Tuesday, December 24, 2013

မကူညီချင်နေ၊ မနှောက်ယှက်ပါနဲ့

ထက်အောင်ကျော်
တနသာင်္ရီ အပတ်စဉ်။ အတွဲ-၁။ အမှတ်-၂၉။ (စာမျက်နှာ ၁၁၊ Op-ed)
ဒီဇင်ဘာ ၂၃-၂၉။ ၂၀၁၃ ခုနှစ်၊ တနလာင်္နေ့။

နိုင်ငံခြားသားခရီးသွားတချို့ကို ထားဝယ်လေဆိပ်မှာ တွေ့ရစဉ် (ဓာတ်ပုံ- ထက်အောင်ကျော်)

ခေါင်းစဉ်ကိုဖတ်ပြီး ထက်အောင်ကျော်တယောက် အဆိုအမိန့်တွေအကြောင်းရေးတော့မယ်လို့ မထင် လိုက်ပါနဲ့။ ''နိုင်ခြားသားခရီးသွားဧည့်သည်များကို ကူညီပါ'' လို့ မြို့တိုင်းမှာတင်ထားတဲ့ ဆိုင်းဘုတ်တွေ နဲ့ တကယ့်လက်တွေ့အခြေနေမတူညီတဲ့အကြောင်း သို့မဟုတ် သူတို့ကူညီမှ ပိုဆိုးသွားတဲ့ နိုင်ငံခြား သားတဖြစ်လဲ မြန်မာနိုင်ငံသားတဦးရဲ့ အတွေ့အကြုံကို တင်ပြမလို့ပါ။

အခုခရီးစဉ်ဟာ ကျနော်ရဲ့ ဒုတိယအကြိမ် ပြည်တော်ပြန်ခရီးစဉ်မို့ ဒီလိုအခက်ခဲကြုံရလိမ့်မယ်လို့ ကြို တင် တွေးမထားမိပါ။ ပထမ ခရီးစဉ်တုန်းက ကြီးကြီးမားမားအခက်ခဲ မကြုံခဲ့ဖူးတဲ့ကျနော်ဟာ ဒီ တ ခေါက်မှာတော့ ရန်ကုန်မှာဟိုတယ်ရှာကတည်းက နိုင်ငံခြားသားဆိုတဲ့ခွဲခြားဆက်ဆံမှု Discrimination အရသာကို စတင်ခံစားလိုက်ရပါတယ်။ အလုပ်လက်မဲ့ (၀င်ငွေရတဲ့အလုပ်မရှိခြင်း ကိုဆိုလို) ခရီးသွား တဦးဖြစ်တာနဲ့အညီ စရိတ်သက်သာအောင်ဆိုပြီး မိတ်ဆွေတွေအိမ်မှာသာ တည်းလေ့ရှိတဲ့ကျနော် ဟာ ဒီတခေါက်မှာတော့ ထူးထူးခြားခြား တခြားပြည်တော်ပြန် သူငယ်ချင်းတဦးနဲ့တွေ့ချင်လို့ သူတည်း တဲ့ဟိုတယ်မှာ သွားတည်းလိုက်မိပါတယ်။

''Local (မြန်မာနိုင်ငံသား) ဆိုရင် လေးသောင်း၊ နိုင်ငံခြားသားဆိုရင်တော့ ဒေါ်လာ ၈၀ ယူတယ်အကို။ ဒါတောင် အကိုမို့လို့ Discount (ဈေးလျော့) ပေးထားတာ'' ဆိုပြီး ဟိုတယ်ဝန်ထမ်းကပြောပါတယ်။ အရင်ခရီးစဉ်တုန်းက သုံးသောင်းပေးရတာကိုတောင် အသည်းအသန်ညည်းဖူးတဲ့ကျနော် ဒီတခေါက် မှာတော့ ကောင်းကောင်းသင်ခန်းစာပေး ခံလိုက်ရတယ်ဆိုပါတော့။ အခန်းခကို နှစ်ဆယူပေမဲ့ ၀န် ဆောင်မှုက နှစ်ဆမရ။ နှစ်ဆကျယ်တဲ့အခန်းကို ရတာမျိုး၊ မနက်စာ တပန်းကန်ပိုစားခွင့်ရတာမျိုး မရှိ။ ဒီမိုကရေစီစနစ်ဆီ ဦးတည်ချီတက်နေပါတယ်ဆိုတဲ့မြန်မာနိုင်ငံမှာ ဘာကြောင့်များ နိုင်ငံခြားသားတွေ ကို ခွဲခြားဆက်ဆံဖို့ ဥပဒေထုတ်ထားပါလိမ့်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာဆိုရင် ဒါမျိုးခွဲခြားဆက်ဆံတာမရှိ။ ဘယ်သူလာတည်းတည်း အားလုံးတဈေး တည်းပါပဲ။

