ယနေ့တိုင်မမေ့နိုင်သည့် ထားဝယ်မြို့၏ အမှတ်တရ မှတ်တိုင် ၃ တိုင်
မင်းသူရိန် (ထားဝယ်) ၂.၉.၂၀၁၆
သူ့ကျွန်ဘဝ
ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ် မတ်လ ၅ ရက်နေ့တွင် နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာတို့အား စစ်ကြေညာ ခဲ့သည်။ ၁၈၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ကိုသိမ်းပိုက်ခဲ့သည်။ ရန်ကုန်မြို့သိမ်းတပ်ကို ဦးစီးသူမှာ " ဆာအာချီဗေါကင်းဘဲ "ဖြစ်သည်။
ဗိုလ်ချုပ်ဆာအာချီဗေါကင်းဘဲသည် ရန်ကုန်မြို့ကို သိမ်းပြီးနောက် ဒုတိယဗိုလ်မှူးကြီး မိုင်းလိစ် အား ထားဝယ်မြို့၊ မြိတ်မြို့နှင့် တနင်္သာရီမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ရန် တာဝန်ပေးစေလွှတ်ခဲ့ သည်။
ဒုတိယဗိုလ်မှူးကြီး မိုင်းလိစ်သည် ရန်ကုန်မြို့မှ ၁၈၂၄ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် ထားဝယ်မြို့ကို ဦးစွာတိုက်ခိုက်သိမ်းပိုက်ရန် ရေကြောင်းမှ စတင်ချီတက်လာသည်။ ရေကြောင်းချီတပ်တွင် တိုက်သင်္ဘောများ၊ အမြောက်တင်လှေကြီးများပါဝင်သည်။
ဒုတိယဗိုလ်မှူးကြီးမိုင်းလိစ်၏ ရေကြောင်းချီတပ်သည် ၁၈၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ထားဝယ်မြစ်ဝသို့ ရောက်ရှိသည်။ စက်တင်ဘာ ၈ ရက်နေ့တွင် ထားဝယ်မြို့သို့ ရောက်ပြီး တိုက်ခိုက်သိမ်းပိုက်လိုက်သည်။
ထိုအချိန်အခါကာလမှစ၍ “ထားဝယ်” သည် သူ့ကျွန်ဘ၀သို့ ရောက်ခဲ့သည်။
တဖန် နှစ်ပေါင်း ၁၂၃နှစ်အကြာ ၁၉၄၂ခုနှစ်တွင် ဖက်ဆစ်ဂျပန်တို့လက်အောက်သို့ ကျရောက် ခဲ့ရပြန်သည်။
အတိတ်ထားဝယ်၏ အနီးကပ်ဆုံးရာစုနှစ်များ၏ ဖြစ်စဉ်များကို လှမ်းမျှော်ကြည်သော် - -
× × ×
၁၉၄၁ ခုနှစ် စစ်ဦးကာလ
ဂျပန်လေတပ်မှလေယာဉ်များသည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု ပုလဲဆိပ်ကမ်းကို လျှပ်တပြက်ဝင်ရောက်ဗုံးကြဲတိုက်ခိုက်သည်။ ဒီဇင်ဘာလ ၈ ရက်နေ့ တွင် အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က ဂျပန်ကို စစ်ကြေညာခဲ့သည်။ ဂျပန်တို့သည် ပုလဲဆိပ်ကမ်းကို ဗုံး ကြဲတိုက်ခိုက်ပြီးနောက် ၂၄ နာရီအတွင်း ကရာကျွန်းဆက် (Kara Isthrmus) ယိုးဒယားကမ်းခြေ၌ ခြေချနိုင်ခဲ့သည်။
၁၉၄၁-ခု ဒီဇင်ဘာလ ၁၁ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ဂျပန်လေယာဉ် ၉ စီးသည် ထားဝယ် လေယာဉ်ကွင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အောင်ဆန်း-ဂျပန်သဘောတူညီချက်
သခင်အောင်ဆန်းနှင့် ဂျပန်တို့၏သဘောတူညီချက်မှာ -
ဂျပန်တို့သည် မြန်မာ့လွတ်လပ်ရေးအတွက်
(၁) မြန်မာလူငယ်တို့အား ဂျပန်သို့ခေါ်ယူ၍ စစ်ပညာသင်ကြားပေးရန်
(၂) လိုအပ်သည့်လက်နက်များ ထုတ်ပေးရန်
(၃) တနင်္သာရီတိုင်းကိုသိမ်းပိုက်ပြီးပါက “လွတ်လပ်ရေး”ကြေငြာပေးရန် တို့ဖြစ်ပါသည်။
ထိုသဘောတူညီချက်အရ သခင်အောင်ဆန်း ဦးဆောင်သော မြန်မာလူငယ်အဖွဲ့သည် အသုတ်လိုက်ခွဲ၍လျှို့ဝှက်စွာ ဂျပန်နိုင်ငံသို့ ထွက်ခွာသွားကြရသည်။ ဟိုင်နန်ကျွန်းနှင့် ဖော်မိုဆာကျွန်း တို့တွင် တစ်နှစ် နီးပါးမျှ စစ်သင်တန်းတက်ခဲ့ကြရသည်။
