Friday, September 12, 2014

စောထနဲ့ သံလွင်မြစ်ကမ်းမှာ ဒေါင်းနီနှင့် ကြယ်နီ ကြွေသောအခါ

''လူတိုင်း တနေ့ကျရင် သေရမှာ'' ဆိုတာ အမှန်တရားတခုဖြစ်ပေမဲ့ ကိုယ်နဲ့ရင်းနှီးသူတချို့၊ အထူး သဖြင့် ကိုယ့်ဘ၀စာမျက်နှာရဲ့ အရေးကြီးဆုံးနဲ့ တန်ဖိုးအထားဆုံး တောတွင်းကာလတွေအတွင်း အတူ လက်တွဲ တာဝန်ထမ်းခဲ့ဖူးတဲ့ ရဲဘော်တချို့ (ကျဆုံး)ကွယ်လွန်ကြောင်းသတင်းတွေကိုကြားရတဲ့ အခါ ရင်ထဲ ''ကျဉ်'' ကနဲခံစားနေရဆဲဖြစ်ပါတယ်။ အဲဒီလိုခံစားရသူတွေထဲမှာ အခုလပိုင်းအတွင်း ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်သွားကြတဲ့ စောထစခန်းမှ ကိုဒေါင်းနီ (တင်ဦးလွင်)နဲ့ သံလွင်စခန်းမှ ကြယ်နီ (ကိုမောင်မောင်တိတ်ကို တင်စားခေါ်ဝေါ်ခြင်းဖြစ်ပါတယ်) ပါဝင်ပါတယ်။

(ရဲဘော်မောင်မောင်တိတ်)

သူတို့နှစ်ဦးစလုံးဟာ စောထ (၂၁၀-တပ်ရင်း)နဲ့ သံလွင် (၂၀၉-တပ်ရင်း) စခန်းတွေရဲ့ ခေါင်းဆောင် တွေဖြစ်သလို ကျနော်တာဝန်ထမ်းခဲ့ဖူးတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ် ဦး (ABSDF) ကရင်နယ်မြေကော်မီတီ (ကရင့်အမျိုးသားအစည်းရုံး-KNU နယ်မြေရောက် ကျောင်း သား စခန်းတွေဖြစ်တဲ့ စောထ၊ သံလွင်၊ ကလက်ဒေး၊ ကော့မူးရာ၊ သေဘောဘိုး၊ မင်းသမီးနဲ့ မောတောင်စခန်း ၇ ခုကိုစုဖွဲ့ထားတဲ့အဖွဲ့) ရဲ့ခေါင်းဆောင်တွေလဲဖြစ်ကြပါတယ်။ တယောက်က မင်္ဂလာဒုံ သား၊ အသက် ၂၀ ကျော်မှာတောခိုလာသူ။ တယောက်က ပဲခူးသား၊ အသက် ၃၀ ကျော်မှာ တောခို လာသူ။

ကိုတိတ်ဟာ ၁၉၇၄ ဦးသန့်အရေးခင်းမှာကတည်းက ကျောင်းသားလှုပ်ရှားမှုအတွင်းပါဝင်ခဲ့သူဖြစ်ပြီး အလွန်စိတ်ဓတ်တက်ကြွသူဖြစ်ပါတယ်။ သူကိုလူချင်းမတွေ့ခင် သူအကြောင်း ကျနော့်ကိုစပြောပြသူက ကျနော်တို့မင်းသမီးစခန်းကနေ ပထမ ဆုံးအကြိမ် ABSDF ဖွဲ့စည်းရေးညီလာခံသွားတက်တဲ့ ကိုယ်စား လှယ် ဦးဟန်လင်း (၂၀၀၈ မှာကွယ်လွန်)။ ၁၉၈၈ ခုနှစ် အောက်တိုဘာလက သေဘောဘိုးစခန်းမှာ ကျင်းပတဲ့ ပထမဆုံးအကြိမ် ကျောင်းသားများဆွေးနွေးပွဲအတွင်း ကိုတိတ်ရဲ့တက်ကြွစွာ ဆွေးနွေးမှုတွေ အကြောင်း၊ ရဲရဲတောက်တောက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့အကြောင်း ဦးဟန်လင်းက ပြောပါတယ်။

