Saturday, July 23, 2011

ငြိမ်းချမ်းရေးမြို့တော် ဗုံးခွဲတိုက်ခိုက်ခံရသောအခါ။

ငြိမ်းချမ်းရေးမြိုတော် ဗုံးခွဲတိုက်ခိုက်ခံရသောအခါ
၂၃၀၈၁၁ (ထက်အောင်ကျော်)




အရှေ့အလယ်ပိုင်းနဲ့ မငြိမ်းချမ်းသေးတဲ့ ဒေသတွေမှာ ဗုံးကွဲတဲ့သတင်းတွေဟာ အထူးအဆန်း မဟုတ်တော့ပေမဲ့ (ဒေါ်အောင်ဆန်းစုကြည်အပါဝင်..) ငြိမ်းချမ်းရေးနိုဗယ်ဆုပေးနေတဲ့မြိုတော် အော်စ လိုမှာ ဗုံးကွဲတယ်ဆိုတာကတော့ အတော်ကိုထူးဆန်းတဲ့သတင်းတပုဒ်ဖြစ်နေပါတယ်။ ဒီသတင်းကို ကြားကြားချင်း ကျနော်မယုံ။ တကယ်က ဗုံကွဲတဲ့ ၀န်ကြီးချုပ်ရုံးနဲ့ ကျနော်ငှားနေတဲ့အိမ်က (ဒီဗွီဘီ-ရုံး ခန်းရှိတဲ့ Wessels Gate လမ်း) နီးနီးလေး။ လမ်းလျောက်ရင် ၂-မီနစ်ထက် ပိုမဝေး။ မနေ့ကတောင် အင်တာနက်ကိစ္စအတွက် မြိုထဲသွား ရင်းနဲ့ ၀န်ကြီးချုပ်ရုံးဘေးလမ်းကနေ ပါတ်ပြန်လာခဲ့တာပါ။

အော်စလိုစီးတီး။ ဘူတာကြီးနဲ့ လူစည်းကားတဲ့ဈေးတန်းတွေမှာ အယင်ကထက် လုံခြုံရေးတပ် သားတွေများနေတာကို သတိထားမိပေမဲ့ ၀န်ကြိးချုပ်ရုံးရှေ့မှာတော့ ဘာလုံခြုံရေးမှမတွေ့မိ။ နော်ဝေး ဆိုတာ အငြိမ်းချမ်းဆုံးနိုင်ငံတခုဖြစ်တာနဲ့အညီ လက်နက်ကိုင်အစောင်ရှောက်တွေကို တော်ယုံ နဲ့မြင်ရ လေ့မရှိ။ ကျနော်မှတ်မိသလောက်ဆိုရင် နန်းတော်ဘေးရှိ အမေရိကန်သံရုံးတခုမှာဘဲ့ လက်နက်ကို ပစ်နိုင်တဲ့အဆင့်နဲ့ အသင့်ကိုင်ထားတဲ့ ရဲတွေကိုတွေ့ရပီး နန်းတော်နဲ့ ကမ်းနားက ရဲတိုက်ပေါ်မှာတော့ ဟန်ရေးပြ လက်နက်ကိုင်ပီး ပုံစံတကျလမ်းလျောက်နေတဲ့ ဘုရင့်တပ်မတော်က စစ်ရေးပြစစ်သား တွေကိုသာ တွေ့ဖူးပါတယ်။