သင်တန်းပြီးဆုံးချိန်၌ ဗန်ကောက်မြို့သို့ တစ်သုတ်ပြီးတစ်သုတ်ခွဲ၍ လာရောက်ကြရသည်။ ရဲဘော်သုံးကျိပ်ဝင် နောက်ဆုံးအသုတ်သည် ဗန်ကောက်မြို့သို့ ၁၉၄၁-ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရောက်ရှိလာသည်။ “ ဗမာ့လွတ်လပ်ရေတပ်မတော်(ဘီအိုင်အေ)”ကို ၁၉၄၁-ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အပြီးသတ်ဖွဲ့စည်းနိုင်ခဲ့သည်။
မတရားအသင်း ကြေညာခံရခြင်း
အင်္ဂလိပ်အစိုးရသည် တို့ဗမာအစည်းအရုံးအား ဂျပန်နှင့်ဆက်သွယ်နေပြီဆိုသည်ကို ခိုင်မာစွာ သိရှိလိုက်လေသည်။ သို့ဖြစ်၍ အင်္ဂလိပ်အစိုးရသည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် တို့ဗမာအစည်းအရုံးအား မတရားအသင်းဟု ကြေညာလိုက်သည်။ တစ်နိုင်ငံလုံးရှိ သခင်ခေါင်းဆောင် များအား လိုက်လံဖမ်းဆီးလေသည်။
ထားဝယ် သခင်ခေါင်းဆောင်များတွင် ရုပ်ဖျက်၍ လှို့ဝှက်တာဝန်ယူနေသူများသာ လွတ် မြောက်ခဲ့ သည်။ ကျန်ခေါင်းဆောင်များမှာ ဖမ်းဆီးခံခဲ့ရသည်။
အင်္ဂလိပ်အစိုးရ၏ဖမ်းဆီးခြင်းကိုခံရသော ထားဝယ်သား သခင်ခေါင်းဆောင်များ
ထားဝယ်မြို့သို့ “ဘီအိုင်အေတပ်” မ၀င်လာမီတစ်လကျော်ခန့်အချိန် အင်္ဂလိပ်အစိုးရ၏ ဖမ်းဆီး ခြင်းခံရ သော သခင်ခေါင်းဆောင်(ထားဝယ်သား)များမှာ -
(၁) သခင်စံဝင်း - ဥက္ကဌ
(၂) သခင်ဖိုးမှဲ့ - ဒုဥက္ကဌ
(၃) သခင်လွန်းဘော် - ငွေထိန်း
(၄) သခင်ကျော်မင်း(ခ)ဆရာဦးကျော် (သုံးထောင်စံစာအုပ်ဖြင့် စာပေဆုရသူ)
(၅) သခင်လွန်းမောင်
(၆) သခင်ဖေသင်းမြိုင်
(၇) သခင်ဖေသွန်းမြိုင်
(၈) သခင်စံဖေ (ရွာဟောင်းဝ)
(၉) သခင်လှရီ (ရွာဟောင်းဝ)
(၁၀) သခင်စိန်ချွန်း (လောင်းလုံး)
(၁၁) သခင်သာထွန်းအောင် (လောင်းလုံး)
(၁၂) သခင်လေးခင် (တီစစ်)
(၁၃) သခင်ဗရွှင် (မင်းရပ်)
(၁၄) သခင်ဖေကျင်လှိုင် (သကြက်တော)
(၁၅) သခင်ရေခဲ
(၁၆) သခင်ဖိုးရင်
(၁၇) သခင်အောင်ဘ (ရွာဟောင်းဝ)
(၁၈) သခင်စစ်ကျန် (လောင်းလုံး)ှ
(၁၉) သခင်ဂျီဖေ (ရွာဟောင်းဝ)
(၂၀) သခင်ကျော်ဒင် (မြိတ်)
(၂၁) သခင်ဗမောင် (ထားဝယ်ကူးသန်းရောင်းဝယ်ရေး) တို့ဖြစ်သည်။
ထိုသူတို့သည် ဘီအိုင်အေစစ်ဗိုလ်များဖြစ်ကြသော ဗိုလ်သီဟ(ခေါ်) ဗိုလ်ကြီးဖေ၊ ဗိုလ်ကျော် ဆန်း၊ ဗိုလ်ထွန်းရှိန်၊ ဗိုလ်ထူးလေး၊ ဗိုလ်အောင်သန်းကြည်တို့ ထားဝယ်မှ ရွှေဘိုသို့ရောက်ရှိလာသော အခါမှ ဂျပန်က ရွှေဘိုထောင်ကိုဗုံးကြဲသည့်အတွက် လွတ်မြောက်လာခြင်းဖြစ်သည်။ သခင်ဖေကျင် လှိုင်မှာမူ ဗုံးဆန်ထိမှန်ပြီး ထောင်ထဲ၌ပင် ကွယ်လွန်ခဲ့သည်။
ရဲဘော်သုံးကျိပ်နှင့် ဂျပန်စစ်အာဏာပိုင်များ၏သဘောတူညီချက်များ
သဘောတူညီချက်များမှာ -
(၁) ပြည်တွင်းရှိ အင်္ဂလိပ်တပ်များအား စစ်ကြောင်းငါးကြောင်းခွဲ၍ တိုက်ခိုက်ရန်၊
(၂) ဂျပန်စစ်တပ်များက တနင်္သာရီတိုင်းကို သိမ်းပိုက်ပြီးသည်အထိသာ ကူညီရန်၊
(၃) တနင်္သာရီတိုင်းကို တိုက်ခိုက်သိမ်းပိုက်ပြီးသည့်အခါ ကိုယ့်မင်းကိုယ့်ချင်းလွတ်လပ်သည့် နိုင်ငံအဖြစ် ကြေညာရန်၊
(၄) တနင်္သာရီလွန်သော် အင်္ဂလိပ်တပ်များအား ဗမာ့တပ်မတော်က ဆက်လက်တိုက်ခိုက်ရန်၊
