Saturday, April 30, 2016

ရန်ကုန်-ပဲခူး တာဝေးပွဲ ၀င်ပြိုင်ကြမလား...။

၅၀ နဲ့အထက် ပြိုင်ပွဲဝင်မလား...။
....
အားကစားဌာန ၏လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ စက်ဘီးစီး အဖွဲ့ချုပ်၊ မြန်ရွှေပြည် (MSPTractor. Co. Ltd)နှင့် (Joy Trading Co.,Ltd) GTM စက်ဘီး ကုမ္ပဏီတို့ ပူးပေါင်း၍ (15.5.2016) နေ့တွင် ကျင်းပမည့် "ဖိတ်ခေါ် ရန်ကုန်-ပဲခူး-ထောက်ကြံ့ RoadBike စက်ဘီးစီး ပြိုင်ပွဲ" သို့ မြန်မာနိုင်ငံ အနှံ့မှ စက်ဘီးစီးဝါသနာရှင်များအားလုံး မည်သူမဆို ပါဝင်ဆင်နွဲ နိုင်ရန် လေးစားစွာ ဖိတ်ခေါ် အပ်ပါသည်။

*ပြိုင်ပွဲသို့ဝင် ရောက်ယှဉ်ပြိုင် လိုသောအားကစားသမားများ အနေဖြင့် စက်ဘီးအဖွဲ့ချုပ်ရုံးခန်း သို့ ဖုံးနှင့်တစ်ဆင့် (09-250205651. 09-254271930. 09-972911310) သို့ ဖြစ်စေ၊Yangon GTM Showroom တွင်ဖြစ်စေ **(မှတ်ပုံတင်ဖြင့်)**(29.4.2016 နေ့မှ 13.5.2016 နေ့ အထိ) အမည်စာရင်းပေးသွင်းနိုင်ပါသည်။ 

ပြိုင်ပွဲအမျိုး အစားများကို
၁။ လက်ရွေးစင်တန်း
၂။ အလွတ်တန်း
၃။ အသက် (၅၀)နှစ် အထက်တန်း
ဟူ၍ ၃ တန်းခွဲ ၍ပြိုင်ပွဲကျင်းပ သွားမည် ဖြစ်သည်။

ဆီးနှင်းကြားက Liege-Bastogne-Liege ပွဲ Wouter Poels အနိုင်ရ...။

ဆီးနှင်းကြားက Liege-Bastogne-Liege ပွဲ Wouter Poels အနိုင်ရ...။
...
နွေဦးအထူး Spring Classics တွေထဲက နောက်ဆုံးပွဲဖြစ်တဲ့ Liege-Bastogne-Liege ပွဲကို ဘလဂျီယံမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ ၁၈၉၂ က တည်းကစတင်ခဲ့တဲ့ ရှေးအကျဆုံးဒီပွဲဟာ ကီလိုမီတာ ၂၅၀ ကျော် ရှည် လျားပြီး ရွံ့ဖုံးနေတဲ့ ကျောက်တုံးခင်းလမ်းတွေ၊ ကျောက်တုံးခင်းလမ်း တောင် ကုန်းတွေ၊ ကွင်းပြင်တွေ လမ်းကျဉ်း လမ်းကွေ့ စသဖြင့် အခက်ခဲများ စွာကို ကျော်ဖြတ်စီးနင်းခဲ့ရပါတယ်။

ပိုဆိုးတာက ဒီနေ့ဟာ ရာသီဥတုအတော်ဆိုးပြိး ပွဲချိန် ၆ နာရီစလုံး နှင်းတွေ ကျနေပါတယ်။ စက်ဘီးသမားတွေဟာ အထူးအ၀တ်အစားတွေ၊ မျက်နှာစွပ် တွေနဲ့ အအေးဒဏ်ကိုကာကွယ်ခဲ့ရပါတယ်။
ဒီပွဲမှာမနှစ်က ပထမ ရထားတဲ့ စပိန်ကနာမည်ကြိးစက်ဘီးသမား Alejandro Valverde (Movistar) အနိုင်ရတယ်လို့ထင်ကြေးပေးခဲ့ပေမဲ့ အဲဒိလိုဖြစ်မလာ ခဲ့ပါဘူး။
...

# Rider Name (Country) Team Result
1 Wouter Poels (Ned) Team Sky 6:24:29
2 Michael Albasini (Swi) Orica-GreenEdge
3 Rui Alberto Faria Da Costa (Por) Lampre - Merida
4 Samuel Sanchez Gonzalez (Spa) BMC Racing Team 0:00:04
5 Ilnur Zakarin (Rus) Team Katusha 0:00:09
6 Warren Barguil (Fra) Team Giant-Alpecin 0:00:11
7 Roman Kreuziger (Cze) Tinkoff Team 0:00:12
8 Joaquin Rodriguez Oliver (Spa) Team Katusha
9 Bauke Mollema (Ned) Trek-Segafredo
10 Diego Rosa (Ita) Astana Pro Team.
........

