Monday, October 10, 2016

ပျက်အစဉ် ပြင်ခဏ မြန်မာ့အနာဂတ်

The Voice Daily, 10-10-2016

စကားပုံတွေ အဓိပ္ဗာယ်ပြောင်းတတ်သလား

စကားပုံတွေ၊ ဆိုရိုးစကားတွေဟာ အချိန်ကာလအပေါ်လိုက်ပြီး အဓိပ္ဗာယ်ပြောင်းသွားတတ်သလား။ စကားပုံအားလုံး အဲလိုပြောင်းမပြောင်းမသေချာပေမဲ့ ‘’ပျက်အစဉ်၊ ပြင်ခဏ’’ ဆိုတဲ့ စကားပုံ မြန်မာ လူငယ်တွေကြားမှာ အဓိပ္ဗယ် ပြောင်းစပြုနေတာကတော့ သေချာပါတယ်။


ကျနော်တို့ငယ်ငယ်က နားလည်မှုအရဆိုရင် ပျက်နေတာတခုကို မပြင်ပဲ ဒီတိုင်းပစ်ထားရင် အမြဲတန်း ဆက်ပြီး ပျက်နေလိမ့်မယ်။ အဲဒီလို ပစ်မထားပဲ ပြန်ပြင်လိုက်မယ်ဆိုရင် ခဏလေးနဲ့ အကောင်းပြန်ဖြစ်လာ မယ်လို့ အဓိပယ်ရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ပြည်တော်ပြန်ခရီးစဉ်တွေအတွင်း တွေ့ခဲ့၊ ပြောခဲ့မိတဲ့လူငယ် တွေ၊ တခါ ဒီနေ့ လူငယ်တွေအများဆုံးအသုံးပြုနေတဲ့ Facebook ပေါ်မှာရေးသားတာတွေအပေါ် တွေ့မိသလောက်ကတော့ ပျက်အစဉ် ပြင်ခဏရဲ့ အဓိပယ်ဟာ အရင်က နားလည်ထားသလို မဟုတ် တော့ပါ။

‘’အမြဲတန်းပျက်နေတာကြီးကို သွားပြင်လဲ ခဏပဲရမှာပေါ့၊ ခဏပဲခံမှာပေါ့’’ ဆိုတဲ့သဘောမျိုး အဓိပယ် ပြောင်းပြန် ဖြစ်သွားတာ သတိထားမိပါတယ်။ ‘’ပျက်အစဉ် ပြင်ခဏခဏ’’ လို့တောင် တချို့က နောက်ပြောင်ပြောဆိုနေကြပါတယ်။ ဆိုးရိုးစကားရဲ့မူလအဓိပယ်ပျောက်ပြီး ‘’ခွေးမြီးကောက် ကျည်တောက်စွပ်’’ ဆိုတဲ့ အဓိပယ်မျိုး။ ပြင်လဲ ဏပဲရမယ်၊ ပြီးရင် နဂိုပျက်မြဲအတိုင်း ဆက်ပျက်နေမှာ ပဲဆိုတဲ့အထိ လူငယ်တွေကြားမှာ Negative Mind (အဆိုး မြင်) သိပ်များလာတာ သတိထားမိပါတယ်။

ဘာကြောင့်လဲ။ ဘာကြောင့် ဒီလိုအဓိပယ်ပြောင်းသွားတာလဲ။ တနည်းအားဖြင့်ပြောမယ်ဆိုရင် ဒါဟာ လက်ရှိလုပ်နေတဲ့ နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲရေးတွေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆိုတာဟာ ဆယ်စုနှစ်များစွာ ပျက်စီးနေခဲ့တဲ့အရာတွေမို့ ပြန်ပြင်ဖို့မလွယ်ဘူး။ ပြန်ပြင်ရင်လဲ ခဏပဲရမယ်၊ ပြီးရင် အရင်လို ‘’ဒုံရင်း’’ ပြန်ဖြစ်သွားလိမ်မ့ယ် ဆိုပြီး မြန်မာလူငယ်တွေအကြား အမြင်ရှိနေပြီလားဆိုတာ မေးခွန်းထုတ်စရာပါ။