(၅) ပြည်တွင်း၌ ဖွဲ့စည်းထားသော တော်လှန်ရေးအဖွဲ့များက နယ်ချဲ့အင်္ဂလိပ်အား လက်နက်ဖြင့် တိုက်ထုန်ရန်၊
(၆) ယင်းသို့ တိုက်ထုတ်နိုင်ရန်အတွက် ဂျပန်ကလေထီးဖြင့် လက်နက်ချပေးရန်၊ တို့ဖြစ်သည်။
ထို့အပြင် တနင်္သာရီတိုင်းကို သိမ်းပိုက်ပြီးသည့်အခါ လွတ်လပ်ရေးကြေညာနိုင်ရန် ဆရာကြီး သခင်ကိုယ်တော်မှိုင်းအား၊ မော်လမြိုင်သို့ ပို့ထားရန်နှင့် ဥက္ကဌကြီး သခင်မြအား “ထားဝယ်”မှတဆင့် ယိုးဒယားသို့ ပို့ထားရန်တို့လည်း ပါဝင်သည်။
ဘီအိုင်အေ (Burma Independence Army) ဗမာ့လွတ်လပ်ရေးတပ်မတော်
* ဘီအိုင်အေ (ဗမာ့လွတ်လပ်ရေးတပ်မတော်) စစ်ဌာနချုပ်ကို ရဲဘော်သုံးကျိပ်ဝင်များသည် လက်မောင်းသွေးဖောက် သစ္စာပြုကြပြီး ဘန်ကောက်မြို့၊ဗြိတိသျှဘော်နီကုမ္ပဏီအဆောက်အအုံတွင်
* ၁၉၄၁ ခု ဒီဇင်ဘာလ ၂၇ ရက်နေ့၌ စတင်ဖွဲ့စည်းလိုက်သည်။ (၁၉၄၁ ခု ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အပြီးသတ်ဖွဲ့စည်းနိုင်ခဲ့သည်) (တချို့က ၂၈ ရက်နေ့တွင် စတင်ဖွဲ့စည်းသည်ဟု ဆိုသည်)
* ဗမာ့လွတ်လပ်ရေးတပ်မတော် (B.I.A)ကို၊ ဘန်ကောက်မြို့တွင် ၁၉၄၁ ခု ဒီဇင်ဘာ ၂၆ ရက်နေ့တွင် စတင်ဖွဲ့စည်းသည်ဟုလည်းဆိုသည်။
* ညွှန်း * ရဲဘော်သုံးကျိပ်နှင့် ဗမာ့လွတ်လပ်ရေးတပ်မတော်စစ်ကြောင်းများ (သုတေသနရဲဘော်) - စာ ၇၇ နှင့် စာ ၂၅၁။ * ညွှန်း * အမေငိုလို့ငိုသည် (တကာစံ)စာအုပ်၊ စာ ၉၇။
B.I.A ဖွဲ့စည်းပုံ
B.I.A ကိုစတင်ဖွဲ့စည်းစဉ်က -
(၁) ဌာနချုပ်
(၂) ဘီအိုင်အေတပ်မတော်
(၃) ထားဝယ်အဖွဲ့ (Tavoy Group)
(၄) ကမ်းတက်တပ်ဆွယ်
(၅) မြိတ်တပ်ဆွယ်
(၆) တနခါး အထူးစစ်ဆင်ရေးအဖွဲ့
(၇) မြန်မာပြည်တွင်းမှဝင်၍ အနှောင့်အယှက်ပေးရေးတပ်ဖွဲ့ ဟူ၍ဖြစ်ပါသည်။
ထိုသို့ဖွဲ့စည်းရာတွင် “ မြန်မာ့လွတ်လပ်ရေး” ကိုလိုလားသော ဗိုလ်မှူးကြီးဆူဇူကီး ဦးဆောင် သော “ မီနာမီကီကန်း အဖွဲ့ဝင်” ဂျပန်ဗိုလ် ၇၄ ဦးလည်း ပါဝင်သည်။ ဘီအိုင်အေ၏ စစ်သေနာပတိမှာ “ ဗိုလ်မိုးကြိုး” ဖြစ်သည်။ ဒုတိယစစ်သေနပတိမှာ သခင်အောင်ဆန်းခေါ် ဗိုလ်တေဇဖြစ်သည်။
“ ထားဝယ်အဖွဲ့ ”
ထားဝယ်အဖွဲ့တွင် ဒုဗိုလ်ချုပ်ကြီး ကာဝါရှီးမား၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးကြီး လင်္ကျာတို့က ခေါင်းဆောင်၍ အခြားသောဂျပန်ဗိုလ်မှူးကြီးနှစ်ဦးနှင့် ရဲဘော်သုံးကျိပ်ဝင် ဒုဗိုလ်မှူးကြီးလရောင် တို့က ပါဝင်မည် ဖြစ်သည်။
ထားဝယ်စစ်ကြောင်း
ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) သည် မြန်မာပြည်တွင်းသို့ ၀င်ရောက်ရာ၌ “ထားဝယ်စစ် ကြောင်း” ကို ဦးစီးသည့်တပ်မှူးမှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လင်္ကျာ(ခေါ်) သခင်လှဖေဖြစ်သည်။ ထားဝယ်နယ်အတွင်းသို့ လျှို့ဝှက်စွာဝင်ရောက်ရန်ကြိုးစားသည်။ ထိုသို့ကြိုးစားနေစဉ် ယိုးဒယားပလိပ် များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရ သေးသည်။ ထားဝယ်စစ်ကြောင်းတွင် ပါဝင်သည့် တပ်မှူးဗိုလ်မှူးများစာရင်း
တပ်မှူး - ဒုဗိုလ်ချုပ်ကြီး ကာဝါရှီးမား
တွဲဘက်များ - ဗိုလ်မှူးကြီးလင်္ကျာ