Liege-Bastogne-Liege ပွဲမှာ Valverde ထပ်ရနိုင်သလား...။
...
(လောလောဆယ် Live စီးနေပါတယ်) အောက်က ကွန်မင်း လင့်ခ်ထဲ ဖတ်ပါရန်)။
...
နွေဦးအထူး Spring Classics တွေထဲက နောက်ဆုံးပွဲဖြစ်တဲ့ Liege-Bastogne-Liege ပွဲကို ဘလဂျီယံမှာ တနင်္ဂနွေနေ့လည် စတင်ဖို့ရှိနေပါ တယ်။
၁၈၉၂ ကတည်းကစတင်ခဲ့တဲ့ ရှေးအကျဆုံးဒီပွဲဟာ ကီလိုမီတာ ၂၅၀ ကျော် ရှည်လျားပြီး ရွံ့ဖုံးနေတဲ့ ကျောက်တုံးခင်းလမ်းတွေ၊ ကျောက်တုံးခင်းလမ်း တောင်ကုန်းတွေ၊ ကွင်းပြင်တွေ လမ်းကျဉ်း လမ်းကွေ့ စသဖြင့် အခက်ခဲများ စွာကိုကျော်ဖြတ်စီးနင်းရမှာဖြစ်ပါတယ်။
ဒီပွဲမှာမနှစ်က ပထမ ရထားတဲ့ စပိန်ကနာမည်ကြိးစက်ဘီးသမား Alejandro Valverde (Movistar) ဟာ ပြိးခဲ့တဲ့ဗုဒ္ဒဟူးနေ့ကလည်း La Flèche Wallonne ပွဲမှာအနိုင်ရထားတဲ့အတွက် ဒီနေ့လည်း သူရနိုင်တယ်ဆိုပြီး ထင် ကြေးပေးနေကြပါတယ်။
ဒါပေမဲ့ ရာဇ၀င်အရတော့ ဒီလိုမျိုး ၂ နှစ်ဆက်တိုက်နိုင်ဖူးသူဆိုတာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမပေါ်ခဲ့ဖူးသေးပါဘူး။ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ၁၉၅၁- ၅၂ တုန်းက Ferdi Kubler တဦးတည်းသာ ၂ နှစ်ဆက်တိုက်နိုင်ထားဖူးပါ တယ်။
ဒါအပြင့် La Flèche Wallonne ပွဲမှာ သူ့ကိုကပ်ပြီးရှုံးခဲ့ကြတဲ့ Etixx-QuickStep အသင်းမှ Julian Alaphilippe နဲ့ Dan Martin တို့ကလည်း ဒီပွဲ မှာ Valverde ကို ပြန်လက်စားချေမယ်လို့ ယူဆရပါတယ်။ အထူးသဖြင့် ၂၀၁၃ ခုနှစ်က ပထမ ရထားဖူးတဲ့ Dan Martin ဟာ ဒီနေ့ မရ ရအောင်စီးမယ် ဆိုတာ သံသယရှိစရာမလိုပါဘူး။
Valverde ကတော့ လမ်းအနေအထားထက် ရာသီဥတုအနေအထားကို ပိုစိုး ရိမ်တယ်လို့ပြောပါတယ်။ ဘာကြောင့်လဲဆို ဒီနေ့မိုးရွာနိုင်ပြီး ညနေပိုင်းမှာ နှင်း ပါကျနိုင်တယ်လို့ဆိုထားတဲ့အတွက် လမ်းအခြေအနေဆိုးနိုင်ပါတယ်။
ရှေ့မှာတင်ပြခဲ့သူ ၃ ဦးအပြင် 2014 ပထမ ရထားသူ Simon Gerrans (Orica-GreenEdge)၊ စကိုင်းအသင်းမှ Michal Kwiatkowski (Sky)၊ အီတလီအကျော်အမော် Vincenzo Nibali (Astana) အပါဝင် စက်ဘီးသမား ၁၅၀ ကျော် ၀င်ပြိုင်ကြမှာမို့ စိတ်ဝင်စားဘွယ်ဖြစ်ပါတယ်။
မနက်ဖြန်နေ့လည် ဒေသစံတော်ချိန် ၂ နာရီ (မြန်မာအချိန် ၇ နာရီဝန်းကျင်) မှာ Euro Sport TV ကနေ Live ပြမယ်လို့ ကြေညာထားပါတယ်။
....
(ကျနော်တို့ရဲ့ ဇတ်လိုက်ကြီး ပီတာဆာဂန်ကတော့ စပရင်း ကလစစ် တွေကို နားပြီး ရှေ့လလယ်ကျင်းပမဲ့ ကာလီဖိုးနီးယားပွဲအတွက် လေ့ကျင့်ရေး ဆင်းနေ ပါတယ်။)
မနက်ဖြန်မှာ ဒီပွဲအပြင် ခရိုးရေးရှားပွဲ နောက်ဆုံးနေ့ပွဲစဉ်လဲရှိနေပါတယ်။ ဒီပွဲ တွေပြီးရင်တော့ ၂၄ ကနေ မေလ ၁ ရက်နေ့အထိ Tour of Turkey။ ၂၆ ကနေ မေလ ၁ ရက်နေ့အထိ Tour de Romandie (ဆွင်ဇလန်)။ ၂၉ ကနေ မေလ ၁ ရက်နေ့အထိ Tour de Yorkshire (ဗြိတိန်) တို့ရှိနေပါတယ်။
မေလဆန်းမှာတော့ ၆ ရက်ကနေ ၂၉ အထိ Grand Tour ၂၁ ရက်ပွဲ Giro d'Italia (အီတလီ) ရှိနေပါတယ်။ တချိန်တည်းမှာပဲ ပီတာဆာဂန် ၀င်ပြိုင်မဲ့ Tour of California (အမေရိကန်) ကလည်း မေ ၁၅ ကနေ ၂၂ အထိကျင်းပဖို့ရှိနေပါကြောင်း ကြိုတင် အစီရင်ခံလိုက်ရပါတယ်။ ။

Giro del Trentino ပွဲပြီးစီး၊ Mikel Landa GC ပထမ ရ...။

Giro del Trentino ပွဲပြီးစီး၊ Mikel Landa GC ပထမ ရ...။
...
အီတလီနိုင်ငံ Trentino ဒေသမှာ ၄ ရက်ကြာကျင်းပခဲ့တဲ့ Giro del Trentino ပွဲ ဒီနေ့ပြီးဆုံးသွားပါပြီ။ ချန်ပီယံဟောင်း Vincenzo Nibali (Ita) Astana Pro Team ရုံးပြီး Astana အသင်းကနေ Sky အသင်းဆီ မနှစ်ကမှပြောင်းသွားသူ သူ့ရဲ့အသင်းဖေါ်ဟောင်း Mikel Landa Meana (Spa) Team Sky က ၄ ရက် ပေါင်း ပထမ ရသွားပါတယ်။


ဒီနေ့နောက်ဆုံးနေ့ဟာ မြင့်မားပြီး ရေခဲဖုံးလွှမ်းနေတဲ့တောင်တွေကိုတက်ခဲ့ရ ပါတယ်။ (ဒီပွဲကို TV မှာ ပြတာ မတွေ့မိပါ။ Tour of Croria ပဲတွေ့မိပါတယ်)။ လတ္တီကျုအမြင့်မှာလေ့ကျင့်ထားလို့ ၀န်ပိပြီး အထိုင်အထနှေးနေတဲ့ နီဘာလီ ဟာ အရင်နေ့တွေကတည်းက အခြေအနေမကောင်းခဲ့ပါဘူး။
ဒါအပြင် ပွဲမစခင်ကတည်းကတောင် ဒီပွဲမှာ Landa ပထမ ရနိုင်တယ်ဆိုပြီး ထုတ်ပြောထားခဲ့တာပါ။ ဒါပေမဲ့ ဒီနှေ့မှာတော့ သူဟာ ရှိသမျှစွမ်းအားကို ထုတ်ပီး ကီလို ၅၀ ခန့်လောက်ကတည်းက စတင်တိုက်ခိုက်ခဲ့ပါတယ်။ အခြား ပြိုင်ဖက် ၂ ဦးနဲ့အတူ ၃ ဦးပေါင်း ထွက်ပြေးသွားလိုက်တာ ၃ မီနစ်အထိ Landa တို့အုပ်စုကို ဖြတ်ထားနိုင်ခဲ့ပါတယ်။
Landa ရဲ့ Team Sky ဟာ အချိန်ကိုအသေအချာတွက်ချက် အရှိန်တင်လိုက် ရာကနေ နောက်ဆုံးပန်းဝင်တောင်ကုန်းမှာ ဖမ်းမိသွားပါတယ်။ ဒါပေမဲ့ ဘာ ဖြစ်ဖြစ် ဒီပွဲဟာ မေလ ၆ ရက်ကနေ ၂၉ ရက်နေ့အထိကျင်းပမဲ့ Giro d'Italia အတွက်သွေးပူလေ့ကျင့်ခန်းဖြစ်တာကြောင့် နီဘာလီ အခြေအနေကောင်းနေ သေးတယ်လို့ပြောနိုင်ပါတယ်။
ဒီနေ့တရက်စာ အနိုင်ပွဲကိုပြောရမယ်ဆိုရင်တော့ Tanel Kangert (Est) Astana Pro Team က 4:07:29 နာရီနဲ့ ပထမ။ Matteo Busato (Ita) Southeast - Venezuela က ဒုတိယနဲ့ Mikel Landa Meana (Spa) Team Sky ကတတိယ ရပါတယ်။ 

