Saturday, September 13, 2014

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၂၇)

ဒီပဲယင်းအရေးအခင်း အကြိုကာလများ

သတင်းအယ်ဒီတာ ကိုမိုးအေး ကျောင်းတက်နေစဉ် ကြားဖြတ်သတင်းအယ်ဒီတာအဖြစ် ကျနော် တာ ၀န်ယူရတဲ့ တနှစ်တာကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုးတာအပြင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဒီပဲယင်းခရီးစဉ်အကြောင်း သတင်းလိုက်ရမှုတွေကလဲ အရေးပါတယ်လို့ထင်ပါတယ်။ ဒီပဲ ယင်းမတိုင်ခင် အရင်သွားခဲ့တဲ့ခရီးစဉ်တွေကိုမှတ်မိသလောက် ပြန်ပြောရမယ်ဆိုရင် ၂၀၀၂ မေလ ၆ ရက်နေ့မှာ ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ်ကလွတ်လာပြီးနောက် ပထမ ဆုံး သွားတဲ့ရန်ကုန်မြို့ ပြင် ခရီးစဉ်ဟာ ကရင်ပြည်နယ်ရှိ သမညဆရာတော်ဆီ ဖြစ်ပါတယ်။


(၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပရိတ်သတ်ကို နှုတ်ဆက်နေစဉ်) 

ဒီခရီးစဉ်ဟာ ပါတီကိစ္စမပါပဲ သာမန်ဘုရားဖူးခရီးစဉ်သက်သက်ဖြစ်တယ်ဆိုပေမဲ့ သမညဆရာတော် ကို ဒေါ်အောင်ဆန်းစုကြည်ဖူးမျှော်နေတဲ့ဓာတ်ပုံဟာ အတော်ထင်ရှားလူသိများခဲ့ပါတယ်။ ဒီဘုရားဖူး ခရီးစဉ်နောက်ပိုင်း ပါတီကိစ္စနဲ့သွားတဲ့ခရီးစဉ်တွေကတော့ မွန်၊ မန္တလေးနဲ့ချင်းပြည်နယ်ခရီးစဉ်တွေဖြစ် ပါတယ်။ အဲဒီနောက်ပိုင်း နိုဝင်ဘာလထဲမှာသွားခဲ့တဲ့ အောင်ပန်း၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ် တို့ပါဝင်တဲ့ ရှမ်းပြည်ခရီးစဉ်တွေအတွင်းမှာတော့ အာဏာပိုင်တွေဖက်က တားဆီးနှောက်ယှက်မှုတချို့ ရှိခဲ့တယ်လို့  မှတ်တမ်းတွေမှာတွေ့ရပါတယ်။

ရှမ်းပြည်နယ်ကအပြန် ဒီဇင်ဘာလဆန်းပိုင်းမှာတော့ ရခိုင်ပြည်နယ်ခရီးစဉ်ကိုစတင်ခဲ့ပြီး မြောက်ဦးမြို့ မှာဒေါ်အောင်ဆန်းစုကြည် မီးသတ်ကားပေါ်တက် မိန့်ခွန်းပြောမှုကထင်ရှားခဲ့ပါတယ်။ အများပြည်သူ ကိုဖိနှိပ်နေတဲ့ ဒေသခံ အာဏာပိုင်တွေကို ဒီလိုမလုပ်ကြဖို့၊ အများပြည်သူကို ကူညီစောက်ရှောက်ဖို့ ဒေါ်စုကပြောခဲ့ပါတယ်။ အာဏာပိုင်တွေဖက်က အမျိုးမျိုးပိတ်ပင်တားဆီးထားတဲ့ကြားကနေ ဒေါ် အောင်ဆန်းစုကြည်တို့ယဉ်တန်းကို လာရောက်ကြိုဆိုတဲ့ပရိသတ်က ထောင်-သောင်းချီရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီလိုပါတီစည်းရုံးရေးခရီးစဉ်တွေကို သတင်းလိုက်ရင်းနဲ့ ကျနော်တို့ဆီမှာ ခိုင် မာတဲ့ သတင်းအရင်းအမြစ်တွေလည်းအများကြီး ထပ်ရလာပါတယ်။ ထပ်ရလာတယ်ဆိုတာက အရင် ကလဲ ကျနော်တို့ရဲ့ အဓိကသတင်းအရင်းအမြစ်ဟာ NLD ပါတီဝင်တွေပါပဲ။ NLD ပါတီဝင်တွေကိုယ် တိုင်က DVB ကို သူတို့ရေဒီယိုလို့သဘောထားပြီး အရမ်းကူညီခဲ့ကြတာပါ။ အဲဒီသတင်းတွေထဲမှာ ပါ တီသတင်းတွေအပြင် လုပ်အားပေးအခိုင်းခံရတဲ့သတင်း၊ ဒေသခံအာဏာပိုင်တွေက အနိုင်ကျင့်တဲ့ သ တင်း၊ လူ့အခွင့်ရေးချိုးဖေါက်ခံရမှုသတင်းမျိုးစုံပါဝင်ပါတယ်။