တွဲဘက်များ - ဒုဗိုလ်မှူးကြီးလရောင်
ဗိုလ်ကြီးဗလ
ဗိုလ်ကြီးဉာဏ
ဗိုလ်ကြီးမြင့်အောင်
ဒုဗိုလ်မှူးကြီး အီဇူးမီးယား
ဒုဗိုလ်မှူးကြီး တိုမိုတိ
ဗိုလ်မှူးရှီမာမူရာ
ဗိုလ်မှူးအီတို
ဗိုလ်မှူးနိုဆေး
ဗိုလ်မှူးမောရီ
ဗိုလ်မှူးအီးကေဘေ။
ဘီအိုင်အေတပ်သားအင်အား
တပ်သားများအနေဖြင့် ဘန်ကောက်တွင် ခွဲတမ်းရရှိသော ဦးရေမှာ ၃၈ ယောက်ဖြစ်သည်။ ကန်ချနာဘူရီသို့အရောက်တွင် ရရှိသည်မှာ ၅၅ ယောက်ဖြစ်သည်။
ထားဝယ်ကိုသိမ်းပိုက်သည့်စစ်ကြောင်း
ထားဝယ်စစ်ကြောင်းသည် ကန်ချနာဘူရီမှ ကွေမြစ်ကြောင်းအတိုင်းဆန်တက်သည်။ ၇၅ မိုင် ဝေးသော ဘွန်တီး သို့အရောက်ချီတက်သည်။ ဘွန်တီးသည် ထားဝယ်မြို့မှ ၁၀၄ မိုင်ကွာဝေးသည်။ ဘွန်တီးရွာမှာ ယိုးဒယားရွာတစ်ရွာဖြစ်သည်။ ထိုမှတဆင့် ယိုးဒယားနယ်စပ် ၀န်ပိုရွာသို့ရောက်သည်။
ဝန်ပိုရွာသို့ရောက်သော် ရှေ့တက်လာသော ဂျပန်တပ်မ ၅၅ တပ်ဆွယ်မှတစ်ဦးဖြစ်သော ဗိုလ်မှူးကြီးအိုကီး၏ အမှတ် ၁၁၂ တပ်မနှင့်ပေါင်းမိကြသည်။
ထိုမှတဖန် မြန်မာနယ်စပ် ဆင်ဖြူတိုင်တွင် နောက်တန်းစခန်းဖွင့်သည်။ ဘီအိုင်အေတပ်နှင့် ဂျပန်တပ် ဒုဗိုလ်မှူးကြီးတိုမိုတို၊ ဗိုလ်မင်းရောင်၊ ဗိုလ်ဉာဏတို့ ပူးပေါင်း၍ တနင်္သာရီမြစ်ကြောင်းအတိုင်း ချီတက်လာသည်။ မေတ္တာရွာသည် ထားဝယ်မှ ၃၄ မိုင်အကွာတွင်ရှိသည်။
ဘန်းချောင်းကမ်းနဖူးသို့ရောက်လျှင် မေတ္တာရွာတွင် တပ်စွဲထားသော အင်္ဂလိပ်စစ်တပ်၏ ရှေ့ပြေးကင်း အမှတ် ၆ သေနတ်ကိုင်တပ်ရင်းနှင့် တိုက်ပွဲဖြစ်သည်။ ၂ နာရီခန့်ကြာအောင် တိုက်ပွဲဖြစ် သည်။ နှစ်ဖက်စလုံးအပြင်းအထန်တိုက်ခိုက်ကြသည်။ အင်္ဂလိပ်တပ်မှ ဂေါ်ရခါးစစ်သား ၂၀၀ ကျော် ဆုတ်ခွာသွားသဖြင့် B.I.A တပ်မှ မေတ္တာရွာကို သိမ်းပိုက်မိသည်။ ထားဝယ်စစ်ကြောင်းသည် မေတ္တာရွာ တွင် တစ်ညတာ စခန်းချရပ်နားသည်။
၁၉၄၂ ခုနှစ် ဇန္န၀ါရီလ ၁၇ ရက်နေ့တွင် BIA စစ်ကြောင်းသည် ထားဝယ်မှ ၂၈ မိုင်ခန့်ဝေးကွာ သော တောင်သုံးလုံးရွာ သတ္တုတွင်းနယ်မြေကို သိမ်းပိုက်သည်။ ညအိပ်စခန်းချ ရပ်နားသည်။
ဗိုလ်မှူးဉာဏသည် သတ္တုတွင်းဘန်ဂလိုတွင် စခန်းချရပ်နားပြီး တောင်သုံးလုံးနယ်ရှိ ရော်ဘာခြံ နှင့် သတ္တုတွင်းများမှ အလုပ်သမား ၇၀၀ ကျော်ကို စုစည်းမိသည်။ ဗိုလ်မှူဉာဏသည် ဘွန်တီးမှ လက်နက်များကို သယ်ယူရန် တပ်သားသစ်စုစည်းရန်၊ သင်တန်းပေးရန် စသည့်တာဝန်ဖြင့် ထိုစခန်း တွင် ဆက်လက်နေထိုင်ရသည်။
BIA တပ်သည် ၂၈. ၂. ၄၂ ရက်နေ့တွင် သခင်စိန်လင်း အား ယိုးဒယားပြည် ဘွန်တီးစခန်းမှ ထားဝယ်- တောင်သုံးလုံးစခန်းသို့အရောက် လက်နက်ခဲယမ်းများကို သယ်ယူရန် တာဝန်ခံအဖြစ် ခန့်အပ်တာဝန်ပေးသည်။
ကိုဗထူး (နောင်တွင် တိုင်းမှူး ဗိုလ်မှူးကြီးဗထူး)
ကိုဗထူး (နောင်တွင် ဗိုလ်မှူးကြီးဗထူး)သည် ဗိုလ်ဉာဏဖွဲ့စည်းသောတပ်သို့ ၀င်လာသည်။ ဗိုလ်ဉာဏ၌ မိမိဖွဲ့စည်းစုဆောင်းထားသော တပ်သို့ဝင်ရောက်လာသည့် မြန်မာမျိုးချစ်များ သတ္တုတွင်း အလုပ်သမားများအပါအ၀င် တပ်သားစုစုပေါင်းမှာ ၇၃၀ ကျော်ခန့်ရှိသည်။ ထိုဆောင်ရွက်ချက်များအား ကိုဗထူးကို ထားဝယ်မြို့ BIA ရုံးချုပ်သို့ သတင်းပို့ရန် စေလွှတ်လိုက်သည်။ သို့သော် ကိုဗထူးမှာ ပြန် မလာတော့ချေ။ ထားဝယ်မြို့ရှိ ဗိုလ်ဗလတပ်သို့ ၀င်ရောက်သွားလေသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး စိုက်ထူသော ဘီအိုင်အေ မော်ကွန်းတိုင် ခေါ်