ဒါဟာလည်း လင်ဒါနဲ့ စကိုင်းအသင်းရဲ့ သွေးအေးအေးနဲ့တွက်ချက်မှုဟာ စိတ် လှုပ်ရှားဖွယ်ပါ။ ဘာကြောင့်လဲဆိုရင် အခု ပထမ ရသွားတဲ့ Tanel Kangert (Est) Astana Pro Team ဟာ လင်ဒါနောက်မှာ ကပ်ပြီး ၈ စက္ကန့်အပြတ်နဲ့ ဒုတိယ GC ရထား သူပါ။ 
အခု သူ ပထမ ရသွားတဲ့အတွက် time bonus ၁၀ စက္ကန့်ရသွားပါတယ်။ ဒါ ကြောင့် လင်ဒါကို ၂ စက္ကန့်အသာရသွားပါတယ်။ ဒါပေမဲ့ လင်ဒါဟာ စတုတ္တ မဟုတ်ပဲ တတိယ နေရာကနေ ပန်းဝင်နိုင်တာကြောင့် time bonus ၄ စက္ကန့် ရပြန်ပါတယ်။ အပေါင်းအနှုတ်လုပ်လိုက်တော့ ၂ စက္ကန့်အသာနဲ့ လင်ဒါကပဲ GC ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။

ဒိနေ့ပွဲအပြီး ၁-၁၀ GC သမားတွေကတော့...
Final general classification
# Rider Name (Country) Team Result
1 Mikel Landa Meana (Spa) Team Sky 14:44:48 
2 Tanel Kangert (Est) Astana Pro Team 0:00:02 
3 Jakob Fuglsang (Den) Astana Pro Team 0:00:14 
4 Sergey Firsanov (Rus) Gazprom-Rusvelo 0:00:19 
5 Patrick Konrad (Aut) Bora-Argon 18 0:00:24 
6 Romain Bardet (Fra) AG2R La Mondiale 
7 Domenico Pozzovivo (Ita) AG2R La Mondiale 0:00:28 
8 Emanuel Buchmann (Ger) Bora-Argon 18 0:00:30 
9 Jean-Christophe Peraud (Fra) AG2R La Mondiale 0:00:42 
10 Hubert Dupont (Fra) AG2R La Mondiale 0:00:56 တို့ ဖြစ် ပါတယ်။
ဒီပုဂ္ဂိုလ်တွေရဲ့ မကျေပွဲကိုတော့ လာမဲ့မေလ ၆ ရက်နေက ၂၉ ရက်အကြား ၂၁ ရက်တိုင်တိုင်ကျင်းပမဲ့ Giro d'Italia ပွဲမှာ အားပါးတရ ရှုစားရဖို့ရှိနေပါ တယ်။ ။

La Flèche Wallonne ပွဲ Alejandro Valverde အနိုင်ရ...။

La Flèche Wallonne ပွဲ Alejandro Valverde အနိုင်ရ...။
...
ဗုဒ္ဒဟူးနေ့ (ဧပြီလ ၂၀ ရက်နေ့) က ဘလဂျီယံမှာကျင်းပခဲ့တဲ့ La Flèche Wallonne နွေဦးအထူးပွဲ ၁၉၆ ကီလိုမီတာပြိုင်ပွဲမှာ Alejandro Valverde (Spa) Movistar Team က 4:43:57 နာရီနဲ့ ပမထ ရသွားပါတယ်။
အရင်ဆုံးအရှိန်တင်တဲ့ Daniel Martin (Irl) Etixx - Quick-Step က တတိယ ဖြစ်သွားပြီး သူရဲ့အသင်းဖေါ် Julian Alaphilippe (Fra) Etixx - Quick-Step က ဒုတိယရသွားပါတယ်။

ဒီနေ့ပွဲအပြီး ၁-၁၀ ရသွားသူတွေကတော့...
2016 La Flèche Wallonne - Top 10
# Rider Name (Country) Team Result
1 Alejandro Valverde (Spa) Movistar Team 4:43:57 
2 Julian Alaphilippe (Fra) Etixx - Quick-Step 
3 Daniel Martin (Irl) Etixx - Quick-Step 
4 Wouter Poels (Ned) Team Sky 0:00:04 
5 Enrico Gasparotto (Ita) Wanty - Groupe Gobert 0:00:05 
6 Samuel Sánchez Gonzalez (Spa) BMC Racing Team 
7 Michael Albasini (Swi) Orica-GreenEdge 
8 Diego Ulissi (Ita) Lampre - Merida 
9 Warren Barguil (Fra) Team Giant-Alpecin 
10 Rui Costa (Por) Lampre - Merida တို့ဖြစ်ပါတယ်။
ဆေးရုံတက်နေရင်းနဲ့ အဲဒီပွဲကိုကြည့်ခွင့်ရလိုက်ပါတယ်။ ရှေ့ပြေးအဖွဲ့တွေ တဥိးပြီးတဦး၊ တဖွဲ့ပြီးတဖွဲ့ပြေးနေတဲ့အတွက် အုပ်စု Peloton ထဲကလူတွေ ပထမ ရလိမ့်မယ်လို့ ထင်ဖို့မလွယ်ပါ။
အချိန်အကြာကြီးရှေ့မှာပြေးနေတဲ့အုပ်စုကိုမိပြီးတဲ့နောက် ပန်းဝင်ဖို့ ၁၅ ကီလိုခန့်အလိုမှာမှ ၃ ဦးပါအဖွဲ့တခု ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့မှာ Movistar က တဦးပါပြီး သူ့ကိုကြည့်ရတာ ရှေ့ရောက်ဖို့ စီးနေတာမျီုးမဟုတ်ပဲ အခြား ၂ ဦးထွက်ပြေးမသွားနိုင်အောက် ဖမ်းထားတဲ့ သဘော၊ အရှိန်ပြန်ကျအောင်ဆွဲချထားတဲ့သဘောမျီုးသာတွေ့နေရပါတယ်။

တခါ သူတို့ ၃ ဦးနောက်မှာ နောက်ထပ် ၆ ဦးပါ နောက်လိုက်အဖွဲ့တခု ထွက် ပြေးလွတ်မြောက်လာပါသေးတယ်။ အဲဒီအဖွဲ့မှာလည်း Movistar က တဦး ပါလာပြန်ပါတယ်။ သူဟာလဲ ရှေ့ကပဂ္ဂိုလ်လိုပဲ ရှေ့သွားဖို့မစိးပဲ ဆွဲချဖို့စီးနေ တာမျိုးကိုသာတွေ့နေရပါတယ်။
ဆိုလိုတာက အုပ်စု Peloton ထဲမှာကျန်နေတဲ့ (မြှုပ်ထားတဲ့) သူတိုရဲ့အသင်း ခေါင်းဆောင် ဒီပွဲမှာ ပထမ ရစေဖို့ ဗျုဟာကျကျစီးနေတာဖြစ်ပါတယ်။ ပန်းဝင်ဖို့ ၅ ကိလိုလောက်အလိုမှာတော့ အနောက်အုပ်စုကို ပလတွန်က မိသွားပါတယ်။ ဒါပေမဲ့ ရှေ့ပြေး ၃ ဦးက ပန်းဝင်ဖို့ ၃ ကိလိုအလိုအထိ စက္ကန့် ၂၀ ကျော်အထိဖြတ်ပြီး ပြေးလို့ကောင်းတုန်း။
မမိနိုင်တော့ဘူးလို့ထင်ထားရာကနေ ဘယ်လိုမိသွားမှန်းမသိပါ။ နောက်ဆုံး ပန်းအ၀င်မှာ မြင့်မားတဲ့တောင်ကုန်းခံနေတာကြောင့်လဲဖြစ်နိုင်ပါတယ်။ ပန်းဝင်ဖို့ တကီလိုအတွင်းမှာမှ မိသွားတာဖြစ်ပြီး ပွဲရဲ့အခြေအနေ ချက်ချင်း ပြောင်းသွားပါတယ်။