အရပ်သားတွေက ကျနော်တို့ခေါ်တဲ့ဖုန်းကိုလက်ခံမပြောရဲသေးတဲ့အတွက် NLD ပါတီဝင်တွေပိုင်တဲ့ သို့မဟုတ် သူတို့နဲ့နီးစပ်တဲ့ဖုန်းတွေကိုနေ့စဉ်ခေါ်ရပါတယ်။ အဲဒီလိုခေါ်ရင်းနဲ့ အပိတ်ခံ၊ အသိမ်းခံလိုက် ရတဲ့ဖုန်းတွေလဲ မနည်းလှပါဘူး။ ဒီလို နေ့စဉ်ခေါ်ပေမဲ့ အဲဒီကာလက တနေ့ကုန် တလုံးမှဖုန်းခေါ်မရတဲ့ နေ့တွေလဲရှိခဲ့ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ရွာကနေတက်လာတဲ့လယ်သမားတွေ၊ လုပ်အားပေး အခိုင်း ခံရသူတွေ၊ နိုင်ငံရေးလှုပ်ရှားမှုကြောင့်ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေ၊ ပေါ်တာအဖမ်းခံရကနေ ထွက်ပြေး လွတ်မြောက်သူတွေနဲ့ DVB က အင်တာဗျုးလုပ်နိုင်အောင် NLD ပါတီဝင်တွေက စီစဉ်ပေးခဲ့ တာပါ။

အဲဒီထဲက ကျနော်မှတ်မိသမျှပုဂ္ဂိုလ်တချို့ကို ဒီနေရာမှာထုတ်ပြောရမယ်ဆိုရင် ရခိုင်ပြည်နယ်တောင် ကုတ်မြို့မှာ နှစ်ရှည်ထောင်ကျခံသွားရတဲ့ ဦးခင်လှနဲ့ ကိုမင်းအောင်တို့ဟာ DVB အတွက် တကယ့်ကို ကူညီပေးခဲ့တဲ့လူတွေပါ။ ချင်းပြည်ဖက်မှာဆိုရင် ဟားခါးမှ ဦးဘာလျန်း၊ ကလေးမြို့ကဆိုရင် လွှတ်တော် ကိုယ်စားလှယ် ဦးဒိုထောင်းနဲ့ ဒေါက်တာသိန်းဝင်းတို့အိမ်။ ရှမ်းပြည်နယ်ခရီးစဉ်မှာဆိုရင် ကျိုင်းတုံမြို့ အကျဉ်းထောင်အတွင်းကွယ်လွန်သွားတဲ့ ဦးစိုင်းဖတ်ရဲ့ မိသားစုတွေဖြစ်ပါတယ်။