“ဘီအိုင်အေ ထားဝယ်မြို့သိမ်းမှတ်တိုင်”
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးဉာဏသည် ထားဝယ်ဘီအိုင်အေတပ်မှူး တပ်သားများ ပတ်ဝန်း ကျင်ကျေးရွာသူ/သားများနှင့်စုပေါင်း၍ အနီးအနားမှ ရသမျှပစ္စည်းများကို စုစည်းပြီး BIA ထားဝယ်မြို့ သိမ်းမှတ်တိုင်ကို တောင်သုံးလုံးရွာထိပ် ကားလမ်းမကြီးနံဘေးတွင် စိုက်ထူခဲ့သည်။
ထိုမှတ်တိုင်မျာ ကြီးစဉ်ငယ်လိုက် အဆင့် ၉ ဆင့်ရှိသော အင်္ဂတေခုံပေါ်တွင် စိုက်ထူထားသည်။ အင်္ဂတေခုံပေါ်တွင် ၁၀၈ ပေမြင့်သော သံပိုက်လုံးတိုင်ကို လေးဖက်လေးတန်မှ သံမဏိကြိုးများဖြင့် ဆိုင်း၍ စိုက်ထူထားသည်။ အင်္ဂတေခုံရှေ့မျက်နှာစာတွင် “၁၃၀၃ - ခု တပို့တွဲလဆန်း - ၄ ရက် သိမ်းပိုက်သည်” ဟူသောစာတန်းထိုးထားသည်။
မြန်မာနိုင်ငံတွင် ဗမာ့လွတ်လပ်ရေးတပ်မတော် BIA ကို ပထမဆုံးမော်ကွန်းထိုး မှတ်တမ်းတင် ထားသည့် မှတ်တိုင်တစ်ခုဖြစ်လေသည်။ ဂုဏ်ယူဖွယ်ကောင်းသည့် “သမိုင်းမှတ်တိုင်” ဖြစ်ပေသည်။
မှတ်ချက် ။ ။ နှောင်းလူများသည် ဤမော်ကွန်းတိုင်အား ထာဝရတည်တံ့အောင် ထိန်းရပေမည်။ သို့သော် ထိုမှတ်တိုင်ကို ဖျက်၍ အသစ်တည်ဆောက်ခြင်းကား မဖြစ်သင့်(လုံးဝမဖြစ်သင့်)ပေ။ ရှေး လက်ရာကို မပျောက်ပျက်အောင်သာ ဂုဏ်ယူဝင့်ကြွားစွာ ထိန်းသိမ်းသင့်ပေသည်။
ဗိုလ်ဉာဏ၏စစ်သင်တန်း
ဗိုလ်ဉာဏသည် မြန်မာနိုင်ငံတွင် ပထမဆုံးစိုက်ထူသော မော်ကွန်းမှတ်တိုင် အလံတိုင်ကြီးရှေ့ တွင် ပထမဆုံး ဖွဲ့စည်းခဲ့သော BIA တပ်သားများအား စစ်သင်တန်းပေးသည်။ ထားဝယ် BIA ရုံးချုပ်မှ စေလွှတ်လိုက်သော ဗိုလ်ဗတင်နှင့် ဗိုလ်စိန်ဝင်းတို့က နယ်ချဲ့ဆန့်ကျင်ရေးသဘောတရားရေးသင်တန်း ပေးသည်။ ဦးလွန်းပင်က လုပ်ငန်းဆိုင်ရာကြီးကြပ်မှုသင်တန်းကို ပေးသည်။
ထားဝယ်မြို့သို့ စစ်ချီခြင်း
ထားဝယ်စစ်ကြောင်းသည် ၁၉၄၂ ခု ဇန္န၀ါရီလ ၁၈ ရက်နေ့တွင် တောင်သုံးလုံးမှ ထားဝယ်သို့ စတင်ချီတက်လာသသည်။ BIA ထားဝယ်စစ်ကြောင်းသည် ၂၅ မိုင်တောင်ထိပ်တွင် အခိုင်အမာ တပ်စွဲစောင့်ဆိုင်းနေသော အင်္ဂလိပ်စစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲတွင် ဂျပန်တပ်မှ တပ်သား ၂ ယောက်ကျဆုံးသည်။ ရှေ့မတိုးနိုင်ဖြစ်နေသည်။ ဤတွင် နယ်မြေကျွမ်းသော BIA တပ်သားများသည် တောင်နဘေးမှ ပန်းတက်၍ ရန်သူနောက်ကြောမှ နှစ်ဖက်ညှပ်တိုက်လေ သည်။ အင်္ဂလိပ်စစ်တပ်မှ ကုလားစစ်သားများ အတုံးအရုံးကြတော့သည်။ လက်နက်ချအရှုံးပေးရသည်။ ၂၅ မိုင်စခန်းကို အောင်နိုင်ခဲ့သည်။ဆက်လက်၍ ၀ကုန်းနယ်မြေ၊ သင်္ကန်းတုံးနယ်မြေ၊ ပကာရီနယ်မြေ တို့ကို ခုခံမှုတစုံတရာမရှိဘဲ BIA ကသိမ်းပိုက်နိုင်ခဲ့သည်။
ပကာရီရွာမှာ ထားဝယ်မြို့နှင့် ၁၀ မိုင်ကွာဝေးသည်။ ထားဝယ်စစ်ကြောင်းသည် နောက်တစ်နေ့ နံနက် ၅ နာရီတွင် ထားဝယ်အရောက်ချီရမည်ဟု ဌာနချုပ်မှ အမိန့်ရောက်လာသည်။ သို့ဖြစ်၍ ထားဝယ် စစ်ကြောင်းသည် ပကာရီ - ရေ၀ိုင်း - မောင်မယ်ရှောင် တောင်ကြားလမ်း လမ်းကြောင်းအတိုင်း ထားဝယ်သို့ချီလာသည်။
