Thursday, September 29, 2016

တွေ့ခဲ့ဖူးသော အိမ်ဖေါ်မလေးများ

The Voice Daily, 29-09-2016.

အိမ်ဖေါ်ဟာ ကျွန်မဟုတ်ပါ

အခုတလော ဟိုးလေးတကျော်ဖြစ်နေတဲ့ ဆယ်ကျော်သက် အိမ်ဖေါ်မလေးနှစ်ဦး လူမဆန်စွာ နှိပ်စက် ညှင်းပန်းခံရတဲ့သတင်းကို ကြားမိတော့ စာရေးသူတွေ့ဖူးတဲ့ နိုင်ငံရပ်ခြားက အိမ်ဖေါ်မလေးတွေအကြောင်း မျှဝေချင်စိတ်ပေါ်လာပါတယ်။ မြန်မာနိုင်ငံမှာနေစဉ်တုန်းက အိမ်ဖေါ်ကို ကျနော်မတွေ့ဖူးပါ။ ရုပ်ရှင်တွေ၊ ၀တ္တုတွေထဲမှာ တွေ့ဖူးသလောက်ကတော့ အိမ်ဖေါ်ဆိုတာ အနှိပ်ခံ၊ အစေခံတမျိုးလို့ပဲ နားလည်ထားပါ တယ်။



မြန်မာ့လူမှုစရိုက်အတော်များများဟာ အိန္ဒိယရဲ့ ဇတ်နိမ့်၊ ဇတ်မြင့်ခွဲခြားမှုကနေ ဆင်းလာသလားမသိပါ။ ဆင်းရဲချမ်းသာ ခွဲခြားမှု၊ ပညာတတ် မတတ်ခွဲခြားမှု၊ လူတန်းစားခွဲခြားမှု၊ လိင်ခွဲခြားမှု စသဖြင့် ခွဲခြားဆက်ဆံ မှုတွေကို ရုပ်ရှင်တွေထဲ ဆိုးဆိုးဝါးဝါး တွေ့မိပါတယ်။ အိမ်ဖေါ်ပါတဲ့အကွက်ကို ပြပြီဆိုတာနဲ့ ဗိုက်ရွှဲအဆီ jပန်ပြီး ၀တ်ကောင်းစားလှဝတ်ထားတဲ့ အိမ်ရှင်သူဌေးကို အ၀တ်စုတ်စုတ်ပြတ်ပြတ်၊ စာမတတ်ပေမတတ် တောကနေတက်လာတဲ့ ဆယ်ကျော်သက်အမျိုးသမီးငယ်တွေက လက်အုပ်ချီ ထိုင်ကန်တော့နေတဲ့ပုံ။ နှိပ်နယ်ပေးနေရတဲ့ပုံ၊ ကြမ်းတိုက်နေ ရတဲ့ပုံ စသဖြင့် အရင် ဘုရင်ခေတ်က ကျွန်တွေလို သရုပ်ဖေါ်လေ့ ရှိတာ တွေ့ရပါတယ်။

ဆိုလိုတာက အိမ်ဖေါ်လို့ မြန်မာတွေအလွယ်ခေါ်လေ့ရှိတဲ့ (domestic worker or domestic helper) အိမ်တွင်းလုပ်သား၊ အိမ်တွင်းအကူဟာလည်း အခြားအလုပ်သမားတွေလိုပဲ အလုပ်တာဝန်သတ်မှတ်ချက်၊ အလုပ်ချိန်သတ်မှတ်ချက်၊ လစာသတ်မှတ်ချက်၊ အလုပ်ရှင်-အလုပ်သမား စာချုပ်စာတန်းတွေရှိရပါတယ်။ ပြသာနာတခုခုဖြစ်ရင် အခြားအလုပ်သမားတွေရဲ့ပြသာနာကိုဖြေရှင်းသလိုပဲ အလုပ်သမားဝန်ကြီးဌာနနဲ့ အလုပ်သမားသမဂ္ဂတွေက ၀င်ရောက်ဖြေရှင်းပေးရမှာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလို နိုင်ငံတကာတန်းဝင်တဲ့ အိမ်ဖေါ်ပြကွက်မျိုး  မြန်မာ့ရုပ်ရှင်နဲ့စာပေမှာ မတွေ့မိပါ။ မဆလ ခေတ် တလျောက်လုံး ဒီလို ပုံဖေါ်မှုတွေ၊ ဒီလို မီဒီယာတွေနဲ့သာ ယဉ်ပါးလာခဲ့တဲ့ကျနော်ဟာ အိမ်ဖေါ် ဆိုတဲ့စကား လုံးကိုကြားလိုက်တာနဲ့ ရှေ့မှာပြောခဲ့တဲ့အတိုင်း ဗိုက်ရွှဲအဆီပြန် အိမ်ရှင်သူဌေးကို အ၀တ်စုတ်စုတ် ပြတ်ပြတ်၊ စာမတတ်ပေမတတ် တောကနေတက်လာတဲ့ ဆယ်ကျော်သက်လူငယ်တွေက လက်အုပ်ချီ ထိုင်ကန်တော့နေတဲ့ပုံကို သာပြေးမြင်လေ့ရှိပါတယ်။