ခွဲခြားဆက်ဆံမှုက ဟိုတယ်အခန်းခနဲ့တင် မပြီးသေး။ လေယဉ်လက်မှတ်ဝယ်တော့လဲ ၂ ဆပေးရပြန် ပါတယ်။ ရန်ကုန်ကနေ ထားဝယ်အသွားလေယဉ်လက်မှတ်ကို မိတ်ဆွေတဦးက တယ်လီဖုန်းနဲ့ဝယ် ပေးတဲ့အတွက် ဘာမှအမေးအမြန်းမရှိ။ ဒါပေမဲ့ ထားဝယ်ကနေ ရန်ကုန်ပြန်ဖို့ဝယ်ချိန်မှာတော့ နိုင်ငံ ခြားသားဖြစ်တဲ့အတွက် ၂ ဆပေးရမယ်ဆိုပြီး ၁၂၇ ဒေါ်လာ သို့မဟုတ် တသိန်း ၃ သောင်းနီးပါး တောင်းလိုက်ပါတယ်။ သေပြီဆရာပေါ့။ ရန်ကုန်နဲ့ ဘန်ကောက်ခရီးစဉ် အသွားအပြန်တောင် ဘတ် ခုနှစ်ထောင် သို့မဟုတ် ကျပ် နှစ်သိန်းကျော်ပဲရှိတဲ့အတွက် တခြမ်းကို တသိန်းကျော်ပဲကျပါတယ်။ ထားဝယ်နဲ့ရန်ကုန်က ဘာကြောင့်များ ပြည်ပခရီးစဉ်ထက် ဈေးကြီးနေပါလိမ့်။

နိုင်ငံခြားသားဖြစ်ရတဲ့ဒုက္ခက ဒီလောက်နဲ့မပြီးသေး။ ရွာက ကျနော့်အိမ်ရောက်တော့ ထုံးစံအတိုင်း နယ် ထိမ်းရဲအရာရှိက အိမ်ကိုလာပြီး နိုင်ငံခြားသားစာအုပ်အမှတ်၊ ဗီဇာ အမှတ်တွေမေးပါတယ်။ ပြီးခဲ့တဲ့ အ ခေါက်ကရေးထားတာ ဘယ်ရောက်သွားပြီလဲဆိုပြီးပြန်မေးတော့ သူက မသိသလိုပါပဲ။ နော်ဝေးနိုင်ငံ သားစာအုပ်ကိုလှန်ပြီး ဟိုကူးဒီကူးလုပ်နေလေရဲ့။ လုပ်ငန်းသဘောမကျွမ်းကျင်တာလား။ ဟန်ရေးပြချင် တာလားမပြောတတ်။ စာအုပ်ကိုလှန်ရင်း လောင်းလုံးမြို့နယ် ရဲအရာရှိဆီဖုန်းဆက်ပြီး အသံကျယ် ကျယ်နဲ့ ဘေးကလူတွေလန့်အောင် အစီရင်ခံနေတဲ့ပုံစံမျိုး။

ဒီလောက်ကတော့ ကိစ္စမရှိ။ ပြီးခဲ့တဲ့အခေါက်ကလဲ ဒါမျိုးဟန်ရေးပြခံရဖူးပြီးသားဆိုတော့ သူ့အလုပ် သူ လုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ် (အာဏာပိုင်တွေ ဒီလိုမျိုးလိုတာထက်ပိုလုပ်ပြနေတယ်ဆိုတာကို ပရိ သတ်အား အသိပေးတာကို ဆိုလို) ရုံပေါ့။ ဒါပေမဲ့ ဟန်ရေးပြမှုက ဒီလောက်နဲ့မပြီး။ ညဖက်မှာ SB ခေါ် အထူးရဲတဦးရောက်လာပြီး လောင်းလုံးမြို့နယ် လ.၀.က ရုံးဆီ အိမ်ရှင်နဲ့အတူလာကာ သတ်မှတ် ဖောင်တွေဖြည့်ဖို့လိုတယ်။ နိုင်ငံခြားသားတွေလုံခြုံရေးအတွက် ဒါတွေလုပ်ဖို့ သူတို့ဖက်က ကူညီပေးနေ တယ်လို့ပြောပါတယ်။