တောင်ကြားလမ်းသို့ရောက်သောအခါ အသင့်စောင့်နေသော အင်္ဂလိပ်တပ်(ပန်ချာပီတပ်နှင့် ဂေါ်ရခါးတပ်ခွဲတို့နှင့် တိုက်ခိုက်ရတော့သည်။ အချိန်မှာ ညဉ့် ၁၂ နာရီခန့်ရှိသည်။ ရန်သူဘက်မှ ၂၅ ယောက်ခန့် ကျဆုံးသည်။ မိမိတို့ဖက်မှလည်း ကျဆုံးမှုရှိသည်။ သုံ့ပန်း ၂၀ ခန့်ရသည်။
ထားဝယ်မြို့ကို သိမ်းပိုက်သည့်နေ့
၁၉၄၂ ခု ဇန္န၀ါရီလ ၁၉ ရက်နေ့ဖြစ်သည်။ ထိုနေ့နံနက်မိုးလင်းစအချိန်တွင် ထားဝယ်မြို့အ၀င်ဝရှိ ဇဟာ ကျေးရွာသို့ရောက်သည်။ ညဉ့်က တောင်ကြားတိုက်ပွဲတွင် ရှုံး၍ဆုတ်ခွါလာသော ဂေါ်ရခါးတပ်က ဆီးကြိုတိုက်ခိုက်ခြင်းဖြစ်သည်။ မြေကတုတ်၊ ဘန်ကာ စသည့်အကာအကွယ်များဖြင့် ခုခံသည်။ ရန်ကုန်မှ ရောက်လာဟန်ရှိသော ဘဖလိုး လေယာဉ်ကြီး ၂ စီးကလည်း လေကြောင်းအကူတိုက်ပေးသည်။
သို့ဖြစ်၍ မိမိတို့ဖက်မှလည်း လေတပ်အကူအညီပေးရန် ၀ိုင်ယာလက်စက်ဖြင့် နောက်ပိုင်း ဌာနချုပ်သို့ သတင်းပို့သည်။ ဤသို့ဖြင့် ၁၉. ၁. ၄၂ ရက်နေ့ နံနက်တွင် BIA တပ်နှင့် ဂျပန်တပ် ပူးပေါင်း ပြီး ထားဝယ်မြို့ကို သိမ်းပိုက်ခဲ့သည်။
ထားဝယ်ငြိမ်ဝပ်ပိပြားမှုအဖွဲ့ PPC (Peace Precaution Committee)
ဗိုလ်မှူးကြီးလင်္ကျာ (ရဲဘော်သုံးကျိပ်ဝင်)၊ ဒုဗိုလ်မှူးကြီးလရောက် (ရဲဘော်သုံးကျိပ်ဝင်)တို့သည် ထားဝယ်မြို့သို့ လျှို့ဝှက်၍ ရောက်နေကြသော ပြည်သူ့အရေးတော်ပုံပါတီ (PRP)၏ခေါင်းဆောင် သခင်မြ (ကျဆုံး - အာဇာနည်)၊ သခင်ဗဆွေ (ထားဝယ်)တို့နှင့်တိုင်ပင်၍ လက်ရှိထားဝယ်သခင် ခေါင်းဆောင်များအား ထားဝယ်ငြိမ်ဝပ်ပိပြားမှုအဖွဲ့(PPC အစိုးရအဖွဲ့)ကို ဖွဲ့စည်းပေးခဲ့သည်။
ထားဝယ်ငြိမ်ဝပ်ပိပြားမှုအဖွဲ့ဝင်များ
၁။ သခင်ဗသိန်းတင် - အုပ်ချုပ်ရေးဝန်
၂။ သခင်ကြည်စိန် - တရားရေးဝန်
၃။ သခင်ညွန့်လှိုင် - အထွေထွေဌာန၀န်
၎။ သခင်ရန်ရှင်း - စာတိုက်နှင့်ကြေးနန်းဝန်
၅။ သခင်ဗစိန် - ဘဏ္ဍာရေးဝန်
၆။ သခင်ဉာဏ်လှိုင် - ပညာရေးဝန်
၇။ သခင်အုန်းသင် - အကောက်နှင့်ဆိပ်ကမ်းဝန်
၈။ သခင်ထွန်းရင် - ရဲဝန်
၉။ သခင်ဘာဘာ - သစ်တောဝန်
၁၀။ သခင်တင်ထွန်း - အခွန်ဝန်
၁၁။ သခင်ကြည်ရန် - လယ်ဝန် တို့ဖြစ်သည်။
လွတ်လပ်ရေးနှင့် တနင်္သာရီတပ်မတော်
လွတ်လပ်သောဗမာနိုင်ငံတော်
သခင်အောင်ဆန်းနှင့် ဂျပန်သဘောတူညီချက် ၊ သခင်အောင်ဆန်း-ရဲဘော်သုံးကျိပ်နှင့် ဂျပန်စစ် အာဏာပိုင်များ၏ သဘောတူညီချက်များအရ - “တနင်္သာရီတိုင်းကို သိမ်းပိုက်ပြီးသည်နှင့် ကိုယ့်မင်း ကိုယ့်ချင်းလွတ်လပ်သောနိုင်ငံအဖြစ် ကြေညာပေးရန်” ဂျပန်က သဘောတူညီထားပြီးဖြစ်သည်။
ထိုသဘောတူညီချက်အရဟု ခေါင်းဆောင်ကြီးသခင်မြ၊ ဗိုလ်လင်္ကျာနှင့် သခင်ဗဆွေ(ထားဝယ်) တို့သည် ထားဝယ်မြို့တွင်တွေ့ဆုံဆွေးနွေးကြပြီး “ထားဝယ်မြို့၌ အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးကြောင်း” နှင့် “လွတ်လပ်သော ဗမာနိုင်ငံတော်ဖြစ်ကြောင်း” တို့ကို ကြေညာလိုက်သည်။