အမှိုက်ကောက်ခြင်း ဥပမာ

စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်ကနေ လူထုကရွေးကောက်တင်မြောက်တဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆီ ပြောင်းတယ်ဆိုတာဟာ ကာကီရောင် (စစ်ရောင်) ၀တ်စုံနေရာမှာ ပင်နီတိုက်ပုံဝတ်ထားတဲ့လူတွေကို အစားထိုးလိုက်ရုံနဲ့ မပြီးပါ။ ဒါဟာ ပထမ အဆင့် အသွင်သဏ္ဍန်အရပြောင်းလဲခြင်းသာဖြစ်ပြီး အနှစ်သာ ရပြောင်းလဲရေးအတွက် ဆက်လုပ်နိုင်ဖို့ လမ်းစဖွင့်ပေးလိုက်ခြင်းသာဖြစ်ပါတယ်။

 (အရင်အစိုးရခေတ်က ဆိုင်းဘုတ်သာထောင်ပြီး အခုအစိုးရခေတ်မှာ တကယ်အမှိုက်ကောက်နေပုံ)

ဒါဖြင့် အနှစ်သာရက ဘာတွေလဲ။ စိတ်ဓတ်တွေပေါ့။ အာဏာရှင်စိတ်ဓတ်၊ အာဏာရှင် Mindset တွေကေနေ ဒီမိုကရေစီစိတ်ဓတ်၊ ဒီမိုကရေစီ Mindset တွေဆီ ပြောင်းလဲဖို့ လိုတာပေါ့။ ဒါပေမဲ့ ဒါဟာ အပြောလွယ်သလောက် လက်တွေ့လုပ်ဖို့မလွယ်ပါ။ ဘာကြောင့်လဲဆို ဒီမိုကရေစီ စိတ်ဓတ်၊ ဒီမိုကရေစီ Mindset နဲ့ မြန်မာတွေဝေးနေတာ ၁၉၆၂ ကတည်းကဆိုတော့ နှစ်ပေါင်း ၅၀ ကျော်နေပြီ။ တနည်းအားဖြင့် အသက် ၅၀ အောက်ရှိ မျိုးဆက်နှစ်ခုစာ (လူဦးရေသန်း ၅၀ ကျော်ရဲ့ သုံးပုံနှစ်ပုံတောင်ရှိနိုင်) နိုင်ငံသားတိုင်း ဟာ စစ်အာဏာရှင်ခေတ်မှာ လူဖြစ်လာသူတွေဆိုတော့ အာဏာရှင်စိတ်ဓတ်ကိုပဲသိခွင့်ရပြီး ဒီမိုကရေစီ စိတ်ဓတ်ကို သိခွင့်မရခဲ့ဖူးလို့ဖြစ်ပါတယ်။

အဝေးကြီးသွားမကြည့်ပါနဲ့၊ ရွေးကောက်ပွဲနိုင်ကာစမှာ NLD ပါတီခေါင်းဆောင်လဲဖြစ်၊ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြ ဦးစီးဆောင်ရွက်ခဲ့တဲ့ တနိုင်ငံလုံး အမှိုက်ကောက်ရေး လူထုလှုပ်ရှားမှုကိုပဲ ကြည့်ပါ။ ဘယ်လောက်အောင်မြင်မှုရခဲ့သလဲ၊ လူထုရဲ့ပူးပေါင်းပါဝင်မှု ဘယ်လောက်ရခဲ့သလဲ။ တကယ်တော့ အမှိုက်ကောက်တဲ့လုပ်ငန်းဆိုတာ ဘာမှအငြင်းပွားစရာမလိုပဲ အားလုံးမဖြစ်မနေလုပ်ရမဲ့လုပ်ငန်းတခုပါ။ ဒါပေမဲ့ အားလုံး မပါဝင်ကြပါဘူး။ ပန်းတိုင်ရောက်တဲ့အထိလည်း ဆက်မလုပ်ကြပါဘူး။ 

