Wednesday, October 26, 2016

မြန်မာ့ ‘’စံ’’ က ဘာလဲ။

The Voice Daily, 26, Oct, 2016.


ပြုပြင်ပြောင်းလဲရေး လမ်းစပေါ်မှာ

ပြုပြင်ပြောင်းလဲရေး ဆိုတဲ့စကားကိုပြောကတည်းက လက်ရှိအခြေအနေဟာ မှားနေတယ်၊ စံ မမီဘူး၊ ခေတ်မမီဘူး ဒါကြောင့် ဒီထက်ကောင်းတဲ့၊ ဒီထက်ခေတ်မီတဲ့အခြေနေတခုဆီရောက်အောင် ပြုပြင်ပြောင်းလဲဖို့လိုနေပြီလို့ အဓိပ္ဗယ် သက်ရောက်ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ပြင်ဆင်မဲ့လမ်းသစ်ဆီမသွားခင် လက်ရှိ အခြေအနေဟာ မှားနေတယ်ဆိုတာကို အရင်ဝန်ခံဖို့လိုပါလိမ့်မယ်။


နှစ် ၅၀ ကျော်တောင် မှားခဲ့တာဆိုတော့ ပြင်ဆင်စရာတွေကလည်း ဘယ်နည်းပါ့မလဲ။ အဲဒီလို မနည်းတဲ့ ပြင်ဆင်စရာတွေထဲမှာ နိုင်ငံရေးသမားတွေဦးစားပေးပြောဆိုလေ့ရှိတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးပါပဲ။ ဒါပေမဲ့ စာရေးသူကတော့ အပေါ်ထပ်အဆောက်ဦ ဖွဲ့စည်းပုံပြင်တာအပြင် အောက်ခြေက နိုင်ငံသားတဦးချင်း၊ လူတဦးချင်းစီရဲ့ စိတ်ဓတ်တွေ၊ အကျင့်တွေ၊ စံချိန်စံညွှန်းတွေကိုလည်း တပြိုင်တည်းပြင်ဖို့လိုမယ် ယူဆပါတယ်။ 

နိုင်ငံရေး ‘’စံ’’ အကြောင်း အရင်ပြောရမယ်ဆိုရင် ၂၀၀၈ ဖွဲစည်းပုံဟာ စံ မမှီပါ။ ဒါကြောင့် စံ မီတဲ့ ဖွဲ့စည်းပုံတခုရလာအောင် လွတ်တော်တွင်းကရော၊ လွှတ်တော်ပြင်ပကပါ ၀ိုင်းကြိုးစားနေကြတယ်လို့ နားးလည်မိပါတယ်။ ဒါဖြင့် ၂၀၀၈ ဖွဲ့ စည်းပုံမတိုင်ခင်ရှိခဲ့ဖူးတဲ့ ၁၉၇၄ ဖွဲ့စည်းပုံနဲ့ ၁၉၄၇ ဖွဲ့ စည်းပုံတွေ ကကော စံ မီပါရဲ့လား။ ဗြိတိသျှနယ်ချဲ့ ဆီကနေ လွတ်လပ်ရေးအရယူနိုင်ဖို့ အချိန်လုရေးဆွဲခဲ့ရတဲ့ ၁၉၄၇ ဖွဲ့စည်းပုံမှာ အားနဲချက်တချို့ရှိခဲ့ပေမဲ့ တခြားဖွဲ့ စည်းပုံ ခု ထက်ပိုကောင်းတာကတော့ သေချာပါတယ်။ 

တနည်းအားဖြင့် ၁၉၄၇ ဖွဲ့စည်းပုံနဲ့ ၁၉၄၈ လွတ်လပ်ရေးအရယူခဲ့တာဟာ အဲဒီကာလက မြန်မာ့ ‘’စံ’’ လို့ဆို နိုင်ပါတယ်။ ၁၉၄၈ ကနေ ၁၉၆၂ အထိ မြန်မာ့ စံ ကတော့ ရွေးကောက်ခံအရပ်သား ဒီမိုကရေစီအစိုးရတွေ ပါပဲ။ ၁၉၆၂ မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာ စံ ဟာ စစ်အုပ်ချုပ်ရေး၊ စစ်အာဏာရှင်နဲ့ တည့်အောင်ပေါင်းရေး ဖြစ်သွားတယ်လို့ ၀န်ခံရပါလိမ့်မယ်။ 