အရင်တခေါက်လာတုန်းက ဒါမျိုးလုပ်စရာမလိုပါဘူး။ အခုကျမှ ဘယ်လိုဖြစ်လို့ ဒါတွေ တိုးတက်လာ တာလဲဆိုပြီးမေးတော့ ''အဲဒီတုန်းက မြို့နယ် လ.၀.က မှုး ခရီးလွန်နေလို့'' ဆိုပြီး ဆင်ခြေပေးပါတယ်။ ကျနော်က ၂ ရက်တည်းနေမှာ၊ မနက်ဖြန်ကျရင် ထားဝယ်မှာတွေ့စရာလူတွေအများကြီးရှိသေးတယ်။ လောင်းလုံးကို သွားဖို့အချိန်မရဘူးဆိုပြီးပြောတော့ ''ခင်ဗျားမသွားနိုင်ရင် အိမ်ရှင်ကသွားပြီး တာဝန်ယူ လုပ်ပေးဖို့လိုတယ်'' လို့ သူကဆိုပြန်ပါတယ်။ တကယ်က ဒီ SB ဟာ လူသစ်မဟုတ်။ ပြီးခဲ့တဲ့ အ ခေါက်ကတည်းက ကျနော်ကိုလာရောက်တွေ့ဆုံ သတင်းမေးဖူးပြီးသူ။ ''သူပုန်ကျောင်းသားတဦးရဲ့ မာရ သွန်ခရီး'' စာအုပ်ကို ကျနော်လက်ဆောင်ပေးခဲ့ဖူးသူပါ။ ဆိုလိုတာက ကျနော်အကြောင်းတင်မက၊ ABSDF အကြောင်း၊ DVB အကြောင်းတွေကို သိပြီးသူဖြစ်ပါတယ်။

ဒါပေမဲ့ ခက်တာက ကျနော်ထင်ထားတာနဲ့ သူသိနေတာက တခြားစီ။ ''ကိုထက်အောင်ကျော်က ABSDF ဒုဥက္ကဌ တာဝန်ယူထားတယ်ဆိုတာ ဟုတ်လား'' ဆိုပြီးမေးပါတယ်။ သေပြီဆရာပေါ့။ သတင်း မှားရနေသူတွေထဲ ရဲတွေလဲ ပါဝင်နေပြီလား။ ကြည့်ရတာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ထားဝယ်မြို့ဆီ လာသွားတဲ့ ABSDF ဒုဥက္ကဌ ကိုမျိုးဝင်းနဲ့ ကျနော်ကို အမှတ်မှားနေပုံရပါတယ်။ ABSDF နဲ့ DVB ရဲ့ လက်ရှိဖွဲစည်းပုံ၊ ခေါင်းဆောင်တွေအကြောင်း အသေချာရှင်းပြတော့မှ ကျနော်နဲ့ အဲဒီအဖွဲ့တွေ တိုက် ရိုက်ဆက်စပ်မှု ဘာမှမရှိမှန်း သူသဘောပေါက်ပုံရသွားပါတယ်။

''နိုင်ငံခြားသားတွေကိုကူညီပေးဖို့ဆိုပြီး ကျနော်တို့မြို့နယ်မှာ အဖွဲ့တခုဖွဲ့ထားတာ မကြာသေးဘူးဗျ'' လို့ သူက ဆက်ပြောပါတယ်။ ပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ကနေဒါနိုင်ငံသားခံယူထားတဲ့ မြန်မာ တဦး မောင်းမကန်ကမ်းခြေဟိုတယ်မှာတည်းနေစဉ် အခန်းဖေါက်ခံရလို့ သိန်း ၁၀ နဲ့ချီပြီးပါသွားတယ်။ အခုထိ တရားခံမမိသေးဘူးလို့သူကဆိုပါတယ်။ နောက်တခါ ပန်းတလဲရွာမှာလဲ နိုင်ငံခြားအမျိုးသမီး တဦးလာတည်းတဲ့အတွက် သူတို့ကူညီပေးရသေးတယ်လို့လဲဆိုပါတယ်။ ဒါကြောင့်မို့ ကျနော်ကိုလဲ အ လားတူအခက်ခဲမကြုံအောင် သူက ကူညီပေးချင်တဲ့သဘောပေါ့။

