Monday, April 1, 2013

တခေတ်ဆန်းလာတဲ့ မီဒီယာလောကနဲ့ စတုတ္ထမဏ္ဍိုင်ရဲ့တာဝန်

ထက်အောင်ကျော် (၀၁-၀၄-၂၀၁၃)

ထုတ်ဝေခွင့်ရထားတဲ့ ပုဂ္ဂလိကသတင်းစာ ၁၆ စောင်ထဲက ပထမ ဆုံး ၄ စောင် ဧပြီလ ၁ ရက်နေ့မှာ  ထွက်လာတာတွေ့ရပါတယ်။ ဒါဟာ လက်ရှိသမ္မဦးသိန်းစိန်ဦးဆောင်တဲ့ အရပ်သားတပိုင်း အစိုးရသစ်လက် ထက် ထူးခြားတဲ့ မီဒီယာတိုးတက်မှုဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၅၀ နအဖ၊ န၀တနဲ့ မဆလ ခေတ်ကနေ လမ်းခွဲ ထွက်လာတဲ့ လက္ခဏာတခုလို့ ဆိုနိုင်မယ်ထင်ပါတယ်။


ဒီနေ စတင် ထုတ်ဝေလိုက်တဲ နေ့စဉ်သတင်းစာများ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ဒီနေ့ထွက်လာတဲ့ (ပြည်ထောင်စုနေ့စဉ်၊ ရွေနိုင်ငံသစ်၊ စံတော်ချိန်နဲ့ the Voice) သတင်းစာ ၄ စောင် အပါဝင် ဆက်တိုက်ထွက်လာမဲ့ သတင်းစာအားလုံး ဘယ်လောက်အထိ လွတ်လွတ်လပ်လပ်ရေးခွင့် ရမလဲ။ ဘယ်လောက်အထိ အဆင့်တန်းမှီမှီ ရေးနိုင်မလဲဆိုတာကို မသိနိုင်သေးပေမဲ့ ပုဂ္ဂလိကပိုင် သတင်းစာ ၁၆ စောင်တောင် ထုတ်ဝေခွင့် ရတယ်ဆိုတဲ့သတင်းဟာ စစ်တပ်က အာဏာသိမ်းချိန်မှာ မွေးပြီး မဆလ ခေတ်မှာလူဖြစ်ခဲ့တဲ့ ကျနော် တို့ မျိုးဆက်အတွက်တော့ တကယ့်ကိုအထူးအဆန်းပါပဲ။

၁၉၆၂ စစ်တပ်က အာဏာမသိမ်းခင် ဖဆပလ ခေတ်မှာတုန်းက မီဒီယာ (အဲဒီခေတ်က စာနယ်ဇင်း လို့ခေါ်) လွတ်လပ်ခွင့်ရှိပြီး ပုဂ္ဂလိက သတင်းစာတွေရှိခဲ့ပေမဲ့ စစ်အစိုးရတက်လာချိန်မှာတော့ အားလုံး ကို ပြည်သူပိုင်သိမ်းလုက်တယ်လို့ဆိုပါတယ်။ ဒါကြောင့် ကျနော်တို့မျိုးဆက်ဖတ်ဖူးတဲ့ သတင်းစာဆို တာဟာ မြန်မာ့အလင်း၊ ကြေးမုံနဲ့ ဗိုလ်တထောင် ၃ စောင်ပဲရှိပါတယ်။ အဲဒီသတင်းစာ ၃ စောင်မှာ ပါတဲ့သတင်းတွေကလဲ အများပြည်သူနဲ့သိပ်မဆိုင်တဲ့သတင်း။ အုပ်ချုပ်သူအစိုးရက သူပြောချင်တာ ပြောဖို့၊ အစိုးရကောင်းကြောင်းဝါဒဖြန့်ဖို့ ရေးခွင့်ပေးထားတဲ့ သတင်းစာတွေသာဖြစ်နေတာကို စိတ်မ ကောင်းစွာတွေ့ခဲ့ပါတယ်။