ကီလို ၂၀၀ ခန့်မောပန်းစွားစီးလာသူတွေအနေနဲ့ ၂၄ ဒီဂရီမြင့်တဲ့တောင်ကို တက်ပြီး ပန်းဝင်ဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။ ဒါပေမဲ့ Alejandro Valverde (Spa) Movistar Team ဟာ ဒီလိုပွဲမျိုးအတွက် အသေအချာလေ့ကျင့်ထား ပုံရပါတယ်။ Hay လိုခေါ်တဲ့ ဒီပန်းဝင်တောင်ကုန်းဟာ Tour de France ပွဲ တွေမှာလဲ ပါနေကြမို့ အသစ်အဆန်းတော့မဟုတ်ပါဘူး။
ဒါဟာ Alejandro Valverde (Spa) အတွက် ၄ ကြိမ်မြောက် အောင်ပွဲဖြစ် တဲ့အတွက် စံချိန်သစ်တင်နိုင်ခဲ့ပါပြီ။ လာမဲ့ တနင်္ဂနွေ Liège-Bastogne-Liège ပွဲမှာလည်း သူခြေစွမ်းပြဦးမယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ ဒီပွဲတွေ ဟာ လေ့ကျင့်ရေးအတွက်သာဖြစ်ပြီး သူရဲ့ အဓိကဦးတည်ချက်ကတော့ မေလ ၆ ၇က်ကနေ ၂၉ ရက်နေ့အထိကျင်းပမဲ့ ၂၁ ရက်တာ အီတလီမှာကျင်းပမဲ့ Grand Tour Giro d'Italia ပွဲသာဖြစ်တယ်လို့ Alejandro ကပြောဆိုထားပါ တယ်။

Saturday, April 23, 2016

ဘယ်တော့မှ လက်မထောက်ပါနဲ့။

နိုင်ငံရေးသမား ဒူးမထောက်၊ စက်ဘီးသမား လက်မထောက် ဖို့အရေးကြီး...။
...
အရင်အပတ်က တင်ပြခဲ့တဲ့အတိုင်း စနေနေ့ (ဧပြီ ၁၆ ရက်) နေ့လည်ပိုင်းက ရေခဲတောင် (ဟိုမင်ကိုလင်) အောက်ဖက်ချမ်းရှိ စက်ဘီးသမားအများစု သွားလေ့ရှိတဲ့အရပ် ဆီ တကူးတကာ့ သွားစီးမိခဲ့ပါတယ်။


ဒါဟာ ဒီနွေဦးမှာ ပထမ ဆုံးအကြိမ် အဲဒီဖက်သွားခြင်းလဲဖြစ်ပါတယ်။ မနှစ်က မြို့ထဲနေပြီး မောင်တိန်းဘိုက်စီးတော့ အဲဒီဖက်ထွက်တာလွယ်ပါတယ်။ ဒီနှစ် က မြို့ထဲနဲ့ ၁၀ ကီလိုလောက်ဝေးတဲ့ မြို့ပြင်ဆီ ပြောင်းလိုက်တော့ အဲဒီဖက် သွားဖို့ မြိုံတခုလုံးကိုပြန်ဖြတ်ရပါတယ်။ ဒါကြောင့် စိတ်ထဲမှာ သိပ်မ၀င်မကျလှ။
မြို့ထဲမှာ ကားရှုတ်တဲ့အပြင် Tran လို့ခေါ်တဲ့ ဓတ်ရထားလမ်းတွေကလည်း အတော် ရှုပ်ပါတယ်။ အဲဒီလိုရှုတ်နေတဲ့ကြားဖြတ်သွားရင် မေဂျာစတာ ဆိုတဲ့ ဘူတာဝန်းကျင်မှာ တခါပစ်လဲပါတယ်။ ဖိနပ်ဘားကို မချွတ်ပဲ ဘရိတ်ဆွဲ၊ စက်ဘီးကိုထိမ်းရင်နဲ့ကားကြားမှာ လဲတာ။ ကားတွေက အရှိန်မရှိလို့တော် သေး။ အဲဒီထက်ပိုတော်တာက ဘုန်းဆို ဒီတိုင်းပစ်လဲတော့ ဘာမှ မနာဘူး။ ခြေနင်းမှာ တန်းလန်းဖြစ်နေတဲ့ ဖိနပ်ကိုမနည်းပြန်ထုတ်ပြီး ပြန်စီးတာ အိုကေ ပါပဲ။
ဒါက တောင်ပေါ်တက်ဖို့အသွား မြို့တွင်းဖြတ်ချိန်ကြုံရတဲ့ပြသာနာ။ မြို့ပြင် ရောက်သွားတော့ အေးဆေးပါပဲ။ တောင်တက်ရတာတော့ မောတာပေါ့။ ဒါပေမဲ့ ဒိဖက်က တောင်တွေကောင်း တာက အတက်ချည်းမဟုတ်။ တက်လိုက် ဆက်လိုက် တောင်တွေဆိုတော့ စီးလို့ကောင်းတယ်။