အမှိုက်မကောက်တာ၊ အမှိုက်တွေကို ပစ်ချင်သလိုပစ်လာတာ နှစ် ၅၀ ကျော်တောင်ရှိနေပြီဆိုတော့ ရက်လောက် လိုက်ကောက်ရုံနဲ့ဘယ်ရှင်းနိုင်ပါ့မလဲ။ ဒီကြားထဲ အမှိုက်ကောက်တဲ့အထဲမပါတဲ့အပြင် စည်းကမ်းမဲ့ အမှိုက်ဆက်ပစ်နေသူတွေကလည်းအများကြီးဆိုတော့ အပေါ်က လူငယ်တွေပြောသလို အစိုးရသက်တန်း လကြာပြီးတဲ့အခါ ‘’ဒုံရင်း’’ အတိုင်းပြန်ဖြစ်၊ ပျက်မြဲအတိုင်းပြန်ပျက် နေတဲ့သဘော တောင် သက်ရောက်လာနေပါတယ်။

ဒါက တနိုင်ငံလုံးအခြေအနေကို ခြုံပြောတာပါ။ ဒေါ်အောင်ဆန်းစုကြည်စလိုက်တဲ့ အမှိုက်ကောက်ခြင်းကို အခုထိ အပတ်စဉ်မပျက်မကွက်လုပ်နေတဲ့ နေရာအနည်းအကျဉ်းလည်းရှိပါသေးတယ်။ မြို့ပြဒေသတွေ မှာဆိုရင်တော့ စည်-ပင် ကနေ လွှဲပြောင်းတာဝန်ယူလုပ်နေတာ အတော်အောင်မြင်နေတာတွေ့ရပါတယ်။ ရန်ကုန်မြို့လယ်က နောက်ဖေးလမ်းကြားတွေကို စည်-ပင် ကနေ ရှင်းထုတ်လိုက်တာ တန်ရာနဲ့ချီထွက်လာ တဲ့ အမှိုက်တွေ နည်းတာမဟုတ်။ နှစ် ၅၀ ကျော်ပစ်ချင်သလို ပစ်ထားတဲ့အမှိုက်တွေပေါ့။

စည်-ပင်က အဲဒီလိုရှင်းပြီးလို့သိပ်မကြာခင်မှာ လမ်းဘေးဈေးသည်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေက အဲဒီနောက် ဖေးလမ်းတွေထဲ တဲတွေထိုးပြီး လမ်းမကြီးဘေး ပလက်ဖောင်းပေါ်က ဈေးဆိုင်တွေအတွက် ပစ္စည်းသိမ်းတဲ့နေရာ၊ ထမင်း-ဟင်း ချက်တဲ့နေရာတွေအဖြစ်သုံးနေတာကိုတွေ့ရပါတယ်။ ဒါကို စည်-ပင် က ထိရောက်စွာအရေးမယူရဲဘူးလို့လဲ ဆိုပါတယ်။ ဒါဖြင့် သန့်ရှင်းရေးလုပ်တာ ဘာအဓိပယ်ရှိတော့မှာလဲ။ ‘’ပျက်အစဉ် ပြင်ခဏ’’ ပဲ ရမယ်ဆိုပြီး လက်လျော့လိုက်ကြတော့မှာလား။