ဒါ့အပြင် ဒုတိယမြို့တော် မန္တလေးနဲ့မကွေးတိုင်းကနေ DVB ကို ကူညီခဲ့သူတွေကလဲ မနည်းလှပါဘူး။ အဲဒီထဲက ဒီပဲယင်းအပြီး ထောင်နှစ်ရှည်ကျခံလိုက်ရတဲ့ မန္တလေးက ဒေါ်ဝင်းမြမြတို့မိသားစု၊ ထိုင်းနိုင်ငံ အထိထွက်ပြေးလာရတဲ့ မကွေးမြိ့က ဒေါ်စန္ဒာတို့မိသားစု၊ အခု လယ်သမားအရေးတွေဆောင်ရွက်နေ တဲ့မိတ္တိလာက ဒေါ်မြင့်မြင့်အေး။ တခါ ရေနံချောင်းမှ ခင်စောဌေး၊ ဦးလှမြင့်၊ ဦးမောင်မောင်၊ ကိုတင့် လွင်။ ရေစကြိုမှ ဒေါက်တာကျော်ငွေ၊ ပခုက္ကူမှ ဦးပိုက်ကို၊ မိုးညှင်းမှ ဦးဖေစိန်၊ ပဲခူးမြို့မှ ဦးမြတ်လှတို့ မိသားစုတွေဟာ DVB ကို အင်တိုက်အားတိုက်ကူညီခဲ့သူများစွာထဲက ကျနော်ရုတ်တရက်စဉ်းစားမိသူ တွေဖြစ်ပါတယ်။


ဒီပဲယင်းခရီးစဉ်အစပိုင်းနဲ့ တားဆီးနှောက်ယှက်မှုများ

ဒီပဲယင်းခရီးစဉ်ဆိုပေမဲ့ တကယ်တော့ ဒီခရီးစဉ်ဟာ ကချင်ပြည်နယ်ကနေ စတင်ခဲ့တာပါ။ ၂၀၀၃ ခုနှစ် မေလ ပထမ သတင်းပတ်မှာ စတင်ခဲ့တဲ့ဒီခရီးစဉ်အတွင်း မြို့တော်မြစ်ကြီးနားအပါဝင် ကချင်ပြည်နယ် တောတောင်ဒေသတွေအထိရောက်ခံပြီး တနေရာမှာဆိုရင် နွံနစ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယဉ်တန်းကို KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့က ကူညီပေးခဲ့ရတဲ့မှတ်တန်းဓာတ်ပုံတွေကို တွေ့ရဖူး ပါတယ်။

(၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလမှာ စည်းရုံးရေးထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်)

အဲဒီကအပြန်မှာတော့ မိုးကုတ်ဖက်ကိုခရီးဆက်ထွက်ပြီး မိုးကုတ်ကအပြန် မတ္တရာမြို့နားမှာဖြစ်ခဲ့တဲ့ တားဆီးနှောက်ယှက်မှုက အတော်ဆိုးဝါးခဲ့ပါတယ်။ ဒီအမှုကို သက်ဆိုင်ရာဒေသတရားရုံးမှာ ပါတီ ဒုဥက္ကဌဦးတင်ဦးကတိုင်ကြားခဲ့ပေမဲ့ ဘာမှအရေးယူဆောင်ရွက်ပေးခြင်းမရှိခဲ့ပါဘူး။ အဲဒီနောက်မှာ တော့ မန္တလေးကနေတဆင့် မုံရွာဖက်ကိုခရီးထွက်ခဲ့ပါတယ်။ အာဏာပိုင်တွေကလဲ လမ်းတလျောက် မှာ နည်းမျိုးစုံနဲ့ဆက်လက်နှောက်ယှက်ခဲ့ပါတယ်။ ဒီလိုနှောက်ယှက်မျိုးစုံကြားထဲမှာ ပရိတ်သတ်က သောင်းနဲ့ချီထွက် အားပေးတဲ့အတွက် မြို့တိုင်းလိုလိုမှာကားရပ်ပြီး ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောခဲ့ရပါတယ်။

ဒီလိုနဲ့ မုံရွာမြို့အ၀င်ရောက်တော့ ည ၉ နာရီလောက်ရှိနေပြီ။ အာဏာပိုင်တွေက တမြို့လုံးကို မီးဖြတ် ထားတဲ့အတွက် မြို့ခံတွေက ဖုရောင်းတိုင်မီးလေးတွေကိုင်ပြီး ကြိုဆိုနေကြတာ တန်ဆောင်တိုင်ပွဲကြ နေတာပဲလို့ မုံရွာ NLD မှ ဦးစောအောင် ကပြောပါတယ်။ နောက်တနေ့မနက် (မေလ ၃၀ ရက်နေ့) ၉ နာရီဝန်းကျင်မှာတော့ မုံရွာမြို့ NLD ရုံးခန်းဖွင့်ပွဲအခန်းနားကျင်းပပြီး ဒေါ်အောင်ဆန်းစုကြည်က မိန့် ခွန်းပြောခဲ့ပါတယ်။ ပရိတ်သတ်သောင်းနဲ့ချီတက်ရောက်ခဲ့တာကို နောက်ပိုင်းထုတ်ပြန်တဲ့ NLD မှတ် တမ်းဓာတ်ပုံတွေ၊ ဗွီဒီယိုတွေမှာတွေ့ရပါတယ်။

ဒီလိုဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်တွေ၊ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်တွေကို နေ့စဉ်အချိန်မီလွှင့်နိုင် ဖို့ဘယ်လိုစီစဉ်ရသလဲဆိုရင် ခရီးသွားသမျှမြို့တိုင်းကို အော်စလိုကနေ ဖုန်းခေါ်ရပါတယ်။ အဲဒီကာလ တွေက နိုင်ငံခြားကနေ မြန်မာနိုင်ငံဆီဖုန်းခေါ်ရဘယ်လောက်ခက်သလဲဆိုတာကိုတော့ နိုင်ငံခြား အသံ လွှင့်ဌာနတွေမှာလုပ်ဖူးတဲ့ဝန်ထမ်းတွေမှအပ ကျန်တဲ့လူတွေခံစားနားလည်ဖို့ သိပ်မလွယ်ဘူးလို့ထင်ပါ တယ်။ ဆယ်လုံးမှာ တလုံးရအောင်မနည်းခေါ်ရပါတယ်။ ရပြန်တော့လဲ အသံကမရှင်းဘူး။ အသံမရှင်း လို့ပြန်ခေါ်တော့ ဖုန်းကမ၀င်တော့ဘူး။ ဒီလိုနဲ့စိတ်ဓာတွေကျ၊ လက်တွေညောင်း၊ အသံလွှင့်ချိန်နီးတဲ့အ ထိ ဘာအသံမှမရသေးတဲ့ ဖိအားက မသေးလှပါ။

အဲဒီလိုခဲရာခဲဆစ်ခေါ်လို့ရတဲ့ဖုန်းတွေကနေတဆင့် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မိန့်ခွန်းအသံကို ကြည်ကြည်လင်လင်ရဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ မူရင်းအသံ အ တော်များများကို အကောင်းပကတိနည်းပါး ကျနော်တို့ထုတ်လွှင့်နိုင်ခဲ့ပါတယ်။ အဲဒီကာလ အသံယူ နည်းကတော့ ရှင်းရှင်းလေးပါပဲ။ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောနေစဉ် ပါတီဝင်တွေက ကက် ဆက်ကြီးနဲ့အသံသွင်းထားပြီး ကျနော်တို့ဖုန်းခေါ်တဲ့အခါ အဲဒီကက်ဆက်ကြီးကိုပြန်ဖွင့်ပြ၊ ကက်ဆက် ရှေ့မှာ တယ်လီဖုန်းကိုချထားလိုက်တာပါပဲ။ အဲဒါကို စတူဒီယိုထဲက အသံဖမ်းစက်ကိုချိန်ပြီး သင့်သလို သာ ဖမ်းယူပေတော့။

အသံမကောင်းတာတွေ၊ မကြည်တာတွေ၊ ဘေးအသံပါနေတာတွေကို သွားပြောနေလို့မရ။ ကိုယ့်သ တင်းထောက်က အဲဒီမှာရှိတာမဟုတ်။ သူတို့ပေးသမျှသတင်းကိုယူပြီး ရသလိုလွှင့်ခဲ့ရတဲ့ ကာလတွေ ပေါ့။ အင်း...အဲဒီအသံတွေရဖို့၊ နယ်ကလူတွေနဲ့ချိန်းထားတဲ့အချိန်မှာ ဖုန်းခေါ်နိုင်ဖို့အတွက် ကျနော်တို့ အော်စလိုရုံးက၀န်ထမ်းတွေ ရုံးတက်ရတဲ့အချိန်ကိုလည်းကြည့်ပါဦး။ ပုံမှန်ရုံးချိန်က မနက် ၁၀ နာရီက နေ ညနေ ၇ နာရီဝန်းကျင်သာဖြစ်ပေမဲ့ နော်ဝေးနဲ့မြန်မာကြား အချိန်က ၅ နာရီလောက်ကွာတာ ကြောင့် တခါတလေ ညသန်းကောက်ယံမှာ ဖုန်းလာခေါ်ရတာတို့၊ မနက် ၄ နာရီလောက်မှာ ဖုန်းလာ စောင့်ရတာတို့ရှိပါတယ်။