ဆိုရှယ်ဗီဇာနဲ့ တိုးရစ်ဗီဇာရဲ့ ကွာခြားချက်ကို ကူညီပေးနေသူတွေကိုယ်တိုင်က နားမလည်တဲ့သဘော လားလို့ကျနော်စဉ်းစားမိပါတယ်။ ဆိုရှယ်ဗီဇာနဲ့ဆိုရင် ကိုယ့်အိမ်မှာကိုယ်တည်းခွင့်ရှိတယ်ဆိုတာကို ဒီ လူတွေ မသိဘူးလား။ လောလောဆယ်တော့ ဘယ်လိုမှရှင်းပြလို့မရ။ အရေးကြီးတာက ကျနော့်မိသား စု။ ၂၅ နှစ်လုံးလုံး အာဏာပိုင်ကိုမြင်ရင် ကြောက်နေရသူတွေဆိုတော့ သူခေါ်တဲ့အတိုင်း မနက်ဖြန် လောင်းလုံးမြို့ဆီလာပြီး ဖောင်လာတင်မယ်လို့ ကျနော့်မိသားစုဝင်တဦးက ကတိပေးလိုက်ပါတယ်။

မနက်ပိုင်းရောက်တော့ ကျနော်က ထားဝယ်မြို့ဆီသွားပြီး ABSDF တပ်ရင်းမှုးဟောင်းတွေ၊ သူပုန် ဟောင်းတွေ၊ ၈၈ ကျောင်းသားခေါင်းဆောင်တွေ၊ သတင်းထောက်တွေ၊ ကျောင်းနေဖက် သူငယ်ချင်း တွေနဲ့ တွေဆုံ။ ကျနော့်မိသားစုဝင်တဦးက လောင်းလုံးအထိ ဆိုင်ကယ်နဲ့သွားပြီးဖောင်တွေဖြည့်ပေါ့။ ဖောင်ဖြည့်ပြီး ပြန်လာမှာဆိုတော့ အလွန်ဆုံးကြာလှ တနာရီပေါ့ လို့ထင်ထားပေမဲ့ လက်တွေ့မှာတော့ အဲဒီလို မဟုတ်။ ညနေစောင်းမှ အဲဒီပုဂ္ဂိုလ်ပြန်ရောက်လာပါတယ်။

ဘာဖြစ်လို့ ဒီလောက်တောင်ကြာရသလဲဆိုပြီး သူဖြည့်ခဲ့တဲ့ဖောင်မိတ္တူကိုတောင်းကြည့်တော့ ''အာပါး ပါး'' လို့အော်ရလောက်တဲ့အထိ ဖောင် ၇ ရွက်နဲ့ ကျနော့်နိုင်ငံကူးလက်မှတ်မိတ္တူ ၂ စောင်။ ပထမ တ စောင်က နော်ဝေးနိုင်ငံသားကျနော် မင်းရပ်ရွာမှာတည်းခိုနေတဲ့အကြောင်း လောင်းလုံးမြို့နယ် လ.၀.က ဦးစီးမှုးကနေ တနသာင်္ရီတိုင်း လ.၀.က ဦးစီးမှုးဆီ အစီရင်ခံတဲ့စာ။ ဒုတိယ တစောင်က ကျနော် ဒီလို တည်းခိုနေတဲ့အကြောင်း ကျနော့်မိသားစုကနေ မြို့နယ် လ.၀.က မှုးဆီအကြောင်းကြားတဲ့စာ။ တတိယ နှစ်စောင်က ''၁၉၄၈ ခု နိုင်ငံခြားသားများ မှတ်ပုံတင်ရေးစည်းကမ်းဥပဒေများ၊ ဟိုတယ်သို့ရောက်ခြင်း အစီရင်ခံစာ'' လို့ ခေါင်းစဉ်တပ်ထားတာတွေ့ရပါတယ်။