ဒီလိုနိုင်ငံမျိုးမှာ ဗုံးကွဲတယ်ဆိုတော့ ဘယ်လိုလုပ်ယုံနိုင်စရာရှိမလဲ။ ဘာဘဲ့ဖြစ်ဖြစ် ကျနော်ဟာ ပုဂိုလ်အရကံကောင်းပီး သတင်းသမားတဦးအရ ကံဆိုးတယ်ပြောရမလားဘဲ့။ ဗုံးကွဲတဲ့ဒီနေ့ကျမှ အင် တာနက်ပျက်လို့ အင်တာနက်အပိုပစ္စည်းဝယ်ယူရေးအတွက် မြိုပြင်က Get ရုံးကိုသွားနေတဲ့ အချိန် ဖြစ်နေပါတယ်။ အဲဒီရုံးကအပြန် သူငယ်ချင်းတယောက်အိမ်မှာဝင်ပီး Tour de Framce စက်ဘီးစီး ပြိုင်ပွဲကြည့်နေစဉ်မှာ ဖုန်းဝင်လာပါတယ်။ အော်စလိုမြိုလယ်မှာ အခု ၃-နာရီလောက်က ဗုံးကွဲတယ်တဲ့။ ဒီတော့မှ ချက်ချင်း NRK နော်ဝေး တီဗွီ-လိုင်းကိုပြောင်းပီးကြည့်ရပါတယ်။


ဝန်ကြီးချုပ်ရုံး ဗုံးခွဲခံရပီ




ဟုတ်ပါတယ်။ အခြေနေက ဘယ်လိုမှ ယုံနိုင်စရာမရှိ။ ၀န်ကြီးချုပ်ရုံးတခုံးလုံး မှန်ပြူတင်းတွေ ကွဲပြဲပီး ရစရာမရှိအောင် ပျက်စီးနေပါတယ်။ ၀န်ကြီးချုပ်ရုံးရဲ့ အနောက်ဖက်ဝင်ပေါက်အနီးက (ခေါင် မိုးပေါ်မှာ ရဟတ်ယဉ်ကွင်းရှိတဲ့) ရေနံဝန်ကြီးရုံးအပေါ်ဆုံးထပ်မှာ မီးလောင်နေတာကို မြင်နေရပါ တယ်။ ၀န်ကြီးချုပ်ရုံးရဲ့အရှေ့ဖက်မှာလဲ မှန်ကွဲစတွေ။ လူနာတွေ။ ရဲတွေပြေးလွားနေတာကို မြင်နေရပီး ကားလမ်းတဖက်ခြမ်းက VG သတင်းစာတိုက်လဲ မှန်တွေကွဲကြေသွားတာကို မြင်နေရပါတယ်။ မြင် ကွင်းဟာ မနေ့က ဒီအချိန် အဲဒီရုံးရှေ့ ကျနော်ဖြစ်လျောက်ခဲ့စဉ်ကနဲ့ ဘာမှမဆိုင်။ (ဒီနေ့မှာတော့ မနေ့ကလိုနေမသာဘဲ မိုးရွာနေလို့ လူတွေအပြင်သိပ်မထွက်တာ ကံကောင်းသွားတယ်လို့ဆိုနိုင်) နွေရာသီ အား လပ်ရက်မှာ နေစာလှုံနေတဲ့နေရာကနေ စစ်မြေပြင်တခုလို။ မီးလောင်ပြင်တခုလိုဖြစ်သွားခဲ့ပါပီ။

ကျနော်ရောက်နေတဲ့နေရာဟာ ၀န်ကြီးချုပ်ရုံးနဲ့အတော်ဝေးတဲ့အတွက် ဖြစ်စဉ်ကိုပြေးမကြည့် နိုင်ဘဲ တီဗွီ-ကဘဲ့ဆက်ပီးထိုင်ကြည့်နေပါတယ်။ ညနေ ၄-နာရီအထိလွင့်နေတဲ့သတင်းတွေအရ ဗုံးကွဲမှု အတွင်း ၂-ဦးသေပီး ၈-ဦးဒဏ်ရာရတယ်လို့သိထားရပါတယ်။ အဲဒီအချိန်မှာဘဲ့ အော်စလိုနဲ့သိပ်မဝေး တဲ့ Utøya ကျွန်းမှာ သေနပ်ပစ်မှုဖြစ်ပွါးပီး အနဲဆုံး လူ ၂-ဦးသေ။ ၂၀-လောက် ဒဏ်ရာရတယ်ဆိုပီး TV 2 က သတင်းဝင်လာပါတယ်။ ကျနော်တို့လဲ စက်ဘီးပွဲကိုမေ့။ တီဗွီ-ကသတင်းတွေကို မနား တန်းကြည့်နေမိပီး ညနေ ၆-နာရီလောက်မှာတော့ အိမ်ကိုပြန်လာခဲ့ပါတယ်။


