Saturday, September 27, 2014

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၂၉)

လမ်းကြုံတဲ့ Road Map

ဒီပဲယင်းအရေးခင်းဖြစ်ပြီး ၂ လခန့်အကြာ သြဂုတ်လထဲမှာတော့ အော်စလိုရုံးချုပ်ကနေ ထိုင်းနိုင်ငံဆီ တာဝန်အရ ခရီးသွားဖို့ကိစ္စတခုပေါ်လာပါတယ်။ တာဝန်ပေါ်လာတယ်ဆိုတာက အဲဒီကာလက သူများ တွေပြောသလို လိုက်ပြောကြည့်တာပါ။ တကယ်ကတော့ နိုင်ငံတော်စရိတ်နဲ့ခရီးသွားချင်လို့ ကိုယ့်ဘာ သာထွင်လိုက်တဲ့ တာဝန်မျိုးသာဖြစ်ပါတယ်။ အော်စလိုကနေ ဘန်ကောက်ကို ကိုယ့်စရိတ်နဲ့ကိုယ် သွားလည်မယ်ဆို ကုန်ကျစရိတ်က ဘယ်နည်းပါ့မလဲ။ ဒီတော့ အလုပ်ကိစ္စလေးကိုအကြောင်းပြ ခရီး ထွက်ပြီး အဲဒီခရီးစဉ်တွင်းမှာပဲ အားလပ်ရက်သတင်း ၂ ပတ်လောက်ကိုပါဆက်ယူလိုက်တော့ အိုကေ သွားတာပေါ့။

(၂၀၀၃ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ ၀န်ကြီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ တရုတ်နိုင်ငံခရီးစဉ်)

အဲဒီကာလကတော့ ဒါမျိုးလုပ်တာကို လာဘ်စားခြင်း (အဂတိလိုက်စားခြင်း) တမျိုးပါလားလို့ မတွေး မိ ခဲ့ပါဘူး။ ထားတော့။ ကိုယ်က တခေါက်ပဲသွားတာ။ ကိုယ့်ထက်တာဝန်ကြီးသူတွေ ဒီလိုမျိုးသွားခဲ့တဲ့ ခရီးစဉ်က အခေါက်ခေါက်။ သွားလေရာသတင်းလာဘ်ကောင်းလေ့ရှိတယ်ဆိုတဲ့ ကျနော်ဟာ ဘန်ကောက်လေဆိပ်ကနေ မြို့ထဲအသွား တက္ကစီကား (အဲဒီတုန်းက လေယဉ်ကွင်း မိုးပျံရထားမရှိသေး ပါ) ပေါ်မှာကတည်းက အထူးသတင်းတခုကို FM ရေဒီယိုကနေ နားးဆင်ခဲ့ရပေါ့။ ''မင်းတို့မြန်မာနိုင်ငံ မှာ အပြောင်းအလဲတွေဖြစ်နေပြီ'' လို့ တက္ကစီသမားက ထိုင်းတ၀က် အင်္ဂလိပ်တ၀က်နဲ့ ကျနော်ကိုပြော ပါတယ်။

ကျနော်က ထိုင်းစကားကောင်းကောင်းနားမလည်ပေမဲ့ ဗိုလ်ချုပ်ခင်ညွန်အမည်နဲ့ ''နိုင်ရွတ် မွန်ထရီ'' ဆိုတာတွေကိုတော့ ရိပ်ဖမ်းသံဖမ်းသိလိုက်ပါတယ်။ မြို့ထဲရောက်ပြီး အင်တာနက်ဖွင့်ကြည့်တော့မှ ဒီနေ့ သြဂုတ်လ ၂၅ ရက်နေ့မှာ နအဖ အတွင်းရေးရေးမှုး ၁ ဗိုလ်ချုပ်ခင်ညွန့်ကို ၀န်ကြီးချုပ်အဖြစ် ခန့် အပ်လိုက်ပြီး ၀န်ကြီးအဖွဲ့သစ်စာရင်းကိုပါကြေငြာလိုက်တဲ့အကြောင်းသိလိုက်ရပါတယ်။ ပြီးတော့ ဒီည နေပိုင်းမှာ ဒီမိုကရေစီလမ်းပြ Road Map ၇ ချက် (၂၀၀၈ ဖွဲ့စည်းပုံ၊ ၂၀၁၀ ရွေးကောက်ပွဲတွေအပါဝင်) ကိုပါ ကြေငြာမယ်လို့ဆိုပါတယ်။

