Tuesday, November 15, 2011

NLD ပါတီ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ပီ


NLD ပါတီ မှတ်ပုံတင်ပီး ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ပီ... (၁၈-၁၁-၁၁)



နိုဝင်ဘာ ၁၈ ရက်နေ့ အန်အယ်ဒီ ဗဟိုဦးစီးအစည်းအဝေးနိဂုံးတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက် (ပထမပိုင်း)
Yangon PressInternational နိုဝင်ဘာ ၁၉၊ ၂၀၁၁ (YPI)
မိုးမခ-မှ
 
          ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ..ဒါဟာ ကျွန်မသဘောတူတဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာ ကျွန်မအမြင်မှာတော့ အရေးအကြီးဆုံး ကတော့ နံပါတ် ၁ ထားရမှာတော့ ဥပဒေ စိုးမိုးရေးပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေ စိုးမိုးရေး မရှိဘဲနဲ့ ကျန်တဲ့ကိစ္စတွေကို ကျွန်မတို့ဖြစ်မြော က်အောင် မလုပ်နိုင်ပါဘူး၊ ဥပမာ ဆိုပါတော့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး နိုင်ငံရေး အကျဉ်းသားများ ရှိတာကိုက ကျွန်မတို့နိုင်ငံမှာ ဥပဒေ စိုးမိုးရေး မရှိလို့၊ ရှိနေတာလို့ ကျွန်မတော့ ဒီလိုပဲ မြင်ပါတယ်။ အဲဒါကြောင့်မို့ ဥပဒေစိုးမိုးရေးဟာ အဓိကပါ။ ဥပဒေစိုးမိုးရေး မရှိပဲနဲ့ ကျွန်မတို့ ဟာ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ အင်မတန်ခက်ပါတယ်။
          ဥပဒေစိုးမိုးရေးရှိမှ ပြည်နယ်တွေမှာ ပြည်သူတွေရဲ့ အခွင့်အရေးတွေ ချိုးဖောက်မှုရှိနေတာကို ကျွန်မတို့ မီးမောင်းထိုးနိုင်မယ်။ ကာကွယ်နိုင်မယ် အပြစ်ပေးနိုင်မယ်၊ ဒါကြောင့် မို့လို့ နံပါတ် ၁ ကတော့ ဥပဒေစိုးမိုးရေးလို့ ကျွန်မမြင်ပါတယ်။
ဥပဒေစိုးမိုးရေးနဲ့ ဒွန်တွဲနေတာကတော့ ပြည်တွင်းစစ်ငြိမ်းချမ်းရေးပဲ၊ ဥပမာ ကျွန်မ ဥပဒေစိုးမိုးရေး ကို နံပါတ်တစ် ထည့်တယ်ဆိုတာက ပြည်တွင်းငြိမ်းချမ်းရေး ထက်ပိုမိုအရေးကြီးလို့ မဟုတ်ပါ ဘူး။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လိုအပ်လို့ ဥပဒေစိုးမိုးရေးကို ကျွန်မထည့်တာပါ။
          နောက်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင် ပြုပြင်ရေးပေါ့။ ပြင်ဆင်ပြုပြင်ရေး ဆိုတာ ကျွန်မတို့ ၂၀၁၀ ရွေးကောက်ပွဲကို ကျွန်မတို့ မ၀င်ခဲ့ရတဲ့အကြောင်းတွေပါ၊ အဲဒီတုန်းက ပြန်ပြီးတော့ မှတ်ပုံမတင်ခဲ့တဲ့  အကြောင်းတွေ တခုထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကျေနပ်လို့ဆိုတာလည်း ပါပါတယ်။ တရားဝင် အကြောင်းပြချက် ကတော့ ဆုံးဖြတ်ချက်များကတော့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေတွေဟာ တရားမမျှတလို့ ကျွန်မတို့ လက်ခံနိုင်စရာ အကြောင်းမရှိလို့၊ ဒါပေမယ့်လဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုပြင်ဆင်သင့်တယ်ဆိုတာ ဟာ ရွှေဂုံတို င်ကြေညာ ချက်တွေမှာ ပါခဲ့ပါတယ်။         
             ဒီဖွဲ့စည်းပုံက အခြေခံဥပဒေကို ပြင်ဆင်သင့်တယ်ဆိုတာဟာ ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်ကိုကြည့်ပြီးပြောတာပါ။ ကျွန်မတို့ အဖွဲ့တခုထည်း အတွက်ပြောတာမဟုတ်ပါဘူး။ တနိုင်ငံလုံး အတွက် ကျွန်မတို့ ပြည်ထောင်စု တိုင်းရင်းသားအားလုံးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ အတွက် ကျွန်မတို့ ဦးတည်ပြီး လုပ်သွားရမှာဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ အခု ဒီအခြေအနေရောက်မှ ဆို ကျွန်မလည်းပွင့်ပွင့်လင်းလင်း ပြောပါရစေ၊ ကျွန်မ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်ပြီးမှတ်ပုံတင်ရေးဘက်ကနေ ရပ်တည်တာပါ။ ဒီလိုမှတ်ပုံတင်ချင်တဲ့ အကြောင်းအရာဟာ ဒီလိုကိစ္စတွေ ပိုပြီးတော့ ထိထိရောက်ရောက် လုပ်ချင်လို့ပါ။ ဒါကိုကျွန်မ တို့ ဆွေးနွေးတိုင်ပင်ခြင်းအားဖြင့် ဒီလိုအခြေအနေ ထိရောက်လာတယ်လို့ ကျွန်မပြောပါရစေ။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာမယ်ဆိုတာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ် ဆိုတာက အတူတူပဲလို့ ပြောတဲ့သူတွေလဲ ရှိပါတယ်။ အဲဒါကတော့ ကျွန်မနဲ့ သဘောမတူပါဘူး။ အဲဒီလိုဆိုလို့ရှိရင် ဒီမိုကရေစီနဲ့ စည်းကမ်းရှိသော ဒီကရေစီဆိုတာလည်း အတူတူပဲလို့ ကျွန်မကိုပြောမလား ၊ တကယ်တော့ စကားလေးတွေကွဲလွဲတာပါ။ ဒါပေမယ့် ဒီစကားကွဲလွဲတဲ့အပေါ်မှာ အကျိုးသက်ရောက်မှုတွေ အများကြီးရှိပါတယ်။ ကျွန်မတို့ အားလုံးဟာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို လက်မခံကြဘူး စစ်မှန်တဲ့ ဒီမိုကရေစီဆိုပြီး ကျွန်မတို့ပြောကြတယ်။ ပြီးတော့ဘာဖြစ်လို့ ဒီနှစ်ခုကို ကျွန်မတို့ခွဲခြားပြီး မြင်နေတာလဲ၊ စကားလုံးပဲ ကွာတာပဲဆိုပြီး ပြောတဲ့သူကပြောကြမှာပေါ့။
တချို့က ဒီဟာကျတော့ စကားလုံးပဲကွာတာ မဟုတ်ဘူး၊ ဒါကမတူဘူးလို့ပြောပြီးတောင့် ထိန်း သိမ်းစောင့်ရှောက်တာနဲ့ လေးစားလိုက်နာခြင်းက အတူတူပဲလို့ ပြောလို့ရှိရင်တော့ ဒါစကားတွေကို ကိုယ် လိုရာ ဆွဲပြောရာရောက်ပါတယ်။ ကျွန်မတို့ဟာ အမြင်နဲ့ အလုပ်ကို သွားရမှာပါ။ ကိုယ်လိုရာ ဆွဲပြီး တော့ ပြောပြီးတော့ အလုပ်လုပ်သွားရမှာမဟုတ်ပါဘူး။
          ကျွန်မတို့ လေးစားလိုက်နာမယ်ဆိုတာ စောစောတုန်းက ဦးဉာဏ်ဝင်း ပြောသွားတဲ့ အတိုင်းပဲ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ ပါပြီးသားကိစ္စပဲဖြစ်ပါတယ်။နောက်ပြီးတော့ နိုင်ငံသူ နိုင်ငံသားတိုင်း
နိုင်ငံအသီးသီးမှာ လက်ခံရတဲ့အချက်တစ်ခုဖြစ်ပါတယ်။  ဒီတော့ဒီဥပဒေတွေကို ပြုပြင်ပေးရင်၊
ပြောင်းလဲပေးရင်တော့ ပြုပြင်ပြောင်းလဲပေးနိုင်ဖို့ ကြိုးစားဖို့ဟာတော့ နိုင်ငံသားတိုင်း အခွင့်အရေး ရှိတယ်လို့ ကျွန်မတော့ ဒီအတိုင်းပဲ ယုံကြည်ပါတယ်။
          ဒါကျွန်မတို့အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ နိုင်ငံကို အကျိုးပေးတယ်လို့ ကျွန်မတို့ မမြင်တဲ့ အချက်တွေကို ပြုပြင်ပြောင်းလဲ အချက်တွေကို ပြုပြင်ပြောင်းလဲဖို့ ကျွန်မတို့ကြိုးစားသွားရမှာလည်း ဒါနိုင်ငံသူ နိုင်ငံသားများရဲ့ တာဝန်တစ်ခု အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆောင်ရွက် သွားရ မယ်လို့ ကျွန်မ ဒီအတိုင်းပဲ ယုံကြည်ပါတယ်။ ဒီဟာဟာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို
ပြန်ပြီးတော့ မှတ်ပုံတင်တဲ့ အခါမှာ လုပ်ဆောင်ရမယ့် အဓိက လုပ်ငန်းကြီး တစ်ရပ်ဖြစ်တယ်လို့ ကျွန်မမြင်ပါတယ်။
          အဲဒီတော့ ဥပဒေ စိုးမိုးရေး၊ ဥပဒေ စိုးမိုးရေးကို ကျွန်မတို့ယုံကြည်မှတော့ မှန်ကန်တဲ့တရားတဲ့ ဥပဒေတွေဖြစ်ရမယ်၊ မှန်ကန်တဲ့ တရားတဲ့ ဥပဒေတွေဖြစ်ရေး အတွက် လုပ်ဖို့ဆိုတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကလည်း တရားမျှတပြီးတော့ မှန်ကန်ရအောင်လို့ ကျွန်မတို့ လုပ်ဆောင်ဖို့ ကြိုးစားဖို့တာဝန်ရှိတယ်လို့ ကျွန်မတို့ အဲဒီလိုပဲ ခံယူထားပါတယ်။
          ဒီအကျဉ်းကျနေတဲ့ ကျွန်မတို့ အဖွဲ့ဝင်တွေကို အဖွဲ့ကနေပြီးတော့ ထုတ်ပြစ်ဖို့ မလိုတော့ဘူး ဆိုတဲ့ကိစ္စကို ကျွန်မ အထူးရှင်းပြဖို့ မလိုပါဘူး။ ၂၀၁၀ တုန်းက အဲဒီလို စည်းမျဉ်း စည်းကမ်းပါလာတဲ့အတွက် ကျွန်မတို့ လက်မခံတော့ပါဘူး။ ဒါကတော့ လွယ်လွယ်လေးပါ။ ရှင်းရတာ၊ ကိုယ့်အတွက် ကိုယ်နိုင်ငံအတွက် ကိုယ်နိုင်ငံသားအတွက် ယုံကြည်ချက်နဲ့ အနစ်နာခံပြီးတော့ အကျဉ်းကျခံနေကြတဲ့ ကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်တွေကို ထုတ်ပြစ်ဖို့ ဆိုတာအင်မတန်မှ သိက္ခာမဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီလို သိက္ခာမဲ့တဲ့ ကိစ္စဆိုတာ နိုင်ငံရေး သိက္ခာကိုပြောတာပါ။ အဲဒီနိုင်ငံရေး သိက္ခာမဲ့တဲ့ ကိစ္စ၊ လူမှုရေး သိက္ခာကိစ္စလည်း ဖြစ်တယ်။ ကျွန်မတို့ လက်မခံနိုင်ဘူးဆိုပြီးတော့ လက်မခံတာဖြစ်ပါတယ်။ အခုဒီအချက်တွေလည်း ပြောင်းလဲသွားပြီ ဆိုတော့ ကျွန်မတို့ ထဲမှာ ပြဿနာမရှိပါဘူး။
          ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုရမယ်ဆိုတဲ့ ကိစ္စ ဒီဟာကို ကျွန်မ ၂ ခုခွဲပြီးတော့ ပြောချင်ပါတယ်။ ဥပဒေအရ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ် က တရားဝင်ပါတယ်။ ဒါဘယ်သူတွေ အသိအမှတ်ပြုတာ မပြုတာနဲ့ မဆိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘားမား ဂေဇက် (မြန်မာနိုင်ငံ အမိန့်ပြန်တမ်း)ထဲ မှာကြေညာပြီးသားပါ။ ဒီရွေးကောက်ပွဲမှာ အောင်မြင်ခဲ့တဲ့ ကိုယ်စားလှယ်များ စာရင်းဟာ ကြေညာထားပြီးသား ဆိုတော့ဒါဟာ ဘယ်ပုဂ္ဂိုလ် တဦး ဘယ်အဖွဲ့အစည်းတခု ဘယ်အစိုးရ တခုရဲ့ အတည်ပြုချက်မှ မလိုတော့ဘူး။ ဒီဟာမှာ တရားဝင်ဆိုတာလက်ခံထားပြီးသား ဖြစ်ပါတယ်။
          ဒီတော့ ကျွန်မတို့ က အသိအမှတ်ပြုတယ်ဆိုတာကို ဘာကိုဆိုလိုတာလည်း ဆိုတာကို ပြန်စဉ်းစားကြည့်တာတော့ ကျွန်မတို့ ၁၉၉၀ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ဟာ ပြည်သူလူထု ဆန္ဒနဲ့အညီ အဖွဲ့ချုပ်ကို ပြည်သူကနေပြီးတော့ သဘောကျတယ် ထောက်ခံတယ်။ အဖွဲ့ချုပ်ကို လိုလားတယ် ဆိုပြီးတော့ ရှင်းရှင်းလင်းလင်း ပြခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ကျွန်မတို့ အသိမှတ်ပြုခြင်း တရားဝင် အသိအမှတ်ပြုတာကို ကျွန်မတို့က လိုလားတာကို ပြောတာဖြစ်ပါတယ်။
          တရားဝင် အသိအမှတ်ပြုတယ်ဆိုတာကတော့ ငါဟာ ဘယ်သူကမှ စာရေးပြီးတော့ လက်မှတ်ထိုးပြီးတော့ တံဆိပ်ရိုက်စရာလည်း မလိုပါဘူး၊ ရှေ့တုန်းက ပြောထားတဲ့ အတိုင်း အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲမှာ နိုင်ခဲ့တယ်ဆိုတာ ဒါတရားဝင်ပဲ၊ ဒါဘယ်သူကမှ လာပယ်ဖျက်လို့ မရဘူး၊ ဒါဘားမားဂေဇက်ထဲမှာ ပါပြီး ပါပြီ။ ဘယ်လိုမှ ဒါကိုငြင်းပယ်လို့ မရဘူး။ ကျွန်မတို့ ကြားခဲ့ရတဲ့ အတိုင်းပဲ၊ ဦးခင်အောင်မြင့်ဟာ ဆိုရှိရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ အောင်နိုင်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ သတင်းမီဒီယာတွေ သိအောင်လို့ပြောခဲ့ပါတယ်။
          ဒါဟာဆိုလို့ရှိရင် ကျွန်မကတော့ ဒါကိုလက်ခံပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ စောစောတုန်းက ဒေါ်နန်းခင်ထွေးမြင့် ပြောခဲ့သလိုပဲ အပေးအယူလုပ်တယ်ဆိုတာ ကိုယ်လိုချင်တာ အားလုံးရမှ ဆိုတာတော့ အဲဒီလိုစိတ်နဲ့တော့ ကျွန်မတို့လုပ်လို့ မဖြစ်ပါဘူး။
ဒါကြောင့် အသိအမှတ်ပြုတယ်ဆိုတာ တချို့ကတော့ ဘယ်လိုနည်းနဲ့ အသိအမှတ်ပြုတာကိုပြောတာလဲ တော့မသိဘူး။ ကျွန်မအနေနဲ့ကတော့ ဘားမား ဂေဇက်ထဲမှာ ရှိနေတဲ့ဟာကို ဘယ်သူမှလဲ ပယ်ဖျက်လို့ မရဘူး ဒီလိုဟာက အဖြစ်အတိုင်းဖြစ်ခဲ့ပါတယ်။ ဆိုတာကိုတော့ အခုလိုလက်ရှိ ၂၀၁၀ ရွေးကောက်ပွဲ ကနေပြီးတော့ တက်လာတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောလိုက်တယ်ဆိုတာကို ကျွန်မတို့ လက်ခံနိုင်တဲ့အကြောင်းရှိတယ်လို့ ကျွန်မဒီလိုပဲ ပြောချင်ပါတယ်။ ဒါကို တချို့လွှတ်တော် ခေါ်ပေးရမယ်ဆိုပြီးတော့ ခုအချိန်ထိ အော်နေပါတယ်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲအရ လွှတ်တော် ခေါ်ပေးရမယ်ဆိုတာ ဒါကတော့ လက်တွေ့ကျတဲ့ ကိစ္စမဟုတ်ပါဘူး။ လက်တွေ့ကျတဲ့ တောင်းဆိုချက်တွေ မဟုတ်ပါဘူး။
          ၁၉၉၀ ခုနှစ်မှာ အရွေးခံရတဲ့ ကိုယ်စားလှယ် တချို့ကလည်း ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ ၀င်ပြီးတော့ တချို့လည်း လွှတ်တော်ထဲ ပြန်ရောက်နေတဲ့ သူတွေလည်း ရှိပါတယ်။ အဲဒီတော့ ကျွန်မတို့ဟာ လက်တွေ့ကျကျ နိုင်ငံရေး ရင့်ကျက်မှုနဲ့ စဉ်းစားစေချင်ပါတယ်။ ၊ အဲတော့ ကျွန်မက ၁၉၉၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း အခုထိ အာဏာပိုင်များရဲ့ လုပ်ဆောင်ချက် ဟာ လက်ခံနိုင်လောက်စရာဘာရှိလဲ ဆိုတာ ကျွန်မသုံးသပ်ပါတယ်။ ဒါကြောင့်မို့လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေပြီးတော့ ပြန်လည်ပြီးတော့ မှတ်ပုံတင်ရေးကို ကျွန်မထောက်ခံတာဖြစ်ပါတယ်။
          အဲဒါပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲ တွေမှာ ၀င်ရွေးဖို့အရေး ၀င်မရွေးဖို့ အရေး စည်းမျဉ်းစည်းကမ်းတွေ အရ ကျွန်မတို့ နေရာသုံးနေရာမှာ ၀င်ပြီးယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီသုံးနေရာနေပြီးတော့ စတိပေါ့လေ၊ အဖွဲရဲ့ရပ်တည်ရေး အတွက်လုပ်မှာလား၊ ၊ လစ်လပ်နေတဲ့ နေရာအားလုံးမှာ ယှဉ်ပြိုင်ပြီးတော့ ၀င်လာမှာလား ဆိုတော့ အများစုက ယှဉ်ပြိုင်ပြီးတော့ ၀င်မယ်လို့ပြောတာတွေရှိပါတယ်။ တချို့ကတော့ ခပ်တိုတိုပြောပြောရရင် ကျွန်မသဘောအတိုင်း ပဲ လုပ်ပါမယ်လို့ပြောတာလည်း ရှိပါတယ်။ ကျွန်မကတော့ ယှဉ်ပြိုင်စေချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီ တခုအနေနဲ့ မလှုပ်ရှားရတာ အတော်ကြာပြီ၊ နိုင်ငံရေးပါတီ တခုရဲ့ အလုပ်တွေကို မလုပ်ကြရတာတော်တော် ကြာပြီ၊ ကျွန်မတို့ပြန်ပြီးတော့ လေ့ကျင့်ယူရမယ်။ လေ့ကျင့်ယူရမယ်ဆိုရာမှာ ကျွန်မတို့ လူငယ်တွေ လက်ရှိရယ်၊ အရင်တုန်းက
လက်ဟောင်းနဲ့ လက်ရှိရယ် အားလုံးဟာ ပြန်ပြီးတော့ နိုင်ငံရေးပါတီ တခုအနေနဲ့ လုပ်သင့်လုပ်ထိုက်တာ ကိုလုပ်ရမယ်။
          ဒီမိုကရေစီ စနစ်အောက်မှာ နိုင်ငံရေး ပါတီ တစ်ခုထူထောင်ပြီ ဆိုကတည်းက အဓိကအားဖြင့်တော့ ရွေးကောက်ပွဲတွေမှာ တစ်ချိန်တစ်ခါမှာ ယှဉ်ပြိုင်ရတော့မှာပါ။ ဒီတော့ အဲဒါကလည်း ဒီမိုကရေစီ မူအရလည်း လုပ်သင့်တဲ့ ကိစ္စ ဖြစ်လို့ လုပ်ချင်တယ်။ ကျွန်မတို့ရဲ့ နိုင်ငံရေးပါတီ တစ်ခုရဲ့ လှုပ်ရှားတွေကို ပြန်ပြီးတော့ အသက်သွင်းပေးချင်တဲ့ အနေအထားနဲ့ဘဲ ကျွန်မလုပ်ချင်တာ ဖြစ်ပါတယ်။
သတင်းစာတွေကနဲ့ တူပါတယ် ကျွန်မ၀င်ပြိုင်မယ် ဆိုလို့ရှိရင် ကျွန်မရဲ့ သိက္ခာကို ထိမလား ဆိုပြီး တစ်ချို့က စိုးရိမ်နေတယ် စိုးရိမ်ကြပါတယ်တဲ့ ရှင်းရှင်း ပြောရမယ် ဆိုရင် ဒီလိုနိုင်ငံရေး လုပ်တဲ့နေရာမှာ ကိုယ့်ရဲ့သိက္ခာကို ကြည့်ပြီးလုပ်တယ်ဆိုတာ မလုပ်သင့်ပါဘူး။ လုပ်သင့်လုပ်ထိုက် တယ်ထင်လို့ရှိရင် လုပ်ရမှာဘဲ။ ကျွန်မအနေနဲ့ ကတော့ ၀င်ထိုက်တယ်လို့ ထင်ရင် ကျွန်မ၀င်မှာဘဲ ဒီဟာဟာ လူတစ်ဦးတစ်ယောက်ရဲ့ သိက္ခာနဲ့ မဆိုင်ပါဘူး။ လူတစ်ဦး တစ်ယောက်ဟာ သူ့ရဲ့ သိက္ခာကို အဓိကထား ပြီးတော့ လုပ်မယ်ဆိုလို့ရှိရင် ဒါဟာ ဆန္ဒစွဲနဲ့ လုပ်တဲ့ နိုင်ငံရေး ဖြစ်သွားပါမယ်။
          အခုကျွန်မတို့ လုပ်နေတဲ့ အလုပ်တွေဟာ တကယ်တော့ စွန့်စားချက် ဘဲလို့ ကျွန်မပြောရမှာဘဲ စွန့်စားရခြင်း မဟုတ်ပါဘူး။ အခြေအနေ သုံးသပ်ပြီးတော့ စွန့်စားသင့်တဲ့ အချိန် ရောက်လို့ စွန့်စားမယ် ဆိုပြီးဆုံးဖြတ်ရခြင်း ဖြစ်ပါတယ်။ ပြီးတော့ စွန့်စားတယ်ဆိုတာက ဘာအဓိပ္ပါယ်လဲ ဆိုတော့ တစ်ရာခိုင်နှုန်း အောင်မြင်ခြေ ရှိတယ်ဆိုပြီးတော့ ကျွန်မတို့ မပြောနိုင်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ တစ်ရာ ရာခိုင်နှုန်း အောင်မြင်ပါမယ်