အခု ၂၀၀၈ ဖွဲ့စည်းပုံနဲ့သွားနေတဲ့ကာလမှာကော မြန်မာ့ စံ ကဘာလဲ။ ၁၉၄၈ နဲ့ ၁၉၆၂ အကြားရှိခဲ့ဖူးတဲ့ ရွေးကောက်ခံအရပ်သားအစိုးရ အဆင့်လောက်ရှိတယ်ပြောဖို့တောင် မလွယ်သေးပါ။ (တော်လှန်ရေး ကောင်စီ၊ မဆလ၊ န၀တ၊ နအဖ၊ ဦးသိန်းစိန်အစိုးရတို့ အားလုံးထက် လက်ရှိအစိုးရ ပိုကောင်းတာ သေချာ သည့်တိုင်) လက်ရှိ အစိုးရ အဆင့်အတန်းကို စစ်တပ်တ၀က်-အရပ်သားတ၀က် ခွဲတန်းချအုပ်ချုပ်ရေး စနစ်လို့ပြောရမလား။ နိုင်ငံရေးဝေဖန်သူ တချို့ကတော့ ဒီနေ့မြန်မာအစိုးရ ‘’စံ’’ ကို Hybrid regimes (အာဏာရှင်နဲ့ပေါင်းထားတဲ့ ဒီမိုကရေစီအစိုးရလို့ ဆိုနိုင်မယ်ထင်ပါတယ်) လို့ပြောကြပါတယ်။ စာရေးသူ ကတော့ ဗိုလ်ချုပ်ကြီးတွေ ပြောခဲ့ဖူးတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ၊ လမ်းညွန်ဒီမိုကရေစီ (Guided democracy) သို့မဟုတ် မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ (Burmese way to Democracy) လိုခေါ် ချင်ပါတယ်။


ဒါက နိုင်ငံရေး စံ ပါ။ စီးပွားရေး ‘’စံ’’ ကောဘယ်လိုလဲ။ ဈေးကွက်စီးပွားရေးကိုလက်ခံထားတယ်ဆိုပေမဲ့ လက်တွေ့မှာတော့ ခရိုနီစီးပွားရေး စံ အဆင့်မှာပဲရှိနေပါသေးတယ်။ စစ်တပ်နဲ့ခရီုနီပေါင်းပြီးသိမ်းထားတဲ့ မြေယာတွေကို ပြည်သူတွေဆီ ပြန်ပေးနေပြီဆိုပေမဲ့ အတော်နဲနေပါသေးတယ်။ လူမှုရေးနဲ့ယဉ်ကျေးမှု ဖက်မှာလည်း ထူးမခြားနားပါပဲ။ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ဖွဲ့စည်းပုံမှာအာမခံထားတဲ့အတွက် လူမျိုးစုံ ယဉ်ကျေးမှု (Multi Culture) ကို စံ အဖြစ်လက်ခံထားတယ်လို့ယူဆရပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ မြန်မာလူမျိုး၊ ဗုဒ္ခဘာသာလို့ မှတ်ပုံတင်မှာ ရေးထားသူတွေကိုသာ ဦးစားပေးနေဆဲဖြစ်ပါတယ်။ မျိုးနွယ်စု အချင်းချင်းကြား စစ်ပွဲတွေ (Internal conflict) မျီုးနွယ်စု အချင်းချင်းကြား ပတိပက္ခတွေ (communal violence) ကို အခု အစိုးရသစ်လက်ထက်အထိ အဆုံးမသတ်နိုင်သေးပါ။

ဒီလို ဖားတပိုင်း-ငါးတပိုင်း ဒီမိုကရေစီ ‘’စံ’’ အောက်မှာ နိုင်ငံသားတဦးချင်းစီရဲ့ စံနှုန်းတွေကို သတ်မှတ်ဖို့၊ အကျင့်စရိုက်တွေကိုပြုပြင်ဖို့၊ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေကိုလိုက်နာအောင်လုပ်ဖို့ဆိုတာ သိပ်တော့ မလွယ်လှပါဘူး။ ဒါပေမဲ့ မလွယ်ဘူးဆိုပြီး မလုပ်ပဲနေရင် အခြေအနေက ပိုဆိုးလာနိုင်ပါတယ်။ ဒါဟာ အရေးကြီးပါတယ်။ ဘာကြောင့် လဲဆို ဝေဖန်ဆန်းစစ်သူတချို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လိုက်ရုံနဲ့ မြန်မာနိုင်ငံရဲ့ကျဆင်းနေတဲ့ အခြေ အနေအားလုံး ချက်ချင်းကြီးကောင်းလာတော့မလိုလို ပြောနေကြလို့ ဖြစ်ပါတယ်။