နံပတ် ၄ စာရွက်က ''ရပ်ကွက်အတွင်း တည်းခိုတဲ့ နိုင်ငံခြားသားဧည့်စာရင်း''။ နံပတ် ၅ က ''ရပ်ကွက် နေအိမ် အဆောက်ဦများတွင် တည်းခိုနေထိုင်သည့် နိုင်ငံခြားသားများနှင့် အိမ်ရှင်များ လိုက်နာရမည့် စည်းကမ်းချက်များ'' တဲ့။ နံပတ် ၆ က ''အိမ်ထောင်စု လူဦးရေစာရင်း''။ နောက်ဆုံးတရွက်က ''ကျေး ရွာအုပ်ချုပ်ရေမှုးရဲ့ ထောက်ခံစာ''။ အင်း... ဘယ်လိုမျိး အကူညီကြီးပါလိမ့်၊ အဲဒီ အကူညီကို မယူရင် မရဘူးလားဆိုပြီး ပြန်မေးရတော့မဲ့ကိန်းပါပဲ။

ကျနော်ဒီလိုပြန်ပြောနေတာဟာ မြို့နယ် လ.၀.က မှုးနဲ့ SB ကို အပြစ်တင်နေခြင်းမဟုတ်ပါ။ ဒီလိုမျိုး ထပ်မဖြစ်အောင် ဘယ်လိုရှောင်ရှားနိုင်မလဲဆိုတာကို အားလုံးဝိုင်းဝန်းစဉ်းစားပြီး နည်းလမ်းရှာဖို့ အတွက်သာဖြစ်ပါတယ်။ ပထမ ဆုံးကျနော်စဉ်းစားမိတာကတော့ အာဏာပိုင်တွေဖက်က ဒီလိုလုပ် တာဟာ ကျနော့်ကိုစိတ်ညစ်အောင် တမင်လုပ်ချင်း မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ဒီလိုလုပ်မှ သူ တို့ဖက်က တာဝန်ကျေမယ်လို့ (ခေတ်ပြောင်းသွားသည့်တိုင်) သူတို့ စိတ်ထဲယုံကြည် ထားဆဲဖြစ်တာ ကြောင့် ဒီလိုလုပ်တယ်လို့ ထင်ပါ တယ်။

နောက်တချက်ကတော့ ဒီဝန်ထမ်းတွေဟာ ကျနော်တို့သတင်းသမားတွေလို ဘ ၆ လုံးအကြောင်း စဉ်းစားသူတွေမဟုတ်။ အပေါ်ကညွန်ကြားချက်အတိုင်း သို့မဟုတ် အပေါ်ကလူကြီးကြိုက်မယ်ထင် တာတွေကိုသာ တသက်လုံးလုပ်လာသူတွေဖြစ်ပါတယ်။ ဒီတော့ ဒီလိုလုပ်လိုက်တဲ့အတွက် ဘာတွေ ဆက်ဖြစ်လာမလဲ။ နိုင်ငံခြားဧည့်သည်ကို ကူညီရာရောက်သလား။ နှောက်ယှက်ရာ ရောက်သလား။ လက်ရှိသွားနေတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်နဲ့ ငါတို့လုပ်ရပ် ကိုက်ညီပါရဲ့လား ဆိုတာကို စဉ်းစားရကောင်းမှန်းသူတို့မသိပါ။ ဘာကြောင့် ဒီလိုလုပ်ဖို့လိုအပ်တယ်ဆိုတာကိုတောင် စဉ်းစားဖူးသူ တွေ ဟုတ်ပုံမရပါ။

ကျနော်တို့ကိုဖိတ်ခေါ်ထားတဲ့ သမ္မတရုံးနဲ့ ပြည်နယ်-တိုင်း အုပ်ချုပ်ရေးတာဝန်ရှိသူ အဆင့်ဆင့်ကလဲ ကျနော်တို့ဝင်လာရင် ဘယ်လိုဆက်ဆံဆောင်ရွက်ရမယ်ဆိုတာကို အောက်ခြေ မြို့နယ်အဆင့်အထိ အတိအကျညွန်ကြား ချက်ထုတ်ထားပုံမရ။ ဒီတော့ တကျောင်းတဂါထာ တရွာတပုဒ်ဆန်း ဆက်ဆံခံ နေရတာ အထူးအဆန်းမဟုတ်တော့ဘူးလို့ဆိုရမှာပေါ့။ ရှေ့မှာ ကျနော်ပြောခဲ့တဲ့အတိုင်း ကျနော်တို့က တိုးရစ်ဗီဇာနဲ့ လာသူတွေမဟုတ်။ မိသားစုနဲ့တွေ့ဖို့ ဆိုရှယ်ဗီဇာနဲ့ ၀င်ရမယ်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီး ဌာနကနေ သံရုံးအသီးသီးဆီ အတိအကျ ညွန်ကြားချက်ထုတ်ပြီးသား။

