Monday, September 19, 2016

အဝေးရောက် သားများ အိမ်ပြန်ချိန်

The Tanintharyi Weekly, Spet 19-25, 2016. and /// The Voice Daily, 19-09-2016.

၂၈ နှစ်တာ ဝေးကွာခြင်းရဲ့ ပထမ ဆုံးနေ့

ဒီနေ့ စက်တင်ဘာ ၁၉ ရက်ဟာ ၂၈ နှစ်တာ မိဘအိမ်နဲ့ဝေးကွာခြင်းရဲ့ ပထမ ဆုံးနေ့ပါ။ အားလုံး သိပြီးဖြစ်တဲ့အတိုင်း ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းကြောင်း မြန်မာ့အသံက ကြေညာပါတယ်။ စက်တင်ဘာ ၁၉ ရက်နေ့ နေလည်ပိုင်းမှာတော့ ထားဝယ်မြို့လယ်မှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို စစ်တပ်က စတင်ပစ်ခတ်ဖြိုခွဲပါတယ်။ ဆရာဦးပန်းကျော်အပါဝင် ဆန္ဒပြသူ ဦး သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။


ဒါက ထားဝယ်မြို့တခုတည်းက အခြေအနေ။ ရန်ကုန်၊ မန္တလေးအပါဝင် တခြားမြို့ကြီးတွေမှာ ဒီထက်မက ပစ်ခတ်ဖြိုခွဲမှုကြီးမားတယ်၊ သေဆုံး၊ ဒဏ်ရာရမှုများမယ်ဆိုတာ ခန့်မှန်းလို့ရနိုင်ပါတယ်။ သမိုင်းလေ့လာ သူတွေရဲ့အဆိုအရ ၁၉၈၈ မတ်လအရေးခင်းကနေ စက်တင်ဘာ အာဏာသိမ်းပြီးချိန်အထိ သေဆုံးသူ ၃၀၀၀ ခန့်ရှိတယ်လို့သိရပါတယ်။ ဒါပေမဲ့ ဘယ်သူတွေလဲ၊ ဘယ်မှာ ဘယ်လိုသေတာလဲ၊ စသဖြင့် အသေးစိပ်စာရင်းကိုတော့ အခု ၂၈ နှစ် ကြာတဲ့အထိ စုံစမ်းဖေါ်ထုတ်တာမျိုး မတွေ့ရသေးပါ။

ရန်ကုန်အခြေစိုက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့အစည်းကတော့ လေးလုံးသမိုင်းပြတိုက် ဆိုပြီး အခန်းငယ်တခု ဖွင့်လှစ်ပြသထားတယ်လို့သိရပါတယ်။ ဒါပေမဲ့ ဒီဆန္ဒပြပွဲတွေကနေတဆင့် တက်လာတဲ့အစိုးရ၊ လူထုကရွေးချယ်တင်မြောက်လိုက်တဲ့ အစိုးရသစ်ဆီကတော့ သက်တန်း လ နီးပါးကြာလာတဲ့အထိ လေးလုံးကာလ ကျဆုံးသူတွေ၊ ပစ်ခတ်မှုမှာ တာဝန်ရှိသူတွေနဲ့ပတ်သက်ပြီး ဘာမှထုတ်ပြောတာ မကြားရသေးပါ။

ဒါက တနိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စ၊ အစိုးရက တာဝန်ယူဖေါ်ဆောင်မှ အလုပ်ဖြစ်မဲ့ကိစ္စမို့ပြောနေရတာပါ။ ဒီကိစ္စတွေကိုထုတ်ပြောရင် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို ထိခိုက်မှာစိုးလို့လား။ သေနတ်ကိုင်ထားဆဲလူတွေကို ကြောက်နေရဆဲမို့လို့လား။ ထားတော့။ ဒီဆောင်းပါးမှာ အလေးပေး တင်ပြချင်တာက ပစ်ခတ်မှုအတွက် တာဝန်ရှိသူတွေကို အရေးယူပေးဖို့ မဟုတ်သေးပါ။