ဆိုပြီး အာမခံရှိတဲ့ အလုပ်မျိုးမှ လုပ်မယ် ဆိုလို့ရှိရင် နိုင်ငံရေး လုပ်လို့ လုံးလုံးကို မဖြစ်ပါဘူး။ နိုင်ငံရေးမှာ ဘယ်တော့မှ တစ်ရာ ရာခိုင်နှုန်း အာမခံချက် ရှိတယ်လို့ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ တစ်ရာရာခိုင်နှုန်း အောင်မြင်ဖို့ အာမခံချက် ပေးနိုင်တဲ့ အလုပ်မှ လုပ်မယ်ဆိုရင်တော့ တခြားအလုပ်ရှာ ရပါလိမ့်မယ်။  ကျွန်မတို့ရဲ့ ယုံကြည်ချက်အရ သုံးသပ်ချက် အရ အောင်နိုင်ဖို့ အလားအလာ ကောင်းတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။  အောင်နိုင်ဖို့ အလားအလာ ကောင်းတယ်လို့လည်း ယုံကြည်တယ် လုပ်သင့်တယ်လို့လည်း ယုံကြည်တယ်။
          တခါတလေ အမှန်ပြောရမယ်ဆိုလို့ရှိရင် လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတစ်ခုကို လုပ်တဲ့နေရာမှာ အောင်နိုင်ဖို့ အလားအလာနည်းတယ် ထင်ရင်တောင် လုပ်ရမှာပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ လုပ်သင့်လုပ်ထိုက်လို့ ကိုယ်လုပ်တဲ့ အချိန်အခါမှာ မအောင်မြင်ရင်တောင်မှ ကိုယ်က မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် ချခဲ့တာကြောင့်မို့ နောင်လာမဲ့ လူတွေအတွက် လမ်းကပိုပြီးတော့ ခိုင်မာသွားမယ်။ ရှင်းလင်း သွားမယ်ဆိုတာတွေ ဖြစ်နိုင်ပါတယ်။ အခုအချိန်မှာကြတော့ ကျွန်မတို့က စွန့်စားပြီး ဆုံးဖြတ်တဲ့နေရာမှာ အောင်နိုင်မဲ့ အလားအလာ တွေကလည်းကောင်းတယ်လို့ မြင်တယ်။        
              ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်လို့ ကျွန်မမြင်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မရဲ့ဆုံးဖြတ်ချက်အရ လုပ်မယ်ဆိုတဲ့ လူတွေအတွက်က ကြတော့ အမျိုးသားဒိမိုကရေစီ အဖွဲ့ချူပ်ပြန်လည်ပြီးတော့ မှတ်ပုံတင်တဲ့ကိစ္စကို လက်ခံဖို့ လိုပါလိမ့်မယ်။ နောက်ပြီးတော့ လစ်လပ်နေတဲ့ နေရာ အားလုံးမှာ ၀င်ပြီးတော့ တတ်နိုင်သမျှ ယှဉ်ပြိုင်နိုင်ဖို့ကို ကျွန်မတို့လုပ်ရပါလိမ့်မယ်။
          ဒီလိုယှဉ်ပြိုင်တဲ့နေရာမှာ ကျွန်မအခုကတည်းက တခါထဲပြောထားချင်ပါတယ်။ ကျွန်မတို့ လူရွေးတဲ့ နေရာမှာအားလုံးက သိပြီးသားပါ။ လစ်လပ်နေတဲ့နေရာက လေးဆယ်ကျော်ပဲ ရှိပါတယ်။ တစ်ချို့က လေးဆယ်ကျော်ဆိုတာဟာ ဘာလုပ်ရမှာလဲဆိုတော့ ပြောတဲ့လူတွေကလည်း ရှိတယ်။ ကျွန်မတို့က အရည်အတွက်ကို ဦးတည်မှာလား အရည်အချင်းကို ဦးတည်မှာလား ဒါက ပထမဆုံးမေးရမဲ့ ကိစ္စပါ။ ဒီတော့ လေးဆယ်ကျော်မပြောနဲ့ လူတယောက်တောင်မှ စိတ်ဓါတ်ခိုင်မာလို့ ရှိရင် အများကြီးစွမ်းဆောင်နိုင်ပါတယ်။          ဒါကြောင့်ကျွန်မတို့ဟာ လေးဆယ်ကျော် ဆိုပေမဲ့ နည်းတယ်လို့ ထင်လို့ ရှိရင် နည်းတယ်လို့ ပြောတဲ့လူတွေက အဲဒီဟာအားလုံးကို အောင်နိုင်အောင် လုပ်ပြပါ။ ဒီလောက်ဆို ဒီလောက်နည်းနည်းလေးပဲ ဆိုရင်အပျော့ပေါ့ဆိုပြီး လုပ်ပြလေ။ နည်းတယ်လို့ ထင်လို့ရှိရင် အဲလောက်တော့ လုပ်ပြရမှာပေါ့။
          ဒါဟာကျွန်မတို့ ဒိလိုလုပ်တဲ့နေရာမှာ သဘောထားကြီးကြီးနဲ့ အနာဂတ်ကို ကြည့်ပြီးတော့ လူရွေးရမယ်။ ဒါကျွန်မတို့ အစမ်းသဘောပဲပေါ့။ တနည်းအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် ဒီပထမ အတွင်းမှာ ကျွန်မတို့ စမ်းပြီးတော့ ထည့်လိုက်တာလို့ ပြောလို့ရတယ်။ စမ်းပြီးတော့ ထည့်လိုက်တာဆိုတာ ကျွန်မတို့အတွက်တင် စမ်းတာမဟုတ်ဘူးနော်။ ပြည်သူကလဲ ကျွန်မတို့ကို စမ်းမှာပဲ။ အစတုန်းကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထပ်တလဲလဲ ပြောခဲ့တယ်။ ရွေးကောက်ပွဲကို ရွေးကောက်ခံခဲ့ရတယ်။ သို့သော်ငြားလဲ ဘာမှလုပ်ပိုင်ခွင့် မရခဲ့ဘူး။ အခုလုပ်ကိုင်ခွင့် ပိစိကွေးလေး ရတဲ့အချိန်မှာ ဘယ်လောက်လုပ်နိုင်လဲလို့ ပြည်သူက ကြည့်နေမှာဖြစ်တယ်။
          ပြည်သူကသုံးသပ်နေမှာ ပြည်သူကနေပြီးတော့ ကျွန်မတို့ကိုစီရင်ချက်ချမှာ။ အဲဒါကြောင့်မို့လို့ စကတည်းက ကျွန်မတို့သဘောထား ကြီးကြီးနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကိုကြည့်ပြီးနိုင်ငံရဲ့ လိုအပ်ချက်ကို ကြည့်ပြီးတော့ ကျွန်မတို့ ဆုံးဖြတ်ပြီးတော့ သွားရမှာပါ။
အခုဒီကျွန်မတို့ အဖွဲ့ချုပ်ဝင်တွေစာထဲမှာ ကျွန်မတို့ပြန်ပြီးတော့ မှတ်ပုံတင်ရွေးကောက်ပွဲ လစ်လပ်နေတဲ့နေရာတွေ မှာဝင်ရေးကို သဘောမတူတဲ့ အဖွဲ့ဝင်များဟာလည်း ကျွန်မတို့နဲ့ အတူလက်တွဲပြီးတော့ စိတ်ရောကိုယ်ပါ အတတ်နိုင်ဆုံး ကြိုးစားကြိုးစား သွားကြပါလို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မစောစောက ပြောခဲ့တဲ့ အတိုင်းပါပဲ၊ ဒါဒီမိုကရေစီပဲ၊ ကိုယ်ဟာ ဘယ်လောက် ဒီမိုကရေစီချစ်မြတ်နိုးတယ်ဆိုတာ ဒီဟာမျိုးကပြတယ်။
          ကိုယ်သဘောမတူတဲ့ ကိစ္စဖြစ်ရင်တောင်မှ ဒီမိုကရေစီ သဘောထား အရ ကိုယ်ကနေပြီးတော့ ရှိသမျှ အင်အားတွေနဲ့ ဖေးမပေးမယ်။ အောင်မြင်အောင် လုပ်ပေးမယ်ဆိုတဲ့စိတ်ဓါတ်ကို မွေးမြူစေချင်ပါတယ်။ ဒီလိုစိတ်ဓါတ်တွေနဲ့ ကျွန်မတို့ လုပ်သွားမယ်ဆိုလို့ ရှိရင် အောင်နိုင်မှုဆိုတာ သေချာပေါက် ကျွန်မတို့ရမှာပါ။
ကျွန်မတို့နဲ့ အရင် ကျွန်မလွတ်လာတဲ့ အချိန်အထိတော့ စပြီးတော့ တွဲခဲ့တဲ့ ဒီမိုကရေစီ ကွန်ရက်ထဲက ပုဂ္ဂိုလ်များလည်း ရှိပါတယ်။ အဲဒီပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကိုလည်း ကျွန်မတို့ ထည့်ပြီး၊ စဉ်းစားပြီးတော့ ဆက်လုပ်သွားစေချင်ပါတယ် ဆိုတာကိုတော့ ကျွန်မအခုကတည်းက ပြောထားပါရစေ။
          ကိုယ်လိုတဲ့ အခါသုံးပြီး မလိုတဲ့အခါ ပစ်တဲ့ အဖွဲ့အစည်းမျိုး လုံးဝမဖြစ်စေချင်ပါဘူး။ အမြဲတမ်းကျွန်မတို့ အပေါ်မှာ ကောင်းခဲ့တဲ့သူ၊ ရဲဘောရဲဘက် တွေ၊ မဟာမိတ်တွေနဲ့ ဆက်ပြီးတော့ လက်တွဲသွားပြီးတော့ ကျွန်မတို့ နိုင်ငံဟာ အားလုံးလိုချင်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုဖြစ်တဲ့ အထိ ကျွန်မတို့ ဆက်ပြီးတော့ လျှေက်လှမ်းသွားမယ် ၊ အဲဒါအတွက် အားလုံးက စုပြီးတော့ တက်တက်ကြွကြွနဲ့ ၀ိုင်းပြီးတော့ ပါဝင်ကြပါဆိုပြီးတော့
ကျွန်မကနေပြီးတော့ မေတ္တာရပ်ခံချင်ပါတယ်။
          အလုပ်တွေများမယ့် ကိစ္စဖြစ်လာပြီဆိုတော့ အားလုံးဟာ နံပါတ် ၁ ကတော့ မှန်ကန်တဲ့ စိတ်ဓါတ်တွေကို တောင့်ထားရမှာပါ။ မမှန်ကန်တဲ့ စိတ်ဓါတ်တွေကိုတော့ ပယ်ရှားလိုက်ပါ။ မှန်ကန်တဲ့ စိတ်ဓါတ်တွေနဲ့ ကျွန်မတို့ရှေ့ကို ဆက်ပြီးတော့ သွားရမယ်၊ အခက်အခဲတွေ အများကြီးရှိမယ်။ ဒါကျွန်မတို့ လွယ်တဲ့ လမ်းလို့ မပြောခဲ့ပါဘူး။ စပြီးတော့ ဒီလမ်းကြီးဟာ လွယ်ခဲ့တာမဟုတ်ပါဘူး။ ဒီလမ်းကြီးကလည်း အဆုံးမရှိတဲ့လမ်းပါ။ တကယ်တော့ ဒီမိုကရေစီဆိုတာ အဆုံးမရှိတဲ့လမ်းပါ။ ဒီမိုကရေစီအစိုးရတခု တက်ပြီးရင် တာတောင်မှ တည်တံ့ခိုင်မြဲဖို့ လုပ်ရတာတွေ အများကြီးရှိပါတယ်။ အခုကမ္ဘာမှာကြည့်လိုက်လို့ ရှိရင် အင်မတန်မှ ၀ါရင့်နေပြီဖြစ်တဲ့
ဒီမိုကရေစီနိုင်ငံတွေတောင်မှ ထပ်တလဲလဲ ပြဿနာတွေ ပေါ်တယ်။ ထပ်တလဲလဲ အခုလက်ရှိ ခေတ်ရဲ့ လိုအပ်ချက်တွေနဲ့ ဒီမိုကရေစီမူတွေကို ဘယ်လိုညှိရမလဲ၊ ဒီမိုကရေစီစံနှုန်းထားတွေကို ဘယ်လိုညှိရမယ် ဆိုတဲ့ ပြဿနာတွေဟာ အမြဲပေါ်နေတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့လည်း ထပ်တလဲလဲ ထပ်ပြီးတော့ ကြိုးစားသွားရမယ် အင်မတန်မှ ခက်ခဲတဲ့လမ်းအရှည်ကြီးကို လျှောက်တဲ့အခါ မှာ ရဲဘော်ရဲဘက် စိတ်အပြည့်နဲ့ တဦးအပေါ်တဦး သစ္စာစောင့်ထိန်းပြီး တော့ နိုင်ငံအကျိုး ပြည်သူ့အကျိုးကိုသာ မျက်နှာမူပြီး လုပ်သွားကြပါလို့
ကျွန်မမေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။            ။
(မိန့်ခွန်း အစတွင် ၀ါကျ အနည်းငယ်ကျကျန် ခဲ့ပါသည်။ YPI)
..................................................................................