လက်ရှိ ကျနော်နေတဲ့အရပ်က ဒီတောင်နဲ့အဝေးကြီး။ ဒါပေမဲ့ ကောင်းတာက မီးပိုင့်တခု မှဖြတ်စရာမလိုပဲ (အ၀ိုင်းတွေတော့ရှိတယ်) ၁၅ မိုင်အကွာက လီလီ စတုန်းမြို့အထိ စက်ဘီးလမ်းပေါ်စီးသွားလို့ရတယ်။ မကောင်းတာက တောင်တွေက အတက်ဆို အတက်ချည်း ၄ ကီလို၊ ၅ ကီလိုလောက်ရှိတယ်။ အော်စလိုကနေ လီလီစတုန်းအသွားမှာဆို အဆင်း ၅ ကီလိုရှိပြီး အပြန်မှာ ၅ ကီလို ဆက်တိုက်တက်ပေတော့။
စီးရတာ အရသာ သိပ်မတွေ့လှ။ စီးတဲ့လူကလည်း အခုသွားတဲ့ တောင်ပေါ် ဒေသနဲ့ ယှဉ်ရင်အတော်နည်းပါတယ်။ စီးနေတဲ့လူတွေကို တဦးမှမသိပေမဲ့လည်း လမ်းပေါ်မှာ တခြားစက်ဘီးသမားရှိနေရင် ပြိုင်ဖက်ရှိနေသလို၊ အဖေါ် ရှိနေသလိုခံစားရတာ စက်ဘီးသမား သဘာဝထင်ပါ့။
ထားတော့။ အဲဒိလို တောင်ပေါ်မှာစီးပြီးအပြန် နေ့လည်ကဖြတ်ခဲ့တဲ့ မြို့ထဲကို ပြတ်ဖြတ်ရ ပါတယ်။ အသွားတုန်းကလမ်းအတိုင်းမပြန်မိပဲ ဘာကြောင်း လမ်း ချော်ပြီး မြို့လယ်က နေရှင်နယ်သီရေတာနား ရောက်သွားမှန်း ကိုယ့်ဘာသာ စဉ်းစားလို့မရ။ အဲဒီနေရာက လူလမ်းကူးတဲ့နေရာမှာလူတွေက ရာနဲ့ချီရှိတော့ လူကူးနေချိန် ဘယ်လိုမှ တိုးထွက်သွားဖို့မဖြစ်နိုင်။
ဒီတော့ ဖိနပ်ဘားကိုအသေချာဖြုတ်ပြီး အေးဆေး ခြေထောက်ရပ်မယ်ဆိုပြီး ရပ်ချလိုက်ပါတယ်။ အဲဒီအချိန်ကျမှ ဘယ်ဖက်ခြေတောက်ထွက်မလာဘူး။ ဖြုတ်ထားတာ ညာဖက်ခြေတောက်ဖြစ်နေပါရော့လား။ အဲဒီအချိန် ပထမ တခါ လဲတုန်းကလို တခါတည်း အိပ်ချလိုက်လဲ ဘာမှဖြစ်မှာမဟုတ်ဘူး။ အခုတော့ ဘယ်လိုကနေ ဘယ်လို လက်သွားထောက်မိမှန်းမသိ။
တော်တော့ကိုနာပြီး မထနိုင်တော့။ ဘေးလူတချို့လာပြီထူပေးပေမဲ့ လက်ကျိုး သွားတယ်လို့ သူတို့ထင်ပုံမရ။ ကိုယ်လဲ အဲလောက်အထိ မထင်ဘူး။ အရိုး လိမ်သွားတယ်လို့ပဲ ထင်ပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ ဘေးကလူကို ဆွဲဆန့်ပေးပါလို့ပြောပြီး ဖြောင်း ဆိုဆန့်လိုက်ရင် အိုကေ သွားမလား ပါပဲ။
ဒီမှာတော့ အဲဒီလို ဘယ်သူမှမလုပ်ရဲဘူးထင်ပါရဲ့။ မြန်မာတဦးဦးများတွေ့မိ မလားဆိုပြီး ၁၀ မီနစ်လောက်အထိ လက်ကိုနှိပ်ရင်းစောင့်ပေမဲ့ ဘယ်သူမှ ပေါ်မလာ။ အရေးပေါ် ကားခေါ်ဖို့ကလည်း နံပတ်မသိ။ ဒီလောက်ဖြစ်ရုံနဲ့ အရေးပေါ်ကား ခေါ်ခွင့်ရှိမရှိကလည်း မသေချာလှ။
ဒီတော့ တက္ကစီငှားပြီး အရေးပေါ်ဆေးရုံသွားမှဖြစ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ ဘေးနားလိုက်ကြည့်တော့ တက္ကစီကမရှိပြန်ဘူး။ သမ္မတဥိးသိန်းစိန် လာတုန်းက တည်းတဲ့ဟိုတယ်ရှေ့မှာ အရင်က တက္ကစီတွေအများကြီးရှိပေမဲ့ ဒီနေ့တစီးမှ မတွေ့မိ။ ဒါနဲ့စက်ဘီးကို ယာလက်နဲ့ဆွဲပြီး အော်စလို တက္ကသိုလ် ရှေ့က တက္ကစီတန်းမှာ သွားငှားရပါတယ်။
စက်ဘီးပါ တင်မယ်ဆိုတော့ တင်စရာမရှိဖြစ်နေပါတယ်။ နောက်တန်းက ခုံ တွေကိုလှဲချလိုက်မှ အဆင်ပြေသွားပါတယ်။ ဆေးရုံရောက်တော့ စက်ဘီးကို အထဲသွင်းခွင့်မရှိဆိုပြီး လုံခြုံရေးက တားပါတယ်။ အက်စီးဒင်းဖြစ်လို့၊ လက်ကျိုးသွားလို့ဆိုပြီးပြောတာတောင် သူက သိပ်ရုံချင်ပုံမရ။ နောက်ဆုံး တော့ လက်ခံပြိး လုံခြုံရေးခန်းထဲ စက်ဘီးကိုသိမ်းထားပေးပါတယ်။
လူကတော့ ထုံးစံအတိုင်း တိုကင်နံပတ်ယူ၊ ထိုင်စောင့်ပေါ့။ ကိုယ့်ထက် အခြေ အနေဆိုးတဲ့ သွေးသွရဲရဲလူတွေလည်း ဒီလိုပဲ ထိုင်စောင့်နေရတာပါပဲ။ စောင့် နေရင် သေသွားနိုင်သူမှအပ အားလုံးဒီလိုပဲစောင့်ရလေ့ရှိပါတယ်။ တကယ့် အရေးပေါ် လူနာဆိုရင်တော့ ချက်ချက်လုပ်ပေးပါတယ်။
ကိုယ်က လက်ကျိုးတာဆိုတော့ စောင့်နေရင်းနဲ့မသေလောက်တဲ့ လူနာစာ ရင်းထဲပါတာပေါ့။ ၁၀ မိနစ်လောက်ကြာတော့ လူနာစာရင်းသွင်းခွင့်ရတယ်။ နောက်ထပ် မီနစ် ၃၀ လောက်ကြာမှ ဆရာဝန်ကလာခေါ်ပြီး စစ်တယ်။ ဘာမှ မဖြစ်ဘူးထင်တယ်ဆိုပြီး ကိုယ်ကဆင်ခြေပေးပေမဲ့မရ။ သေချာအောင် ဓတ် မှန်ရိုက်ပါတဲ့။
ဓာတ်မှန်ရိုက်ပြီးတော့ အဲဒီအခန်းရှေ့ကခုံမှာ တခါထိုင်စောင့်ပြန်ပေါ့။ ၁၅ မီနစ် လောက်ကြာတော့ ဆရာဝန်ထွက်လာပြီး မင်းလက်က အက်တာမဟုတ်ဘူး။ ကျိုးသွားတယ်၊ ၂ နေရာကျိုးတယ်။ တထောင်ဆစ်နားကဟာက သိပ်မများပေ မဲ့ လက်ဖ၀ါးနားကဟာက အတော်အခြေအနေဆိုးတယ်။ ထက်ပိုင်းကို ကျိုး ထွက်သွားတာ ဆိုပြီးပြောပါတယ်။ ဓတ်မှန်ကို ကိုယ်က မမြင်၇တော့ သိပ် မရုံချင်။ လက်ကလည်း ဘာမှမနာသလိုပါပဲ။
မင်း ဥလိဘော ဆေးရုံကိုသွားရမယ်။ အဲဒီမှာ အော်ပရေးရှင်း လုပ်ရမယ် ဆိုပြီး ဆရာဝန်မကဆိုပါတယ်။ ပြီးတော့ ခဏလာခဲ့ဦး လို့ပြောပြီး အခန်းတခုထဲ ခေါ် သွားပါတယ်။ အဲဒါ ကျောက်ပတ်တီးစီးတည်းအခန်း။ ကျောက်ပတ်တီးစီးပြီး တော့ တက္ကစီခေါ်ပြီး ဆေးရုံပို့ဖို့ပြင်ပါတယ်။
ကျနော်မှာက စက်ဘီးစီးဝတ်စုံတွေ။ ဦးထုတ်တွေ၊ မျက်မှန်တွေနဲ့။ ရောက်လာ စက အဲဒါတွေကိုဝတ်ထားပေမဲ့ အခု ဆေးစစ်ရင်းနဲ့ ဦးထုတ်လဲချွတ်၊ အနွေး ထည်လည်းချွတ်ဆိုတော့ ယူစရာတွေက လက်တဖက်တည်းနဲ့မနိုင်တော့။ ဒီတော့ နာ့စ်မတွေက ပလစတစ်အိတ်အကြီးတလုံးယူပြီး အားလုံးကို အဲဒီ ထဲ ထည့်ပေးလိုက်တယ်။
စက်ဘီးက ဘယ်လိုလုပ်မလဲ။ ဆေးရုံကိုယူသွားမရမလား။ လုံခြုံရေးကိုမေး တော့ မနက်ဖြန် တယောက်ယောက်ကို လာယူခိုင်းပါ။ လောလောဆယ် သူတို့တာဝန်ယူသိမ်းပေးထားမယ်လို့ပြောပါတယ်။ တက္ကစီပေါ်တက်တော့ ကားသားမက ပါကစ္စတန်ထင်ပါရဲ့။ အတော်သဘောကောင်းပါတယ်။ ဆေးရုံ ထဲအထိလိုက်ပို့ပေးပါတယ်။
ကားခပေးစရာမလိုပါ။ ဆေးရုံက အားလုံးတာဝန်ယူတယ်လို့ဆိုပါတယ်။ စာရွက်စာတန်းတွေကလည်း အင်တာနက်နဲ့သွားသလား၊ ဘယ်လို စင်စတန် ရှိလဲမသိ။ ကျနော်နဲ့အတူ ဘာစာရွက်မှမပေးလိုက်ပေမဲ့ ဒီဆေးရုံးမှာ ကျနော် မှတ်တန်းအကုန်ရှိနေပြီ။ စာရွက် ၃-၄ ခုပါတဲ့ ဖွိုင်တခုကိုင်ထားတဲ့ နာ့စ်လား၊ ဆေးရုံအကူလား မသိ။ (ဒီမှာက နာစ်နဲ့ ဆေးရုံအကူ ၂ မျိုးရှိပါတယ်)။ မွေးနေ့ နဲ့ အမည်ကို သေချာအောင်မေးပြီးတဲ့နောက် ၁၁ လုံးနံပတ်ပါတဲ့ ပလစတစ် လက်ပတ်ကို ကျနော်လည့်မှာ စွပ်ထည့်လိုက်ပါတယ်။
ပြီးတော့ အော်ပရေးရှင်းအတွက် စောင့်ရမဲ့အခန်းဆီပို့လိုက်ပါတယ်။ ခဏနေ တော့ ဆရာဝန်လာခေါ်ပြီး သူ့အခန်းမှာ ရောဂါအခြေအနေ အသေးစိပ်ပြန်မေး ပါတယ်။ အထူးသဖြင့် ဆေးအလဂျီရှိလား။ အရင်က ခွဲစိပ်ဖူးလား။ ဘာဆေး တွေမတည့်တာရှိလဲ။ အရက်သောက်လား၊ ဆေးလိပ်သောက်လား၊ ဒါတွေက မေးဆေးပေးတဲ့နေရာမှာ အရေးပါပုံရပါတယ်။
ဆရာဝန်မက နားကျပ်နဲ့ ဟိုနားဒီနားထောင့်၊ နာ့စ်မက သွးပေါင်ချိန်တိုင်း၊ သွေးဖောက်စစ်ပြီးတဲ့နောက် စိုးရိမ်စရာမရှိဘူး။ မနက်ဖြန်မှ အော်ပရေးရှင်း လုပ်မယ်။ အဲဒါ မင်းဒီမှာ ဆက်နေချင်လဲရတယ်၊ အိပြန်ပြီး မနက် ၁၀ နာရီမှ ပြန်လာလည်းရတယ်။ ဒါပေမဲံ မနက် ၄ နာရီနောက်ပိုင်းကစပြီး ဘာအစာမှ မစားပါနဲ့တဲံ့။
ဆေးရုံဘယ်လောက်ကောင်းကောင်း ဒီတိုင်းတော့ မနေချင်ပါဘူး။ အိမ်ပြန် တာပဲကောင်းပါတယ်ဆိုပြီး ပြန်ထွက်လာပါတယ်။ ပြိးတော့ သတိရတုန်း စက်ဘီးသွားယူမှဆိုပြီး အရေးပေါ်ဆေးရုံဆီ ဓတ်ရထားနဲ့ပြန်လာပါတယ်။ စက်ဘီးကိုယူ၊ ဘူတာကြီးဆီ ၁၀ မီနစ်လောက် စက်ဘီးကိုတွန်း။ အိမ်ပြန် အိပ်ပေါ့။
နောက်တနေ့မနက် ဆေးရုံရောက်တော့ နာစ်မတွေက ရေပတ်တိုက်ပေး၊ ဆေးရုံအ၀တ်လဲပေးနေတုန်း ဆရာဝန်ရောက်လာပါတယ်။ ဒီနေ့ အရေးပေါ် လူနာတွေများနေလို့ တရက်ထပ်စောင့်ပါတဲ့။ အင်း... ကိုယ့်အခြေအနေက သိပ်စိုးရိမ်စရာမဟုတ်တော့လဲ စောင့်ရမှာပေါ့။ အိမ်ပြန်၊ ထမင်းစားပေါ့။
ဒီလိုနဲ့ အင်္ဂါနေ့နေ့လည်ကျမှ ခွဲစိပ်ခွင့်ရခဲ့ပါတယ်။ မေ့ဆေးပေးခွဲတာဆိုတော့ ဘာမှမသိလိုက်ပါ။ မေးဆေးမပေးခင်တော့ ညာဖက်လက်မှာ ဒရင့်သွင်းဖို့ အပ် စိုက်တာ၊ လက်ဖျံပေါ် သွေးသွင်းဖို့ အပ်စိုက်တာတွေလုပ်ပါတယ်။ ဒရင့် သွင်း တာကိုသိလိုက်ပေမဲ့ သွေးသွင်းတဲ့အချိန် သတိမရတော့။ အောင်ဆီဂျင် လိုလိမ့်မယ်ဆိုပြိး နှားခေါင်းပေါ် အစွပ်ထည့်လိုက်ကတည်းက သတိမေ့ သွား တယ်နဲ့တူပါတယ်။
ညနေ ၅ နာရီခွဲလောက်မှာစလိုက်တာ ၇ နာရီကျော်မှ ကျနော်သတိရပြန်ရ လာ။ ခွဲစိတ်ခန်းကနေ နားနေခန်းဆီတောင်ရောက်နေပြီ။ ဘာမှမနာတော့ စိတ်ထဲမှာ ဘာမှမဖြစ်သလိုပါပဲ။ အဲဒီအချိန်ကျမှ မုန့်၊ သစ်သီးနဲ့ အချိုရည် တွေ သောက်ခွင့်ရပါတယ်။
ခွဲပြီးကာစလူတွေ နားနေခန်းမှာတနာရီလောက်နေပြီးတော့ ကိုယ်နေရမဲ့ အခန်းဆီပို့ပေး ပါတယ်။ ပို့ပေးတယ်ဆိုတာ ကုတင်ပြောင်းစရာလို။ ကုတင် တွေအားလုံးက ဘီးပါပြီး အနိမ့်အမြင့်လုပ်နိုင်တဲ့အတွက် လိုတဲ့နေရာ တွန်း ယူသွားရုံပါပဲ။
ရေးတာ အတော်ရှည်သွားပြီ။ အဲဒီအခန်းမှာ ၂ ရက်နေပြီးတဲ့နောက် မနေ့က နေ့လည်မှာ ဆေးရုံကပြန်ဆင်းလာပါတယ်။ စဖြစ်စဉ်ကနေ မနေ့ကအထိ လက်တဖက်တည်းနဲ့ စာရိုက်နေရပေမဲ့ ဒီနေ့တော့ ကျိုးတဲ့လက်နဲ့စမ်းရိုက် ကြည့်နေပါပြီ။ ဒါဟာ လက်အတွက် လေ့ကျင့်ခန်းလဲဖြစ်ပါတယ်။