ယင်းသို့ ထားဝယ်မြို့၌ ကြေညာခြင်းကို ဂျပန်အသံလွှင့်ရုံမှ လွှင့်ထုတ်လိုက်လေသည်။ ဤတွင် အင်္ဂလိပ်က သိရှိသွားလေသည်။ သို့ဖြစ်၍ အင်္ဂလိပ်အစိုးရသည် သခင်လှဖေ(ဗိုလ်လင်္ကျာ)၊ သခင်ဗဂျမ်း (ဗိုလ်လရောင်)၊ သခင်ဗဆွေ (ထားဝယ်) တို့ သုံးဦးကို သေဒဏ်ပေးကြောင်း ဗြိတိသျှအစိုးရက ရေဒီယို မှကြေညာလိုက်လေသည်။
တနင်္သာရီတပ်မတော်
BIA တပ်မတော်သည် ထားဝယ်နယ်အတွင်းသို့မရောက်မီက တပ်သားအင်အား ၁၀၀ ပင်မပြည့် - မရှိချေ။ “တနင်္သာရီတပ်မတော်” ဖွဲ့စည်းပြီးသည်နှင့် ထားဝယ်ခရိုင်(ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း)မှ ၀င်ရောက်လာသော တပ်သားဦးရေမှာ “သုံးထောင်ကျော်” ရှိလာလေသည်။
PPC ရုံးကြီး
ယခု တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးထိုင်သော အဆောက်အဦးကြီးသည် PPC အဖွဲ့ရုံးထိုင် သော ရုံးကြီးဖြစ်လေသည်။
ဂျပန်ကတိမတည်ခြင်း
ဂျပန်သည် မိမိသဘောတူထားသော သဘောတူချက်များကို မျက်ကွယ်ပြုခဲ့လေသည်။ ထို့ အပြင် ဂျပန်စစ်ဘက်က ထားဝယ်နှင့်ပတ်သက်၍ စိုးရိမ်လာပုံလည်းရှိလေသည်။
သို့ဖြစ်၍ စင်ကာပူမှ စစ်ဒေသမှူး ကာနယ်ဖူးကူးနဂါး ဆိုသူသည် စစ်လေယာဉ်ဖြင့် ထားဝယ်သို့ ရုတ်တရက်ရောက်လာလေသည်။ PPC ရုံးကြီးတွင် လွှင့်ထူထားသော “ဒို့ဗမာအစိုးရအလံ” “သုံးရောင် ခြယ်အလယ်တွင် ကဒေါင်းပုံပါရှိသော BIA အလံ” တို့ကို မလွှင့်ထူရ။ ဂျပန်နေ၀န်အလံကိုသာ လွှင့်ထူ ရမည်ဟု အမိန့်ထုတ်လေသည်။ ထို့အပြင် စင်ကာပူအုပ်ချုပ်ရေးအောက်သို့ သွင်းရန်လည်း ကြိုးစား အားထုတ်လေသည်။ သို့သော် ဂျပန်တို့၏အကြံကား မအောင်မြင်ခဲ့ချေ။
သခင်မြအား ကယ်ထုတ်ရခြင်း
ထားဝယ်ကိုရောက်နေသော ခေါင်းဆောင်ကြီးသခင်မြကို လူဆိုးများက ထားဝယ်ခရိုင် ကံပေါက်ဒေသ၌ ဖမ်းဆီးထားသဖြင့် BIA တပ်မှ သွားရောက်ကယ်ထုတ်ရသည်။
ကျဆုံးခဲ့ရသော BIA တပ်သားများ
အထက်ဖော်ပြပါ သခင်မြကို သွားရောက်ကယ်ထုတ်ရာ၌လည်းကောင်း၊ အင်္ဂလိပ်တပ်များ ဆုတ်ခွာရာတွင် တပ်ကြွင်းတပ်ကျန်များကို တိုက်ထုတ်ရာ၌လည်းကောင်း၊ တောင်သုံးလုံးရွာမှ ထားဝယ်မြို့ကို လာရောက်တိုက်ခိုက်သိမ်းပိုက်ရာတွင်လည်းကောင်း၊ မြန်မာနိုင်ငံတစ်နိုငှ်ုံလုံး၏ တိုက်ပွဲ အသီးသီးတွင် ကျဆုံးခဲ့ရသော BIA တပ်မှူး၊ တပ်သားအားလုံးကိုလည်းကောင်း၊ မထင်မရှားကျဆုံး သွားရရှာသော BIA စစ်သည်တော်များသည် များစွာရှိခဲ့သည်။ အရေအတွက်နှင့် အမည်စာရင်းကို မှတ် သားထားမှုမရှိ၍ မှတ်တမ်းမတင်နိုင်ခဲ့ချေ။ (ထိုစစ်သည်တော်များကို ဤစာပိုဒ်လေးနှင့်ပင် ဂုဏ်ပြုလိုက် ရပါသည်။)
ထားဝယ်မြို့သည် ဗမာ့လွတ်လပ်ရေးတပ်မတော် စတင်ပေါက်ဖွားရာဒေသ
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဗလက “ထားဝယ်မြို့သည် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို စတင် ပေါက်ဖွားရာဒေသ” ဟု မိမိ၏ရဲဘော်သုံးကျိပ်နှင့် လွတ်လပ်ရေးခရီးတစ်ထောက်စာအုပ်တွင် ဖော်ပြသွားခဲ့သည်။
“ BIA အာဇာနည်ကျောက်တိုင်” (အမှတ် ၂ မှတ်တိုင်)