NLD ပါတီ မှတ်ပုံတင်သင့်-မသင့် အပေါ် အမြင်အမျိုးမျီုး..



တကယ်တော့ နိုင်ငံရေးမှာ ထာဝရ ရန်သူ။ ထာဝရ မိတ်ဆွေဆိုတာ မရှိဘူးဆိုတဲ့အကြောင်း လူတိုင်း သိပီး ဖြစ်ပါတယ်။ ဒါပေမဲ့ လူအတော်များများဟာ အဲဒီ မရှိတဲ့ ထာဝရ-ဆိုတာကို စောင့်မျော်ရင်းနဲ့ တခဏ များစွာကို ဆုံးရှုံးခံလေ့ရှိပါတယ်။

ဥပမာ- ထာဝရ ငြိမ်းချမ်းရေးရမှ အပစ်ရပ်ရေးလုပ်မယ်။ ထာဝရခိုင်မာတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ မျီုးရမှ ရွေးကောက်ပွဲဝင်မယ်။ ဒီ ၂၀၀၈-ဖွဲ့စည်းပုံနဲ့သာဆိုရင် စစ်အာရှင်စနစ်အောက်ကနေ ထာဝရ လွတ်တော့မှာမဟုတ်ဘူး။ ထာဝရ အာမခံချက်ရမှ ပူးပေါင်းဆောင်ရွက်မှုလုပ်နိုင်မယ်...စသဖြင့်-စသဖြင့်..။


ဒီလို ထာဝရ ဆိုတဲ့သဘောတရားကိုရှေ့တန်းတင်ရင်းနဲ့ လက်တလောအခွင့်ရေးတွေကို ဆုံးရှုံးခံခဲ့ကြတာ လွန်ခဲ့တဲ့ နှစ် ၂၀-ကျော်အတွင်း သာဓက များစွာကို စာဖတ်သူတို့တွေ့မိကြမှာပါ။ တနည်းအားဖြင့် ပြော မယ်ဆိုရင်တော့ ကြောင်ဖြူ-ကြောင်မဲငြင်းခုန်ရင်းနဲ့ ကြွက်က ထွက်ပြေးလွတ်မြောက်သွားတဲ့အကြိမ် မနဲ လှတော့ပါဘူး။

ဆိုတော့... ဒီတကြိမ်မှာလဲ မရှိတဲ့ ထာဝရ-ဆိုတာကို စောင့်ရင်းနဲ့ အခွင့်ခါကောင်းတခုကို လက်လွတ်ခံကြ ဦးမလား။ ဘက်စုံ-ဒေါင့်စုံကနေ အားလုံး ၀ိုင်းစဉ်းစားသင့်တယ်လို့ထင်ပါတယ်။ မီးစင်ကြည့်ကတယ်ဆို တာကို မူ-မရှိတဲ့သူတွေရဲ့အလုပ်လို့ မူ-(သီအိုရီ) သမားတွေက ဝေဖန်လေ့ရှိပေမဲ့ ပေါ်လာတဲ့အခွင့်ရေးကို အမိအရ အသုံးချပိး တိုင်းပြည်ကောင်းအောင်လုပ်တာကို မူ-မရှိတဲ့လူတွေရဲ့အလုပ်လို့ ပြောလို့မဖြစ်နိုင်ပါ။

မူ-သမားတွေက ထာရ၀ကိုစောင့်ရင်းနဲ့ တခဏများစွာကျနော်တို့ဆုံးရှုံးနေချိန်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အစိုးရ ၁၀-ကျော်ပြောင်းလဲခဲ့ပါပီ။ တခြား အာဆီယံ-နိုင်ငံတွေမှာလဲ အပြောင်းလဲတွေဖြစ်နေပါပီ။ ဒီအပြောင်းလဲတွေအားလုံးဟာ တခဏမှာပေါ်လာတဲ့အခွင့်ခါကောင်းတွေကို လက်လွတ် မခံဘဲ ဆောင်ရွက်လာခဲ့ကြလို့ဖြစ်ပါတယ်။

ထာဝရ-ကိုစောင့်နေတဲ့ ကျနော်တို့နိုင်ငံမှာ။ တနည်းအားဖြင့် အကုန်ရရင်ရ မရရင်ဘာမှမလိုချင်ဘူးဆိုတဲ့ ကျနော်တို့ရဲ့စဉ်းစားပုံတွေကြားမှာ တခြားနိုင်ငံတွေနဲ့စာရင် အပြောင်းလဲက မရှိသလောက်ပါဘဲ့။

ဒါကြောင့် လက်တလောဖြစ်ပေါ်နေတဲ့ အခွင့်အခါကောင်းကို အမိအရဖမ်းကိုင်ပီး ပြည်သူတွေအကျိုး ရှိဖို့ အတွက် ၀ိုင်းလုပ်သင့်တယ်လို့ထင်ပါတယ်။ လက်ရှိဖြစ်ပေါ်တိုးတက်နေတဲ့ အပြုသဘောဆောင် လမ်းကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ပိုင်ပိုင်နိုင်နိုင် ဦးဆောင်သွားနိုင်ရေးအတွက် ၀ိုင်းဝန်းထောက်ခံသင့်တယ်လို့မြင်မိပါတယ်။ 
.............................................................................................


 ကြားဖြတ်ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ဖွယ်ရှိ
2011-11-13 (RFA)
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ဖွယ်ရှိကြောင်း NLD ပါတီက ပြောဆိုလိုက်ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပြန်လည် မှတ်ပုံတင်ကောင်း တင်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း ရွေးကောက်ပွဲ ဝင်နိုင်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောဆိုတယ်ဆိုပြီး AFP သတင်းဌာနက ဖော်ပြထားပါတယ်။


အခုလို ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကို RFA က မေးမြန်းကြည့်တဲ့အခါ ဦးဉာဏ်ဝင်းက…

“ဒါ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေပါလိမ့်မယ်။ ကျနော့်အနေနဲ့ကတော့ မြင်ရတွေ့ရတဲ့ အခြေအနေပေါ်မှာ ဖြစ်နိုင်ခြေရှိတယ်လို့ ကျနော်ပြောခဲ့ပါတယ်”

အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှာ အမတ်နေရာ ၄ဝ လောက် လစ်လပ်နေတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပြီး ပြန်လည်ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲ ဘယ်တော့ ကျင်းပမယ် ဆိုတာကိုတော့ ဦးသိန်းစိန်အစိုးရက ကြေညာထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ သောကြာနေ့က NLD ပါတီ တာဝန်ရှိသူတွေ အစည်းအဝေးတရပ် ကျင်းပခဲ့ပေမယ့် ပါတီမှတ်ပုံတင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေးကို ဆုံးဖြတ်ချက် မချရသေးဘဲ လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့ကို ရွှေ့ဆိုင်းထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ် ရွေးကောက်ပွဲနယ်မြေက ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုတာမျိုး တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
 ...............................................................................................................

NLD ရွေးကောက်ပွဲဝင်ရေးအပေါ် ဦးဝင်းတင်အမြင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ ပါတီ မှတ်ပုံတင်ရေးကိစ္စနဲ့ပတ်သက်လို့ ဘာမှ ပြောစရာမရှိပေမဲ့ ရွေးကောက်ပွဲဝင်ရေး ကိစ္စကိုတော့ အများကြီး စဉ်းစားရလိမ့်မယ်လို့ NLD ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။ ရွေးကောက်ပွဲဝင်ရေး ကိစ္စဟာ ၂၀၀၈ အခြေခံဥပဒေအပေါ် သဘောထားနဲ့ သက်ဆိုင်တယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

NLD ပါတီ မှတ်ပုံတင်ရေးကိစ္စနဲ့ တပါတည်း ပါတီရွေးကောက်ပွဲ ၀င်သင့်မ၀င်သင့် ဆိုတဲ့ အကြောင်းအရာတွေက မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ အခုတလော အတော်လေး လူပြောများလာနေတဲ့ ကိစ္စပါ။ ဒီကိစ္စကို NLD ဗဟိုကော်မီတီဝင်တွေ စည်းဝေးထိုင်ပြီးမှ ဆုံးဖြတ်မှာဖြစ်ပေမဲ့ ပါတီမှတ်ပုံတင်ရေး ကိစ္စအတွက် ဘာမှ အငြင်းပွားစရာ မရှိပေမဲ့ မှတ်ပုံတင်ပြီး နောက်ဆက်တွဲဖြစ်လာမယ့် ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးဆိုတဲ့ကိစ္စကတော့ အများကြီး စဉ်စားကြရမယ်လို့ ဗဟိုကော်မီတီဝင်တစ်ဦးဖြစ်သူ ဦးဝင်းတင်က သူ့သဘောထားကို အခုလို ထုတ်ဖော် ပြောဆိုလာတာပါ။

“ဒီကိစ္စက အပိုင်းနှစ်ပိုင်းရှိတယ်လို့ ကျနော် ယူဆတယ်။ တစ်ပိုင်းက မှတ်ပုံတင်ရေးကိစ္စ၊ တစ်ပိုင်းက ရွေးကောက်ပွဲဝင်ရေးကိစ္စပေါ့။ ရွေးကောက်ပွဲဝင်ရေးကိစ္စနဲ့ ပတ်သက်လာပြီဆိုရင်တော့ အတော်ကို စဉ်းစားရမယ့်ကိစ္စတွေ၊ စဉ်းစားစရာတွေ၊ မေးခွန်းထုတ်စရာတွေ၊ ဒွိဟ သံသယတွေ တော်တော်များများ ပေါ်နိုင်လိမ့်မယ်လို့ ထင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲဝင်တဲ့ကိစ္စက ကျနော်တို့က ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ကျနော်တို့ လက်ခံသလား၊ လက်မခံဘူးလား ဆိုတဲ့ဟာနဲ့ စဉ်းစားရမယ့်ဟာကိုး။ ဒါကတစ်ချက်။ နောက်တစ်ချက်က ကျနော်တို့တွေ ၀င်သွားမယ့်လွှတ်တော်ဆိုတော့ နေရာဒေသကလည်း ဘာပဲပြောပြော ၂၀၀၈  အခြေခံဥပဒေလွှမ်းမိုးနေတဲ့ နေရာဒေသဖြစ်တဲ့အခါကျတော့ ကျနော်တို့ အဲဒီလွှတ်တော်ထဲကို ၀င်သွားဖို့အတွက် ရွေးကောက်ပွဲ ၀င်ကြမယ်ဆိုတဲ့ကိစ္စမှာ ကျနော်တို့ ပါတီဝင်ထုကြားထဲမှာ အများကြီး စဉ်းစားတဲ့သူတွေ ဒွိဟ သံသယတွေ ပေါ်နိုင်တယ်လို့ ကျနော်ထင်တယ်။”

ရွေးကောက်ပွဲဝင်ရေးကိစ္စအတွက် ပါတီတွင်းမှာ ကွဲလွဲတဲ့ အယူအဆတွေ ရှိနိုင်တာကြောင့် သူ့အနေနဲ့ အခုလို ပြောတာဖြစ်တယ်လို့ ဦးဝင်းတင်က ဆက်ပြောပါတယ်။
“ကျနော် ပြောနိုင်တာတစ်ခုကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီ မှတ်ပုံတင်ကိစ္စရော၊ ရွေးကောက်ပွဲဝင်ရေး ကိစ္စရောမှာ သေချာတာတစ်ခုကတော့ ကျနော်တို့မှာ ကွဲလွဲတဲ့အယူအဆတွေ၊ ကွဲလွဲတဲ့ အမြင်တွေ၊ သဘောထားတွေ၊ ရပ်တည်ချက်တွေ၊ တောင်းဆိုချက်တွေ စသည်ဖြင့် အများကြီး ကွဲလွဲမှုတွေ ရှိနိုင်တယ်။ ဒါ သေချာတယ်။ ဒါကို ကျနော်တို့ ဘာမှငြင်းစရာမလိုဘူး။ သို့သော် အဲဒီကွဲလွဲမှုတွေ အားလုံးကို ကျနော်တို့ ပါတီရဲ့ အစဉ်အလာရှိတဲ့အတိုင်းပဲ ဆုံးဖြတ်ချက်မှာတော့ ကျနော်တို့ပါတီဟာ တညီတညွတ်တည်း ဆုံးဖြတ်နိုင်တဲ့အစဉ်အလာအတိုင်းပဲ ဆုံးဖြတ်လိမ့်မယ်လို့ ကျနော်ကတော့ ထင်မြင်တယ်ဗျာ။”

ပါတီမှတ်ပုံတင်ရေးကိစ္စနဲ့ပတ်သက်လို့ မကြာခင်ရက်ပိုင်းအတွင်း ဗဟိုကော်မီတီ စည်းဝေးထိုင်ပြီး ဆုံးဖြတ်ဖို့ရှိတယ်ဆိုတာ သိရပေမဲ့ ဘယ်နေ့ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။
၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီများ မှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေစဉ်းမျဉ်းတွေအပေါ် သဘောမတူတဲ့အတွက် NLD က မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပေမဲ့ အခု အဲဒီဥပဒေတွေကို ပြီးခဲ့တဲ့လကုန်ပိုင်းအတွင်း ပြင်ဆင်ဖို့ လွှတ်တော်က ဆုံးဖြတ်ပြီး သမ္မတက လက်မှတ်ထိုးလိုက်ပြီ ဖြစ်တာကြောင့် ပါတီမှတ်ပုံတင်ရေး ကိစ္စအတွက်တော့ အလွယ်တကူ ဆုံးဖြတ်ချက် ကျနိုင်လိမ့်မယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