ထိုင်းနဲ့မြန်မာက အချိန် မီနစ် ၃၀ ပဲကွာတော့ ရန်ကုန်ကသတင်းတွေကို ချက်ချင်းသိနေတဲ့သဘောပါ။ အော်စလိုမှာတော့ အခုလို ဘန်ကောက်အချိန် မနက် ၉ နာရီဆို ဟိုမှာ မနက် ၃ နာရီပဲရှိသေးတာမို့ အိပ်လို့ ကောင်းတုန်းပေါ့။ ဆိုလိုတာက ကျနော့်ခရီးစဉ်ထဲမှာ ဗိုလ်ချုပ်ခင်ညွန့်ဝန်ကြီးချုပ်ဖြစ်တဲ့ အ ကြောင်း၊ Road Map ၇ ချက်အကြောင်းတွေကို သတင်းလုပ်ဖို့တာဝန်ပါမလာပေမဲ့ တိုက်ဆိုင်မှုအရ ဘန်ကောက် ရောက်ရောက်ချင်းညမှာ အဲဒီသတင်းကိုအရေးပေါ်ပို့လိုက်ရပါတယ်။

နိုင်ငံတော်စရိတ်နဲ့ခရီးသွားနေတယ်ဆိုပေမယ့် တည ဘတ် ၁၀၀၀ ၀န်းကျင်ပေးရတဲ့ ဟိုတယ်အခန်း တွေမှာတည်းရတာကိုတော့ ကျနော်စိတ်ထဲက သိပ်မသန့်လှ။ တောထဲက ရဲဘော်တွေက ၀ါးနဲ့လုပ် ထားတဲ့ဘားတိုက်ရှည်မှာ ဖြစ်သလိုအိပ်နေရချိန်၊ စစ်ပြေးဒုက္ခသည်တွေက သစ်ပင်တွေအောက်မှာဖြစ်သလိုအိပ် နေရချိန်မှာ အဲဒီလူတွေကိုယ်စား အတိုက်ခံသတင်းဌာနမှာ တာဝန်ထမ်းနေပါတယ်ဆိုတဲ့ တော်လှန် ရေးသတင်းသမားဆိုသူက ဘတ် ၁၀၀၀ တန်ဟိုတယ်ပေါ်တက်ပြီး ဇိမ်နဲ့နှံ့နေသင့်သလားပေါ့။

ဒီလိုနဲ့နောက်တရက်မှာတော့ ဘန်ကောက်အခြေစိုက် DVB သတင်းထောက် ကိုအောင်လွင်ဦး (အခု VOA) နေတဲ့ ရမ်ဂဟန်ဖက်က ABAC တက္ကသိုလ်အနီးရှိ အကျဉ်းကျဉ်းတခုဆီပြောင်းလိုက်ပါ တယ်။ ကျနော် ဘန်ကောက်ကိုလာတဲ့အဓိကရည်ရွယ်ချက်ကလဲ သူနဲ့တွေ့ဖို့ပါပဲ။ အဲဒီကာလက ထိုင်း အခြေစိုက်သတင်းထောက်တွေဖြစ်တဲ့ ဘန်ကောက်က ကိုအောင်လွင်ဦး၊ ချင်းမိုင်က နော်နန္ဒာချမ်း (အ ခု VOA) နဲ့ မဲ ဆောက်က ခိုင်သဇင် (အခု DVB အုပ်ချုပ်ရေးဌာန) တို့နဲ့တွေ့ဆုံပြီး သူတို့နေစဉ်ကြုံတွေ့ နေရတဲ့အခက်ခဲတွေ၊ အော်စလိုဆီပုံမှန်သတင်းပို့နိုင်ရေးမှာ ကြုံတွေ့နေရတဲ့အခက်ခဲတွေကို ကူညီဖြေ ရှင်းပေးဖို့ပါ။