အဲဒီ စက်တင်ဘာ ၁၉ ရက်နေ့ပစ်ခတ်မှုနောက်ပိုင်း၊ ဒီလိုပစ်ခတ်နေမှုကို ခေါင်းငုံခံနေလို့မဖြစ်ဘူး။ လက်နက်နဲ့အနိုင်ကျင့်နေသူကို လက်နက်နဲ့ ပြန်တိုက်မှရမယ်ဆိုတဲ့ခံယူချက်တွေနဲ့ လက်နက်ကိုင် တော်လှန်ရေးထဲရောက်သွား (တောခိုသွား) တဲ့ ကျောင်းသားလူငယ်တွေအကြောင်းသာဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသားအများစုပါတဲ့ ဒီလူငယ်တွေဟာ တောရွာတွေကိုဖြတ်၊ တောင်တွေကိုကျော် တောတွေထဲဝင်ပြီး ထိုင်း-မြန်မာနယ်စပ်၊ တရုတ်-မြန်မာနယ်စပ်၊ အိန္ဒိယ-မြန်မာနယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဆီရောက်သွားခဲ့ပါတယ်။ ABSDF ကျောင်းသားတပ်မတော်ကို ဖွဲ့စည်းပြီး စစ်အစိုးရတပ်တွေကို ပြန် လည်တိုက်ခိုက်ခဲ့ပါတယ်။ အောင်မြင်တာတွေရှိသလို မအောင်မြင် တာတွေလဲရှိခဲ့ပါတယ်။

အောင်မြင်တဲ့ အဓိက အချက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဘ၀အခြေနေမှန်ကို နားလည်ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့လိုကြောင်း တပ်ပေါင်းစုမူ ချနိုင်ခဲ့ခြင်းလို့ ထင်ပါတယ်။ မအောင်မြင်တဲ့ အဓိကအချက်ကတော့ အဲဒီလို နားလည်မှုမရခင် တောထဲမှာ ပျောက်သွားတဲ့ ကျောင်းသားတွေ၊ ငှက်ဖျားဒဏ်နဲ့ဆင်းရဲမှုဒဏ်ကိုမခံနိုင်လို့ အိမ်ပြန်သွားသူတွေ၊ တိုက်ပွဲအတွင်း ကျဆုံး သွားသူတွေနဲ့ တကယ့်အများစုကြီးက နိုင်ငံရေးဒုက္ခသည်ဘ၀နဲ့ တတိယ နိုင်ငံတွေဆီ ထွက်ခွာသွား ရခြင်းဖြစ်ပါတယ်။


အခု ဒီလူတွေ ဘယ်ရောက်နေကြသလဲ

၂၀၁၄ ခုနှစ် ဒီဇင်ဘာလကကျင်းပတဲ့ ကျဆုံးရဲဘော်များအားဂုဏ်ပြုပွဲအခန်းအနားမှာ လက်ရှိ ABSDF ဥက္ကဌ ရဲဘော်သံခဲရဲ့ပြောကြားချက်အရ ၂၆ နှစ်တာကာလအတွင်း ကျဆုံး၊ သေဆုံးတဲ့ ရဲဘော်အရေ အတွက် ၈၀၀ (ရှစ်ရာ) နီးပါးရှိတယ်လို့သိရပါတယ်။ ၁၉၈၈ ABSDF စတင်ဖွဲ့စည်းစဉ်အင်အားက ၈၀၀၀ (ရှစ်ထောင်) ၀န်းကျင်ရှိတာကြောင့် ၁၀ ရာခိုင် နှုန်းကျော်အထိ ကျဆုံးခဲ့ရတယ်လို့ပြောနိုင်ပါတယ်။ ငှက်ဖျားဒဏ်၊ ဆင်းရဲမှုဒဏ်၊ မဟာမိတ်နဲ့ နားလည်မှုလွဲခြင်း ဒဏ်တွေကိုမခံနိုင်လို့ အိမ်ပြန်သွားတဲ့ ဦးရေကလည်း ၈၀၀ နဲ့ ၁၀၀၀ ၀န်းကျင်ရှိဦးမယ်ထင်ပါတယ်။ လက်ရှိ ABSD F အင်အားကလည်း ၁၀၀၀ ၀န်းကျင်ကျန်ပါသေးတယ်။