“မှတ်ပုံတင်ရေးကိစ္စနဲ့ပတ်သက်လို့ကတော့ ကျနော်တို့တွေ အရင်တုန်းက ၂၀၁၀ တုန်းက ငြင်းဆန်ခဲ့တဲ့ ပါတီမှတ်ပုံတင်ခြင်း ဆိုတဲ့နေရာမှာ ရွေးကောက်ပွဲဥပဒေအရ သတ်မှတ်ထားတဲ့ စည်းကမ်းတွေပေါ့ဗျာ၊ စကားလုံးတွေ သက်သာအောင်လုပ်ပေးတဲ့ သက်သာပျော့ပြောင်းတဲ့ ပေါ့ဗျာ စည်းကမ်းချက်များ ဖြစ်တဲ့အတွက် ကျနော် ထင်တယ်၊ ကျနော်တို့ ပါတီဝင်ထုတွေကြားထဲမှာ ဒီကိစ္စက သိပ်ပြီးတော့ ပြဿနာရှိလိမ့်မယ်လို့ ကျနော် သိပ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တွေက ဒီမိုကရေစီပါတီ ဖြစ်တယ်၊ တောခိုမယ့်ပါတီလည်း မဟုတ်ဘူးဗျာ၊ မြေသျှိုးမယ့်ပါတီလည်း မဟုတ်ဘူးဆိုတဲ့အခါကျတော့ ကျနော်တို့ဟာ ဒီမိုကရေစီပါတီပီပီ ဥပဒေဘောင်အတွင်းမှာ နေချင်ကြတာပေါ့။”

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် ပြောပြခဲ့တာပါ။
ပြည်နယ်တိုင်းတွေမှာရှိတဲ့ NLD အဖွဲ့ဝင်တွေက လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဗွီအိုအေ မြန်မာပိုင်းကို ပြောပြခဲ့တဲ့ သဘောထားတွေအရကတော့ မှတ်ပုံတင်ရေးကိစ္စအတွက် ပါတီဝင်အများစုက ယေဘုယျအားဖြင့် သဘောတူကြပေမဲ့ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးဆိုတဲ့ကိစ္စအပေါ်မှာ သဘောထားကွဲပြားမှုတွေ ရှိနေတယ် ဆိုတာကို ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။
...............................................................................................

NLD မှတ်ပုံတင်နိုင်ဖွယ်ကိစ္စ တုံ့ပြန်ချက်များ

NLD ပါတီ ပြန်လည် မှတ်ပုံတင်ခဲ့မယ်ဆိုရင် နိုင်ငံရေးအရ ပိုပြီး လုပ်ဆောင်လာနိုင် လိမ့်မယ်လို့ ယူဆနေကြသလို တဘက်ကလည်း ဒီအချိန်မှာ ပြန်ပြီး မှတ်ပုံတင်လိုက်ရင် မြန်မာ့ဒီမိုကရေစီပန်းတိုင်က ပိုပြီးများ ဝေးကွာသွားလေမလား ဆိုပြီး စိုးရိမ်မှုတချို့ ရှိနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လွှတ်တော်က ပြင်ဆင်လိုက်တဲ့ ပါတီမှတ်ပုံတင် ဥပဒေ ထွက်လာရင် ပါတီ မှတ်ပုံတင်မယ် မတင်ဘူးဆိုတာကို ယတိပြတ် ဆုံးဖြတ်မယ်ဆိုပြီး အောက်တိုဘာလ ၃၀ ရက်နေ့က ပြောဆိုလိုက်တာပါ။ ဒီအပေါ်မှာ မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းရဲ့ သဘောထား အမြင်က ဘယ်လိုရှိသလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ရေး မတင်ရေးက အသစ်ပေါ်ထွက်လာမယ့် ပါတီမှတ်ပုံတင်ခြင်း ဥပဒေပေါ်မှာ မူတည်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံအပြီးမှာ ပြောဆိုလိုက်ပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ကတော့ NLD အနေနဲ့ နိုင်ငံရေး ပါတီအဖြစ် တရားဝင် ပြန်ပြီး မှတ်ပုံတင်ခဲ့မယ်ဆိုရင် နိုင်ငံရေးလှုပ်ရှားမှုတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင် လိမ့်မယ်လို့ ယူဆပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ တွေ့ဆုံဆွေးနွေးမှုကနေ နိုင်ငံရေး အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်လိုမျိုး၊ ပါတီ တရားဝင်မှတ်ပုံတင်ရေးလို ကိစ္စမျိုးတွေ ပြောဆို ဆွေးနွေးမှုတွေက မှန်ကန်တဲ့ နိုင်ငံရေး အလှည့်အပြောင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့လည်း ယူဆတဲ့အကြောင်း CRPP ရဲ့ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။

“မှတ်ပုံတင်ခြင်းအားဖြင့် ပါတီရဲ့လုပ်ငန်းတွေ၊ စည်းရုံးရေးလုပ်ငန်းတွေ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ်လို့တော့ NLD ရဲ့ ခေါင်းဆောင်ပိုင်းတွေက ပြောတာတွေလည်း ကြားဖူးပါတယ်။ ဒီအပေါ်မှာတော့ ကျနော်တို့ကလည်း ဒီလို အပေးအယူလုပ်တယ်။ တဘက်နဲ့တဘက် အပြန်အလှန် ယုံကြည်မှုတွေ ရှိလာတယ်ဆိုရင် ပါတီမှတ်ပုံတင်တာကတော့ ကောင်းမယ်လို့ ထင်ပါတယ်။ ဒါကို ကျနော်တို့ အခုလာမယ့် လဆန်းမှာ ပြုလုပ်မယ့် အစည်းအဝေးမှာ ဒါတွေကိုလည်းပဲ ဆွေးနွေးသွားဖို့ရှိပါတယ်။ NLD က အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်တာတွေ လုပ်လာမယ်၊ တရားဝင်ပါတီအဖြစ် ရပ်တည်လာမယ် ဆိုရင်တော့ ကျနော်တို့ ပြန်လည် သုံးသပ်တဲ့လုပ်ငန်းတွေကိုလည်း CRPP မှာလည်း လုပ်ဖို့ရှိပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ တရားဝင်ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ဖို့အတွက် ပါတီခေါင်းဆောင်ပိုင်းက ဆုံးဖြတ်မယ်ဆိုရင် ပြည်ပအခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (NLD-LA) အနေနဲ့ ကန့်ကွက်စရာ မရှိဘူးလို့ NLD-LA ရဲ့  ဥက္ကဋ္ဌ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်သူ့ကိုယ်စားလှယ် ဦးဘိုသောင်းက ပြောပါတယ်။

“အဖွဲ့ချုပ်ဗဟိုကနေ ဆုံးဖြတ်ဆောင်ရွက်တာကို ကျနော်တို့ကတော့ လိုက်နာဆောင်ရွက်မှာ ဖြစ်တယ်လေ။ ကျနော်တို့မြင်တာကတော့ နိုင်ငံရေးပါတီရယ်လို့ဖြစ်လာရင်တော့ နိုင်ငံရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့၊ နိုင်ငံရေးအာဏာ ရယူဖို့၊ နိုင်ငံရေးအာဏာ ရယူမှ ကိုယ်လိုချင်တဲ့လူထုအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကျနော်တို့က ဆောင်ကြဉ်းနိုင်မှာ ဖြစ်တာကိုး။ အထဲက ခေါင်းဆောင်မှုဖြစ်တဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ ရှိတယ်၊ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တွေ ရှိတယ်။ မြို့နယ်အသီးသီးက ခေါင်းဆောင်တွေ ရှိတယ်။ အဲဒီလို အားလုံးရဲ့ သဘောတူဆန္ဒနဲ့အညီ ဆုံးဖြတ်ဆောင်ရွက်ကြလိမ့်မယ်လို့ ကျနော်တို့ အလေးအနက် ယုံကြည်တဲ့အတွက် တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတယ်မယ်ဆိုတဲ့ ကိစ္စကိုတော့ ကျနော်တို့အနေနဲ့ ကန့်ကွက်စရာမရှိဘူးလို့ ကျနော် ပြောချင်ပါတယ်။

“အဲဒီတော့ ကျနော်တို့က NLD လွတ်မြောက်နယ်မြေသည် ကျနော်တို့ ရှိနေခြင်းက အကျိုးရှိမလား၊ အကျိုးယုတ်စေနိုင်မလား။ အကျိုးယုတ်စေနိုင်မယ်ဆိုရင်တော့ ကျနော်တို့က အားလုံးရဲ့ ညှိနှိုင်းဆောင်ရွက်မှုနဲ့ NLD-LA ရှိသင့်မသင့်၊ ဆက်ပြီး ဆောင်ရွက်သင့်မသင့် ကျနော်တို့ ၀ိုင်းဝန်းဆုံးဖြတ်သွားကြရမှာ ဖြစ်တယ်လေ။ သို့သော်လည်း ကျနော်တို့ကတော့ NLD-LA က ယခင်ကလည်း မိခင် NLD ဆောင်ရွက်နိုင်တဲ့ ကိစ္စပေါ့။ ဥပမာ - ဒီဘက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ကျနော်တို့က နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နိုင်တယ်။ ကျနော်တို့နဲ့ သူတို့ကြားမှာ နားလည်မှုတွေ တည်ဆောက်နိုင်တယ်။ အလုပ်တွေ အတူတူလုပ်နိုင်တယ်။ 
ဒီဟာတွေအတွက်တော့ ကျနော်တို့က NLD-LA က ရှိဖို့လိုအပ်တယ်ဆိုရင်တော့ ဆက်ရှိနေဦးမှာပဲ။”

NLD အနေနဲ့ ပါတီ မှတ်ပုံတင်ရေး မတင်ရေး ဆုံးဖြတ်တာမှာ လက်ရှိ နိုင်ငံရေး အကျဉ်းသားအရေး၊ တိုင်းရင်းသားအရေးနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး ကိစ္စတွေကို ထည့်သွင်း စဉ်းစားဖို့တော့ လိုတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် တပ်ပေါင်းစု (FDB) ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်က ပြောဆိုပါတယ်။

“ကျနော်တို့အားလုံး တိုင်းပြည်ကို ပြန်လည်ကောင်းအောင် လုပ်စေချင်တယ်ဆိုရင်တော့ အခြေခံကောင်းတဲ့ အခြေအနေတစ်ရပ် ရှိဖို့လိုပါတယ်။ အဲဒါက နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ရမယ်။ နောက်ပြီးတော့မှ ရန်သူတွေရဲ့အပြုအမူတွေ ရပ်ဆိုင်းတဲ့အနေနဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ရမယ်။ တွေ့ဆုံဆွေးနွေးပွဲဆိုတာ ပေါ်ရမယ်။ အဲဒါဆိုလိုရရှိရင် တစ်ယောက်နဲ့တစ်ယောက် ရန်ရှာစရာမလိုဘဲနဲ့ အားလုံးကနေပြီးတော့ သွားလို့ရတဲ့ အနေအထားမျိုးပေါ့။

အဲဒီလိုဟာမျိုးကို အာမခံချက် အားလုံးကိုပေးတယ်ဆိုရင် အတုံ့အပြန် အနေနဲ့ ပြန်လည်တောင်းဆိုလာနိုင်တာက… ဒါဆိုလို့ရှိရင်လည်းဗျာ လောလောဆယ်တော့ ပါတီ မှတ်ပုံတင်ထားလိုက်ပါ။ ကျနော်တို့အားလုံး ကျေနပ်လို့ရအောင် ရွေးကောက်ပွဲလေးတော့ ၀င်ထားလိုက်ပါ။ သို့သော်လည်း ကျနော်တို့ နိုင်ငံရေးကို အပြင်မှာ ဆွေးနွေးပါ့မယ်၊ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားတွေလည်း ပါသေးတာမဟုတ်ဘူး…ဆိုတဲ့ဟာမျိုး ဖြစ်တယ်ဆိုရင်တော့ သူ့ဘက်ကိုယ့်ဘက်ဆိုတဲ့ သူတို့ပြောပြောနေတဲ့ သူမနာကိုယ်မနာပေါ့ အားလုံးနိုင်တဲ့ အခြေအနေမှာပေါ့။ အဲဒီလိုမျိုးမဟုတ်ဘဲနဲ့ အဲဒီအခြေအနေတွေ ဘာမှအာမခံချက် မရှိသေးဘဲနဲ့ ငါလိုချင်တဲ့ဥစ္စာကို မင်းတို့အတင်းလုပ်ဆိုရင်တော့ ဒါက တဖက်သက်အနိုင်ကျင့်တာများ ဖြစ်မလားလို့ ကျနော်တို့က အဲဒီလိုမျိုးဖြစ်မိတာပါ။”