ကိုယ်အိမ်မှာကိုယ်နေပါလို့ ရဲကသတိပေးနေပီ


အိမ်ကိုလမ်းလျောက်ပြန်ရင်းနဲ့ အင်တာနက်အတွက်လိုအပ်တဲ့ ကြားခံ ကေဘယ်ကြိုး တ ချောင်းဝယ်ဖို့ဆိုပီး Carl Berners ရပ်ကွက်ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တခုထဲ ခန၀င်လိုက်ပါသေး တယ်။ ဒါပေမဲ့ ဆိုင်ဝန်ထမ်းအားလုံး တီဗွီ-ကိုဘဲ့ထိုင်ကြည့်နေပြီး ကျနော်မေးတဲ့ပစ္စည်းကိုရှာ မပေး တော့။ "ဟိုမှာ ရဲကသတိပေးနေတယ်။ အားလုံး ကိုယ်အိမ်ထဲကိုယ်နေပါတဲ့" ဆိုပီး ဆိုင်ဝန်ထမ်း တဦးက တီဗွီ-ကိုလက်ညှို်းထိုးပြရင်း ကျနော်ကိုအိမ်အမြန်ဆုံးပြန်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီတော့ ကျနော်လဲ တိဗွီ-မှာပြနေတာအပြင် ကိုယ်တိုင် မျက်စိနဲ့လဲမြင်ရအောင်ဆိုပီး ဘတ်စ်ကားမစီးတော့ဘဲ လမ်းလျောက်ပြန် လာခဲ့ပါတယ်။ (တကယ်က ကျနော်တို့အိမ်ဖက်ဆီသွားတဲ့ ၃၇-ကားလိုင်းအပါဝင် ဘတ်စ်ကားလိုင်းတချီု့လဲ အဲဒီချိန်မှာရပ်ထားခဲ့။ လမ်ကြောင်းလွဲထား ခဲ့ပီး ဖြစ်ပါတယ်) မြိုထဲရောက် တော့ ဗုံးကွဲတဲ့နေရာအပြင် အရေးကြီးတဲ့လမ်းအားလုံးကို ရဲ-စာတတန်းပါ ပလစတစ်ကြိုးတွေနဲ့တန်းပီး ပိတ်ထားလိုက်ပါပီ။ ကျနော်အိမ်ကို ဘယ်လမ်းကနေပြန်ရမှန်းမသိတော့။

ကြက်ခြေနီးရုံးနဲ့ လူငယ်အဆောင်ဖက်က လမ်းတခုကိုသာဖွင့်ထားပီး ဒီဖက်ဘလောက်ရောက် တာနဲ့ အားလုံးကြိုးတန်းတွေနဲ့ပိတ်ထားလိုက်ပီ။ ဂူနာရီယပ်-မီးပိုင့်ကနေ လှမ်းပီးချောင်းကြည့်တော့ အ လုပ်သမားရုံးရှေ့ကွင်းပြင်မှာ ရဲတွေ။ ကယ်ဆယ်ရေးဝန်ထမ်းတွေကိုမြင်နေရပီး ဗုံးသံကြောင့် မှန်ကွဲ သွားတဲ့ နာရီစင်ကိုပါ လှမ်းမြင်နေရပါတယ်။ Rice Bowl ဆိုတဲ့ ထိုင်းစားသောက်ဆိုင်ရှိတဲ့လမ်းဖက် ရောက်တော့ အဲဒီဖက်ကဆိုင်တန်းတခုံးလုံး မှန်တံခါးတွေကွဲကြေပိး လမ်းမပေါ်ပွစာကျဲနေတာမြင်ရပါ တယ်။ တကယ်ဆိုရင် ဗုံးကွဲတဲ့ဝန်ကြီးချုပ်ရုံးနဲ့ အခုမှန်ကွဲနေတဲ့နေရာကအဝေးကြီး လမ်း ၃-ဘလောက် လောက်ခြားပါတယ်။ အဲဒီကနေဟိုငေး-ဒီငေးဆက်လျောက်လာတော့ မနေ့က ကျနော်ရောက်ခဲ့တဲ့ Space World အင်တာနက်ဆိုင်အလွန်မှာတော့ လမ်းက ဆက်သွားလို့မရတော့။