အဲဒီ ၃၀၀၀ ၀န်းကျင်မှအပ ကျန်တဲ့ ၅၀၀၀ လောက်က အခု ဘယ်မှာလဲ။ ဘာတွေလုပ်နေကြသလဲ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနယ်စပ်တွေမှာ အခြေချနေထိုင်သူ ရာဂဏန်းနဲ့ချီရှိနိုင်ပေမဲ့ တကယ့်အများစုကြီးက တတိယ နိုင်ငံတွေမှာ ရောက်နေသူတွေ ဖြစ်ပါတယ်။ မြောက်အမေရိကားတိုက်၊ ဥရောပတိုက်နဲ့ သြစတေ လျတိုက်မှာ ကျောင်းသားသူပုန်ဟောင်းတွေ နည်းတာမဟုတ်။

ဒါက လေးလုံးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးထဲဝင်ပြီး အဲဒီကတဆင့် တတိယ နိုင်ငံတွေ ဆီရောက်သွားတဲ့ ABSDF လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ NLD (လွတ်မြောက်နယ်မြေ) က လူငယ် စာရင်းမျှသာရှိပါသေးတယ်။ ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း အကျဉ်းထောင်အသီးသီးကနေ လွတ်မြောက်လာပြီး ထိုင်းနယ်စပ်က တဆင့် တတိယ နိုင်ငံတွေဆီ ရောက်သွားတဲ့ နိုင်ငံရေး အကျဉ်းဟားဟောင်းလူငယ်တွေကလည်း အတော်များပါတယ်။ ဒီနှစ်မျိုးစလုံးပေါင်းလိုက်ရင် တသောင်းလောက်ရှိမယ်ထင်ပါတယ်။

အခု ဒီလူတွေ ဘာလုပ်နေကြသလဲ။ တိုင်းပြည်အပြောင်းအလဲဖြစ်ဖို့အတွက် စစ်အစိုးရကို လက်နက်ကိုင် တိုက်ခိုက် ခဲ့ဖူးတဲ့လူငယ်တွေ၊ နှစ်ရှည်ထောင်ကျခံပြီး ဘ၀တွေ စတေးခဲ့ဖူးတဲ့လူငယ်တွေ၊ အခုလို သူတို့ရဲ့ မဟာမိတ်ပါတီ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အာဏာရချိန်မှာ တိုင်းပြည်ပြန်လည်ထူထောင်ရေး အတွက် လက်တွဲပါဝင်ဖို့ ပြည်တော် ပြန်မ၀င်ကြသေးဘူးလား။ အခုထိ မပြန်ပဲ ဘာလုပ်နေကြတာလဲ


ပြန်ချင်တိုင်းလည်း မပြန်ရပါ

‘’ကိုယ့်ဝမ်းနာ ကိုယ်သာသိ’’ ဆိုသလို တတိယ နိုင်ငံရောက် သူပုန်ဟောင်းတွေ၊ နိုင်-ကျဉ်းဟောင်းတွေရဲ့ အိမ်ပြန်နိုင်ရေးအခြေအနေက အပေါ်မှာမေးခွန်းထုတ်သလို မလွယ်လှပါ။ ‘’NLD အစိုးဖြစ်နေချိန်မှာတောင် ပြန်ဖို့မလွယ်သေးဘူးဆိုတာ ဟုတ်ရဲ့လား’’ ဆိုပြီး ထပ်မေးခွန်းထုတ်ဦးမလို့လား။ တကယ့်ကို မလွယ်သေး ပါ။

အမိမြေဆီ အပြီးပြန်လာပြီး တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ ပူးပေါင်းပါဝင်ရေးကို ခဏထားဦး။ မိဘ အိမ်ဆီ ခဏအလည်ပြန်ဖို့အရေးတောင် ဈေးဆစ်ခံနေရဆဲပါ။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း ABSDF ဥက္ကဌဟောင်းတွေဖြစ်တဲ့ ကိုမိုးသီးဇွန်နဲ့ ဒေါက်တာနိုင်အောင်တို့ကို လက်ရှိအစိုးရသစ်က ဗီဇာ ထုတ် မပေးသေးပါ။ အမျိုးသားညွန့် ပေါင်းအစိုးရ NCGUB ၀န်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း (အာဇာနည် ဦးဘ၀င်းရဲ့သား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀မ်းကွဲအကို) လဲ ဗီဇာ မရသေးပါ။ ဒါက လူသိများသူတွေကို ဥပမာ ထုတ်ပြတာပါ။ ဗီဇာ မရတဲ့ တခြားလူတွေ အများကြီးရှိနေနိုင်ပါသေးတယ်။