အမှတ် ၂ မှတ်တိုင်မှာ ကျောက်တိုင်ဖြစ်သည်။ ထားဝယ်ခရိုင် PPC အစိုးရသည် မြန်မာတပြည်လုံး၏ တိုက်ပွဲအသီးသီးတွင် ကျဆုံးခဲ့ရရှာသော BIA တပ်မှူး-တပ်သားအားလုံးကို ရည်စူး၍ “ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) အာဇာနည်ကျောက်တိုင်” ကို ၁၉၄၂ ဧပြီလတွင် စိုက်ထူခဲ့သည်။
ကျောက်တိုင်ကို (ထိုစဉ်ကအခေါ် - မြူနီစပယ်ရုံး၊ ယခုအခေါ် - တိုင်းဒေသကြီးစည်ပင်ရုံး)ရှေ့ ပန်းခြံအတွင်း၊ (ထိုစဉ်ကအခေါ် - PPC ရုံး၊ ယခုအခေါ် - တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး)နှင့်မျက်နှာချင်း ဆိုင် (ထိုစဉ်က - ယိုးဒယားလမ်း၊ ယခု - အာဇာနည်လမ်း) သို့မျက်နှာမှုထားပါသည်။
ကျောက်တိုင်မှာ လေးမြှောက်ကျောက်တိုင်ဖြစ်သည်။ ကျောက်တိုင်ထိပ်လေးမျက်နှာတွင် ကဒေါင်းရုပ်ပုံ တစ်ပုံစီ ထွင်းထုထားသည်။ ကဒေါင်းရုပ်အောက်တွင် ၁၃၀၄ ခုနှစ်ဟု ရေးထိုးထားသည်။ ကျောက်တိုင်အောက် ခြေ လမ်းဖက်မျက်နှာစာတွင် “၁၃၀၃ ခု ဗမာ့လွတ်လပ်ရေးစစ်ပွဲတွင် အသက်စွန့်သွားခဲ့သော ဗမာ့လွတ်လပ်ရေး တပ်မတော်သား အာဇာနည်များအား သတိရချီးကျူးကြစေသတည်း” ဟူသော စာတမ်းကို ရေးထိုးထားသည်။
ထားဝယ်မြို့အမှတ်တရ တတိယမြောက် လွတ်လပ်ရေးကျောက်တိုင် (အမှတ် ၃ မှတ်တိုင်)
ဤကျောက်တိုင်သည်လည်း ထားဝယ်မြို့၏ အမှတ်တရဖြစ်သော တတိယမြောက် လွတ်လပ်ရေး ကျောက်တိုင် ပင်ဖြစ်သည်။ အုတ်ခံပေါ်တွင် (လေး)မြှောင့်ပုံ စိုက်ထူထားသည်။ ကျောက်တိုင်၏ တည်နေရာမှာ
- လက်ရှိတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး(ရုံးကြီး)ခေါင်းလမ်း (ထိုစဉ်က အလယ်လမ်း) - ယိုးဒယားလမ်း (ယခု - အာဇာနည်လမ်း) - ရေးလမ်း (ယခု - ထားဝယ်-ရေးလမ်း) လမ်းလေးခွဆုံ ဗဟိုဠ်နေရာ(ယခု အင်္ဂတေအ၀ိုင်း ကလေးတစ်ခုတည်ရှိရာနေရာ)တွင် လေးမြှောင့်ပုံ လွတ်လပ်ရေးကျောက်တိုင် တစ်တိုင်ရှိသေးသည်။ မှတ်မိပါ သေးသည်။
၁၉၅၁ ခုနှစ် လွတ်လပ်ရေးနေ့
စာရေးသူမှာ အစိုးရအထက်တန်းကျောင်း (ယခု အမှတ် ၁ အထက၊ ထားဝယ်)၌ အလယ်တန်း အဆင့်ကျောင်းသားငယ်ဘ၀တွင် ပညာသင်ကြားနေဆဲကာလဖြစ်သည်။ ကျောက်တိုင်ကြီးမှာ “ထုံးဖြူ ဖွေးဖွေးနှင့်” လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ရုံးကြီး (ယခု တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး) ရှေ့ အလံတိုင်တွင် အလံတင်အခမ်းအနားပြုလုပ်သည်။ တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့ (ထိုစဉ်ကအခေါ် - ပုလိပ်)၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ကင်းထောက်လူငယ်အဖွဲ့၊ ဆေးရုံ သူနာပြုဆရာမများ၊ ရုံး သူ/သားများ၊ ထားဝယ်မြို့လူထုတို့က စည်စည်ကားကား ချီတက်အလေးပြုသည်ကို စာရေးသူ ကိုယ်တိုင်ပါဝင်ခဲ့ရ၍ အမှတ်ရမိသည်။
ဝမ်းနည်းဖွယ်ဖြစ်ရပ်
များမကြာမှီအချိန်တွင် သောင်းကျန်းသူများက ထိုလွတ်လပ်ရေးကျောက်တိုင်ကို မိုင်းဗုံးနှင့်ဖြိုခွဲ ဖျက်ဆီးပစ်လိုက်သည်။ (ထိုမိုင်းဗုံးကို - စာရေးသူတို့ ထားဝယ်သူ/သားများက ထိုစဉ်က “မိုးပျံ” ဟုခေါ်သည်။)
မြန်မာပြည်လွတ်လပ်ရေးတိုက်ပွဲများတွင် ကျဆုံးခဲ့ကြသော စစ်သည်တော်များအား အလေးပြုလျက် --
မင်းသူရိန်(ထားဝယ်) ၂. ၉. ၂၀၁၆
0 comments:
Post a Comment