တချိန်တည်းမှာပဲ သတင်းစာပညာ Journalism ဆိုတာကို ကျနော်တို့မျိုးဆက် သင်ကြားခွင့်မရခဲ့ပါ။ ဖ ဆပလ ခေတ်နဲ့ မဆလခေတ်အစောပိုင်းအထိ လူထုဆက်သွယ်ရေးဘာသာရပ်ကို တတ္ကသိုလ်နဲ့ ဒေ သကောလိပ်တွေမှာသင်ကြားခဲ့တယ်လို့သိရပေမဲ့ ကျနော်တို့ တက္ကသိုလ်ရောက်ချိန်မှာ သတင်းစာ ပညာဘာသာရပ် မရှိတော့ပါ။ ရသစာပေ အသားပေး လစဉ်ထုတ်မဂ္ဂဇင်းတွေ၊ လုံးချင်းဝတ္ထုစာအုပ် တွေနဲ့သာ ရင်းနှီးခွင့်ရခဲ့ပါတော့တယ်။

ဒီလို နှစ် ၅၀ ကျော် မီဒီယာလွတ်လပ်ခွင့်ပိတ်ပင်ခံထားရတဲ့အခြေနေကနေ အခု ပုဂ္ဂလိကသတင်းစာ ၁၈ စောင်ထွက်လာတော့မယ်လို့ဆိုပါတယ်။ တခါ ကျနော်တို့ကျောင်းသားဘ၀က စိတ်ကူးယဉ်လို့မရခဲ့ တဲ့ Journalism ဘာသာရပ်ကိုလဲ ဗိုလ်တထောင်က အမျိုးသားစီမံခန့်ခွဲမှုကောလိပ်မှာ သင်ကြားပေး နေတာ ၄-၅ နှစ်လောက်ရှိနေပြီလို့သိရပါတယ်။


ပုံနှိပ်မီဒီယာအပြင် အသံလွှင့်မီဒီယာကိုလဲ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ပေးမှာလား

ပုဂ္ဂလိကသတင်းစာ ၁၆ စောင် ဒီနှစ်ထဲ ထွက်လာမှာကတော့ သေချာနေပါပြီ။ ဒါပေမဲ့ ဒီနေ့ခေတ်ဟာ အယင်နှစ် ၅၀ ကလို စာ-နယ်-ဇင်း (ပုံနှိပ်မီဒီယာ) ခေတ်သက်သက်မဟုတ်တော့။ တိုးတက်လာတဲ့ နည်းပညာတွေနဲ့အညီ အသံလွှင့်မီဒီယာနဲ့ အွန်လိုင်းမီဒီယာတွေ လွှမ်းမိုးနေတဲ့ခေတ်ဖြစ်ပါတယ်။ ဒါကြောင့် သတင်းစာတွေပုဂ္ဂလိက ထုတ်ဝေခွင့်ပေးသလို အသံလွှင့်မီဒီယာတွေကိုလဲ ပုဂ္ဂလိက ထုတ် လွှင့်ခွင့်ပေးမှာလားဆိုတာ ဆက်ဆွေးနွေးသင့်တယ်ထင်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၅၀ အခြေနေကိုပြန်ကောက်ရမယ်ဆိုရင် ၁၉၆၂ မှာ စစ်တပ်က အာဏသိမ်းပြီးတဲ့နောက် မဆလ ခေတ်မှာ လွတ်လပ်တဲ့သတင်းစာတွေ၊ စာ-နယ်-ဇင်း တွေ မရှိတော့တဲ့အတွက် ပြည်သူအများ စုဟာ ပြည်ပအသံလွှင့်ဌာတွေဖြစ်တဲ့ BBC, VOA မြန်မာပိုင်းရေဒီယိုတွေကို အားကိုးခဲ့ကြရပါတယ်။ တခါ ၁၉၈၈ မှာ စစ်တပ်က အာဏာထပ်သိမ်းပြီး န၀တ-နအဖ ခေတ်ရောက်တော့ DVB, RFA ရေဒီယို တွေ ထပ်ပေါ်လာပြန်ပါတယ်။ ဆိုလိုတာကတော့ ပြည်တွင်းမှာ မီဒီယာလွတ်လပ်ခွင့်နည်းလေ ပြည်ပ က မီဒီယာတွေအပေါ် အများပြည်သူက အားကိုးမှုတိုးလေ ဆိုတဲ့သဘောပါ။