ထိုင်းမှာတွေ့ဖူးတဲ့ မြန်မာ အိမ်ဖေါ်မလေးများ

မြန်မာနိုင်ငံမှာတုန်းက အိမ်ဖေါ်ဆိုတာကို ရုပ်ရှင်နဲ့ ၀တ္တုထဲမှာသာတွေ့ဖူးတဲ့ကျနော်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်ရောက်ချိန်မှာတော့ မြန်မာအိမ်ဖေါ်မလေးတွေနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်း ထိုင်းမှာလာပြီး အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား သန်းကျော်ရှိပါတယ်။ အဲဒီထဲမှာ အိမ်ဖေါ်အလုပ် သမားဦးရေကလည်း မနည်းလှပါ။ ကျနော်တွေ့ဖူးတာက လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်ကဆိုတော့ အခုအစိုးရသစ် ခေတ်မှာလို နိုင်ငံကူးလက်မှတ်တွေ၊ အလုပ်သမားမှတ်ပုံတင်တွေ မရှိသေးပါ။ အားလုံး နယ်စပ်ဖြတ် ခိုးထွက်လာသူတွေ၊ ထိုင်းမှာ ခိုးနေပြီး ခိုးအလုပ်လုပ်နေရတဲ့ သူတွေသာဖြစ်ပါတယ်။


ထိုင်းနဲ့ မြန်မာဟာ ယဉ်ကျေးမှုခြင်းသိပ်မကွာတာကြောင့် အိမ်ဖေါ်တွေအပေါ် ဆက်ဆံရေးကလည်း သိပ်မကွာလှပါဘူး။ ထိုင်း ရုပ်ရှင်တွေထဲမှာ ပြလေ့ရှိတဲ့ အိမ်ဖေါ်တွေအခြေအနေကလည်း မြန်မာ ရုပ်ရှင်ထဲက ပြကွက်တွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ သူ့နိုင်ငံသားအချင်းချင်းတောင် ခွဲခြားဆက်ဆံနေမှတော့ အိမ်နီးချင်းနိုင်ငံကနေ တရားမ၀င်ခိုးဝင်လာ ပြီး အိမ်ဖေါ်လာလုပ်သူဆို ပိုနှိမ်ခံရမှာပေါ့။ တခုခုဖြစ်လို့ သံရုံးနဲ့ဆက်သွယ်ဖို့ဆိုတာကလည်း အဲဒီခေတ်က မဖြစ်နိုင်တဲ့ ကိစ္စပါ။

ဒီတော့ အိမ်ရှင်သဘောကောင်းရင်ကောင်းသလို၊ ဆိုးရင်ဆိုးသလို အဆင်ပြေခြင်း၊ မပြေခြင်းတွေနဲ့ ကြုံရတယ်ဆိုပါတော့။ မြန်မာအိမ်ဖေါ်မလေးတဦး အလုပ်လုပ်နေတဲ့အိမ်အခြေအနေကိုပြောရမယ်ဆိုရင် မနက် နာရီ အိပ်ရာထ၊ ထမင်း ဟင်းချက်၊ သန့်ရှင်းရေးလုပ်၊ ကလေးရေချိုးပေး၊ ကျောင်းပို့ဖို့အဆင်သင့် ပြင်ပေး၊ အိမ်ရှင်ကို မနက်စာကျွေး။ ဒါက မနက်ပိုင်း။ နေ့လည်ပိုင်းတော့ သိပ်အလုပ်မရှိဘူးလို့ပြောနိုင် ပါတယ်။ ဒါပေမဲ့ အ၀တ်လျှော်၊ မီးပူတိုက်ရကလည်း သိပ်မလွယ်ပါ။ 