ဒီအတွက် ဘယ်သူကမှ အချိန်ပိုလုပ်အားကြေး ပေးတာမဟုတ်။ အချိန်ပိုကြေးမရတဲ့အပြင် သတင်း ဌာနကလူတွေဟာ (DVB မှာ သတင်းဌာနအပြင် အပတ်စဉ်ဌာန၊ ၀က်ဆိုက်ဌာန၊ ငွေစာရင်းဌာန၊ အုပ်ချုပ်ရေးဌာနဆိုတာတွေရှိပြီး တချို့ဌာနတွေဆို အယ်ဒီတာ လစာရချင်တဲ့အတွက် တဦးတည်းရှိတဲ့ဌာနမှာ အယ်ဒီတာရာထူးခန့်ထားတာမျိုးလဲ တကယ်ရှိခဲ့ဖူးပါတယ်) သတ်မှတ်ထားတဲ့ တယ်လီဖုန်း ဘတ်ဂျက်ကိုကျော်ပြီး အမြဲတန်းဖုန်းခေါ်နေတယ်လို့ တောင် တာဝန်ရှိသူတွေရဲ့ အဆူခံရပါသေးတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ အပြုံးမပျက်ပါဘူး။ ဘာကြောင့်လဲဆိုရင် ကျနော်တို့က အိပ်ရေးအပျက်ခံ၊ အချိန်ပိုအခိုင်းခံပြီးလုပ်နေရပေမဲ့ အိမ်ပြန် ရောက်ရင် ဘာမှပူစရာမလို။ ဒါပေမယ့် ကျနော်တို့နဲ့တယ်လီဖုန်းချိန်းပြီး ပြည်တွင်းကနေ သတင်းပေး နေရသူတွေက အချိန်မရွေးဖမ်းခံရနိုင်တယ်၊ ထောင်နန်းစံရနိုင်တယ်၊ တယ်လီဖုန်းခေါ်ရင်းတန်းလန်းနဲ့ ထောင်နန်းစံသွားရသူတွေလည်း မနည်းလှပါ။

ဒီလို ညကြီမင်းကြီးဖြစ်ဖြစ်၊ မနက်စောစောဖြစ်ဖြစ် မညီမညူပဲ ဖုန်းခေါ်ပေးကြတဲ့၊ NLD ပါတီဝင်တွေနဲ့ ဆက်ဆံရေးအရမ်းကောင်းအောင်ကြိုးစားခဲ့ကြတဲ့ အဲဒီကာလ၀န်ထမ်း ၃ ဦးဖြစ်သူ မခင်နှင်းထက်၊ မ အေးအေးမွန်နဲ့ နန်းခမ်းကယောက်တို့ကို ဒီနေရာကနေ မှတ်တမ်းတင် ဂုဏ်ပြုချင်ပါတယ်။ တခါ DVB မှာ စတူဒီယိုက နှစ်လုံးသာရှိပြီး တလုံးကသိပ်မကောင်းတဲ့အတွက် အသံလွှင့်တဲ့စတူဒီယို အားတဲ့အ ချိန်ကိုသာ အားလုံးက၀ိုင်းစောင့်နေကြပါတယ်။ သတင်းထောက်အသီးသီးက သက်ဆိုင်ရာ သတင်း ဆိုစ်နဲ့ ဖုန်းချိန်းထားသူချည်းဆိုတော့ စတူဒီယိုအားတဲ့အချိန်မှာ ၀ိုင်းလုတိုးဝင်ကြတာကိုလဲ အမှတ်ရနေ ပါတယ်။