အခု ဦးသိန်းစိန်ရဲ့ အရပ်သားတပိုင်းအစိုးရသစ်လက်ထက်မှာ မီဒီယာလွတ်လပ်ခွင့်ပေးနေပါတယ်လို့ ပြောနေသည့်တိုင်၊ ဂျာနယ်တွေ ဒါဇင်နဲ့ချီပြီး ထုတ်ဝေခွင့်ရနေသည့်တိုင်၊ Facebook အပါဝင် ဆိုရှယ် မီဒီယာတွေ၊ အွန်လိုင်းမီဒီယာတွေ ထွန်းကားနေသည့်တိုင် ကျေးလက်နေ ပြည်သူအများစုကတော့ သ သတင်းမှန်တွေကိုအချိန်မှီရဖို့အတွက် ပြည်ပကလွင့်တဲ့ BBC, VOA, RFA, DVB လှိုင်းတို ရေဒီယိုတွေ ကိုသာ အားထားနေရဆဲလို့သိရပါတယ်။

တခါ ပြောင်းလဲတိုးတက်လာတဲ့နည်းပညာတွေနဲ့အညီ ရေဒီယိုအပြင် ရုပ်-သံ လိုင်းတွေပါ ပြည်ပ အသံ လွှင့်ဌာနတွေက အပြိုင်အဆိုင်တိုးချဲ့လာနေပါတယ်။ ၂၀၀၅ ခုနှစ်အစောပိုင်းမှာ DVB က စလောင်း TV စတင်ထုတ်လွှင့်ခဲ့ပြိး ထင်ထားတာထက်တောင် ပိုအောင်မြင်ခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါ တယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာတော့ VOA နဲ့ RFA ကလဲ စလောင်း TV တွေ စတင် ထုတ်လွှင့်လာခဲ့ ပါတယ်။ တချိန်တည်းမှာပဲ အွန်လိုင်းမီဒီယာတွေဖြစ်တဲ့ ဧရာဝတီနဲ့ မဇျိမကလဲ နေ့စဉ် သတင်းတွေ အပြင် ရုပ်-သံ စတိုရီတွေကို YouTube ကတဆင့် ပုံမှန်ထုတ်လွှင့်လာတာကို တွေ့လာရပါတယ်။

ဒါက ပြည်ပအခြေနေပါ (အခုတော့ ပြည်ပ မီဒီယာအားလုံးး ပြည်တွင်းမှာရုံးခွဲဖွင့်ခွင့်ရထားပါပြီ)။ ပြည် တွင်းအခြေနေကိုကြည့်မယ်ဆိုရင်လဲ အစိုးရနဲ့ စစ်တပ်က တိုက်ရိုက်ပိုင်တဲ့ မြန်မာ့အသံ ရေဒီယို၊ မြန်မာ့ ရုပ်မြင်သံကြားနဲ့ မြ၀တီရေဒီယို၊ မြ၀တီရုပ်-သံတို့အပြင် ပုဂ္ဂလိကပိုင် Sky-net ဆိုတာ အခု ဦး သိန်းစိန် အစိုးရသစ်လက်ထက်မှာ အတော်ခေတ်စားနေပါပြီ။ ပြီးတော့ Forever အဖွဲ့ကလုပ်တဲ့ MRTV4  ကလဲ အရှိန်ကောင်းနေတယ်လို့သိရပါတယ်။ ဒါအပြင် ဖျော်ဖြေရေးကို ဦးစားပေးပြီး မိုးလေ၀ါသနဲ့ ယဉ် ကြောင်းသတင်းတွေကိုကြေညာလေ့ရှိတဲ့ FM ရေဒီယိုတွေလဲ ပြည်နယ်-တိုင်း ၁၄ ခုစလုံးမှာ နားဆင် နိုင်နေပြီလို့ သိရပါတယ်။

ထူးခြားတာကတော့ အစိုးရပိုင်အသံလွှင့်ဌာနတွေကိုတောင် အများပြည်သူဝန်ဆောင်မှုလုပ်ငန်းအဖြစ် ပြောင်းလဲမယ်ဆိုပြီး ပြီးခဲ့တဲ့နှစ်အတွင်း ဆွေးနွေးပွဲတွေကျင်းပခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ အခုချိန်ထိ တော့ သေချာတိကျတဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်မျိုးထွက်လာတာ မတွေ့ရသေးပါဘူး။ ဒီလို အ ခြေနေမှာ DVB, VOA, RFA TV နဲ့ BBC ရေဒီယိုတွေ ပြည်တွင်းမှာ လွတ်လပ်စွာလုပ်ခွင့်ရမယ်ဆိုရင် ကော အသံလွှင့် မီဒီယာ အခြေနေက ဒီထက်မက ပြောင်းလဲတိုးတက်လာမလား။