ညနေပိုင်းမှာလည်း မနက်ပိုင်းကလိုပဲ အလုပ်ပြန်ရှုတ်ပါတယ်။ အိမ်ရှင်တွေ ထမင်းစားပြီးချိန်၊ ကလေး အိပ်ချိန် နာရီလောက်မှ နားရတယ်ဆိုပါတော့။ အနှစ်ပြန်ချုပ်ရမယ်ဆိုရင် အလုပ်ချိန်က မနက် နာရီကနေ ညနေ နာရီ အထိဆိုတော့ ၁၅ နာရီလောက်တောင်ဖြစ်နေပါတယ်။ အလုပ်တာဝန်ကလည်း အတိအကျသတ်မှတ်ထားတာမရှိ။ အိမ်ရှင်ခိုင်းသမျှလုပ်ပေးရမယ်ဆိုတဲ့သဘော။ အလုပ်စ ၀င်စဉ်က အလုပ်ရှင်-အလုပ်သမား သဘောတူစာချုပ်လဲ ဘာမှမရှိပါ။

စာချုပ် မရှိဆို လူကိုယ်တိုင်တောင် သူ့နိုင်ငံထဲ ခိုးပြီးဝင်လာ၊ ခိုးပြီးအလုပ်လုပ်နေရပါတယ်ဆိုမှ အဲဒါတွေ သွားပြောလို့ဘယ်ဖြစ်မလဲ။ တရားမ၀င်ခိုးဝင်မှုနဲ့ ရဲလက်အပ်လိုက်မှ လစာမရတဲ့အပြင် ထောင်နန်းပါစံနေ ရဦးမယ်။ ဒီတော့ အိမ်ရှင်ပေးသမျှယူ၊ ကျွေးသမျှစား၊ ထားတဲ့အခန်းကျဉ်းထဲမှာနေ၊ အပြင်ထွက်မယ်ဆို အိမ်ရှင်ကို ခွင့်ကြိုတင်၊ တပတ်မှာ ရက်လည်းနားခွင့်မရှိ၊ စသဖြင့် ထမင်းစား ကျွန်ခံဘ၀နဲ့ အိမ်ဖေါ် လုပ်နေရတဲ့ ဆယ်ကျော်သက် မြန်မာအိမ်ဖေါ်မလေးတွေကို အိမ်နီးချင်းထိုင်းနိုင်ငံမှာ တွေ့ခဲ့ဖူးပါတယ်။

နော်ဝေးမှာတွေ့ဖူးတဲ့ ဖိလပိုင် အိမ်ဖေါ်မလေးများ

နော်ဝေမှာတော့ မြန်မာအိမ်ဖေါ်မလေးတွေ အလုပ်လာလုပ်တာ မတွေ့မိသေးပါ။ ဒါပေမဲ့ ဖိလပိုင် အိမ်ဖေါ်တွေကို အများကြီး တွေ့ရပါတယ်။ အိမ်ဖေါ်တွေကို ဘယ်မှာတွေ့တယ်ထင်ပါသလဲ။ အိမ်ဖေါ်ပွဲစားတန်းမှာမဟုတ်၊ ကုန်တိုက်တွေမှာ မဟုတ်။ နော်ဝေးစာသင်ကျောင်းမှာ တွေ့မိတာပါ။ အိမ်ဖေါ်တွေက ကျောင်းမှာ ဘာလာလုပ်တာလဲဆိုပြီး မေးမလို့လား။