၂၀၁၀ ရွေးကောက်ပွဲဥပဒေဟာ တရားမျှတမှု မရှိတဲ့အတွက် ပါတီကို မှတ်ပုံတင်ဖို့ စဉ်းတောင် မစဉ်းစားဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ယတိပြတ် ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့လို့ နေပြည်တော်မှာကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေကနေ  နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ ပြင်ဆင်ချက်ကို အတည်ပြုလိုက်ပြီးတဲ့နောက်မှာ NLD ပါတီက မှတ်ပုံတင်ရေး မတင်ရေး စဉ်းစားချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ဒီ ပါတီမှတ်ပုံတင်ရေး ဥပဒေပြင်ဆင်ချက် မူကြမ်းကလည်း သမ္မတက လက်မှတ်ရေးထိုးပြီးရင်တော့ ပါတီမှတ်ပုံတင် ဥပဒေအဖြစ် မကြာခင်မှာ ထွက်ပေါ်လာဖွယ်ရာလည်း ရှိနေပါတယ်။
...................................................................................
 ပါတီမှတ်ပုံတင်ရေးနှင့် ပတ်သက်၍ မြို့နယ်ပေါင်းစုံ၏ သဘောထားများကို ဒေါ် အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးထံသို့ တင်ပြခြင်း (ဒေါက်တာလွဏ်းဆွေ ဘလော့မှ)

 Letter to Dassk and u Tin Oo
...................................................................................................
ဝါရင့်နိုင်ငံရေးသမား ဦးထွေးမြင့်နဲ့ ဗကပ-ရဲ့အမြင် (ဒေါက်တာလွဏ်းဆွေ ဘလော့မှ)

u Htwe Myint + Bcp
.......................................................................................

7-days ဂျာနယ်မှ စစ်တမ်းတခု..
  • NLD ပါတီကို ၈၉ရာခိုင်နှုန်းက ပြန်လည်မှတ်ပုံတင်စေလိုကြောင်း လူထုသဘောထားစစ်တမ်းကောက်ယူရာမှာဖော်ပြ

    7 Day News ဂျာနယ်က သာမန် ပြည်သူ ၁၀၀ ဦးအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အင်န် အယ်လ် ဒီ)ပါတီကိုပြန်လည်မှတ်ပုံတင်စေ လိုခြင်း၊ မတင်စေလိုခြင်းအပေါ် ယင်းတို့၏ သဘောထားဆနကို ကျပန်းတွေ့ဆုံမေးမြန်းခဲ့ရာ ဖြေဆိုသူအားလုံး၏ ၈၉ရာခိုင်နှုန်းက ပြန်လည်မှတ်ပုံတင်စေလိုကြောင်းဖြေဆိုခဲ့သည်။


    ရန်ကုန်၊ မန္တလေး၊ နေပြည် တော်၊ မုံရွာမြို့များ နေထိုင်သူများ နှင့် ပြည်ပနှင့်ကျေးလက်ဒေသ များတွင် နေထိုင်သူစုစုပေါင်း၁၀၀ ဦးကို ကျပန်းလူတွေ့မေးမြန်းခြင်း၊ တယ်လီဖုန်းနှင့် အွန်လိုင်းမှတစ် ဆင့် မေးမြန်းခြင်းပြုခဲ့ပါသည်။ ဖြေဆိုသူများမှာ အလွှာပေါင်းစုံမှ အလုပ်အကိုင်မျိုးစုံ လုပ်ကိုင်နေသူများဖြစ်သည်။ လူ ၁၀၀ တွင် ၈၄ ဦး က အင်န်အယ်လ်ဒီပါတီကို ပြန် လည်မှတ်ပုံတင်စေလိုသည်ဟု ဖြေ ပြီး၊ ၈ဦးက မှတ်ပုံမတင်စေလို ပါဟုဖြေသည်။  ၃ဦးကမူ မည် သည့်မှတ်ချက်မျှ မပေးပေ။

    လူ ၁၀၀ ဦးအားကျပန်းတွေ့ ဆုံမေးမြန်းရာ-
     အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြန်လည်မှတ်ပုံတင်စေလိုသည်ဟု ဖြေဆိုသူများကို ဘာကြောင့်ပါလဲဟု အမေးတွင် ““တရားဝင်ပါတီအနေ နဲ့ လှုပ်ရှားစေချင်လို့ပါ”” ဟု အ သက် ၃၀ နှစ်အရွယ် ဈေးဆိုင်ပိုင် ရှင်တစ်ဦးက ပြောသည်။

    အသက်  ၅၃ နှစ်အရွယ် အရောင်းအ၀ယ် နှင့် ဗေဒင်ဆရာလုပ်ကိုင်သူ တစ် ဦးက အင်န်အယ်လ်ဒီပါတီ မှတ် ပုံတင်စေလိုခြင်း၏ အကြောင်း ရင်းကို ““ပူးပေါင်းလုပ်တာ အ ကောင်းဆုံးပါ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့မ တည့်လို့ ဆူဆူပူပူဖြစ်ရင် နောက် ဆုံးပြည်သူလူထုပဲ ထိတာလေ”” ဟု ဖြေသည်။

    အသက် ၂၄ နှစ်အရွယ် စာ ရင်းကိုင် အမျိုးသမီးတစ်ဦးက ““မှတ်ပုံတင်မှသာ ရွေးကောက်ပွဲမှာ တရားဝင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး အနိုင်ရရှိဖို့ အလားအလာရှိလာလို့ပါ”” ဟု ဖြေသည်။

    (စတုတ္ထတန်းအောင် ပညာအရည်အချင်းရှိသော) အသက် ၇၅ နှစ်အရွယ် အဘွားတစ်ဦးက ““မှတ်ပုံတင်ထားရင် ရွေးကောက်
    ပွဲဝင်သင့်တဲ့အချိန် ၀င်နိုင်ရန်ဖြစ်ပါတယ်””ဟုဖြေသည်။

    ““တိုင်းပြည်ကောင်းအောင်လုပ်မယ်ဆိုတာ ကိုယုံကြည်လို့ပါ””ဟု  အသက် ၅၂ နှစ်အရွယ် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသော အမျိုးသား တစ်ဦးကဖြေသည်။

    အသက် ၂၅ နှစ်အရွယ် အိုင်တီလုပ်ငန်းများလုပ်ကိုင်နေသူ တစ်ဦးက ““တင်မှ တရားဝင်ရပ် တည်နိုင်မယ်ထင်လို့ပါ။ အပြောင်း အလဲတစ်ခုဖြစ်လာမယ်လို့ မြင်ပါ တယ်”” ဟု ပြောသည်။

     အသက် ၃၂ နှစ်အရွယ် ရှေ့နေတစ်ဦးက ““အင်န်အယ်လ်  ဒီပါတီ မှတ်ပုံတင်လိုက်ခြင်းအား ဖြင့် ပါတီတရားဝင်ပြီဖြစ်ကြောင်း ပြည်သူမှသိရှိလာ၍ ပါတီနှင့်ဒေါ် အောင်ဆန်းစုကြည်အား ယုံကြည် ကြသဖြင့် မိမိတို့၏အမှန်တကယ် ဆနအား ထုတ်ဖော်ရဲကြမည်ဖြစ် ပါသည်”” ဟု ဖြေသည်။

    အသက် ၆၅ နှစ်အရွယ် အထက်တန်းအောင် ဈေးသည်တစ် ဦးက ““လက်ရှိအစိုးရသည်အတိုက်  အခံအင်အားစု အလွန်နည်းပါးပါ သည်။ အင်န်အယ်လ်ဒီပါတီ ရွေး ကောက်ပွဲဝင်ခြင်းဖြင့် ထိုက်သင့် သော အတိုက်အခံအင်အားစုရရှိ လာမည်ထင်ပါသည်။ လက်ရှိ အ စိုးရနှင့်အတိုက်အခံ အပြန်အလှန် ထိန်းကျောင်းမှုရှိမှ ပိုမိုကောင်းမွန် သော ဆုံးဖြတ်ချက်များဖြစ်ပေါ် လာနိုင်ပါသည်”” ဟု ဖြေသည်။
    နေပြည်တော် ပျဉ်းမနားမြို့မှ အသက်၄၆နှစ်အရွယ် ယာဉ်မောင်းတစ်ဦးက ““လွှတ်တော်အရပ်ရပ် တွင် ကိုယ်တိုင်ပါဝင်ပြီး အမှန်တ ရားများအတွက် ရပ်တည်မှုပေးနိုင် ရန်””ဟု ဖြေသည်။

    အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသားတစ်ဦးက အင်န်အယ်လ်ဒီပါတီမှတ် ပုံတင်စေလိုခြင်း၏အကြောင်းရင်းကို အောက်ပါအတိုင်းဖြေသည်။
    ““အမေစု ပါတဲ့အတွက်ကြောင့်ပါ””

           အင်န်အယ်လ်ဒီပါတီကိုမှတ် ပုံမတင်စေလိုပါဟု ဖြေဆိုသူများ က မှတ်ပုံမတင်စေလိုသော အ ကြောင်းရင်းကို ““ဖွဲ့စည်းပုံအခြေခံ ဥပဒေ အားနည်းချက်ရှိသည်ဟု ထင်ပါသည်”” ဟု အသက် ၃၂နှစ် အရွယ် အိုင်တီလုပ်ငန်းလုပ်ကိုင် သူတစ်ဦးကဖြေပြီး  အသက် ၃၄
    နှစ်အရွယ်   အမျိုးသားတစ်ဦးကလည်း ““၀င်ပြိုင်လည်း အလွန်ဆုံးရနိုင်တာ    ၀န်ကြီးတစ်နေရာစာ လောက်ပဲ။ ဒီအတိုင်းပဲနေတာက အကောင်းဆုံးပါ””ဟုဖြေသည်။

    ““အင်န်အယ်လ်ဒီပါတီ ပြန် လည်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်ပါက မြန်မာ့နိုင်ငံရေးအပေါ် ဘယ်လိုသက်ရောက်မယ်လို့ ထင် ပါသလဲ”” ဟု အမေးကို  ပါတီပြန် လည် မှတ်ပုံတင်စေလိုသည်ဟု ဖြေဆိုသူများက ““အဘက်ဘက်က ကောင်းမွန်ပြည့်စုံလာမယ်လို့ ထင် ပါတယ်””၊ ““နိုင်ငံတကာ ဆက်ဆံ ရေး၊ ပြည်တွင်းစီးပွားရေး၊ တရား စီရင်ရေး၊ လူမှုရေး အစစအရာရာ တွင် ပြောင်းလဲတိုးတက်မှုရှိမည် ဟု ယုံကြည်၍””၊ ““အများကြီး ကောင်းလာနိုင်ပါတယ်””၊ ““သိပ် တော့နားမလည်ဘူး၊ဒေါ်စုကို အားကိုးတယ်”” ဟူ၍ ဖြေကြသည်။

    အသက် ၃၂ နှစ်အရွယ်ရှေ့ နေက ““အင်န်အယ်လ်ဒီပါတီ မှတ် ပုံတင်ပြီး ရွေးကောက်ပွဲဝင်ပါက မြန်မာ့နိုင်ငံရေးသည် နိုင်ငံတကာ မှ အာရုံပိုမိုစိုက်လာပြီး အာဏာ ပိုင်များဘက်မှ အတတ်နိုင်ဆုံး တရားမျှတသော ရွေးကောက်ပွဲ များ ကျင်းပပေးလာနိုင်ကာ ထိုသို့ ကျင်းပခြင်းဖြင့် အနာဂတ်ဒီမိုက ရေစီရေးရာသည်တိုးတက်စေလာ  နိုင်ပါသည်”” ဟု ဖြေသည်။

    အသက် ၃၄ နှစ်အရွယ် အင်တာနက်ဆိုင်တွင်  အလုပ်လုပ်ကိုင်နေသူတစ်ဦးက ““အနောက်
    နိုင်ငံများနဲ့ ဆက်ဆံရေးပိုမို ကောင်းမွန် လာပြီး စီးပွားရေးတိုးတက်လာ မည်ဟုထင်ပါသည်””ဟုဖြေသည်။