ကျနော်မှတ်မိသလောက်ဆိုရင် အဲဒီကာလက ထိုင်းအခြေစိုက်သတင်းထောက်ဆိုလို့ သူတို့ ၃ ဦးပဲရှိပြီး မယ်ဟောင်ဆောင်အခြေစိုက် ၀ါရင့်သတင်းထောက် ကိုမောင်တူးက ဗြိတိန်နိုင်ငံ ကားဒစ်တက္ကသိုလ် က ပို့ချတဲ့ ၃ လတာ အသံလွှင့် သတင်းထောက်သင်တန်း သွားတက်နေချိန်ဖြစ်ပါတယ်။


နိုင်ငံတော်စရိတ်နဲ့ လေယာဉ်မစီးရ

တည ဘတ် ၁၀၀၀ တန် ဟိုတယ်မှာတည်းရမှာကို စိတ်မသန့်တဲ့ကျနော်ဟာ တနာရီကို ဘတ် ၁၅၀၀ ခန့်ပေးရတဲ့ ဘန်ကောက်-မဲဆောက် လေယဉ်ကိုသွားစီးမိပါတယ်။ ဘန်ကောက်မှာကိစ္စပြီးလို့ မဲဆောက် ဆင်းမယ်ပြင်တော့ အရင် ABSDF ဘ၀က ခဏခဏ မောင်ရဲချစ် (ထိုင်းရဲတွေရဲ့ မကြာခဏ မေးမြန်းခံရသူ) အဖြစ်ခံခဲ့ရဖူးတဲ့ Tak တောင်ကြားဂိတ်ကို ထပ်ဖြတ်ရမှာစိုးရိမ်နေပါတယ်။ နော်ဝေးပြန် ဆိုပေမဲ့ အဲဒီအချိန်ထိ မြန်မာစာအုပ် အတုကို ကိုင်ထားရဆဲပါ။

(၂၀၀၃ ၀န်းကျင်ကတွေ့ရတဲ့ DVB သတင်းသမားများနဲ့ အုပ်ချုပ်ရေးဖက်မှ ပုဂ္ဂိုလ်တချို့)

ဒီတော့ ထိုင်းရဲတွေရန်ကဝေးအောင်ဆိုပြီး ဘတ် ၅၀၀ ၀န်းကျင်ပေးရတဲ့ ဘတ်စ်ကားအစား ဘတ် ၁၅၀၀ ပေးရတဲ့ လေယဉ်လက်မှတ်ကိုဝယ်လိုက်မိပါတယ်။ အဲဒီမှာ ပြသာနာစတော့တာပါပဲ။ ''တာဝန် နဲ့ခရီးသွားချိန်မှာ ဈေးအပေါဆုံး ယာဉ်ကိုသာစီးခွင့်ရှိတယ်။ ကားနဲ့သွားလို့ရတဲ့နေရာကို လေယာဉ်နဲ့ သွားတာဟာ ဘောင်မ၀င်ဘူး'' ဆိုပြီး DVB အုပ်ချုပ်ရေးဌာနက ကျနော်ကိုဆူပါလေရော့။ ကျနော်က အုပ်ချုပ်ရေးဆိုင်ရာ၊ ငွေစာရင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ဘာမှမသိ။ အလုပ်ဖြစ်ဖို့တခုတည်း ကိုသာ အာရုံစိုက်နေသူ။ ဆိုလိုတာက တည ၁၀၀၀ တန်ဟိုတယ်မှာ တပတ်ဆယ်ရက်တည်း လို့ ငွေသောင်းချီကုန်တာ ငွေစာရင်းသဘော အရဘောင်ဝင်ပေ မဲ့ ၁၅၀၀ တန် လေယဉ်စီးတာကျတော့ ဘောင်မ၀င်ဘူးတဲ့။

ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ဘန်ကောက်ကနေ မဲဆောက်အဆင်း အဲဒီ ၁၅၀၀ တန်လေယဉ်ပေါ်မှာ မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အတွင်းရေးမှုးချုပ် ဦးမောင်မောင် (အခု ဦးသိန်းစိန်အစိုးရရဲ့ အလုပ်သမားကိုယ်စားလှယ်) နဲ့ FTUB မှ ကိုသန်းလွင် တို့ နဲ့သွားတိုးပါတယ်။ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) အောက်မှာရှိတဲ့ DVB အုပ်ချုပ်ရေးအဖွဲ့ ငွေ စာရင်းသဘောအရ ကျနော်က လေယဉ်စီးခွင့်မရှိဘူးဆိုရင် NCUB က ပုဂ္ဂိုလ်တွေကကော လေယဉ်စီး ခွင့်ရှိရဲ့လား။ တော်လှန်ရေးရန်ပုံငွေနဲ့ လည်ပတ်နေတဲ့အဖွဲ့တွေအားလုံးရဲ့ ငွေစာရင်းလုပ်ထုံးလုပ်နည်း တွေက တခုနဲ့တခုမတူကြဘူးလားဆိုပြီး တွေးနေမိပါရဲ့။

တွေးမိတယ်ဆိုတာ အခုလို ဆောင်းပါးပြန်ရေးတော့မှတွေးမိတာပါ။ အဲဒီတုန်းကတော့ ဒါမျိုးတွေးဖို့ အ ချိန်မရလိုက်ပါဘူး။ သူတို့ကိုလက်ဆွဲနှုတ်ဆက်ပြီး မဲဆောက်ရောက်ရင် တပ်ပေါင်းစုခေါင်းဆောင်တွေနဲ့ တွေ့ချင်တဲ့အကြောင်း၊ DVB အပေါ် တပ်ပေါင်းစုခေါင်းဆောင်တွေရဲ့အမြင်ကို သိချင်တဲ့အကြောင်းပြော ရပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီကာလက DVB ကို နယ်စပ်ကလူတွေက သိပ်ကြည်တာမဟုတ်။ DVB ဟာ တော်လှန်ရေးရေဒီယိုလို့ပြောနေပြီး တော်လှန်ရေးအဖွဲ့တွေရဲ့လှုပ်ရှားမှုသတင်းတွေကို သိပ် အလေးမထားတော့ဘူးဆိုပြီးစွပ်စွဲခံနေရတဲ့ကာလဖြစ်ပါတယ်။

တခါ နယ်စပ်အစြေခိုက် NCUB နဲ့ ၀န်ရှင်တန်အခြေစိုက် NCGUB ကြားမှာလဲ အားပြိုင်မှုက ရှိနေပုံရပါ တယ်။ ဒါကြောင့် DVB ဘုတ်အဖွဲ့ထဲမှာ သူတို့ကိုယ်စားလှယ်တဦးကို မပါ ပါအောင် ထည့်ပေးဖို့ NCUB ဖက်က၊ အထူးသဖြင့် ကိုမောင်မောင်က ပေါ်တင်တောင်းဆိုထားတဲ့ ကာလလဲဖြစ်ပါတယ်။ အဲဒီလို အ ချိန်မျိုးမှာ DVB ကိုယ်စား ခရီးထွက်လာတဲ့ကျနော်က ကိုမောင်မောင်နဲ့မှ လေယဉ်တစိးတည်း လာတိုး မိတယ်ဆိုပါတော့။