ပြင်ခွင့်ရတုန်း ရဲရဲသာပြင်ပါ

ဒီလို အလျော့ပေးလို့မရပါ။ နှစ် ၅၀ ကျော်ပျက်စီးနေတဲ့ တိုင်းပြည်ကို ပြန်လည်တည့်မတ်ထူထောင်နိုင် ဖို့အတွက် လူထုက အသဲကြားက မဲတပြားစီပေးပြီး ထောက်ခံထားတဲ့အတွက် ပျက်နေတာတွေကို ပြန်ကောင်းလာတဲ့အထိ ပြင်ပေးဖို့ လက်ရှိအစိုးရမှာ တာဝန်ရှိပါတယ်။ စီမံကိန်းတွေစနစ်တကျချမှတ်ပြီး ပန်းတိုင်ရောက်တဲ့အထိ မလျော့သောဇွဲနဲ့ ရဲရဲဝံ့ဝံ့ချီတက်ဖို့လိုပါတယ်။ တုန့်ဆုတ်တုန့်ဆုတ် လုပ်နေလို့ မရပါ။ မ၀ံ့မရဲလုပ်နေရင် ရှေ့ကလူငယ်တွေပြောသလို ပျက်အစဉ် ပြင်ရင်လည်းခဏပဲခံပြီး အရင်လို အဖျားပြန်ရှုးသွားနိုင်ပါတယ်။


အင်းအစိုးရသစ်ကို အားသာပေးနေရတာ။ လတာအတွင်းအခြေအနေတွေကတော့ သိပ်အားရစရာ မရှိလှသေးပါဘူး။ နေရာအတော်များများမှာ ရှေ့ကိုတိုးတက်လာနေတယ်လို့ဆိုနိုင်ပေမဲ့ အရေးကြီးတဲ့နေရာ တချို့မှာတော့ နောက်တောင် ပြန်ဆုတ်သွားသလိုရှိနေပါတယ်။ ဥပမာအားဖြင့် တပ်မတော်ခွဲတမ်းရ ပြည်ထဲရေးဝန်ကြီးဌာန အောက်ရှိ ထွေ-အုပ်၊ ရဲ၊ သုံးလုံး၊ မီးသတ်နဲ့ အကျဉ်းဦးစီးဌာန တွေကို ပြည်နယ်-တိုင်း အစိုးရ၀န်ကြီးချုပ်လက်အောက်ဆီ လွဲပေးပြီးမှ ပြန်ယူသွားတာမျိုး၊ ၂၁ ပင်လုံညီလာခံလုပ်ပြီးမှ သေနတ်သံတွေ၊ မငြိမ်မသက်မှုတွေ ပိုများ လာတာမျိုးတွေပါ။

နှစ် ၅၀ ဆိုတာ နည်းတဲ့သက်တန်းမဟုတ်။ မြန်မာနိုင်ငံရဲ့လက်ရှိလူဦးရေ သန်း ၅၀ ကျော်ထဲက သန်း ၃၀ ခန့်ဟာ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်းမွေးဖွားသူတွေဖြစ်တာကြောင့် နှစ် ၅၀ အလွန်က ဒီမိုကရေစီခေတ်ကို မသိမီလိုက်ပါ။ နည်းအားဖြင့် စစ်အာဏာရှင်စနစ်အောက်မှာ၊ မှားယွင်းစွာအုပ်ချုပ်မှုရဲ့အောက်မှာ နှစ်ပေါင်း ၅၀ ကျော်နေလာတယ်ဆိုတော့ အမှန်ကိုချက်ချင်းသွားဖို့ မလွယ်သေးတာ သဘာဝကျတယ်လို့ ဆိုနိင်ပါတယ်။ 

ဒါက တစုံးလုံးအခြေအနေကိုခြုံပြောတာပါ။ တိုက်ပွဲတွေဖြစ်နေတဲ့ နယ်စပ်ဖက်က အခြေအနေကိုပြောမယ် ဆိုရင် အခု အသက် ၅၀ တန်းသူပုန်ခေါင်းဆောင်တွေ၊ အစိုးရနဲ့ တပ်မတော်ဖက်ကခေါင်းဆောင်တွေ မွေးကတည်းက အဲဒီအရပ်မှာ တိုက်ပွဲတွေဖြစ်နေတာဆိုတော့ အခုချိန် တိုက်ပွဲမရှိတာတောင် ထူးဆန်း သလိုဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဆိုလိုတာက ကျနော်တို့အားလုံးဟာ တိုက်ပွဲတွေကြား၊ စစ်အာဏာ ရှင်တွေရဲ့ ဖိနှိပ်မှုတွေကြား၊ အမှားအယွင်းတွေကြားမှာ နှစ် ၅၀ ခန့်နေသားတကျနဲ့ ခေါက်ရိုးကျိုးခဲ့ကြလို့ အမှန်ကို ချက်ချင်းပြင်ဖို့ တုန့်ဆုတ်တုန့်ဆုတ်ဖြစ်နေသလားလို့ စဉ်းစားမိပါတယ်။