ဒီမှာက နိုင်ငံသားအားလုံး ဆေးဝါးကုသခွင့် အခမဲ့ ရတဲ့အတွက် ဘာမှတော့ ပေးစရာမလိုပါ။ ဘတ်စကားစိးပြိးဆေးရုံတက်။ ဆေးရုံပေါ်ရောက်တော့ ကိုယ့် အ၀တ်ကိုချွတ်၊ ဆေးရုံအ၀တ်ကိုစွပ်၊ ဆေးရုံကကျွေးတာကိုစား၊ (အစား အသောက်လည်း အတော်ကောင်းပါတယ်။ Menu နဲ့ မှားစားလို့ရပါတယ်)။ ပြီးတော့ ကိုယ့်အ၀တ်ကိုယ်ပြန်ဝတ်ပြီး ဘတ်စ်ကားနဲ့ပဲ ဆေးရုံက ပြန်ဆင်း လာခဲ့ပေါ့။ 
သြော်။ အရေးကြီးတာ ပြောဖို့ကျန်ခဲ့ပြီ။ အဲဒါကတာ့ စက်ဘီးလဲရင် ဘယ်တော့ မှလက်မထောက်ပါနဲ့။ ဒီတိုင်းသာလဲချလိုက်ပါ ဘာမှမဖြစ်ပါဘူး။ လွန်လှကျွံလှ ပွန်းပဲရုံပေါ့။ အခုတော့ လက်ထောက်မိလို့ ဒီလိုဖြစ်သွားရတာပါ။ ဒါကြောင့် စက်ဘီးသမားမှန်ရင် ဘယ်တော့မှ လက်မထောက်ပါနဲ့...။ ။