အရေအတွက်မှ အရည်အချင်းသို့

ဒီနေ့ခေတ်လောက် မီဒီယာအရေအတွက်များတာ တခါမှမရှိသေးဘူးလို့ထင်ပါတယ်။ အခု ထွက်လာမဲ့ ပုဂ္ဂလိကပိုင်သတင်းစာက ၁၆ စောင်၊ ဂျာနယ်ပေါင်းက တရက်ကိုအနဲဆုံး ၅ စောင်လောက်ထွက်နေတဲ့ အတွက်  အနဲဆုံးစောင်ရေ ၃၅ စောင်၊ မဂ္ဂဇင်းကလဲ ၃၀ ၀န်းကျင်ဆိုတော့ ပုံနှိပ်မီဒီယာ အရေတွက် က အတော်များနေပါပြီ။ ဒါပေမဲ့ အဲဒီ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေအားလုံးက အများပြည်သူ လို ချင်တဲ့ သတင်းအချက်လက်တွေ၊ ဗဟုသုတတွေပေးနိုင်ရဲ့လားဆိုတာကတော့ မေးခွန်းထုတ်ဖို့လိုနေဆဲ ဖြစ်ပါတယ်။

တခါ သတင်းစာ ၁၆ စောင်စလုံးဟာ ရန်ကုန်မှာပဲထုတ်ဝေတာဖြစ်ပြီး နယ်မြို့တွေကိုကိုယ်စားပြုတဲ့ သတင်းစာ မတွေ့မိသေးပါ။ နောက်တချက်တော့ အခုသတင်းစာ ၁၆ စောင်ဟာ နိုင်ငံတကာရှိ သတင်း စာတိုက်တွေလို ၀ဘ်ဆိုက်ရှိမရှိ၊ သတင်းတွေကို စာနဲ့ဓာတ်ပုံတွဲပြီးဖေါ်ပြတာအပြင် ဗွီဒီယို ကလင့် တွေ၊ အရေးပေါ်သတင်းတွေကို မီနစ်ပိုင်းအလိုက်အချိန်မှီ တင်ပြနိုင်ဖို့ရှိ မရှိ မသေချာသေးပါ။ နောက် ထပ်အရေးကြီးတဲ့တချက်ကတော့ သတင်းစာ ၁၆ စောင်စလုံးဟာ မြန်မာဘာသာနဲ့ထုတ်တာဖြစ်တဲ့ အတွက် နိုင်ငံတကာအဆင့်မှီ အင်္ဂလိပ်ဘာသာနဲ့ ထုတ်တဲ့သတင်းစာမျိုး လိုနေဆဲဖြစ်ပါတယ်။

နောက် အသံလွှင့်မီဒီယာတွေဖက်ကိုလှည့်မယ်ဆိုရင် အစိုးရပိုင်၊ စစ်တပ်ပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြား လိုင်း ၂ ခု။ ပုဂ္ဂလိကပိုင် Sky-net နဲ့ MRTV4။ ပြီးတော့ ပြည်ပနေ၀င်လာတဲ့ DVB, VOA, RFA TV နဲ့ BBC ရေဒီယိုတွေ။ ဧရာဝတီနဲ့ မဇျိမလို အွန်လိုင်းသတင်းစာတွေ (မဇျိမက နေ့စဉ်သတင်းစာထုတ်မယ် လို့ ကြေငြာထားပါတယ်)၊ အားလုံးပေါင်းလိုက်ရင် အသံလွှင့်မီဒီယာနဲ့ အွန်လိုင်းမီဒီယာအရေတွက်က လဲ သိပ်မနဲလှ။

ဒါပေမဲ့ အများပြည်သူလိုချင်တဲ့ သတင်းအချက်လက်တွေ၊ ဗဟုသုတတွေပေးနိုင်ရဲ့လားဆိုတာက တော့ ဆက်လက်ဆွေးနွေးသင့်တဲ့ မေးခွန်းအဖြစ်ရှိနေဆဲပါ။ အထူးသဖြင့် လွန်ခဲ့တဲ့နှစ် ၂၀ ကာလအ တွင်း စစ်အစိုးရကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ ပြည်ပအခြေစိုက် ဒီမိုကရေစီလိုလားတဲ့ မီဒီယာတွေ ဟာ အခုချိန်မှာတော့ ပြည်တွင်း ပြန်ဝင်ခွင့်ရရေးအတွက် အစိုးရကို သိပ်မဝေဖန်တော့ဘူးလို့ဝေဖန်ခံ နေရပါတယ်။ ပြည်ပအစြေခိုက် မီဒီယာတခုဆိုရင် လက်ရှိအစိုးရကို မဝေဖန်တဲ့အပြင် အစိုးရရဲ့ဝါဒ ဖြန့်ချီရေးသတင်းတွေကိုတောင် တဆင့်ခံပြန်လွှင့်ပေးနေရတဲ့ ပြန်ကြားရေးဌာန လက်ဝေခံသဘောမျိုး တောင် ဖြစ်သွားတယ်ဆိုပြီး ဝေဖန်သံတွေကြားနေရပါတယ်။