ဝန်ထမ်း ၄ ဦးတည်းနဲ့ မနက်ဆိုင်း ညဆိုင်း ဘယ်လိုအသံလွှင့်သလဲဆိုပြီး မယုံနိုင်သူတွေရှိကောင်းရှိ နိုင်ပါတယ်။ လျှပ်စစ်မီးနဲ့ နည်းမပညာမကောင်းသေးတဲ့ မြန်မာနိုင်ငံမှာဆိုရင်တော့ လူ ၄ ယောက်နဲ့ မ နက်ဆိုင်း ညဆိုင်း ၂ ခုစလုံးအသံလွှင့်ဖို့ဆိုတာမဖြစ်နိုင်ပါ။ ဒါပေမယ့် အော်စလိုမှာတော့ အလိုအ လျောက်အသံလွှင့်နိုင်တဲ့စက်တွေ၊ ၂၄ နာရီ လျှပ်စစ်မီးတွေကရှိတော့ ဒါတွေကို (အလုပ်ဖြစ်ရုံ) ဖန်တီး နိုင်ခဲ့ပါတယ်။

ည ၉ နာရီအသံလွှင့်ချိန် (အော်စလိုအချိန် နွေမှာ ညနေ ၄ ခွဲ၊ ဆောင်းမှာ ၃ ခွဲ)ကို Live လွင့်ပြီး မနက် ပိုင်းကိုတော့ Pre-record (အသံသွင်းပြီးသားပြန်လွှင့်) လုပ်ရပါတယ်။ ညပိုင်း Live ဆိုတာကလဲ သ တင်းအတွက်ရထားတဲ့ ၂၅ မီနစ်သာဖြစ်ပြီး ကျန်တဲ့ အပတ်စဉ်ကဏ္ဍ ၁၅ မီနစ်နဲ့ တိုင်းရင်းသားဘာသာ ၁၅ မီနစ်က Pre-record ဖြစ်ပါတယ်။ ဒီတော့ သတင်းလွှင့်ချိန်အပြီး မြန်မာစံတော်ချိန် ၉ နာရီခွဲ၊ နော် ဝေးစံတော်ချိန် ညနေ ၅ နာရီဆို စတူဒီယိုထဲမှာလူမရှိတော့ပါ။ ကွန်ပြူတာကနေ အသံတွေ သူ့အလို လိုထွက်နေရုံပါပဲ။

(မနက် ၉ နာရီကနေ ည ၉ နာရီအထိ တာဝန်ထမ်းခဲ့ကြတဲ့ DVB မှ အမျိုးသမီးဝန်ထမ်းတချို့)

အဲဒီအချိန်ကျမှ နေ့လည်စာ ထမင်းပြေးစားကြရပါတယ်။ အဆာမခံနိုင်တဲ့လူတွေကတော့ ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့အတိုင်း စတူဒီယိုမအားလို့စောင့်နေရတဲ့အချိန်တွေမှာ အဆာပြေစားထားကြပေါ့။ အဲဒီ ထ မင်းစားမှုကို မီနစ် ၃၀ အတွင်းအပြီးသတ်ပြီး စတူဒီယိုက ညပိုင်းလွှင့်လို့ပြီးပြီဆိုတာနဲ့ မနက်ပိုင်းအ တွက် သတင်းဖတ်၊ အသံဖမ်းလုပ်ရပါတယ်။ တခါတလေ အဲဒီအချိန်ကျမှ ၀င်လာတဲ့သတင်းတွေကလဲ မနည်းလှပါဘူး။ အထူးသဖြင့် အမေရိကန်နဲ့ ကုလသမဂ္ဂဖက်ကလာတဲ့သတင်းတွေက ဒီအချိန်ကျမှ ၀င်လာတတ်ပါတယ်။ တခါ အမေရိကားနဲ့ ဥရောပမှာဆန္ဒပြလေ့ရှိတဲ့မြန်မာတွေဆီကလဲ အဲဒီအချိန် ကျမှ ဖုန်းခေါ်ပါဦး။ သတင်းပေးစရာရှိတယ်လို့ ဖုန်းခေါ်လာတတ်ပါတယ်။

