်ပွဲအနေအထား စသဖြင့် မြို့ပြဒေသမှာ တခါမှမကြားဖူးတဲ့စကားတွေ၊ အယူအဆ အတွေးအခေါ်တွေကို သိလာခဲ့ရပါတယ်။ ဟိုးကချင်ပြည်နယ် တရုတ်နယ်စပ်ကနေ အောက်ဆုံး တနသာင်္ရီတိုင်း ကော့သောင် နယ်စပ်အထိ နယ်စပ်တကျောလုံးကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ က ထိမ်းချုပ်ထားတာ နဲနဲနောနော် ဧရိယာမှ မဟုတ်ပဲ။

ဆိုလိုတာက ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက စတင်ခဲ့တဲ့ ပြည်တွင်းစစ်ကို ဘယ်လို အဖြေရှာမလဲ၊ တိုင်းရင်းသားတွေဖက်က တောင်းဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆီ ဘယ်လိုသွားမလဲ ဆိုတာကို ကျောင်းသင်္ခန်းစာတွေ၊ မြို့ပြဒေသတွေကိုကျော်ပြီးကြည့်နိုင်မှ မြင်နိုင်ပါလိမ့်မယ်။ ဒီလိုနဲ့ နယ်စပ် ရောက်ကျောင်းသားတွေရဲ့ ကြွေးကြော်သံထဲမှာ ဒီမိုကရေစီရရှိရေးအပြင် ’’ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး’’ ဆိုတာပါ တိုးလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီကြွေးကြော် သံဟာ တပ်ပေါင်းစုရဲ့အသံဖြစ်လာပါတယ်။

အခု ၂၉ နှစ်ကြာပြီးတဲ့အခါမှာတော့ ဒီကြွေကြော်သံဟာ တနိုင်ငံလုံးရဲ့ကြွေးကြော်သံဖြစ်လာနေပြီလို့ ဆိုချင်ပါတယ်။ လက်ရှိ NLD အစိုးရရဲ့ ဦးစားပေးအစီစဉ် ခုထဲမှာ ’’ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေး’’ ဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးတွေလိုပဲ ထိပ်ဆုံးမှာရောက်နေတယ် မဟုတ်ပါ လား။ ၂၁ ပင်လုံညီလာခံတွေ၊ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) တွေ၊ အစိုးရတပ်မတော်နဲ့ သူပုန်တပ် တာဝန်ရှိသူတွေကြား ဆွေးနွေးရေးတွေဟာ ဒီနေ့ NLD အစိုးရလက်ထက်မှာ အများဆုံးမြင်နေရတဲ့ လှုပ်ရှားမှုတွေ ပဲ မဟုတ်ပါလား။

အနှစ်ပြန်ချုပ်ရမယ်ဆိုရင်တော့ ’’ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး’’ ကလည်း ရှေ့မှာပြောခဲ့တဲ့ ‘’လမ်းစဉ်ပါတီ တော်ပါပြီ’’ နဲ့ ‘’ဒီမိုကရေစီရရှိရေး တို့အရေး’’ ကြွေးကြော်သံတွေ လိုပဲ မီးခိုရောင်အဆင့် (Gray area) မှာပဲရှိနေပါသေးတယ်။ တပ်မတော်ရယ်၊ လက်ရှိအာဏာကိုထိမ်းချုပ် ထားဆဲ စစ်အာဏာရှင်လက်ကျန်အတွေးအခေါ်ရှိသူတွေရယ်ဖက်က ဒီမိုကရေစီသဘောတရားနဲ့ ဖက်ဒရယ်သဘောတရားကို လက်ခံယုံကြည်လာတဲ့ တနေ့ကျမှ ဒါတွေ ရလာမယ်ဆိုတဲ့ သဘောမျိုးဖြစ် နေပါတယ်။


တနည်းအားဖြင့် အဲဒီလူတွေ ဒီလို လက်ခံယုံကြည်လာအောင် လွှတ်တော်တွင်းရှိ NLD အမတ်တွေ၊ တိုင်းရင်းသားအမတ်တွေက ဖိအားပေးစည်းရုံးပြောဆိုဖို့လိုနေသလို လွှတ်တော်ပြင်ပရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေအပါဝင် တနိုင်ငံလုံးရှိ ဒီမိုကရေစီနဲ့ ဖက်ဒရယ်လိုလား သူတွေကလည်း လုံလောက်တဲ့ ဖိအားပေး ဆက်ပေးထားဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။     

http://thevoicemyanmar.com/perspective/6931-tsc

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More