မြိုလယ်လမ်းအားလုံးပိတ်ထား။ ၃-လမ်းအကွာအထိ မှန်ပြူးတင်းတွေကွဲ




အော်စလိုစီးတီးဖက်ပြန်လှည့်တော့လဲ ဈေးတန်းတွေအားလုံးပိတ်ထားလိုက်ပီ။ အော်စလိုရဲ့ အဓိပတိလမ်းလို့ ကျနော်တို့ခေါ်လေ့ရှိတဲ့ Carl Johan လမ်းတလျောက်လုံးလဲ ပိတ်ထားလိုက်ပါပီ။ ဒီ တော့ ဘူတာရှေ့လမ်းကနေ ပါလီမန်ဖက်ကနေပါတ်ပီး ပြန်မှဖြစ်မယ်လို့လမ်းရွေးပီးဆက်လျောက်တော့ ပါလီမန်ဝိုင်းတခုလုံးကိုလဲ ရဲတွေကပိတ်ထားလိုက်ပီ။ ဒီတော့ ပါလီမန်ကိုပါတ်ရှောင်။ နိုဗယ်ဆုရှင်တွေ တည်းလေ့ရှိတဲ့ Grand Hotel ရှေ့ကလမ်းကိုတော့ ဖွင့်ထားဆဲ။ အဲဒီကနေ ၀န်ကြီးချုပ်ရုံးဖက်ကို ချောင်းကြည့်နိုင်မလားဆိုပီး ဆက်ဝင်လာတော့ ပါလီမန်ဒီဖက်ဘေးက ကြက်လျှာစွန်းကိုပါ ပိတ်ထားတာတွေ့ ရပြန်ပါတယ်။ ဘက်ဖက်ကွေ့ပီးထွက်လိုက်တော့ ဒီနားက ဆိုင်တန်းတွေမှာလဲ အောက်ဆုံးထပ်က မှန် တွေကွဲကြေနေတာကိုတွေ့ရပြန်ပါတယ်။ ဒီနေရာကလဲ ၀န်ကြီးချုပ်ရုံးနဲ့ ၃-ဘလောက်ကွာတဲ့နေရာပါဘဲ့ ။

အဲဒီလမ်းကြားကနေ အိမ်ဖက်ဆက်လျောက်မယ်လိုတော့ လမ်းကပိတ်နေပြန်ပါတယ်။ နောက် ဆုံးတော့ အမျိုးသားပြတိုက်ရှိရာလမ်းဖက်ကိုပြန်ဆင်း Scandic ဟော်တယ်ရှိရာ St Olvas လမ်းဆီ ဦးတည်လျောက်လိုက်တော့မှ အဆင်ပြေပါတော့တယ်။ ဒီလမ်းဟာ ၀န်ကြီးချုပ်ရုံးနဲ့သိပ်မဝေးပေမဲ့ ဖွင့် ပေးထားဆဲ။ Scandic ဟိုတယ်ကနေ ဘုရားကျောင်းရှိရာဖက်ကိုတက်ပီး ၀န်ကြိးချုပ်ရုံးဖက်ချောင်း ကြည့်တော့ ဘာမှသဲသဲကွဲကွဲမမြင်ရ။ ဘုရားကျောင်းရှေ့ မီးပိုင့်ကနေ လမ်းတွေကို ပိတ်ထားလိုက်တဲ့ အတွက် အဲဒီဘုရားကျောင်းရှေ့မှာ လူအတော်များများ ကျနော်လိုဘဲ့ရပ်ကြည့်နေတာကိုတွေ့ ရပါတယ်။