    အင်န်အယ်လ်ဒီပါတီကို ရွေး ကောက်ပွဲဝင်စေလိုပါက လာမည့် ကြားဖြတ်ရွေးကောက်ပွဲ (သို့မဟုတ်)  ၂၀၁၅ ရွေးကောက်ပွဲတို့
    ထဲမှ  မည်သည့်ရွေးကောက်ပွဲတွင် ၀င်ပြိုင်စေလိုပါသလဲဟု အမေးကို ၅၅ ဦးက လာမည့်ကြားဖြတ်ရွေး ကောက်ပွဲကို ၀င်ပြိုင်စေလိုသည် ဟုဖြေသည်။ ၂၆ ဦးက ၂၀၁၅ ရွေး ကောက်ပွဲတွင်မှယှဉ်ပြိုင်သင့်သည်ဟု ဖြေသည်။ ရှစ်ဦးက မည် သည့်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် စေလိုသည်ဟု  မဖော်ပြဘဲ၊ ရွေး ကောက်ပွဲနှစ်ခုစလုံးတွင် ၀င်ပြိုင် စေလိုသူ ခြောက်ဦးရှိသည်။

    လူ ၁၀၀ ကို မေးမြန်းခဲ့သော အဓိကမေးခွန်းတစ်ခုဖြစ်သည့်
    ““ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်း ဆောင်မှုအပေါ် သင်ယုံကြည်မှု ရှိပါသလား (သို့မဟုတ်)ယုံကြည်မှု မရှိဘူးလား”” ဟု အမေးကို ၈၅ ရာခိုင်နှုန်းဖြစ်သော ၈၅ဦးက ““ယုံ ကြည်မှုရှိသည်”” ဟုဖြေကြသည်။  သုံးဦးကမူ ““ယုံကြည်မှုမရှိပါ”” ဟု  ဖြေပြီး၊ ၁၂ဦးကမူ ထိုအဖြေကိုဖြေ ရန် စောသေးသည်၊ စောင့်ကြည့် လိုသေးသည်ဟုဖြေသည်။
    ယုံကြည်သည်ဟု ဖြေသူများ ကို ဘာကြောင့်လဲဟု အမေးတွင် ““ယုံကြည်အားကိုးထိုက်သော ခေါင်းဆောင်ကောင်းတစ်ယောက်
    ရဲ့အရည်အချင်းနဲ့ပြည့်စုံနေလို့ပါ””၊   ““အန်တီစုရဲ့ ခိုင်မာသောယုံကြည်ချက်ကို  လေးစားသော ကြောင့်ဖြစ်သည်””၊ ““အများကြီး
    စွန့်လွှတ်ပြီးလုပ်ခဲ့တာ၊ နိုင်ငံခြားမှာ အေးအေးဆေးဆေးနေရင်ရ တယ်။ ဒါပေမဲ့ ဒီကိုပြန်လာတယ်။ မိသားစုနဲ့  တကွဲတပြားနေပြီး သူယုံကြည်ရာကို   လုပ်တယ်။ ဒါကြောင့် ယုံကြည်ပါတယ်၊ အားလည်းကိုးပါတယ်”” ဟု ဖြေကြ သည်။

    အသက် ၃၅ နှစ်အရွယ် သာသနာ့ဝန်ထမ်းတစ်ဦးက လည်း
    ““ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ယုံကြည်ပါတယ်။ သူမဟာ စိတ်ဓာတ်ခိုင်မာပြီး ရဲရင့် တဲ့နှလုံးသားပိုင်ရှင်တစ်ယောက်မို့
    ယုံကြည်ပါတယ်”” ဟု ဖြေသည်။ အသက် ၆၆ နှစ်အရွယ် အငြိမ်း စားဝန်ထမ်းတစ်ဦးက ““ယုံကြည်မှု ရှိပါသည်။ ကမ္ဘာ့နိုင်ငံရေးခေါင်း ဆောင်ကြီးများမှာရှိတဲ့ အရည်အ ချင်း၊ အကျင့်စာရိတ္တ ဒေါ်အောင် ဆန်းစုကြည်မှာရှိလို့ဖြစ်ပါသည်”” ဟု ဖြေသည်။
    မုံရွာမြို့မှ အသက် ၂၅နှစ်အ
    ရွယ်ရှိ တက္ကသိုလ်ကျောင်းသား တစ်ဦးကလည်း ““နိုင်ငံရဲ့ ပြောင်း လဲတိုးတက်မှုကို ဖော်ဆောင်နိုင် မယ့်သူအဖြစ် ယုံကြည်ပါတယ်”” ဟု ဖြေသည်။
    ယုံကြည်မှုမရှိပါဟု ဖြေဆို သူတစ်ဦးက ““ဒေါ်အောင်ဆန်းစု ကြည်သည် ၈၈ အရေးအခင်းမ တိုင်မီ ကာလထိ မြန်မာနိုင်ငံနှင့် ပတ်သက်၍ လုပ်ဆောင်မှုတစ်စုံ တစ်ရာမရှိသေး၍ပါ”” ဟု ဖြေ သည်။
    လက်ရှိမြန်မာနိုင်ငံ၏ အခြေ အနေမှာ ပြုပြင်ပြောင်းလဲမှုများ ဖြစ်နေသည်ဟု ထင်ပါသလားဟု အမေးကို ဖြေဆိုသူအားလုံး၏ ၇၈ ရာခိုင်နှုန်းကျော်က ပြုပြင်ပြောင်း လဲမှုများဖြစ်ပေါ်နေသည်ဟု ဖြေ ပြီး အများစုက အနည်းငယ်သာ ပြောင်းလဲသေးသည်ဟုဆိုသည်။
    ၁၃ ရာခိုင်နှုန်းက မထင်ဟုဖြေပြီး  ၉ ရာခိုင်နှုန်းက မည်သည့်မှတ်ချက် မျှ မပေးပေ။
    မှတ်ချက်-လူ၁၀၀ဦးကို ကျပန်းတွေ့ဆုံ မေးမြန်း၍ ရေးသားမှုဖြစ်ပြီး ပြည်သူတစ်ရပ်လုံးကို လွှမ်းခြုံအောင် လူဦးရေထောင်ချီ၍ မေး
    မြန်းစစ်တမ်းကောက်ယူခြင်း မဟုတ် သည့်အတွက်  လူထုတစ်ရပ်လုံး ကိုယ်စားပြု၊မပြု မသေချာသည်ကို သတိချပ်စေလိုပါသည်။
    သတင်း---- 7Day News
    http://www.thithtoolwin.com/2011/11/nld_15.html
    ...................................................................................

    ဒေါ်အောင်ဆန်းစုကြည်ကို ပေးတဲ့ ချက်လက်မှတ်

    မြန်မာ့နိုင်ငံရေးကို ဒီနေ့လေ့လာကြည့်မယ် ဆိုရင် မနှစ်ကတောင် စိတ်ကူးလို့မရတဲ့ အဖြစ်အပျက်တွေ အပြောင်းလဲတွေ စပြီး ဖြစ်နေတာကို တွေ့ရပါတယ်။
    ဒါတွေက ဘာတွေလဲ ဆိုတာကို သိမြင်ပြီးသားဖြစ်နေမှာပါ။
ပါလီမန်လွှတ်တော်မှာ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပြဌာန်းပြီး နောက်ပိုင်း အတည်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အပါအဝင် ၂၀၁၀ ရွေးကောက်ပွဲကို မဝင်ခဲ့တဲ့ ပါတီတွေကို လမ်းဖွင့်ပေးလိုက် တာလို့ ပြောလို့ရပါတယ်။
NLD ပါတီကို ပြန်ပြီး မှတ်ပုံတင်မတင်၊ ရွေးကောက်ပွဲဝင် မဝင် ဆိုတာတွေကိုတော့ မကြာခင် ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။ တဘက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရရဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်တို့အကြား ၄ ကြိမ်မြောက် ဆွေးနွေးမှု ထပ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ကိစ္စတွေအပြင်၊ နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စ၊ တိုင်းရင်းသား အရေးကိစ္စ တွေကိုပါ ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီအချိန်ဟာ ညီအစ်ကို မသိတသိ အချိန်လို့ ဆိုရပေမယ့် မျှော်လင့်ချက်လမ်းစလေးတွေ တွေ့နေရပြီလို့ တချို့ အကောင်းမြင် သုံးသပ်သူတွေလည်း ရှိနေတာ တွေ့ရပါတယ်။ တချို့ကျတော့လည်း “တို့မယုံဘူး” ဆိုတဲ့မူကိုကိုင်ထားပြီး အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို သတိထား စောင့်ကြည့်နေဆဲ ဆိုတာတွေ့ရပါတယ်။

လွန်ခဲ့တဲ့ ၃၊ ၄ လအတွင်း အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအကြားက လှုပ်ရှားမှုလေးတွေကို ပြန်ပြီး လေ့လာသုံးသပ်ရမယ် ဆိုရင် -
ဒေါ်အောင်ဆန်းစုကြည် ပုဂံခရီးစဉ်နဲ့ ပဲခူးခရီးစဉ်ကို သွားခွင့်ပြုခဲ့တယ်။ ပဲခူးခရီးစဉ်မှာ အစိုးရဘက်က ခရီးစဉ်ကို ချောမွေ့အောင် စီစဉ်ပေးခဲ့တာ တွေ့ရတယ်။ တကယ်တော့ အာဇာနည်နေ့ကစပြီး အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည် အပေါ် ချဉ်းကပ်တဲ့ ပုံစံ ပြောင်းခဲ့တယ်လို့ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေက သုံးသပ်ပါတယ်။ အဲဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီခေါင်းဆောင်တွေ လွမ်းသူ့ပန်းခွေချတဲ့ အစီအစဉ်အပြင် လူပေါင်း ၂၀၀၀ ကျော် ခဏတာ စီတန်း လမ်းလျှောက်ခွင့်ရခဲ့ပါတယ်။

၂၀၀၇ သံဃာတော်အရေးအခင်းပြီး နောက်ပိုင်းအတိုက်အခံဘက်က အကြီးဆုံး စုဝေးမှုတခုလို့ ပြောလို့ရပါတယ်။
အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည် အိမ်ပြန်လာတဲ့ အခါမှာ မြင်ရတဲ့ ကျေနပ်နှစ်သိမ့်ပြုံးကို အားလုံး သတိထားမိကြပါတယ်။
ဒီနောက်ပိုင်းမှာတော့ သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကို ဖိတ်ခဲ့တယ်။ ဦးအောင်ကြည်နဲ့ တွေ့ဆုံမှုကလည်း ပိုပြီးလေးနက်လာပါတယ်။ သူဟာ အရင်ကလိုမျိုး ဟိုဘက်ဒီဘက် သတင်းပို့ပေးတဲ့ အဆင့်မဟုတ်ဘဲ ဒီထက်ပိုတဲ့ လုပ်ပိုင်ခွင့် ပြောပိုင်ခွင့် အပ်နှင်းခံရသူလို့ သုံးသပ်လို့ရပါတယ်။

ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံတဲ့နေရာမှာလည်း ၂ ဘက် အကြား တူညီတဲ့ အလုပ်တွေ တွဲလုပ်ဖို့၊ တိုင်းပြည်ရဲ့ ကြုံတွေ့နေရတဲ့ အရေးကိစ္စတွေကို သေသေချာချာ ၂ ဘက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရဲ့ ဇနီးက ဧည့်ခံကျွေးမွေးတဲ့ ညစာစားပွဲဆိုရင်လည်း အတော်ကို နွေးထွေးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်ပိုင်းကစပြီး ဦးသိန်းစိန်ဟာ ရိုးသားပွင့်လင်းပုံရပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတဲ့ထဲက တခု လိုက်လျောခဲ့တာကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေကို ပြင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် NLD ပါတီအနေနဲ့ ပြန်ပြီးမှတ်ပုံတင်ရေး၊ တရားဝင်ပါတီအဖြစ် ပြန်လည် ရပ်တည်ရေး စတာတွေ လမ်းပွင့်သွားတယ်လို့ ဆိုနိုင်ပါတယ်။
နောက်တချက်ကတော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ပါ။ ဒီရလဒ်ကို အသိအမှတ်ပြုပါတယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောခဲ့ပါတယ်။ ဒီလိုပြောခဲ့တာကလည်း သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ပြီးမှ ပြောခဲ့တာပါ။