ဦးဟန်လင်းရဲ့ပြောဆိုချက်တွေ တကယ်ဟုတ်မဟုတ်သိရတဲ့ပွဲကတော့ ၁၉၈၈ နိုဝင်ဘာလနှောင်းပိုင်း သောင်းရင်းမြစ်ဘေးရှိ ကလက်ဒေးစခန်းမှာကျင်းပတဲ့ KNU နယ်မြေကော်မီတီဖွဲ့စည်းရေးညီလာခံပါပဲ။ ရဲဘော်တိတ်ဟာ အဲဒီညီလာခံဆီ သံလွင်စခန်းကိုယ်စားလှယ်အဖြစ်တက်လာပြိး သူနဲ့အတူ ကိုမျိုး သန့်၊ ဒေါ်နုနုအေး၊ ကိုသိန်းဆန်းနဲ့ ကိုအောင်သူတို့ ပါလာပါတယ်။ ကိုတင်ဦးလွင် (ကိုဒေါင်းနီ) က တော့ စောထစခန်းကိုယ်စားလှယ်အဖြစ်တက်လာပြီး သူနဲ့အတူ ကိုမောင်မောင်စိုး (မနှစ်ကကွယ်လွန်)၊ ကိုတင်စိုး၊ ကိုသိန်းထိုက်နဲ့ ကိုဇော်ခင်တို့ပါ လာပါတယ်။

အဲဒီပွဲအတွင်း လူကြီးပိုင်းထဲက (အဲဒီကာလက ကျနော်တို့ ကိုတင်ဦးလွင်တို့အသက်က ၂၀ ကျော်သာ ရှိပြီး ကိုတိတ်တို့၊ ဦးအောင်ခင်တို့အသက်က ၃၀ ကျော် တန်းတွေဖြစ်ပါတယ်) ဆွေးနွေးအားအကောင်းဆုံး ပုဂ္ဂိုလ်တွေထဲမှာ ကိုတိတ်ကိုမှတ်မိနေပြီး လူငယ်တွေထဲမှာတော့ ကိုသိန်းဆန်းကို ကျနော်အမှတ်ရ နေပါတယ်။ အဲဒီနောက်ပိုင်းတော့ နယ်မြေကော်မီကိုဖွဲ့စည်းပြိး ကိုကျော်ကျော်က ဥက္ကဌ၊ ရဲဘော်တိတ် က ဒုဥက္ကဌ၊ ကိုတင်ဦးလွင်က ပြန်ကြားရေးတာဝန်ခံအပါဝင် ကော်မီတီဝင် ၁၀ ကျော်ကို ရွေးချယ်ခဲ့ပါ တယ်။ အဲဒီ ၁၀ ဦးကျော်ထဲမှာ ကျနော်လဲတဦးပါဝင်တဲ့အတွက် ၁၉၈၈ နိုဝင်ဘာကနေ ၁၉၈၉ နိုဝင် ဘာလောက်အထိ သူတို့နှစ်ဦးနဲ့အတူ တနှစ်နီးပါး နယ်မြေကော်မီတီမှာ တာဝန်ထမ်းခဲ့ကြပါတယ်။ ဒါ ပေမယ့် ကိုတိတ်က နယ်မြေရုံးမှာသိပ်မနေပဲ စခန်းဖက်ပြန်သွားတဲ့အတွက် အဲဒီကာလက သူနဲ့ သိပ် စ ကားမပြောဖြစ်ခဲ့ပါ။

၁၉၈၉ နိုဝင်ဘာမှကျင်းပတဲ့ ဒုတိယအကြိမ် ဗဟိုညီလာခံအပြီးမှာတော့ နယ်မြေကော်မီတီတွေ ဆက် ထားဖို့မလိုတော့ဘူးလို့ဆုံးဖြတ်လိုက်တဲ့အတွက် ကျနော်တို့အားလုံး မိခင်စခန်းအသီးသီးဆီပြန်လာ ကြရပါတယ်။ ဒါပေမယ့် ၁၉၉၃ မှာကျင်းပတဲ့ ABSDF ပြန်လည်ပေါင်းစည်းရေးဆွေးနွေးပွဲတွေ၊ တခါ အဲ ဒီနောက်ပိုင်း ဒေါက်တာနိုင်အောင်တို့ဖက်ကကျင်းပတဲ့ ဗဟိုကော်မီတီအစည်းဝေးတွေဆီသွားရင်းနဲ့ ရဲ ဘော်တိတ်ကိုရော၊ ကိုတင်ဦးလွင်ကိုပါ ပြန်တွေ့ခွင့်ရခဲ့ပါတယ်။

ကိုတိတ်နဲ့ပတ်သက်ပြီးအမှတ်တရတခုကိုပြောပါဆိုရင် ၁၉၉၆ စက်တင်ဘာလက ပိတောက်မြိုင် (ထီးကပလယ်) စခန်းမှာကျင်းပတဲ့ ABSDF ပြန်လည်ပေါင်းစည်းရေးညီလာခံကာလတွေပါပဲ။ ထုံးစံအ တိုင်း အငြင်းသန်တဲ့ရဲဘော်တိတ်ကို ကျနော်တို့က၀ိုင်းစကြပါတယ်။ နိုင်ငံရေးအကြောင်း၊ ၀ါဒရေးရာ အကြောင်း၊ ခံယူချက်အကြောင်းတခုခု စပေးလိုက်ပြီဆိုရင် သူက အချက်လက်အကိုးအကားများစွာနဲ့ ငြင်းတော့တာပါပဲ။