ဆိုရှယ်ဗီဇာနဲ့ဆိုရင် နေအိမ်တွေမှာ တည်းခွင့်ရှိတယ်ဆိုတာကိုလဲ အားလုံးသိပြီးသား။ ကျနော့်ရဲ့ နိုင်ငံ ခြားသားစာအုပ်အမှတ်တွေ၊ ဗီဇာ အမှတ်တွေဆိုတာကလဲ ပြည်ဝင်ခွင့်ဗီဇာလျောက်ကတည်းက သံရုံး မှာ တင်ထားပြီးသား။ အဲဒီမိတ္တူတွေကိုလဲ ကျနော်သွားမဲ့ သက်ဆိုင်ရာမြို့နယ်တွေဆီ သံရုံးက ပို့ထား ပြီးသား။ သမ္မတရုံးဝက်ဆိုက်ပေါ်မှာ ကြွေးကြော်ထားတဲ့အတိုင်း ဦးသိန်းစိန်အစိုးရဟာ တကယ်ပဲ e-government ဖြစ်တယ်ဆိုရင် ကွန်ပြူတာတချက်ရိုက်လိုက်ရုံနဲ့ ဒီအချက်လက်တွေအားလုံးကို အစိုးရ အရာရှိတိုင်း သိခွင့်ရှိပြီးသားမဟုတ်ပါလား။

ကျနော်တို့ကို ဒီလိုလာခွင့်ရှိတယ်၊ ဒီလိုတည်းခွင့်ရှိတယ်လို့ သမ္မတဦးသိန်းစိန်ကိုယ်တိုင်က လူသိ ရှင် ကြားဖိတ်ကြားထားပြီးသားမဟုတ်ပါလား။ လွဲနေတာ သို့မဟုတ် လိုနေတာက အပေါ်ကပြောထား၊ လုပ်ထားတာတွေကို အောက်ခြေက မသိသေး၊ အောက်ခြေဆီ ညွန်ကြားချက် မရောက်သေးခြင်းပါပဲ။

ဒီတော့ ''နိုင်ခြားသားခရီးသွားဧည့်သည်များကို ကူညီပါ'' ဆိုတဲ့ဆိုင်းဘုတ်ကြီးနဲ့ ''နိုင်ငံခြားသားများအား ကူညီရေးအဖွဲ့''ဆိုတာတွေဟာ တကယ်တော့ ကူညီရာမရောက်ဘဲ နှောက်ယှက်သလိုဖြစ်သွားရတယ် လို့ကျနော်ထင်ပါတယ်။

ဒီဖြစ်စဉ်တွေကို သမ္မတရုံးကနေ မြိုနယ်၊ ကျေးလက်အဆင့်ထိ အုပ်ချုပ်ရေး တာဝန်ရှိသူ အဆင့်ဆင့်က ဖတ်မိ သိရှိပြီးတဲ့နောက် တိကျတဲ့ညွန်ကြားချက်တွေ အမြန်ထွက်လာပါစေ။ နိုင်ငံခြားသားတွေကို တ ကယ်ကူညီနိုင်တဲ့အဆင့်ထိ ရောက်လာပါစေ။

စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ ဦးတည်ချီတက်နေပါတယ်ဆိုတဲ့ ကြွေးကြော်သံအတိုင်း လက်တွေ့မှာလဲ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ အာဏာပိုင်တွေဖက်က စနစ်တကျဆောင်ရွက်လာနိုင်ကြ ပါစေလို့ မျှော်လင့်နေမိပါတယ်။           ။

2 comments:

အဲ့သလောက်ကို ကူညီနေမှတော့ ကျွန်တော်တို့လည်း မပြန်၇ဲတော့ပါဘူးဗျာ :)

ဖေ.ဘွက်ထဲမှာ၇ှယ်လို.၇အောင်ဘလော.ဆက်တင်ကိုပြင်ထားပေးပါ၇ှင်။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More