ပညာရေးဝန်ကြီးအိမ်က အိမ်ဖေါ်တွေ ကျောင်းအတွက်ပါ သန့်ရှင်းရေးလာလုပ်ပေးနေရတယ်လို့ မထင်လိုက်ပါနဲ့။ နော်ဝေနိုင်ငံမှာ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားတိုင်း နော်ဝေးစာသင်ခွင့်ရှိတဲ့အတွက် (သင်ဖို့လဲ လိုအပ်တဲ့အတွက်) ကျောင်းလာတက်နေကြတာပါ။ DVB (ဒီမိုက ရက်တစ်မြန်မာ့အသံ) မှာ တာဝန်ထမ်းနေတဲ့ ကျနော်လည်း အဲဒီကျောင်းမှာ နော်ဝေးစာသင်ရင်းနဲ့ သူတို့နဲ့တွေ့မိတယ်ဆိုပါတော့။

အိမ်ဖေါ်တွေက စာတတ်ပေတတ်တွေလားဆိုပြီး ထပ်မေးဦးမလား။ နိုင်ငံရပ်ခြားမှာ အလုပ်ထွက်လုပ်တယ် ဆိုမှတော့ အနဲဆုံး အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမယ်၊ ၁၀ တန်းလောက်အောင်ပြီး အင်္ဂလိပ်စကား ကောင်းကောင်း ပြောတတ်ရမယ်၊ သက်ဆိုင်ရာ အိမ်ဖေါ်လုပ်ငန်းအတွက် ကျွမ်းကျင်လက်မှတ်ရှိရမယ်၊ စသဖြင့် အခြေခံ သက်မှတ်ချက်တွေ ပြည့်မီဖို့တော့ လိုတာပေါ့။ အခုသူတို့ရောက်နေတာက ဥရောပ သူဌေးနိုင်ငံဆိုတော့ လွယ်လွယ်နဲ့ ဘယ်လက်ခံပါ့မလဲ။ ဥရောပကိုမလာခင် စင်ကာပူတို့၊ ဟောင်ကောင် တို့မှာ နှစ်လောက် အရင် တာဝန်ထမ်းခဲ့ရသေးတယ်လို့ သူတို့ကပြောပါတယ်။

မြန်မာနိုင်ငံမှာ အိမ်ဖေါ်တွေကို နှိမ့်ချဆက်ဆံနေဆဲဖြစ်ပေမဲ့ ဖိလပိုင်မှာတော့ အိမ်ဖေါ်လုပ်ငန်းဟာ နိုင်ငံအတွက် အခွန်ငွေအများဆုံးရတဲ့ နိုင်ငံရပ်ခြားလုပ်ငန်းကြီးတခုဖြစ်ပါတယ်။ နိုင်ငံခြားမှာ ဖိလပို်င် အိမ်ဖေါ် သိန်းနဲ့ချီရှိပြီး အစိုးရကိုယ်တိုင် တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။ ဆိုတော့ ထိုင်းမှာတွေ့ဖူးတဲ့ ဆယ်ကျော်သက် မြနမာအိမ်ဖေါ် မလေးတွေလို နယ်စပ်ကို ခိုးဖြတ်ပြီး တောတိုးစရာမလိုပါ။ ထိုင်းရဲ ဖမ်းမှာလည်း ကြောက်စရာမလိုပါ။

သူ့နိုင်ငံကပေးလိုက်တဲ့ နိုင်ငံကူးလက်မှတ်၊ ကျွမ်းကျင်လုပ်သားလက်မှတ်၊ ပြီးတော့ သက်ဆိုင်ရာနိုင်ငံရှိ သူတို့သံရုံးက လုံးဝတာဝန်ယူတဲ့အတွက် လုံခြုံရေးကိစ္စ၊ အလုပ်သမားနစ်နာကြေးကိစ္စတွေအတွက် ဘာမှ ပူစရာမလိုပါ။ နိုင်ငံတကာတန်းဝင်သွားပြီဆိုတော့ ထိုင်းမှာလို အိမ်ရှင်ခိုင်းသမျှလည်း လုပ်စရာမလိုတော့ပါ။ အလုပ်အမျိုးအစား၊ အလုပ်ချိန်၊ လစာ၊ နားရက်၊ ဟောလီးဒေး၊ အလုပ်ရှင်-အလုပ်သမားစာချုပ် အားလုံး အခိုင်အမာရှိပါတယ်။