မဲဆောက်လေယဉ်ကွင်းရောက်တော့ ကျနော်ကိုလာကြိုနေသူက NCUB ရုံးမှ ကားဆရာ ဘုကတိ။ ဘု ကတိဆိုတာ အရင် မာနယ်ပလောခေတ်တုန်းက ပဒိုဘသင်အိမ်မှာ ကျနော်နဲ့မကြာခဏတွေ့ဖူးတဲ့ ရဲ ဘော်ကြီးပေါ့။ အခုတော့ သူက NCUB ရဲ့ ပို့ဆောင်ရေးတာဝန်ခံ။ မဲဆောက်မြို့ပြင် လမ်းကြားတွေထဲက သစ်သားအိမ်ကြီးတလုံးဆီရောက်တော့ ဒါ NCUB ရုံးပဲလို့ ဘုကတိကပြောပါတယ်။ ကားပေါ်ကဆင်း တော့ အရင်ဆုံးလာကြိုသူက NCUB တွဲဖက်အတွင်းရေးမှုးလဲဖြစ်၊ လူ့ဘောင်သစ်ပါတီဥက္ကဌလဲဖြစ်တဲ့ ကိုအောင်မိုးဇော်။

ကျနော်တည်းရမဲ့အခန်းက ရုံးရဲ့အပေါ်ထပ်က အခန်းအကျယ်ကြီးတခု။ အဲဒီမှာတွေ့ရသူတွေက အရင် ABSDF မှာတုန်းက လုပ်ဖေါ်ကိုင်ဖက်တွေဖြစ်တဲ့ ကိုမင်းမင်းနဲ့ ရဲဘော်တချို့။ ကျနော်ထင်ထားတာက ဒီလိုအများနဲ့အတူနေရတဲ့အခန်းမဟုတ်ပဲ ကျနော့်အတွက် သီးသန့်အခန်းတခု ရမယ်လို့ထင်ထားတာ ပါ။ ဆိုလိုတာက ဘန်ကောက်မှာတောင် ဟိုတယ်မှာတည်းဖို့စိတ်မသန့်တဲ့ ကျနော်ဟာ တော်လှန်ရေး သမားတွေအများကြီးရှိတဲ့ မဲဆောက်လိုနေရာမျိုးဆို ပိုဆိုးတာပေါ့။ ဒီတော့ မိတ်ဆွေကြီး ကိုအောင်မိုး ဇော်ကိုအကြောင်းကြားပြီး သူတို့ရုံးမှာ အခန်းရှိရင် ၃-၄ ရက်တည်းချင်တဲ့အကြောင်း ပြောထားတာ။ သူကလဲ တောထဲကလာတဲ့ ရဲဘော်တဦးလိုသဘောထားပြီး အခန်းရှိတယ်၊ နေလို့ ရတယ်ပေါ့။


DVB ဘာလဲ။ ဘယ်လဲ လို့ မေးနေကြတယ်

ဒါပေမယ့် တောထဲကဘ၀တွေနဲ့ ၃ နှစ်လောက်ကင်းကွာသွားသူ အော်စလိုပြန်သတင်းထောက်ကြီးက အရင်လိုမျိုး လူအများစုနေရတာကို သိပ်မနှစ်သက်တော့။ Privacy ဆိုတာတွေ၊ လုပ်ငန်းသဘောအရ ဆိုတာတွေကိုအကြောင်းပြပြီး ကွန်ပြူတာနဲ့အလုပ်လုပ်နိုင်တဲ့၊ သတင်းပို့တဲ့အခါ အသံလုံတဲ့အခန်းမျိုး ရှိတဲ့ တခြားနေရာတခုခုကိုပြောင်းမှအဆင်ပြေမယ်လို့ အဆိုတင်လိုက်ရပါတယ်။ ဒီလိုနဲ့နောက်ဆုံး တော့ မဲဆောက်အခြေစိုက် သတင်းထောက်တွေရဲ့စုရပ်နေရာ မြန်မာ့စာနယ်ဇင်းကလပ် (Burma Correspondent Club) ဆီ ကျနော်ကိုပို့လိုက်ပါတယ်။