ဒါဆိုရင် ကျန်နေတာ တခု ရှိပါသေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ရေးဖြစ်ပါတယ်။ ဒါကတော့ ဘယ်သူက စကားတည်တယ်၊ မတည်ဘူးဆိုတာကို အားလုံးက စောင့်ကြည့်ရမှာပါ။ မလွှတ်ပေးရင် ဘယ်လိုတုန့်ပြန်မလဲ၊ အခုတောင် မလွှတ်ဘဲနဲ့ မိမိနေရပ်နဲ့ နီးတဲ့နေရာကို ပြန်ရွှေ့ပေးဖို့ အစိုးရကဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးကော်မရှင်က အတိုင်အဖောက်ညီညီ ဝင်ပြောနေတာတွေ့ရပါတယ်။ နောက်တခုက နိုင်ငံရေး အကျဉ်းသားဦးရေ ကိစ္စပါ။ တဘက်က ၂၀၀၀ နီးပါးရှိသေးတယ်၊ တဘက်ကတော့ တဝက်ကျော်ကျော် လွှတ်ပြီးပြီ လို့ ဆိုနေပါတယ်။

ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးတွေနဲ့ အရင်က မကြာခဏ တွေ့ဆုံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ သူတို့အပေါ် မြင်ထားတဲ့ အမြင်တခုရှိပါတယ်။ အဲဒါကတော့ ကတိမတည်တဲ့ ယူနီဖောင်းဝတ်တွေပဲ ဆိုတဲ့ အမြင်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဦးသိန်းစိန်ကတော့ ကတိတည်မယ့်ပုံပေါ်တယ်၊ ရိုးသားပွင့်လင်းပုံရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ပုံရပါတယ်။
ဒီလိုအချိန်တွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရရဲ့ ကူးလူးဆက်သွယ်မှုတွေကို သတိထားစောင့်ကြည့်သူတွေ၊ ဝမ်းပန်းတသာ ကြိုဆိုသူတွေ၊ ဝေဖန်သူတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
တိုင်းရင်းသားတွေကလည်း ရလဒ်တွေကို စောင့်ကြည့်နေကြပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသားပဋိပက္ခနဲ့ ပြည်တွင်းစစ်ကိစ္စတွေဟာ နေ့ချင်းပြီး ဖြေရှင်းလို့ရမယ့် ပဋိပက္ခတွေ မဟုတ်တာတော့ သေချာပါတယ်။ ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သဘောပေါက်ပုံရပါတယ်။ ဒါကြောင့်လည်း ဒီပဋိပက္ခမှာ ဝင်ရောက် ဖြေရှင်းပေးလိုတယ် ဆိုတာကို တရားဝင်အသိပေးခဲ့ပြီး ဖြစ်ပါတယ်။ ပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးဖြစ်တဲ့အတွက်၊ လူထု ကိုးစားယုံကြည်တဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက် တိုင်းရင်းသားအရေးကို လျစ်လျှူရှုမယ့်သူ မဟုတ်ဘူး၊ တိုင်းရင်းသားတွေကို သစ္စာ ဖောက်မယ့်သူ မဟုတ်ဘူးလို့ အများက လက်ခံခဲ့ပြီးသား ဖြစ်ပါတယ်။

ဒီနေရာမှာ သံသယရှိစရာလိုမယ် မထင်ပါ။ မယုံရင်တော့ ပုံလို့မရပါဘူး။ ယုံမှပဲ ပုံပေးလို့ရတာဖြစ်ပါတယ်။ ပုံပေးရမယ့်သူ ဘယ်နှယောက်များ မြန်မာပြည်မှာ ရှိသလဲလို့ မေးရင် လက်ချိုးရေလို့ရပါတယ်။
ဒီလို ယုံတဲ့အထဲမှာ နိုင်ငံတကာလည်း  ပါပါတယ်။ ဒီတလအတွင်း မြန်မာနိုင်ငံကို သွားရောက်လည်ပတ်တဲ့ နိုင်ငံခြား အစိုးရ ဧည့်သည်တော်တွေ မနည်းလှပါဘူး။ နော်ဝေ၊ ဂျာမနီနဲ့ အမေရိကန်နိုင်ငံက ဝန်ကြီးအဆင့်တွေအပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ရုံးက အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီးယား လည်း သွားရောက်ခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးလည်း သွားခဲ့ပါသေးတယ်။ ဒီနေရာမှာ နိုင်ငံတကာ အစိုးရတွေက မြန်မာအစိုးရ အပေါ် ထားတဲ့ သဘောထား၊ ချဉ်းကပ်ပုံနဲ့ Strategy ကို ပြောချင်ပါတယ်။
သူတို့မြင်တာကတော့ မြန်မာပြည်ဟာ အပြောင်းအလဲ ကာလတခုကို သွားနေပြီ။

ဒီလိုသွားနေချိန်မှာ နောက်ကို ပြန်မလှည့်အောင် ဘေးကနေ တွန်းအားပေး ကူညီကြိုဆိုရမယ်။ ပြောင်းလဲချင်တဲ့ ဆန္ဒရှိတဲ့ အုပ်စုတွေ (ဦးသိန်းစိန်ကို ဆိုလိုတာပါ) ကို ပိုပြီးအားကောင်းလာအောင် လုပ်ပေးရမယ်။ ဒါမှ လိုင်းမာတဲ့အုပ်စုတွေလည်း စိတ်မပါရင်တောင်မှ ကြားနေ သဘောနဲ့ အပြောင်းအလဲကို ကူညီပံ့ပိုးလာမယ်ဆိုတဲ့ ချဉ်းကပ်မှုမျိုး ဖြစ်ပါတယ်။ သူတို့ မြင်တာကတော့ ဦးသိန်းစိန် အစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲတွေလိမ်ပြီး အာဏာရယူခဲ့တယ် ဆိုပေမယ့် အခုအချိန်မှာ ပြုပြင်ပြောင်းလဲမှုရဲ့ လမ်းစတွေ မြင်နေရပြီ။ ဒါတွေကို ထောက်ခံကြိုဆိုရမယ်လို့ မြင်သလို၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်က အတိုက်အခံဒီမိုကရေစီ အင်အားစုနဲ့ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှု အတော်များများကို ရနေတဲ့ လူထု ခေါင်းဆောင်လို့ မြင်တာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေး ပိတ်ဆို့မှုတွေလုပ်ခဲ့တဲ့ အမေရိကန်နိုင်ငံကတောင် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ရင် တုန့်ပြန်ဖို့ အစီအစဉ်တွေ ရှိပါတယ်လို့ တရားဝင် ထုတ်ဖော်ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကတော့ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီဆန်တဲ့ ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့၊ ဒီပြောင်းလဲမှုတွေဟာ ခိုင်မြဲတဲ့ သန္နိဋ္ဌာန် ချပြီးလုပ်တဲ့ ရေရှည်တည်တံ့တဲ့ ပြောင်းလဲမှုတွေဖြစ်ဖို့ တိုက်တွန်းခဲ့ ပါတယ်။

ဒါတွေလုပ်ခဲ့ရင် အမေရိကန်ဟာ မြန်မာရဲ့မိတ်ဆွေအဖြစ် ပြန်မြင်ရမယ်လို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါပြီ။
ဒီလိုကာလမှ အရေးကြီးဆုံးနဲ့ အခရာအကျဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။

တဘက်မှာလည်း သမ္မတဦးသိန်းစိန်ရဲ့ ပြတ်သားတဲ့ ဦးဆောင်မှုကဏ္ဍဖြစ်ပါတယ်။ အစိုးရဘက်မှာတော့ ယန္တရားကြီး တခုလုံးကိုလည်ပတ်ဖို့ စစ်တပ်က ချမှတ်ခဲ့တဲ့ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ဖို့ အစီအစဉ်တွေ၊ လူစားထိုးရမယ့်သူတွေ စတဲ့ back – up တွေအပြည့်နဲ့ပါ။
အတိုက်အခံဘက်မှာတော့ အားနည်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောင်တွင်း ထောင်ပြင်တွေမှာရှိတဲ့ နိုင်ငံရေးသမားတွေပဲ ကျန်ပါတော့တယ်။

ဒီအချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြတ်ပြတ်သားသားပဲ “Blank Cheque” ပေးပြီး ပုံအောကြရမယ့်အချိန်ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။
.......................................................................................
သင့်အမြင်ကော ဘယ်လိုရှိပါသလဲ..?

http://www.irrawaddyblog.com/2011/11/blog-post_5356.html....
.................................................................

ပါတီသစ်များလည်း ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ရန်ပြင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။        ။ လွှတ်တော်သုံးရပ်အတွင်း လစ်လပ်နေသည့် အမတ်နေရာ ၄၈ နေရာအတွက် ဒီဇင်ဘာလအတွင်း ကျင်းပနိုင်သည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သည့် ပါတီများ သာမက ပါတီသစ်များလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ဝင်ရောက်အရွေးချယ်ခံမည့် ပါတီများအနက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီများမှာ နေရာ ၂ဝ စီဖြင့် အများဆုံးဖြစ်သည်။ ပါတီသစ်တခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှာမူ သုံးနေရာဝင်ပြိုင်မည်ဖြစ်ပြီး ရက်ပ်အဆိုတော်ရသမှာ မရမ်းကုန်းမြို့နယ် ပြည်သူ့ လွှတ်တော် အတွက် ရွေးချယ်ခံမည် ဖြစ်သည်။

လစ်လပ်နေရာ ၄၈ နေရာအနက် ပြည်သူ့လွှတ်တော်တွင် ၄၀၊ အမျိုးသား လွှတ်တော်တွင် ခြောက်နေရာနှင့် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်တို့တွင် နှစ်နေရာစီ ရှိသည်။ ယင်းတို့အနက် လစ်လပ်နေရာ အများဆုံး
ဒေသမှာ မန္တလေးဖြစ်ပြီး ၁၀ နေရာအထိ ရှိသည်။
lotdaw98
လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီမှာ နေရာအားလုံးတွင် ဝင်ရောက် ရွေးချယ်ခံနိုင်ဖွယ် ရှိသည်ဟု ပါတီများက ခန့်မှန်းထားကြပြီး ဒေသအခြေစိုက် တိုင်းရင်းသားပါတီ အများစုမှာမူ တနေရာစီခန့်သာ ဝင်ရောက်ယှဉ်ပြိုင်
ကြမည်ဖြစ်ပြီး ၂ဝ၁၅ ရွေးကောက်ပွဲအတွက်ကိုသာ အာရုံထားကြသည်။

ရခိုင်အခြေစိုက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နှင့် ချင်းအမျိုးသား CNP ပါတီတို့မှာ ဝင်ရောက် ယှဉ်ပြိုင်ကြမည် မဟုတ်ပေ။

လစ်လပ်မဲဆန္ဒနယ်များ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရေး အတွက် ကြိုတင် ပြင်ဆင်ထားရန် ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်က တိုင်းဒေသကြီးနှင့် ပြည်နယ် ကော်မရှင် အဖွဲ့ခွဲများသို့ နိုဝင်ဘာလလယ်ပိုင်း ကတည်းက အကြောင်းကြားထားပြီးဖြစ်ကြောင်းလည်း ပြည်တွင်းအခြေစိုက် Eleven  မီဒီယာ၏ အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။

ယင်းအပြင် မဲရုံနေရာများ လျာထားသတ်မှတ်ခြင်း၊ မဲပုံးနှင့် ဆန္ဒပြုခန်းများ ပြည့်စုံကောင်းမွန်မှု ရှိ၊ မရှိ စိစစ်ခြင်း တို့ကို ကြိုတင်ဆောင်ရွက်ထားရန် အကြောင်းကြားထားပြီး ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင်မူ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီမှာ မဲဆန္ဒနယ် ၁,၁၅၄ အနက် ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် အနိုင်ရရှိခဲ့သည်။

တစညကမူ  ၆၃ နေရာဖြင့် ဒုတိယလိုက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ၅၇ နေရာ၊ RNDP က ၃၅ နေရာ၊ NDF နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ AMRDP တို့က ၁၆ နေရာစီရရှိခဲ့သည်။

ယင်းအပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာလည်း ပါတီမှတ်ပုံပြန်တင်ရေးအတွက် လာမယ့် နိုဝင်ဘာလ ၁၈ ရက်
နေ့တွင် ဆုံးဖြတ်ဖွယ်ရှိပြီး၊ မှတ်ပုံတင်မည်ဆိုပါက ရွေးကောက်ပွဲတွင် အနည်းဆုံး သုံးနေရာ ဝင်ရောက် ယှဉ်ပြိုင် ရမည် ဖြစ်သည်။

lottable

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More