အိမ်ဖေါ်မှာ နားရက်ရှိလား၊ ဟောလီးဒေးယူခွင့်ရှိလို့လားဆိုပြီး ထပ်မေးဦးမလို့လား။ တခြားအလုပ် သမားတွေနဲ့ တန်းတူပါဆိုမှတော့ ဟောလီးဒေး တလအပါဝင် အားလုံးအခွင့်အရေးအတူတူပဲပေါ့။ အလုပ်စ၀င်ချိန်က မနက် နာရီ၊ တနေ့ နာရီခွဲထက်ပို ခိုင်းခွင့်မရှိတဲ့နိုင်ငံဆိုတော့ ညနေ နာရီခွဲ လောက်မှာတာဝန်ပြီးပြီ။ နာရီမှာ ရေမိုး ချိုးပြီး နာရီမှာ ကျောင်းလာတက်လို့ ကျနော်တို့နဲ့ လာတိုးနေတာပါ။ နာရီကျောင်းဆင်းရင် ဘာမှဆက်လုပ် စရာမလို၊ အေးဆေးအိပ်ယာဝင်ရုံ။ မနက်လည်း စောစောထစရာမလိုပါ။

သူတို့ကိုပေးထားတဲ့အခန်းကို သွားကြည့်ဦးမလား။ အဲဒီကာလ ကျနော်တို့ DVB ၀န်ထမ်းတွေနေရတဲ့ အခန်းထက် နှစ်ဆလောက်သာပါတယ်။ ဟိုတယ်အခန်းတခုလိုပြင်ထားပေးပြီး မီးဖိုငယ်တခု၊ ရေခဲသေတ္တာငယ်တလုံး၊ ရေချိုး ခန်း၊ အိမ်သာ အကုန်အပြည့်အစုံပါ ပါတယ်။ စနေ၊ တနင်္ဂနွေ အလုပ်ဆင်းစရာမလိုပါ။ တခါတရံမှာဆိုရင် စနေည နေပိုင်းမှာ အော်စလိုရှိ ဖိလပိုင်အိမ်ဖေါ်တွေ ၄၀-၅၀ စုပြီး အိမ်ဖေါ်တဦးဦးရဲ့ အခန်းမှာ ပါတီလုပ်တာမျိုးကိုလည်း အိမ်ရှင်တွေက အားပေးလိုက်ပါသေးတယ်။

မြန်မာတွေ ဘာပြင်ဖို့လိုနေသလဲ

အော်စလိုက အိမ်ဖေါ်၊ ဘန်ကောက်က အိမ်ဖေါ်၊ ရန်ကုန်က အိမ်ဖေါ် မျိုးကို အကြမ်းဖျင်းသိပြီးတဲ့နောက် မြန်မာ့အိမ်ဖေါ်လုပ်ငန်းအခြေအနေ အများကြီးပြုပြင်ပြောင်းလဲဖို့လိုနေတယ်ဆိုတာ တွေ့ပါလိမ့်မယ်။ ပြုပြင်ရမဲ့အပိုင်း နှစ်ခုရှိတယ်ထင်ပါတယ်။ အိမ်ဖေါ်တွေအပေါ် နိမ့်ချဆက်ဆံလေ့ရှိတဲ့ မြန်မာ့ဓလေ့ဆိုး (ယဉ်ကျေးမှုလို့တော့ မဆိုချင်ပါ) ကို ပြုပြင်ရေးနဲ့ ဥပဒေတွေထုတ်ပြီး အိမ်ဖေါ်တွေရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ပေးရေးဖြစ်ပါတယ်။


ခွဲခြားဆက်ဆံတဲ့အစဉ်အလာဆိုးတွေကို အဆုံးသတ်ဖို့အရေးမှာ မီဒီယာတွေဟာ အရေးပါလှပါတယ်။ မီဒီယာလို့ ပြောလိုက်တာနဲ့ သတင်းလောကကိုချည်းမမြင်ပါနဲ့။ ရုပ်ရှင်ဟာ လူထုဆက်ဆံရေး၊ လူထု ပညာပေးရေးမှာ အထူးအရေးပါ ပါတယ်။ ဒါကြောင့် ရုပ်ရှင်နဲ့စာပေထဲက အိမ်ဖေါ်တွေကို သရုပ်ဖေါ်တဲ့အခန်းတွေကို နိုင်ငံတကာအမြင်တွေနဲ့ ပေါင်းစပ်သင့်ပါတယ်။