စံ မတူ မြန်မာ

လွန်ခဲ့တဲ့နှစ်ပိုင်းက အင်ဂျင်နီယာတဦးရေးတဲ့ စံ မတူ မြန်မာ့အင်ဂျင်နီယာလောကနဲ့ အဆောက်ဦတွေ အကြောင်း ဆောင်းပါးတပုဒ် ဖတ်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံက အဆောက်ဦအတော်များများဟာ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ အညီဆောက်ထားတာမဟုတ်ပဲ အဆင်ပြေသလိုဆောက်ထားတာ ကများကြောင်း၊ အထပ် အနိမ့်-အမြင့်တွေ၊ လှေ ကားထစ်တွေ၊ တံခါးဘောင်တွေ၊ ပြူတင်းပေါက် ဘောင်တွေဟာလည်း စံသတ်မှတ်ချက်မရှိပဲ တအိမ်တမျိုးဖြစ်နေတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အဆောက်ဦ စံချိန်စံညွှန်းစစ်ဆေးသူကို လာဘ်ငွေပေးလိုက်ရင် အဲဒီလိုစံမမီတဲ့ အဆောက်ဦအားလုံး စံ မီတယ်လို့ ထောက်ခံစာရေးပေးလိုက်ပါတယ်။


ဒီလိုနဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းဆောက်ခဲ့တဲ့တိုက်တာတွေက အရင်ပြိုကျပျက်စီးနေပြီး နှစ် ၁၀၀ ကျော် ကိုလိုနီခေတ်က ဆောက်ခဲ့တဲ့ လက်ကျန်အဆောက်ဦတွေက ပိုမိုခိုင်မာ လှပနေတာကို ရန်ကုန်မှာတွေ့ နိုင်ပါတယ်။ ဒါက တိုက်တာအဆောက်ဦကိစ္စ။ လမ်း၊ တံတားဖက်ကိုပြောဦးမလား။ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဆောက်ခဲ့တဲ့ ရန်ကုန်မြို့လယ်က ကုန်းကျော်တံတားတွေအားလုံး စံချိန်မမီလို့ ပြန်ဆောက်ရမယ်ဆိုပြီး ပြောဆိုသံတွေ ကျယ် ကျယ်လောင်လောင်ကြားနေရပါတယ်။ တံတားပေါ် အပေါ့သွားလို့ တံနားနိမ့်သွားတယ်၊ တံတားကျိုးသွားတယ်ဆို တဲ့အထိ ဒီနေ့ ဆောက်လုပ်ရေး စံ က ဟာသလုပ်ခံနေရပါတယ်။

ဒါကြောင့် စစ်အစိုးရခေတ်ကဖောက်ခဲ့တဲ့ သေမင်းတမန်လမ်းသစ်အဖြစ် နာမည်ကြီးနေတဲ့ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းကို အခုပြန်ပြင်နေရပါတယ်။ မော်လမြိုင်က ကမ်းနားလမ်း စံချိန်မမီလို့ မွန်ပြည်နယ်လွတ်တော်မှာဆွးနွေးနေသလို မော်လမြိုင်-ထားဝယ် ကားလမ်းစံချိန်မမီလို့ အင်ဂျင်နီယာကို အရေးယူမယ်ဆိုပြီး တနသာင်္ရီတိုင်း ၀န်ကြီးချုပ်က သတိပေးနေတာကို သတင်းတွေထဲ ဖတ်နေရပါတယ်။

ဒါက အများမြင်သာတဲ့နေရာတချို့ကို ဥပမာ ထုတ်ပြတာပါ။ တကယ်တော့ ဆောက်လုပ်ရေးဌာနတင်မက တနိုင်ငံလုံးက နေရာအားလုံးနီးပါးမှာ ‘’စံ’’ သတ်မှတ်ချက်မရှိပါ။ သက်ဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်သူ၊ တိုင်းထွာသူကို လာဘ်ငွေပေးနိုင်ရင်ပေးနိုင်သလောက် စံ ကောင်းကြောင်း ထောက်ခံချက်ရတဲ့အတွက် ဒီနေ့ မြန်မာ့ ‘’စံ’’ ဟာ လာဘ်ငွေပေးခြင်း၊ အာဏာရှိသူနဲ့တည့်အောင်ပေါင်းပြီး ဂွင်ရိုက်ခြင်းလို့ပြောရင် ငြင်းဖို့ခက်ပါလိမ့်မယ်။ 