Tuesday, April 19, 2016

စာဖတ်ပရိသတ်များအတွက်...။

သင်္ကြန်အတက်နေ့မှာ ဟောဒီလိုဖြစ်သွားတဲ့အတွက်... လောလောဆယ် သတင်းတွေမတင်နိုင်ဖြစ်နေပါကြောင်း...။
...



mountain bike ကနေ road bike ဆီအပြောင်းမှာ walking shoe ကနေ bike shoe ဆီပါ ပြောင်းခဲ့ပါတယ်။ bike shoe မစီးတာ နှစ် ၃၀ လောက်ရှိပြီဆိုတော့ ခြေနင်းဘားကို အော်တို ချွတ်ဖို့သတိမရ။ ခွာအမျိုးအစားမတူတာလဲပါ။ မြန်မာပြည်မှာတုန်းက အပေါ်ဆွဲရင်ကျွတ်တယ်။ ဒီမှာက ဘေးကိုဆွဲမှကျွတ်။ အဲဒါပြောင်းပြန်ဖြစ်သွား။

မနေ့က တောင်ပေါ်လေ့ကျင့်ခန်းကနေအပြန် မြိုထဲအဖြတ် မီးပိုင့်မှာ ရုတ်တရက်ရပ်လိုက်၇တော့ ခြေထောက်ကိုကြိုးချည်ထားသလိုမျိုးပစ်လဲသွားပါတယ်။ အဲဒီအချိန်မှာ လက်သွားထောက်မိတော့ အခုလိုဖြစ်သွားတယ်။ လက်မထောက်မိရင် ပွန်းပဲ့ရုံမှအပ ဘာမှဖြစ်မှာမဟုတ်။ 


Friday, April 15, 2016

Peter Sagan ပီတာဆာဂန် mountain bike စီးပြမယ်...။

Peter Sagan ပီတာဆာဂန် mountain bike စီးပြမယ်...။
...
(မြန်မာလူငယ် mountain bike သမားတွေအတွက် အထူးသတင်း)။
ကမ္ဘာ့ဈေးအကြီးဆုံး စက်ဘီးသမားဆိုပြီးပြောနေကြတဲ့ ကမ္ဘာ့ချန်ပီယံ Peter Sagan ပီတာ ဆာဂန်ဟာ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားမှာကျင်း ပမဲ့ Tour of California ဆီမသွားမီ တောင်တက်ဘီး mountain bike ပြိုင်ပွဲ ၀င်မယ်လို့သိရပါတယ်။


၂၀၀၈ ခုနှစ်တုန်းက mountain bike ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ ဆာဂန်ဟာ သြစတီး ယားနဲ့ ချက်သမ္မတနိုင်ငံတွေမှာ ရှေ့သတင်းပတ်အတွင်းကျင်းပမဲ့ mountain bike ပွဲကို ၀င်ပြိုင်မှာဖြစ်ပါတယ်။ ဒါဟာ ကာလီဖိုးနီးယားပွဲအတွက် လေ့ကျင့် တဲ့သဘောလဲဖြစ်တယ်လို့ သူရဲ့ Tinkoff အသင်းက ကြေညာချက်ထုတ်ထား ပါတယ်။
mountain bikes ပြန်စီးရတာ သိပ်ပျော်ဖို့ကောင်းပါတယ် လို့ ဆာဂန်ကပြော ပါတယ်။ Gent-Wevelgem နဲ့ Ronde van Vlaanderen က pressure တွေ ကုန်သွားပြီ၊ အခု လမ်းပွဲတွေခဏနားပြီး တောင်တက်ပွဲစီးခွင့်ရအောင် စီစဉ် ပေးတဲ့ စက်ဘီးအသင်းနဲ့ စပွန်ဆာပေးတဲ့အဖွဲ့တွေကို ကျေးဇူးတယ်လို့ ဆာဂန် ကပြောပါတယ်။
သူရဲ့ Tinkoff အသင်းနဲ့အတူ Tinkoff Bank, Specialized, Sportful, Tacx, LOOK, Prologo and Karpos တို့က ဒီပွဲကို စီစဉ်ပေးခဲ့တာလို့လဲ သိရပါ တယ်။ 
ဆာဂန်ဟာ လမ်းပေါ်ပွဲချန်ပီယံမဖြစ်ခင် ဆယ်ကျော်သက်အရွယ်က တောင် တက်ဘီးစီးသူ၊ တောင်တက်ဘီး ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။ ပြီးတော့ တောဖြတ် -တောင်ဖြတ်ပွဲလို့ခေါ်နိုင်တဲ့ Cyclo-cross လဲကျွမ်းကျင်သူဖြစ်ပါတယ်။ mountain bikes စီးခြင်းဟာ စက်ဘီးအကိုင်အတွယ် ကျွမ်းကျင်ဖို့အတွက် သိပ်အရေးပါပြီး ဆာဂန်အခုလို ကျွမ်းနေတာဟာ အရင်က mountain bikes စီးတာကြောင့်လို့ အကဲခတ်တွေက မှတ်ချက်ပေးထားပါတယ်။
ဒီပွဲတွေ ဘယ်နေ့ကျင်းပမလဲဆိုတာကိုတော့ ထပ်မံကြေညာပေးပါ့မယ်...။ ။




......