ဒုတိယပိုင်းက ဥပဒေပြုပြိး အိမ်ဖေါ်များကို ကာကွယ်ရေး။ အခုချိန်ထိ ကျနော်မေးမြန်းခွင့် ရသလောက် ကတော့ မြန်မာနိုင်ငံမှာ အိမ်ဖော် (domestic worker or domestic helper) အိမ်တွင်း လုပ်သား၊ အိမ်တွင်းအကူလုပ်သား ဥပဒေ မရှိသေးပါ။ ဥပဒေမရှိပေမဲ့ အိမ်ဖေါ်ပွဲစားတွေ၊ အိမ်ဖေါ်ကြော်ညာတွေ ကတော့ ရန်ကုန်မှာ ပေါ်တင်ရှိနေပါတယ်။ အစိုးရအရာရှိတွေ၊ တပ်မတော်အကြီးအကဲတွေ၊ ခရိုနီ၊ ခရိုပြာတွေ၊ ငွေကြေးချမ်းသာသူ အတော်များများ ဟာလည်း အိမ်ဖေါ်တွေခန့်ထားကြတာတွေ့ရပါတယ်။

ဘယ်ဥပဒေနဲ့ ဘယ်လိုခန့်ထားကြမှန်းတော့ မသိပါ။ ဥပဒေကလည်းမရှိ၊ ယဉ်ကျေးမှုအရလည်း အိမ်ဖေါ်ကို ကျွန်လိုသဘောထားလေ့ရှိတဲ့ မြန်မာ့အသိုင်းအ၀ိုင်းမှာ အခုလို ဆယ်ကျော်သက် အိမ်ဖေါ်မလေးနှစ်ဦး လက်ဆယ်ချောင်းစလုံး ကျိုးတဲ့အထိ၊ ဒါးနဲ့မွှန်းပြီး သေရာပါဒဏ်ရာရတဲ့အထိ ညှင်းပန်းမှုတွေဖြစ်ပေါ် လာတော့ ဘယ်ကနေ စကိုင်တွယ်ရမှန်းမသိ ဖြစ်ခဲ့ရတာပါပဲ။ 

ဒီကြားထဲ လူ့အခွင့်အရေးကော်မရှင်ရဲ့ သိန်း ၅၀ နဲ့ကြားဝင်ဖြန်ဖြေပုံကလည်း အံသြလောက်စရာပါပဲ။ လူအခွင့်အရေးကော်မရှင်မှာ တာဝန်ထမ်းနေသူတွေတောင် လူ့အခွင့်အရေးကြောင်းနားမလည်မှတော့ ကျန်တဲ့လူတွေ နားလည်ဖို့ဆို အဝေးကြီးလိုသေးတာပေါ့။ ဒီအတွက် ရှင်းလင်းတဲ့ ဥပဒေတွေထုတ်ပြီး ပြတ်သားစွာအရေးယူဖို့လိုပါ တယ်။ 


ကလေးငယ်တွေကို လူကြီးတွေက ဆုံးမသြ၀ါပေးကတည်းက ဒါမျိုးလုပ်ရင် ဘုရားမကြိုက်ဘူး၊ ကိုယ့်စောင့် နတ် မကြိက်ဘူး၊ ငရဲကျလိမ့်မယ်ဆိုပြီး ပြောနေရုံနဲ့မလုံလောက်ပါ။ ဒါမျိုးလုပ်တာဟာ လူယဉ်ကျေးတွေရဲ့ လုပ်ရပ်မဟုတ်ဘူး။ ဒါဟာ ဥပဒေချိုးဖောက်တာဖြစ်တယ်။ ဖမ်းဆီး ထောင်ချခံရမယ်၊ ဥပဒေမှာ ဟောဒီလို ပြဌဏ်းထားတယ်ဆိုပြီး ရှင်းလင်းစွာအသိပေးဖို့လိုပါတယ်။ တနည်းအားဖြင့် လူ့အခွင့်အရေးအသိပညာပေး မှုရော၊ ဥပဒေကြောင်းအရ ရေးယူမှုရောကို တပြိုင်တည်းဆောင်ရွက်ဖို့လိုနေပြီ ဖြစ်ပါတယ်။     

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More