‘’ဟိုလူတွေကမရပဲ ခင်ဗျားကျတော့ ဘယ်လိုရသလဲဆိုပြီး ထပ်မေးဦးမလား။ မေးချင်စရာပါပဲ။ ဘာကြောင့်လဲဆို သမ္မတဟောင်း ဦးသိန်းစိန် နော်ဝေးကိုလာလည်တဲ့ ၂၀၁၃ အစောပိုင်းကနေ အခု ၂၀၁၆ အတွင်း စာရေးသူ ပြည် တော်ပြန်နေတာ ခေါက်တောင်ရှိနေပြီလေ။ တလောက တက်လာတဲ့သတင်း တပုဒ်မှာဆိုရင် ပြည်တော်ပြန်ချင်တဲ့ ဒေါက်တာစိန်ဝင်း ၀ါရှင်တန်သံရုံးမှာ ဗီဇာသွားလျှေက်တော့ နိုင်ငံရေး ကင်းရှင်းရမယ်၊ မြန်မာနိုင်ငံမှာနေထိုင်စဉ်အတွင်း နိုင်ငံရေးနဲ့ပတ်သက်တာ ဘာမှမလုပ်ပါဘူးဆိုပြီး ခံဝန်ချက်ထိုးခိုင်းတယ်လို့ကြားရပါတယ်။

တသက်လုံးနိုင်ငံရေးလုပ်လာတဲ့လူကို ဒီလိုခံဝန်ချက်ထိုးခိုင်းတာ နိုင်ငံရေးသတ်တာပဲပေါ့။ ဒီလိုခံဝန်ချက် ထိုးပြီးမှ ပြန်ရမယ်ဆို ဘယ်သူကပြန်မှာလဲ။ ဒါဖြင့် ‘’ခင်ဗျားပြန်တုန်းကကော အဲလိုခံဝန်ချက်မထိုးရဘူး လား’’ လို့ ထပ်မေးစရာရှိလာပြန်ပါတယ်။ ဆန်းတော့ဆန်းသား။ သံရုံးတွေအားလုံးဟာ နိုင်ငံခြားရေး ၀န်ကြီးဌာနအောက်မှာရှိတယ်ဆိုပေမဲ့ မြန်မာသံရုံးတွေရဲ့လုပ်ထုံးလုပ်နည်းတွေက အားလုံးတပြေးညီ မဟုတ်ပါ။

၂၀၁၃ ခုနှစ် မေလမှာ ပထမ ဆုံးအကြိမ် ကျနော်ပြည်တော်ပြန်ဖို့ပြင်တော့ နော်ဝေစာအုပ်ဆိုရင် ဥရောပမြို့ ကြီးတွေဖြစ်တဲ့ လန်ဒန်၊ ပဲရစ်၊ ဘာလင်၊ ဘရာဆဲရှိ သံရုံးတွေမှာ လျောက်ရမယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ကျနော့်အရင် လန်ဒန်မှာသွားလျောက်သူတဦးရဲ့ ပြောပြချက်အရ (ရှေ့မှာ ဒေါက်တာစိန်ဝင်းကို ခံဝန်ချက် ထိုးခိုင်းသလိုမျီုး) ခံဝန်ချက်ထိုးခိုင်းနေတယ်လို့သိရပါတယ်။ ဒါဆိုရင်တော့ မဖြစ်ဘူး။ တခြား ဘယ်နည်း လမ်းရှိသေးလဲဆိုပြီးလိုက်ရှာတော့ ဘန်ကောက်သံရုံးမှာ ဘာခံဝန်ချက်မှထိုးစရာမလိုဘူး။ မနက်လျောက်၊ ညနေရတယ်ဆိုပြီး ဘန်ကောက်ကနေ ဗီဇာလျောက်ပြီးဝင်သွားသူတဦးကပြောပါတယ်။