ဒါပေမဲ့ အခွင့်အရေးဆိုတာ ခါရဖို့မလွယ်ပါ။ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးနဲ့ လက်ရှိနိုင်ငံရေး အခင်းအကျင်းမျိုး နောက်တခါရဖို့မလွယ်ပါ။ ဒါကြောင့် ဒီလိုအခွင့်အခါကောင်းရထားတဲ့အချိန်မှာမှ နှစ် ၅၀ ကြာအမှားအယွင်းကို ပြန်မပြင်နိုင်ဘူးဆိုရင် ဘယ်တော့မှ ပြန်ပြင်ခွင့်မရတဲ့အခြေအနေဆိုးတရပ်ဆီ ဦးတည်သွားနိုင်ပါတယ်။ အဖျားရှုးလို့မရပါ။ ရွေးကောက်ပွဲဝင်စဉ်က ပေးထားတဲ့ကတိတွေအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ အများပြည်သူဘ၀ တိုးတက်ရေးအတွက် မဖြစ်မနေကြိုးစားကြရမှာပါ။ 

မူလဦးတည်ချက် အဲဒီ ခုမတိုင်မီ လောလောဆယ်လုပ်ဖို့လိုနေတာက အာဏာရှင်ခေတ်လက်ကျန် စိတ်ကူးရှိနေဆဲဖြစ်တဲ့၊ လက်နက်နဲ့အာဏာပြနိုင်မှ အများကအထင်ကြီးလေးစားမယ်ဆိုတဲ့စိတ်ရှိနေသူတွေ (လက်နက်ကိုင်ထား သူတွေအားလုံးမှာ ဒီအမြင်ရှိကောင်းရှိနေနိုင်ပါတယ်) ကို လူထုဆန္ဒအတိုင်း လေးစား လက်ခံလာအောင် အစိုးရသစ်က အချိန်ကာလသတ်မှတ်ပြီး နားချစည်းရုံးဖို့လိုပါတယ်။ သတ်မှတ်ချိန်အထိ မရဘူးဆိုရင် အရေးယူမှုလုပ်နိုင်ဖို့။ ဒါမှမဟုတ် ဘာကြောင့် မလိုက်နာနိုင်ဖြစ်နေတယ်ဆိုတာကို လူထုဆီ ချပြနိုင်ဖို့ ပြင်ထားသင့်ပါတယ်။


အဲဒီလို ကာလသတ်မှတ်ချက်မရှိပဲ လက်နက်ကိုင်ထားသူတွေဖက်က ဖိအားပေးတဲ့အတိုင်း အစိုးရက ဆက်လိုက် လျောနေရမယ်ဆိုရင် ရွေးကောက်ပွဲဝင်စဉ်ကပေးထားတဲ့ ကတိတွေကိုအကောင်ထည်ဖေါ်ဖို့ အတော်ခက်သွား နိုင်ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ နှစ် ၅၀ ကျော်ပျက်စီးနေတဲ့ စနစ်ဆိုး ကို အမြန်ဆုံးဖြိုချပြီး စနစ်သစ်တခုကိုတည်ဆောက်ပေးချင်တဲ့ဆန္ဒ အစိုးရသစ်မှာအပြည့်အ၀ ရှိနေသည့် တိုင် သတ်မှတ်ကာလအတွင်း ရလာဒ်ထွက်အောင် မလုပ်ပြနိုင်ဘူးဆိုရင် မြန်မာ့အနာဂတ်ဟာ ရှေ့က လူငယ်တွေပြောသလို ‘’ပျက်အစဉ် ပြင်ခဏ’’ ဆိုတဲ့ အဓိပယ်သစ်ဆီ ရောက်သွားနိုင်ပါတယ်။    

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More