အဲဒီလိုနေ့တွေမျိုးဆိုရင်တော့ မနက်ပိုင်းအတွက်အသံပြန်သွင်းတာအပြင် သတင်းအသစ်တွေကိုပါ မေး မြန်းစုံစမ်း ရေးသားနေရတဲ့အတွက် ၇ နာရီ အိမ်ပြန်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ပါ။ တခါတလေ ဆို ရင် ည ၉ နာရီ၊ တခါတလေဆိုရင် မနက်ပိုင်းအသံလွှင့်တဲ့ ည ၁၂ နာရီခွဲ (မြန်မာအချိန် မနက် ၆ နာရီ) အထိရုံးကနေ မပြန်နိုင်သေးတဲ့ နေ့ရက်တွေလဲရှိခဲ့ဖူးပါတယ်။

မနက်ပိုင်း Auto လွှင့်တဲ့ နည်းပညာပိုင်းကိုပြောရမယ်ဆိုရင်တော့ Dalet Sound System ဆိုတဲ့ အသံ လွှင့်အသံပရိုဂရမ်ထဲမှာ Auto လွှင့်နိုင်တဲ့အစီစဉ်တခါတည်းပါလာပါတယ်။ အဖွင့်တီးလုံးတွေ၊ Cue တွေ၊ Intro တွေ၊ သတင်းတွေ၊ အပတ်စဉ်ကဏ္ဍတွေ၊ တိုင်းရင်းသားအစီစဉ်တွေအားလုံးပါဝင်တဲ့ မီနစ် ၆၀ စာအသံဖွိုင်ကို Dalet Sound System ရဲ့ Timeline ပေါ်တင်ထားခဲ့ရုံပါပဲ။ ပြီးရင် မနက် ၁၂ နာရီ ခွဲ (မြန်မာအချိန် မနက် ၆ နာရီ) မှာ ဒီအသံတွေ စထွက်နိုင်အောင် ကွန်ပြူတာမှာ Command အမိန့်ပေး ထားခဲ့ရပါတယ်။ အဲဒါဆိုရင် အမိန့်ပေးထားတဲ့အချိန်ရောက်တာနဲ့ ကွန်ပြူတာအလိုအလျောက် ထ အော်၊ အသံလွှင့်ရုံဆီပို့တဲ့ တယ်လီဖုန်းလိုင်းက အလိုအလျောက်ချိတ်ဆက်၊ အသံတွေက အလို အ လျောက်ထွက်ပြီး မြန်မာပြည်ကပရိသတ်နားထဲရောက်ပေါ့။

အဲဒါက ဘာမှပြသာနာမရှိပဲ အားလုံးအချိတ်ဆက်မိတဲ့နေ့တွေကိုပြောတာပါ။ တခါတလေ ကွန်ပြူတာ ကြောင်တဲ့နေ့တွေ၊ တခါတလေ သတင်းထောက်တဦးဦးက အသံထွက်တဲ့ခလုတ်ပြန်ဖွင့်ဖို့ မေ့ခဲ့တဲ့ နေ့တွေ၊ တယ်လီဖုန်းက အော်တိုမပွင့်တဲ့နေ့တွေမျိုးဆိုရင်တော့ ဘယ်သူမှဘာမှမကြားရတော့တဲ့ အ တွက် နေ့မအား ညမနားကြိုးစားခဲ့ရတဲ့ ကျနော်တို့ရဲ့အားထုတ်မှုတွေဟာလဲ အလကားဖြစ်ခဲ့ရပေါ့။ ဒါ ပေမယ့် ကံကောင်းတာတခုကတော့ အဲဒီလိုမျိုးဖြစ်တဲ့နေ့ အတော်နည်းပါတယ်။ တလမှာ တရက် နှစ် ရက်လောက်ပဲရှိပါတယ်။ နောက်ထပ်ကံကောင်းတာတခုကတော့ နော်ဝေးမှာ ၂၄ နာရီစလုံး မီတခါမှ မပျက်ခြင်းပါပဲ။ ရန်ကုန်မှာလို မီးခဏခဏပျက်ရင်တော့ ဒီနည်းက အလုပ်ဖြစ်ဖို့မလွယ်ဘူးထင်ပါတယ်။    ။