Utøya-ကဖြစ်စဉ်က အော်စလိုမြိုလယ်ဗုံးထက် ပိုဆိုး


ဒီလိုနဲ့ ဒီဗွီဘီ-ရုံးအနီးက ကျနော်အိမ်ခန်းကိုရောက်တဲ့အခါမှာတော့ နောက်တိုးသတင်း တွေကအများကြီးဖြစ်နေပီ။ TV2 သတင်းတွေအရ ကျွန်းမှာဖြစ်တဲ့ပစ်ခတ်မှုကပိုကြီးနေပီး လူ ဒါဇင်နဲ့ချီ သေနိုင်တယ်လို့ကြေငြာနေပါတယ်။ CNN ကိုဖွင့်ကြည့်တော့လဲ နော်ဝေးသတင်းကိုဘဲ့ အချိန်ပြည့်လွင့် နေတာတွေ့ရပါတယ်။ Massacre ဆိုပီး CNN က သတင်းခေါင်းစီးပေးထားတဲ့အတွက် အသေပျောက် စာရင်းဟာအတော်များနေပီဆိုတာကို ကျနော်သတိထားမိပါတယ်။ ည ၁၁-နာရီကျော် ကျနော်အိပ်ရာ ၀င်တဲ့အထိကြေငြာနေတဲ့စာရင်းတွေအရ သေဆုံးသူ ၂၀-နီးပါးရှိနေပီ။

ဒီမနက် အိပ်ရာနိုးလို့ တီဗွီ-ဖွင့်ကြည့်တော့ နော်ဝေး၀န်ကြိးချုပ်နဲ့ တရားရေးဝန်ကြိးတို့က သ တင်းစာရှင်းပွဲလုပ်နေပါတယ်။ ၉-နာရီမှာတော့ ရဲကသတင်းစာရှင်းပွဲလုပ်ပီး သေဆုံးသူအားလုံး ၉၁-ဦး ရှိသွားပီလို့ အတည်ပြုပြောဆိုလိုက်ပါတယ်။ ဒီစာရင်းထဲမှာ အော်စလိုဗုံးကွဲမှုအတွင်း သေဆုံးသူ ၇-ဦးနဲ့ Utøya-မှာ သေဆုံးသူ ၈၄-ဦးရှိတယ်လို့ဆိုပါတယ်။ ဒီဖြစ်စဉ်တွေအတွက် သံသယရှိသူ အသက် ၃၂-နှစ်အရွယ်နော်ဝေးနိုင်ငံသားတဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့လဲ ရဲကပြောပါတယ်။ ဒါပေမဲ့ ဗုံးခွဲသူ နဲ့ ကျွန်းမှာသေနပ်ပစ်သူဟာ တဦးတည်းလား။ ဒီဖြစ်စဉ်တွေကို ဒီလူတဦးတည်းကလုပ်တာလား။ သူ နောက်ကွယ်မှာ ဘာတွေရှိနေသလဲဆိုတဲ့အမေးတွေကိုတော့ ရဲနဲ့ နိုင်ငံရေးသမားတွေက ဖြေကြားဖို့ ငြင်းဆိုခဲ့ပီး စုံစမ်းစစ်ဆေးနေဆဲလို့သာပြောကြားခဲ့ပါတယ်။