စာနဲ့ရေးပြထားစရာမလိုတဲ့ စံချိန်စံညွှန်းများ

စံ မမီတဲ့အိမ်ပေါ်ကဆင်းပြီး မြို့ထဲလမ်းလျောက်ကြည့်ဦးမလား။ ပလက်ဖောင်းမှာ လမ်းဘေးဆိုင်တွေ နဲ့ပြည့်နေလို့ ကားလမ်းမပေါ် ဆင်းလျောက်ရပါလိမ့်မယ်။ ပလက်ဖောင်းဆိုတာ လမ်းလျောက်တဲ့နေရာလို့ နိုင်ငံတကာမှာ သိထားကြပေမဲ့ မြန်မာနိုင်ငံမှာတော့ ဈေးရောင်းတဲ့နေရာဖြစ်နေပါတယ်။ အလားတူပါပဲ၊ လူကူးမျဉ်းကြားတွေ ရန်ကုန်မြို့လယ်မှာရှိပေမဲ့ ဒီတိုင်းသွားကူးလို့မရ၊ ကားတိုက်ခံရပြီး သေသွားနိုင်ပါတယ်။ လူကူမျဉ်းကျားဆိုကတည်းက လူတွေကို ဦးစားပေးရမှာကို နိုင်ငံတကာယဉ်မောင်းတိုင်းသိပေမဲ့ မြန်မာနိုင်ငံ ကယဉ်မောင်းတွေ မသိကြပါ။ 


ဒီတော့ လူတွေက မျဉ်းကျားမှာကူးလဲ မထူးတဲ့အတူတူ ကုူးချင်တဲ့နေရာက ကူးတော့တာပါပဲ၊ ကားသမား တွေကလည်း ရပ်ချင်တဲ့နေရာ ရပ်တော့တာပါပဲ။ ဒီလိုနဲ့ မြန်မာ့ ‘’စံ’’ ဆိုတာ သတ်သတ်မှတ်မှတ်ဘာမှ မရှိတော့ပဲ နားလည်မှုနဲ့ မီးစင်ကြည့်က ဖြစ်သွားခဲ့တာ နှစ် ၅၀ လောက်ရှိသွားပြီဖြစ်ပါတယ်။

စာနဲ့ရေးပြထားတဲ့၊ ဆိုင်းဘုတ်ကြီးတွေထောင်ပြထားတဲ့၊ မျဉ်းကျားတွေဆွဲထားတဲ့နေရာမှာတောင် စည်း ကမ်း (လုပ်ထုံးလုပ်နည်း) ကိုမလိုက်နာဘူးဆိုရင် စာနဲ့ရေးပြထားစရာမလိုတဲ့စည်းကမ်းတွေဆို လိုက်နာဖို့ ပိုခက်နိုင်ပါတယ်။ ဥပမာ စာကြည့်တိုက်မှာ စကားကျယ်ကျယ်မပြောရ၊ လူကြားမှာ ဆေးလိပ်မသောက်ရ၊ လမ်းမပေါ် ကွမ်းသွေးမထွေးရ၊ အများသူငါတန်းစီတဲ့နေရာမှာ ဖြတ်မတိုးရ၊ အများသုံး ကားတွေ၊ ရထားတွေ ပေါ်မှာ မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ အပြိုင်မတိုးရစသဖြင့် စာနဲ့ရေးပြ စရာမလိုပဲ အလိုလိုသိနေရမဲ့ စံ တွေလည်း အများကြီးရှိပါသေးတယ်။

မြန်မာနိုင်ငံမှာ ‘’စံ’’ ဘယ်လောက်အထိပျက်နေသလဲဆိုရင် လူနာတင်လာတဲ့ အရေးပေါ်ဆေးရုံကား ကိုတောင် သာမန်ခရီးသည်ကား၊ ကိုယ်ပိုင်ကားတွေက လမ်းဖယ်မပေးကြပါဘူး။ ဒါပေမဲ့ ၀န်ကြီးကားတွေ၊ စစ်တပ်ကားတွေ၊ VIP ကားတွေ၊ ပြိုင်ကားတွေလာရင်တော့ အားလုံးက ပျာပျာသလဲ လမ်းဖယ်ပေးကြ တာတွေ့မိပါတယ်။ ဘာကြောင့် စံ တွေ ဒီလိုပျက်စီးသွားရတာလဲ။