1 comments:

NLD ပါတီဝင် ဦးခင်ကျော်ဟန်ဆီကနေ မှတ်တမ်းတွေ လက်ခံရရှိတဲ့ အတွက် ၂၀၀၂ ခုနှစ် မေလ ၆ ရက်ကနေ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့အထိ ဒေါ်အောင်ဆန်းစုကြည်သွားခဲ့တဲ့ခရီစဉ်တွေကို မှတ်တမ်းပြုစုသူတွေ၊ သမိုင်းလေ့လာသူတွေသိနိုင်ဖို့အတွက် ဒီနေရမှာ တင်ပြလိုက်ပါတယ်။ (တကယ်က ဒီလိုအချက်လက်တွေကိုပြန်ရှာရတာ ဘယ်လောက်ခက်တယ်ဆိုတာ ရှာဖူးသူတွေအချင်းချင်းသာသိနိုင် ပါတယ်)။

(၁)- ၁၇-၅-၀၂ ရန်ကုန်မြောက်ပိုင်း ရွေ့ပြည်သာ။
(၂)- ၂၂-၅-၀၂ ရန်ကုန်အရှေ့ပိုင်း ဒေါပုံမြို့နယ်။
(၃)- ၂၄-၅-၀၂ ရန်ကုန်အနောက်ပိုင်း ကမာရွတ်မြို့နယ်။
(၄)- ၃၁-၅-၀၂ ရန်ကုန်အနောက်ပိုင်း ကြည်မြင်တိုင်မြို့နယ်။
(၅)- ၁၂-၆-၀၂ ရန်ကုန်အရှေ့ပိုင်း သာကေတမြို့နယ်။
(၆)- ၁၆-၇-၀၂ ရန်ကုန်တောင်ပိုင်း မင်္ဂလာဒုံနဲ့ လှည်းကူး။
(၇)- ၃၀-၈-၀၂ ရန်ကုန်တောင်ပိုင်း ဒလမြို့နယ်၊ ကော့မှုးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်။
(၈)- ၁၉-၉-၀၂ ရန်ကုန်အရှေ့ပိုင်း တာမွေမြို့နယ်။
(၉)- ၄-၁၀-၀၂ ရန်ကုန်အရှေ့ပိုင်း သင်္ဃန်းကျွန်း စသဖြင့် ရန်ကုန်တိုင်းအတွင်းခရီးစဉ်များ...။

ပြည်နယ်-တိုင်းခရီးစဉ်များအဖြစ်ကတော့...
(၁)- ၁၄-၆-၀၂ မှ ၁၅-၆-၀၂ အထိ သမညာတောင်ခရီးစဉ်။
(၂)- ၂၂-၆-၀၂ မှ ၂၉-၆-၀၂ အထိ မန္တလေး၊ မကွေးတိုင်း ၁၆ မြို့နယ်ခရီးစဉ်။
(၃)- ၁၄-၇-၀၂ မှ ၁၇-၇-၀၂ အထိ ပဲခူးတိုင်းအတွင်း ၁၄ မြို့နယ်။
(၄)- ၂၀-၇-၀၂ မှ ၂၃-၇-၀၂ အထိ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ၁၂ မြို့နယ်ခရီးစဉ်။
(၅)- ၁၃-၁၁-၀၂ မှ ၂၇-၁၁-၀၂ အထိ ရှမ်းပြည်နယ် ၁၇ မြို့နယ်ခရီးစဉ်။
(၆)- ၁၆-၁၂-၀၂ မှ ၂၄-၁၂-၀၂ အထိ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းအတွင်း ၁၅ မြို့နယ်ခရီးစဉ်။
(ရ)- ၃-၄-၀၃ မှ ၁၃-၄-၀၃ အထိ မကွေးတိုင်း၊ ချင်းပြည်နယ် ၂၁ မြို့နယ်ခရီးစဉ်။
(၈)- ၆-၅-၀၃ မှ ၃၀-၅-၀၃ အထိ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေး၊ စစ်ကိုင်းအတွင်း ၂၈ မြို့နယ်ဆီသွားရင်း ဒီပဲယင်းအရေးခင်းဖြစ်ခဲ့ရ။ ။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More