(၂၀၁၂ ခုနှစ်ထဲမှာ အသွင်းပြောင်းစပြုလာတဲ့ DVB အုပ်ချုပ်ရေး အဖွဲ့ဝင်တဦး)

အဲဒီအချိန် စာနယ်ဇင်းကလပ် တာဝန်ခံ (ရုံးမန်နေဂျာ) က ABSDF မှ လုပ်ဖေါ်ကိုင်ဖက်တဦးဖြစ်သူ ကိုမြတ်သူ (အခု ABSDF အဖွဲ့ခွဲ ကိုခင်ကျော်တို့အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှုး) ဖြစ်ပါတယ်။ သစ် သားနဲ့ဆောက်ထားတဲ့ ၂ ထပ်အိမ်က အတော်ကောင်းပြီး ခြံနဲ့ဝင်းနဲ့။ အောက်ထပ်မှာ ရုံးခန်း၊ ဧည့်ခန်း နဲ့ ကော်ဖီဘားအပြင် စာနယ်ဇင်းသမားတွေ ညနေတိုင်း မျှားပစ်ကြတဲ့ မျှားပစ်ပြိုင်ပွဲကလဲ အဲဒီကာလ အတော်နာမည်ကြီးခဲ့ပါတယ်။ အပေါ်ထပ်မှာတော့ ရုံးတာဝန်ခံရဲ့အိပ်ခန်းနဲ့ ဧည့်သည့်တွေအတွက် ခပ် သားသားနားနား အိပ်ခန်းတခုရှိပါတယ်။ အဲဒီအခန်းမှာ ကျနော်ကိုနေရာချပေးပြီး တည်းခိုခအဖြစ်က တော့ စေတနာရှိသလောက်သာ စာနယ်ဇင်းကလပ်အတွက် လှူဒန်းပေးခဲ့ပါတဲ့။

ဒီစာနယ်ဇင်းကလပ်နဲ့ ရုံးခန်းတွေကိုတာဝန်ခံငှားထားပေးတာက ကိုသန်းလွင်ထွန်း (အခု VOA မြန်မာ ဌာနမှုး)။ အဲဒီအချိန်မှာ သူက BBC မြန်မာပိုင်းကနေ ခေတ္တနားပြီး ချင်းမိုင်အခြေစိုက် Inter News ဌာ နခွဲရဲ့မြန်မာကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းနေပါတယ်။ သူနဲ့ကျနော်က ABSDF အစောပိုင်းကာလ တွေမှာကတည်းက တောထဲတချိန်တည်းရောက်ခဲ့သူ၊ လေလှိုင်းထဲမှာရင်းနှီးနေသူတွေဖြစ်ပေမဲ့ အခု မဲဆောက်ရောက်မှ လူချင်းစတွေ့ဖူးတာပါ။

သူရဲ့တိုက်တွန်းချက်အရ DVB က နာမည်ကြီးသတင်းထောက်တဦး အနေနဲ့ နယ်စပ်ဒေသကသတင်းသမားတွေကိုတွေ့ဆုံပြီး အတွေ့အကြုံတွေဖလှယ်သင့်တယ်၊ အကြံ ညဏ်ကောင်းတွေပေးသင့်တယ်ဆိုတဲ့အတွက် တနေ့မှာတော့ မဲဆောက်က စာနယ်ဇင်းသမား ၂၀ လောက်နဲ့ အဲဒီရုံးမှာဆွေးနွေးဖြစ်ပါတယ်။ စာနယ်ဇင်းသမားဆိုပေမဲ့ စာရေးခြင်းကို အသက်မွေးဝမ်း ကျောင်းအလုပ်တခုအဖြစ်တာဝန်ထမ်းနေသူတွေမဟုတ်ပါ။ ဒေါင်းအိုးဝေ အပါဝင် နယ်စပ်မှာထုတ်ဝေ တဲ့စာစောင်တွေက အယ်ဒီတာတွေ၊ စာရေးသူတွေအပါဝင် အားလုံးနိးပါးက တော်လှန်ရေးအဖွဲ့စည်း တခုခုရဲ့အဖွဲ့ဝင်တွေဖြစ်ကြပါတယ်။