ဦးစားပေးသင့်တဲ့ကားနဲ့ပတ်သက်ပြီး တနေ့က Facebook ပေါ်မှာ မေးခွန်းထုတ်ထားတဲ့ Post တခုတွေ့မိ ပါတယ်။ မီးသတ်ကားရယ်၊ ဆေးရုံအရေးပေါ်ကားရယ်၊ ရဲကားရယ်၊ ၀န်ကြီးကားရယ် စင်း လမ်းလေးဆုံ မှာတွေ့တဲ့အခါ ဘယ်ကားကိုဦးစားပေးရမလဲတဲ့ ကျနော်တို့မြို့မှာတော့ ၀န်ကြီးကားနဲ့ ရဲကား (Post ပိုင်ရှင်က စစ်ကားလို့ ထည့်မရေးရဲလို့လားမသိပါ) ကိုဦးစားပေးနေရဆဲပါလို့ တယောက်ကဖြေ ထား တာတွေ့ရပါတယ်။ 


ဗြမ္မာစုံတရားထွန်းကားရေးအတွက် လော်စပီကာနဲ့ကျယ်ကျယ်လောင်လောင်တရားဟောနေစဉ်မှာ တကိုယ်ကောင်းဆန်မှုတွေက ပိုပိုကြီးမားလာတာတွေ့နေရပါတယ်။ ဘယ်သူအဆင်ပြေပြေ မပြေပြေ ကိုယ်အဆင့်ပြေရင်ပြီးရောဆိုတဲ့ တကို်ယ်စာဦးစားပေးသူတွေ များများလာနေပြီး ပတ်ဝန်းကျင်တခုလုံး အဆင်ပြေအောင်လုပ်သင့်တယ်၊ အနဲဆုံးတော့ ကိုယ်ကြောင့် ပတ်ဝန်းကျင်အနှောက် အယှက်မဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့သူ တဖြေးဖြေးနည်းလာနေတယ်လို့ ခံစားမိပါတယ်။

ဒီအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူ့အခွင့်အရေး စသဖြင့် စံချိန်စံညွှန်းတွေကို အသေအချာ ပညာပေး ဆွေးနွေးဖို့လိုနေပါတယ်။ ဒီလိုပညာပေးတဲ့အခါ ဘာသာတရားပေါ်အခြေခံတဲ့ ဗြမ္မာစုံတရား ဟောနေရုံနဲ့မရပါ။ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့ အံ့ဝင်ဂွင်ကျဖြစ်မဲ့၊ နိုင်ငံတကာလူ့အခွင့်အရေးကြေညာ စာတန်းပေါ် အခြေခံပြီး ပညာပေးဖို့လိုပါတယ်။ လူကြီးတွေကို ဆွေးနွေးပွဲတွေနဲ့ ပညာပေးဖို့လိုသလို အနာဂတ်မျိုးဆက်ကလေးငယ်တွေအတွက် ကျောင်းပညာရေးထဲမှာ လူ့အခွင့်အရေး စံ ကို ထည့်သင်ပေးဖို့ လိုပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ ဒီနေ့ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ရေးတခုတည်းနဲ့ မရပါ။ နိုင်ငံသားတဦးချင်းစီရဲ့ ခံယူချက်တွေ၊ စိတ်ဓတ်တွေ၊ စံ သတ်မှတ်ချက် တွေပါ ပြုပြင်ဖို့ လိုနေပါတယ်။ ဒီလိုပြုပြင်ဖို့အတွက် ကိုယ့်ထက်သာတဲ့၊ ကိုယ့်ရှေ့မှာပြေးနေတဲ့ နိုင်ငံတွေက စံ တွေကို နမူနာယူဖို့ လိုပါလိမ့်မယ်။

ကံ ကောင်းတာတခုကတော့ လက်ရှိအခြေအနေကနေ ပိုကောင်းတဲ့အခြေအနေတခုဆီရောက်အောင် ပြုပြင်ပြောင်းလဲရေးလုပ်ဖို့လိုတယ်ဆိုတာကို နိုင်ငံသားအများစုက လက်ခံထားခြင်းပါပဲ။ ဒီအတွက် ရွေးကောက်ခံအစိုးရက လူထုကိုဦးဆောင်ပြီး စံ မီတဲ့နိုင်ငံဖြစ်အောင် စီမံကိန်းချဆောင်ရွက်ဖို့လိုနေပါတယ်။ နိုင်ငံသားတွေတဦးချင်းစီဖက်လည်း ဒီမိုကရေစီနိုင်ငံကြီးသားပီသစွာ ကျင့်ကြံနေထိုင်ရေးအတွက် စနစ် တကျ စတင်လေ့ကျင့်ဖို့ လိုနေပြီဖြစ်ပါတယ်။    

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More