ဆိုတော့ မီဒီယာ လွတ်လပ်ခွင့်ကို အသံကျယ်စွာတောင်းဆိုနေတဲ့ စတုတ္ထမဏ္ဍိုင်ဝန်ထမ်းတွေဖြစ်တဲ့ ကျနော်တို့ မီဒီယာသမားတဦးချင်းစီမှာကော သတင်းသမားတဦးရဲ့ ဘက်မလိုက်တဲ့၊ သမာသမတ်ရှိတဲ့ စံချိန်စံညွှန်းတွေ၊ အတတ်ပညာဆိုင်ရာ အရည်သွေးတွေ စံချိန်မှီ ပြည့်ဝနေပါရဲ့လား။ အစိုးရနဲ့ အာဏာ ပိုင်တွေ၊ လွှတ်တော်နဲ့နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေ အပါဝင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီး ၃ ခုကို ဘက်မလိုက်ပဲ၊ မကြောက်-မဖားပဲ တာဝန်သိစွာဝေဖန်ရဲတဲ့သတ္တိရှိကြပါရဲ့လား။ နိုင်ငံတကာ မီဒီယာလောက၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ မီဒီ ယာလောက ၀န်ထမ်းတွေနဲ့နှိုင်းယှဉ်ရင် ကျနော်တို့ မီဒီယာသမားတွေရဲ့အနေထားက ဘယ်အဆင့် လောက်မှာ ရှိနေသလဲဆိုတာကို ဆန်းစစ်ဖို့လိုမယ်ထင်ပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ တဖက်မှာ မီဒီယာအခင်းအကျင်းနဲ့ထုတ်ဝေခွင့်အရေတွက် တိုးတက်လာ အောင်တောင်းဆိုတိုက်ပွဲဝင်သလို အခြားတဖက်မှာလဲ မီဒီယာ ပိုင်ရှင်တွေ၊ ညွန်မှုးတွေ၊ အယ်ဒီတာ တွေ၊ သတင်းထောက်တွေ၊ ကင်မရာမင်းတွေ၊ စက်ဆရာတွေ၊ ၀ဘ်မာစတာတွေ၊ စာပြင်ဆရာတွေ၊ စ သဖြင့် ထောင်၊ သောင်းချီရှိနေတဲ့ မီဒီယာဝန်ထမ်း တဦးချင်းရဲ့ အရည်ချင်းတွေလဲ တပြိုင်းတည်း တိုး တက်လာအောင် ဆောင်ရွက်ဖို့လိုအပ်နေပါတယ်။

မီဒီယာ ၀န်ထမ်းဆိုတာဟာ စားဝတ်နေရေးအတွက် လစာရရုံ တာဝန်ကျေလုပ်ရတဲ့အလုပ်မျိုး မဟုတ်။ မီဒီယာသမားပီသစွာ စတုတ္ထမဏ္ဍိုင်ရဲ့တာဝန်ကို ယုံယုံကြည်ကြည် ကျင့်ကြံဆောင်ရွက်ဖို့၊ အမှန်ကို ရဲဝံ့ စွာထောက်ပြဝေဖန်ဖို့အရေးဟာ ဘယ်အစိုးရပဲတက်တက် မီဒီယာသမားတွေထမ်းရွက်ရရဲ့ အဓိက တာ ၀န်ပဲ မဟုတ်ပါလား။    ။

1 comments:

သတင်းစာ ၄ စောင်နဲ့ ရေဒီယို ၄ လုံးရှိသော်ငြားလည်း... တခုနဲ့တခု ထူးမခြားနားဟု ဝေဖန်သံများထွက်ပေါ်နေပါကြောင်း...။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More