ဒီလိုနဲ့ ဘန်ကောက်ကိုလာပြီးလျောက်တော့ သူပြောတဲ့အတိုင်းပါပဲ။ ဘာခံဝန်ချက်မှ ထိုးစရာမလို။ မြန်မာပြည်တွင်းရှိ ပုဂ္ဂိုလ်တဦးဆီက ဖိတ်စာရှိရုံနဲ့ရပါတယ်။ အဲဒီဖိတ်စာဆိုတာကလဲ သံရုံးမှာ နမူနာပြ ထားတဲ့စာရွက်ထဲ ကိုယ်ဘာသာကြည့်ကျက်ဖြည့်လိုက်ရုံပါပဲ။ ဒီလိုနဲ့ ပြည်တော်ပြန်တွေအတော်များများ ဘန်ကောက်သံရုံးဆီ ပြုံဆင်းလာတယ် ဆိုပါတော့။ 

ဒါပေမဲ့ ၂၀၁၄ ထဲလည်းရောက်ရော၊ (တခြားသံရုံးတွေက ပြောလို့လားမသိပါ) ဘန်ကောက်သံရုံးကပါ ခံဝန်ချက်ထိုးမှပေးမယ်ဆိုပြီးပြောလာပါတယ်။ ဒီတော့ တခြားနည်းထပ်ရှာရပြန်ပေါ့။ နောက်ဆုံးတော့ ကမ္ဘာလှည့်ခရီးသည်တွေကိုပေးတဲ့ E-visa ဆိုတာကို တွေ့ပါတယ်။ ဘာမှလုပ်စရာမလို၊ ဘယ်သူနဲ့မှလည်း ပြောစရာမလို။ အင်တာနက်ပေါ် ဒေါလာ ၅၀ သွင်းပြီးလျောက်လိုက်ရုံနဲ့ ၂၄ နာရီအတွင်း ဗီဇာ ရပါတယ်။ 

ဒါပေမဲ့ ဒါတွေဟာ နည်းမှန်လမ်းမှန်တော့ မဟုတ်သေးပါ။ e-visa နဲ့ဆို နိုင်ငံရေးမလုပ်ရဘူး။ နေအိမ်မှာ မတည်းရဘူး။ ဘာမလုပ်ရဘူး ညာမလုပ်ရဘူးဆိုပြီး ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ ကျနော့်ခရီးစဉ် ခေါက်စလုံး NLD ရုံးချုပ်ဆီ မပျက်မကွက်ရောက်ခဲ့ပါတယ်။ တိုင်းရင်းပါတီရုံးခန်းတွေနဲ့ ၈၈ မျီုးဆက် ရုံး ခန်းတွေဆီ ရောက်ခဲ့ပါတယ်။ 7 July အခန်းနားမှာ စင်မြင့်ပေါ်တက်ပြီး နိုင်ငံရေးစကားပြောခဲ့ပါတယ်။ တချိန်က ABSDF တောင်ပိုင်းဌာနချုပ် မင်းသမီးစခန်းဟောင်းအထိသွားပြီး သူပုန်ဟောင်းတွေ၊ သူပုန် သစ်တွေနဲ့တွေ့ခဲ့ပါတယ်။ ဆိုလိုတာက နိုင်ငံရေး သမားကို နိုင်ငံရေးကင်းရှင်းရမယ်ဆိုပြီး ကန့်သတ်ထား ထားဟာ အဓိပါယ်မရှိပါ။


ဗီဇာ မူဝါဒသစ်တွေ ထွက်လာတော့မလား 

ထားတော့။ ဗီဇာလျောက်နည်းအကြောင်းပြောရင်းနဲ့ လိုရင်းမရောက်ပဲနေဦးမယ်။ ဆိုလိုတာက သူပုန် ဟောင်းတွေ၊ နိုင်-ကျဉ်းဟောင်းတွေ ပြည်တော်ပြန်ရေးဆိုတာဟာ ပြည်တွင်းကရဲဘော်ရဲဘက်တွေ၊ မိသားစုတွေ ထင်ထားသလောက် မလွယ်ကူပါ။ အဲဒီ ၂၈ ရက်စာ ဗီဇာနဲ့ဝင်ပြီး ရက်ထပ်တိုးတဲ့ကိစ္စက ပိုတောင်ခက်ပါသေးတယ်။ သြစတေလျနိုင်ငံသား စာအုပ်ကိုင်ထားတဲ့ DVB ၀န်ထမ်းဟောင်းတဦး တလောက Facebook မှာရေးပြထားတဲ့ ဆိုရှယ်ဗီဇာ သက်တန်းတိုးဖို့ သတင်းတပတ်ခန့်အချိန်ပေးပြီး အဆင့်ဆင့်လုပ်ဆောင်ရပုံကို ဖတ်မိရင် သိပါလိမ့်မယ်။