အလံတ၀က်ချ။ အီးကွေးမင်းအပြည့်နဲ့စစ်သားတွေရောက်နေပီ


၁၀-နာရီလောက်မှာတော့ အခြေနေကို ကိုယ်တိုင်သွားကြည့်ဦးမှဆိုပီး မနေ့ကပြောခဲ့တဲ့ ဘု ကျောင်းရှေ့ကို ကျနော်ရောက်သွားပါတယ်။ လမ်းတွေအားလုံး မနေ့ကလိုပိတ်ထားဆဲ။ ထူးခြားတာက တော့ လူ ၃-၄၀ ခန့် ဘုရားကျောင်းရှေ့ကနေ ၀န်ကြိးချုပ်ရုံးဖက် ငေးကြည့်နေတာကိုတွေ့ရပါတယ်။ သူ တို့ငေးနေရာဆီ အသေချာကြည့်တော့ လုံခြုံရေးက မနေ့ကလို ရဲတွေမဟုတ်တော့။ စစ်သားတွေဖြစ်နေ ပီ။ စစ်သားကမှ အော်စလိုမှာကျနော်တခါမှမတွေ့ဖူးသေးတဲ့ စစ်သားမျိုး။ ကျဉ်ကာအကျီအပြင် ပေါင် ရှေ့ပိုင်းကိုကာထားတဲ့ ပစ္စည်းတွေကိုပါဝတ်ဆင်ထားတဲ့အတွက် မိုင်းကွင်းထဲသွားနေတဲ့ စစ်သားတွေလို ဖြစ်နေပါတယ်။ ကိုင်ထားတဲ့လက်နက်ကလဲ ပစ်ခတ်ဖို့အသင့် M16-တွေနဲ့။ သူတိုကိုကျော်ပီး ကြည့် လိုက်တော့ ၀န်ကြီးချုပ်ရုံးကိုမနေ့ကလိုဘဲ့မသဲမကွဲမြင်နေရပီး အဲဒီရုံးရှေ့မှာ သူတို့လိုစစ်သားတဒါဇင် ခန့်။ နောက် ကယ်ဆယ်ရေးဝန်ထမ်းတချို့ကိုမြင်လိုက်ရပါတယ်။ အဲ...ဒီနေ့ထူးခြားစွာ ကျနော်မြင်လိုက် ရတာကတော့ ၀န်ကြီးချုပ်ရုံးရှေ့က အလံကို တိုင်တ၀က်ဘဲ့တင်ထားတာတွေ့ရပါတယ်။

တခြားလူတွေနဲ့အတူ ကျနော်ဒီလိုငေးကြည့်နေစဉ်မှာဘဲ့ ဘုရားကျောင်းကိုလာတဲ့ လူတချီု့က နေ စစ်သားတွေလမ်းပိတ်ထားတဲ့ရှေ့တည့်တည့်က လမ်းလယ်မီးပိုင့်မှာ လွမ်းသူပန်းခွေတွေ။ ပန်းစည်း တွေလာချနေတာကို ကျနော်မြင်ခဲ့ရပါတယ်။ ကင်မရာလဲပျက်။ အင်တာနက်လဲပျက်နေတဲ့ ကျနော်ဟာ မြင်ကွင်းကိုမျက်စိနဲ့မှတ်တန်းတင်ယုံကလွဲပီး ဓါတ်ပုံမရိုက်လာနိုင်ခဲ့ပါ။ အသေးစိပ်ကိုတော့ ကျနော်တို့ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။


လုံခြုံရေးတိုးဖို့လိုမလား။ ဘာတွေအားနဲခဲ့လို့လဲ


သောကြာနေ့ကဖြစ်ပွါးခဲ့တဲ့ ဗုံးခွဲမှု။ သေနပ်ပစ်မှုတွေနဲ့ပါတ်သက်ပီး ဘယ်သူလက်ချက်ဖြစ် တယ်။ နောက်ကွယ်မှာဘယ်သူတွေရှိနေတယ်။ ဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာတွေကို ရဲကစုံစမ်းနေ ဆဲဖြစ်တဲ့အတွက် ဘယ်သူမှမပြောနိုင်သေး။ ဒါပေမဲ့ အော်စလိုမှာ ၁၀-နှစ်ကျော်ကြာနေထိုင်နေတဲ့ သ တင်းသမားတဦးအနေနဲ့ကတော့ လုံခြုံရေးကို ဒီထက်ပိုတိုးရင်ကောင်းမလားလို့ စဉ်းစားနေမိပါတယ်။ ဘာကြောင့်လဲဆိုရင် ရှေ့မှာကျနော်တင်ပြခဲ့တဲ့အတိုင်း ၀န်ကြိးချုပ်ရုံးအပါဝင် အစိုးရရုံး။ ပါလီမန်နဲ့ တ ခြားအရေးကြီးတဲ့နေရာတွေမှာ ဘာအစောင့်မှမရှိ။ ကျနော်သူငယ်ချင်းတွေပြောတဲ့အတိုင်းဆိုရင်တော့ ဒီမှာက နည်းပညာအဆင့်မြင့်တော့ လူကိုယ်တိုင်မစောင့်ဘဲ ဗွီဒီယို-ကင်မရာတွေ။ မှန်ပြောင်းတွေနဲ့ လူ မမြင်တဲ့နေရာတွေကနေ စောင့်ကြည့်နေတာလို့ဆိုပါတယ်။