တနေကုန် ညီလာခံခန်းမှာထဲမှာ ငြင်းခုန်ရလွန်းလို့ စိတ်ညစ်နေတဲ့ ကျနော်တို့ညီလာခံကိုယ်စားလှယ် တွေဟာ ညဖက် ဘားတိုက်ပြန်ရောက်ရင် အချင်းချင်း စလိုက်နောက်လိုက်နဲ့ ပျော်စေပျက်စေ လျောက်ပြောလေ့ရှိပါတယ်။ အဲဒီလိုပြောလို့ကောင်းတုန်း အသံအကြယ်ကြီးနဲ့ ဘုရာရှိခိုးလေ့ရှိသူဟာ ရဲဘော်တိတ်ပါပဲ။ တချို့က ဒီလူဟာ ရဲရဲတောက်ပြောလွန်းပြီး သံမဏိစည်းကမ်းတွေနဲ့နေလွန်းတဲ့အ တွက် ကွန်မြူနစ်လိုလားသူဆိုပြီး တံဆိပ်ကပ်လေ့ရှိပေမဲ့ ဘုရားတရားတော့ အတော်ကြည်ညိုသူ ဖြစ် ပါတယ်။

အဲဒီလို သူဘုရားရှိခိုးတော့ ကျနော်တို့လဲ ၀ိုင်းသိမ်းပြီး အိပ်ပျော်အောင် ကြိုးစားရတော့တာပေါ့။ ခြင် ကကိုက်၊ လေကတိုက်လို့ နိုးတ၀က်၊ အိပ်တ၀က်နဲ့တရေးနိုးမယ်ကြံကာရှိသေး ကိုတိတ်ကြီးက အသံ ကျယ်ကျယ်နဲ့မနက် ၄ နာရီလောက်မှာ ဘုရားရှိခိုးနေပြန်ပါပြီ။ အဲဒီနောက်ပိုင်းတော့ ဗဟိုအစည်းဝေး တွေမှာသူ့ကိုတွေ့ရလေ့ရှိပြီး ထိုင်းရဲမဖမ်းအောင် ကိုယ်ရောင်ကိုယ်ဆင်း နည်းနည်းတောက်ပအောင် ၀တ်ဆင်ထားလေ့ရှိတဲ့ ကျနော့်ကို သူမျက်စိနောက်နေပုံရပါတယ်။ ဘာကြောင့်လဲဆိုရင် တောင်ပိုင်းက နေ ထိုင်းနိုင်ငံတလွှားဖြတ်လာရတဲ့ ကျနော်တို့က ဒီလိုမ၀တ်လို့မဖြစ်။ ဒါပေမယ့် တောထဲမှာသာ အ နေများတဲ့ ရဲဘော်တိတ်ကတော့ ကျနော့်တို့ကို အောက်ခြေမခိုင် သူတွေ၊ မြို့ပေါ်တက်ဖို့ပြင်နေသူတွေ အဖြစ် ဝေဖန်လေ့ရှိပါတယ်။

ဒီလိုနဲ့ သူကိုကျနော်နောက်ဆုံးတွေ့တာက ၂၀၁၁ ခုနှစ် သင်္ကြန်ကာလ၀န်းကျင် မဲဆောက်က ဒေါက် တာစင်သီယာမောင်ဆေးခန်းမှာ။ ကျနော်က ABSDF တပ်ဖွဲ့ဝင်ဟောင်း၊ DVB က ပူပူနွေးနွေး အလုပ် ဖြုတ်ခံရတဲ့ ၀ါရင့်သတင်းထောက်။ ရဲဘော်တိတ်က မယ်တော်ဆေးခန်း ကလေးမွေးစာရင်း မှတ်ပုံတင် ဌာမှာ အချိန်ပိုင်းဝန်ထမ်း။ ''ရဲဘော်တိတ် မိန်းမ မယူသေးဘူးလား'' ဆိုပြီးနောက်တော့ သူက အဲဒီအ ချိန်မှာ အိမ်ထောင်ကျနေပြီတဲ့။ မွေးကင်းစကလေးတွေရဲ့ခြေဖ၀ါးကို မှင်သုတ်ပြီး စာရင်းလုပ်ရင်းနဲ့ သူနဲ့ ကျနော်အချိန်အတော်ကြာအောင် စကားပြောဖြစ်ခဲ့ပါတယ်။