ဒါပေမဲ့ အားလုံး ဒီလိုခက်နေတာမျိုးတော့လဲ မဟုတ်ပြန်ပါဘူး။ MPC နဲ့ တခြား အစိုးရနဲ့ဆက်စပ်တဲ့ နေရာတွေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်နေသူတွေ၊ မီဒီယာသမားတွေ၊ NGO သမားတွေ အနည်းအကျဉ်း ကျတော့လည်း Business Visa နဲ့ အလုပ်ဖြစ်နေပြန်ပါတယ်။ တချို့ဆို နိုင်ငံခြားစာအုပ်ကိုပြန်အပ်ပြီး မြန်မာနိုင်ငံသားစာအုပ်တောင် ပြန်ရနေပါပြီ။ ဒါပေမဲ့ ဒီအရေအတွက်က ရှေ့မှာတင်ပြခဲ့တဲ့ တသောင်းထဲက တဒါဇင်လောက်ပဲရှိမယ် ထင်ပါတယ်။

ဒီတောအတွင်း ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုဆီ ခရီးထွက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် (နိုင်ငံခြားရေးဝန်ကြီးလဲဖြစ်ပါတယ်) ဒေါ်အောင်ဆန်းစုကြည်က လန်ဒန်ရောက်မြန်မာတွေနဲ့တွေ့တော့ သံရုံးတွေနဲ့ တည့်အောင်ပေါင်းကြလို့ ပြောသွားတယ်လို့ကြားရပါတယ်။ တခါ ၀ါရှင်တန်ရောက် မြန်မာတွေ နဲ့တွေ့စဉ်မှာလည်း ဗီဇာကိစ္စအတွက် သံရုံးကိုစာရေးပြီးပြောပါ။ မူဝါဒတရပ်ချပြီး လုပ်ပေးသွားမယ်ဆိုတဲ့ သဘောမျိုးပြောခဲ့တယ်လို့ BBC, VOA မြန်မာပိုင်းအစီစဉ်တွေကနေတဆင့် ကြားခဲ့ရပါတယ်။

အနှစ်ပြန်ချုပ်ရမယ်ဆိုရင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာဟာ သူပုန်တပ်နဲ့ အစိုးရတပ် ဆွေးနွေးနေရုံသက်သက်နဲ့ မလုံလောက်ပါ။ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရုံနဲ့ မလုံလောက်ပါ။ နယ်စပ်တကျောရှိ စစ်ပြေးဒုက္ခသည်တွေ အိမ်ပြန်ရေး လုပ်ပေးဖို့လိုနေ ပါတယ်။ သူပုန်ဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဂုဏ်သိက္ခာရှိစွာ အမိမြေဆီပြန်လာနိုင်ရေး၊ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပေးရေးတွေကို ဆောင်ရွက်ဖို့လည်း လိုအပ်နေပါသေးတယ်။ 


အရင် စစ်တပိုင်းအစိုးရခေတ်က ဒါတွေကို မစဉ်းစားနိုင်ခဲ့တာကို ထားလိုက်တော့။ အခု ၈၈ အရေး တော်ပုံတုန်းက စာရေးသူတို့နဲ့အတူ လှုပ်ရှားခဲ့တဲ့ ရဲဘော်ရဲဘက်တွေတောင် ၀န်ကြီးတွေ၊ လွှတ်တော် အမတ်တွေအဖြစ် ပါဝင်နေတဲ့ NLD အစိုးရ ခေတ်မှာတော့ ဒါကို ခေါင်းစဉ်တခုအနေနဲ့ စဉ်းစားဖို့အချိန်တန် နေပြီဖြစ်ပါတယ်။       

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More