ဒါပေမဲ့ မနေ့ကဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေဟာ ဒီ လိုစောင့်ကြည့်နေယုံနဲ့မဖြစ်တော့ဘူးဆိုတာကို သတိပေးနေပါတယ်။
အခုဗုံးကွဲတဲ့ ၀န်ကြီးချုပ်ရုံးကိုဘဲ့ ဥပမာ ပြန်ပေးပါရစေ။ ကားဝင်လို့မရအောင် ကျောက်တိုင် တချီု့စိုက်ထားတာကလွဲရင် လက်နက်ကိုင်ရော။ အရပ်ဝတ်ရော ဘာလုံခြုံရေးမှမရှိ။ အဲဒီရုံးဘေး ၂-ပေ၀န်းကျင်ကိုသာ ပန်းခြံငယ်လေးနဲ့ကာထားပီး ဘယ်သူမဆို ၀န်ကြီးချုပ်ရုံး တံခါးပေါက်ရှေ့အထိ လမ်းလျောက်ဝင်သွားနိုင်တဲ့အခြေနေမျီုးပါ။ ကျနော်ကိုယ်တိုင်ကတော့ ကုလသမဂ-အတွင်းရေးမှုးချုပ် ကိုဖီအာနန် လာတုန်းက သတင်းယူဖို့ အဲဒီဝန်ကြိးချုပ်ရုံးအတွင်း တခါဝင်ဖူးပါတယ်။ အထူးလုံခြုံရေး ဘာမှမတွေ့မိ။

မြန်မာနိုင်ငံမှာမွေးဖွားပီး အာရှဒေသမှာကြီးပြင်းခဲ့သူတဦးအဖို့ နော်ဝေးက၀န်ကြီးချုပ်ရုံးဆိုတာ မြန်မာနိုင်ငံက မ၀တ-ရုံးလောက်တောင် လုံခြုံရေးမရှိပါလားလို့စဉ်းစားမိပါတယ်။ နောက်တခါ ပါလီမန် ဆိုရင်လဲ ဒီအတိုင်းပါဘဲ့ ၀န်ကြီးချုပ်ရုံးထက်တောင် ပိုဆိုးပါသေးတယ်။ တကယ့်ကိုလမ်းဘေးမှာ။ ပီး တော့ ၀န်ကြီးချုပ်ရုံးရှေ့တည့်တည့်မှာ ဘတ်စကားမှတ်တိုင်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ လူ ထုနဲ့ လူထုကရွေးချယ်ထားတဲ့လူတွေအကြား ဘာစည်းမှမထားဘဲ ယုံယုံကြည်ကြည် နေနေကြတဲ့သ ဘောလို့ထင်ပါတယ်။ ဒါမေပဲ့ အာဏရှင်နိုင်ငံတွေမှာကြီးပြင်းလာသူ ကျနော်တို့လိုပုဂိုလ်တွေရဲ့အမြင်မှာ တော့ ဘာကြောင့် ဒီလောက်လုံခြုံရေးလျော့ရဲနေရသလဲဆိုပီး အမြဲတန်းစဉ်းစားနေမိပါတယ်။


(မှတ်ချက်။... ဓါတ်ပုံများကို NKR.no မှယူထားပါတယ်။ နောက်ဆုံး Up Date တွေကိုလဲ nrk.no မှာဝင်ကြည့်နိုင်ပီး Google Chrome နဲ့ဆိုရင် အော်တို ဘာသာပြန်လို့ရပါတယ်)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More