မနေ့က (စက်တင်ဘာလ ၁၁ ရက်နေ့) တော့ အဲဒီရဲဘော်တိတ် ဆုံးသွားပြီလို့ကြားရပါတယ်။ အသက် ၆၀ ကျော်ဝန်းကျင်ပေါ့။ သိပ်တက်ကြွဖြတ်လတ်တဲ့ရဲဘော်တိတ်ဟာ မကွယ်လွန်ခင် အိပ်ရာထဲလဲတဲ့ အထိ ဝေဒနာကိုခံစားခဲ့ရတယ်လို့သိရပါတယ်။ အဝေးရောက်နေတဲ့ကျနော်တို့က ဘာမှမတတ်နိုင်။ ရဲ ဘော်ဟောင်းတွေစုပေါင်းပြီး အလှူငွေလေး နိုင်သလောက်စုထည့်ရုံပေါ့။

(ရဲဘော်တင်ဦးလွင် - ဒေါင်းနီ)

ရဲဘော်တိတ်ပြီးတော့ ရဲဘော်ဒေါင်းနီ။ သူကိုနောက်ဆုံးအမှတ်ရနေတာကတော့ Green November 32 လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့မှာ သူတာဝန်ထမ်းစဉ် ချင်းမိုင်မှာ တွေ့စဉ် ကပေါ့။ အဲဒီကာလဟာ တနသာင်္ရီတိုင်းမှာ ရတနာသဘာဝဓာတ်ငွေ့ပိုက်လိုင်းအကြီးကျယ် နာမည်ကြီး နေချိန်။ ဒီတော့ အဲဒီဒေသက သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအကြောင်း မှတ်တမ်းတင်ဖို့ တောင်ပိုင်း သတင်းထောက် ကျနော့်ကို Pentax ကင်မရာကြီးတလုံး ကိုဒေါင်းနီက ပေးအပ်ခဲ့ပါတယ်။

ပေးအပ်တယ်ဆိုတာ အပိုင်ပေးတာ မဟုတ်။ လုပ်ငန်းကာလ တနှစ် နှစ်နီးပြီးရင် ပြန်အပ်ရမှာပေါ့။ ဒါ ပေမယ့် ၁၉၉၇-၉၈ နောက်ပိုင်းကနေ တဖြေးဖြေးရွှေလျားသွားတဲ့တော်လှန်ရေးအခြေနေအရ သူနဲ့ ကျ နော် ပြန်မတွေ့ဖြစ်တော့ပါ။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ကတော့ ရဲဘော်ဒေါင်းနီခေါ်တင်ဦးလွင်တယောက် အမေရိကန် ပြည် ထောင်စု အိုဟိုင်းရိုးပြည်နယ်မှာ ကွယ်လွန်သွားပြီလို့သတင်းကြားရပါတယ်။ မကွယ်လွန်ခင်မှာ အသဲ ရောဂါ ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့အကြောင်း ဆေးရုံပေါ်က မှတ်တန်းဓာတ်ပုံတွေကိုလဲ Facebook ပေါ်မှာတွေ့ရပါတယ်။

သြော်- အခုတော့ လွန်ခဲ့တဲ့ ၂၆ နှစ်က သံလွင်မြစ်ဘေးက စောထစခန်းနဲ့ သံလွင်စခန်းတွေမှာ၊ သောင် ရင်းမြစ်ဘေးက ကလက်ဒေးနဲ့မာနယ်ပုလောစခန်းတွေမှာ၊ မဲဆောက်နဲ့မယ်ဟောင်ဆောင်မြို့တွေမှာ တွေ့ခဲ့ဖူးတဲ့၊ ငြင်းခုံခဲ့ဖူးတဲ့ ရဲဘော်ကြီးနှစ်ဦး ရှေဆင့်နောက်ဆင့်ကွယ်လွန်သွားလေပြီ။ ကျနော်တို့ကော ဘယ်နေ့ သူတို့နောက်လိုက်ရမလဲ....။

အရေးကြီးတာက ဘယ်နေ့သေရမလဲဆိုတာကို တွေးကြောက်နေဖို့မဟုတ်။ မသေခင်မှာ ဘာလုပ်ခဲ့ သလဲဆိုတဲ့ သမိုင်းမှတ်တမ်း ကျန်မကျန်ကိုသာ စိုးကြောက်သင့်တယ်ထင်ပါတယ်။ ဘာကြောင့်လဲ ဆို ရင် အခုကွယ်လွန်သွားတဲ့ ရဲဘော်ကြီးနှစ်ဦးဟာ သမိုင်းမှာအမှန်တရားဖက်ကရပ်တည်ပြီး အသက် သေတဲ့အထိ မဖေါက်မပြန်ပဲ တိုက်ပွဲအလံကိုကိုင်စွဲ သွားခဲ့ကြတယ်မဟုတ်ပါလား။    ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More