ဆိုလိုတာက သတင်းသဘောတရား၊ သတင်းလုပ်ငန်းအခြေနေတွေကို ဆွေးနွေးမယ်လို့ ကျနော်က စိတ်ကူးပြီးအသေချာပြင်ထားပေမဲ့ တကယ်တန်းပွဲစတော့ အဲဒါတွေကို ဘာမှမပြောရပဲ DVB ဘာလဲ၊ ဘယ်လဲ ဆိုပြီး မေးခွန်းထုတ်တာကို ဖြေရှင်းနေရတာနဲ့အချိန်ကုန်သွားပါတယ်။ သူတို့အားလုံးဟာ တော် လှန်ရေးအဖွဲ့စည်းတွေကနေလာသူတွေဆိုတော့ DVB ဟာ တော်လှန်ရေးကို ကိုယ်စားပြုသေးရဲ့ လား။ လွတ်လပ်တဲ့ မီဒီယာတခုအဖြစ် သွားတော့မလား။ DVB ကို ဘယ်သူပိုင်သလဲ။ ဘယ်လိုမူတွေနဲ့ ဆက်သွားမှာလဲ စသဖြင့်မေးလိုက်တာ စုံနေတာပါပဲ။

အဲဒီကာလကတော့ ဒီမေးခွန်းတွေအတွက် ကျနော်အတော်စိတ်ဆိုးခဲ့ပါတယ်။ ကျနော်လဲ တော်လှန် ရေးသမား၊ ခင်ဗျားတို့လဲ တော်လှန်ရေးသမား။ ဘာလို့ ဒီမေးခွန်းတွေမေးနေတာလဲ။ DVB ဟာ ပုဂ္ဂလိ ကပိုင်မဟုတ်ပဲ တော်လှန်ရေးအင်အားစုအားလုံးကိုကိုယ်စားပြုပေါ်လာတဲ့ တော်လှန်ရေးပိုင်မီဒီယာ ဆို တာ လူတိုင်းသိပါတယ်။ ဒီအတွက် ဘာမှ သံသယရှိစရာမလိုဘူးလို့ ကျနော်ဖြေခဲ့ပါတယ်။

ဒါပေမယ့် အ ခု ၁၁ နှစ်ကြာပြီးတဲ့အချိန်မှာတော့ ကျနော်အဖြေတွေအတွက် ကျနော်ဘယ်လိုပြန်ရှင်းပြ ရမှန်းမသိတော့ပါ။ DVB ကို အခု ဘယ်သူတွေက ပိုင်ဆိုင်သွားပြီလဲ။ DVB ဘာလဲ။ ဘယ်လဲ။ အဲဒီ ကာလက စာနယ်ဇင်းကလပ်ဆွေးနွေးပွဲဆီတက်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့အသီးသီးက စာနယ်ဇင်းသမား တွေကော အခုချိန်မှာ DVB ကို ဘယ်လိုမေးခွန်းတွေများထုတ်နေကြလေမလဲ။    ။

1 comments:

Myat Minsoe · Yangon University
ဆက်ရေးပါဗျာ ကိုထက်အောင်ကျော် အတွေးတွေ အရေးတွေကို ကြိုက်ပါတယ်
Reply · Like · Follow Post · 27 September at 15:38

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More