...

Amstel Gold Race မှာ ဘယ်သူ ပထမ ရနိင်သလဲ...။

Amstel Gold Race မှာ ဘယ်သူ ပထမ ရနိင်သလဲ...။
...
လာမဲ့ တနင်္ဂနွေ (ဧပြီလ ၁၇) မှာ နောက်ထပ် Spring Classcis ပွဲတခု နယ်သာလန်မှာကျင်းပဖို့ရှိနေပါတယ်။ ဘယ်လဂျီယံပွဲတွေအပြီး နယ်သာလန် ဖက်လှည့်လာတဲ့ Amstel Gold ပွဲမှာ ပီတာဆာဂန်မှအပ နာမည်ကြီး အားလုံး နီးပါး ထပ်ပြိုင်ကြမှာပါ။

258-kilometre ရှည်တဲ့ ခရီးကြမ်းတလျောက်မှာ တောင်ကုန်းတွေ၊ ကွင်းပြင် တွေပါပြီး ဂျာမဏီနယ်စပ်ဖက် စီးကြရမှာဖြစ်ပါတယ်။ ဒီပွဲဟာ နယ်သာလန် စက်ဘီးလောကအတွက်အရေးပါတဲ့ပွဲတခုလည်းဖြစ်ပါတယ်။
မနှစ်ကတော့ Michal Kwiatkowski (Team Sky) က ပထမ ရထားပါတယ်။ သူနဲ့အတူ Simon Gerrans (Orica-GreenEdge)၊ Michael Matthews၊ နော်ဝေမှ Edvald Boasson Hagen၊ Tinkokk အသင်းမှ Kreuziger အပါ ၀င် ....တွေဟာ ပထမ ရနိုင်တဲ့စာရင်းထဲပါဝင်သူတွေဖြစ်ပါတယ်။
မနှစ်က ဒုတိယ ရသူ Alejandro Valverde (Movistar) ကတော့ ဒီနှစ် ဒီပွဲ ကို ထပ်မ၀င်ပဲ မေလဆန်းမှာစတင်မဲ့ ၂၁ ရက်တာ Grand Tour. Giro d’Italia အတွက်ပြင်ဆင်နေပါတယ်။ အလားတူ ပီတာဆာဂန်ဟာလဲ ဒီပွဲကို မ၀င်တော့ပဲ လာမဲ့လလယ် အမေရိကန်ပြည်ထောင်စု ကာလီဖုန်းနီးယားမှာ ကျင်းပမဲ့ပွဲအတွက် ပြင်ဆင်နေပါတယ်။
ဆာဂန်ဟာ အမေရိကန်မြေဆီမသွားခင် သြစတီးယားနဲ့ချက်နိုင်ငံတွေမှာ တောင်တက်ဘီး ပြိုင်ပွဲတခုကိုလည်း ၀င်ရောက်ယှဉ်ပြိုင်မယ်လို့သိရပါတယ်။
...

Spring Classics ပွဲတွေမှာ Grand Tour ချန်ပီယံတွေ (၂၁ ရက်တာပွဲတွေရဲ့ ချန်ပီယံ) ၀င်ပြိုင်လေ့မရှိဘူးဆိုပြီး မနေ့က ကျနော်ရေးမိပါတယ်။ ဒါပေမဲ့ အဲဒီအဆို ဒီနေ့မှားသွားပါပြီ။ ဘာကြောင့်လဲဆိုရင် Vuelta a Espana ရဲ့ လက်ရှိချန်ပီယံ Fabio Aru (Astan) သဖက်ခါ ကျင်းပမဲ့ Amstel Gold Race ပွဲကို ၀င်ပြိုင်မယ်လို့သိရပါတယ်။

Amstel Gold Race ဟာ ကျနော်ရဲ့ ဒီနှစ်အတွက် မူလအစီစဉ်ထဲမှာ မပါပါဘူး။ ဒါပေမဲ့ ဒီပွဲ ကို ကျနော်စမ်းချင်လို့ ၀င်လာတာပါ။ ကျနော်ကြံ့ခိုင်မှုအခြေအနေက အတော်ကောင်းပါ တယ်။ ဒါပေမဲ့ ကျနော်ဟာ ဧပြီလမှာ အသားကုန်စီးလေ့မရှိပါဘူး။ ကျနော့်ရဲ့ ၁၀၀% ဦးတည် ချက်က Tour de France in July သာဖြစ်တယ်လို့ အရူကပြောပါတယ်။
အရူရဲ့ ဒီနှစ်ခြေစွမ်းကို ပြီးခဲ့တဲ့လ ဘာစီလိုးနားဝန်းကျင် Catalunya ပွဲမှာ တွေ့ခဲ့ရပြီဖြစ်ပါ တယ်။ Amstel Gold Race ပွဲမှာ တောင်ကုန်းအတော်များများပါတဲ့အတွက် အရူ ရနိုင် တယ်လို့လဲဆိုနေကြပါတယ်။ သူဟာ ဒီပွဲအပြင် ၂၀ ရက်နေ့နဲ့ ၂၄ တွေမှာကျင်းပမဲ့ Fleche Wallonne and Liege-Bastogne-Liege ပွဲတွေကိုလည်း ၀င်ပြိုင်မယ်လို့သိရပါတယ်။
ဆာဂန်နဲ့ ကာစီလာလား မပါလို့ စိတ်မပါ့တပါ့ဖြစ်နေတဲ့ ကျနော်လို ပရိသတ်တွေအတွက် တော့ အခုလို လူငယ်ခြေတက် (အသက် ၂၅ နှစ်ပါ၊ ဆာဂန်ထက်တောင် တနှစ်ငယ်ပါသေး တယ်) အရူပါလာတဲ့အတွက် လက်ကျန် Spring Classics ၃ ပွဲအပေါ် ပိုပြီးစိတ်ဝင်စားမှုရှိ လာတာ အမှန်ပဲဖြစ်ပါတယ်။ ။
...


ဧပြီလကုန်ပိုင်းနဲ့ မေလဆန်းပွဲစဉ်များ...
အဲဒီပွဲတွေပြီးရင်တော့ Spring Classics ပွဲကုန်ပြီလို့တောင်ပြောနိုင်မယ်ထင် ပါတယ်။ ၂၄ ကနေ မေလ ၁ ရက်နေ့အထိ Tour of Turkey၊ ၂၆ ကနေ မေလ ၁ ရက်နေ့အထိ Tour de Romandie (ဆွင်ဇလန်)၊ ၂၉ ကနေ မေလ ၁ ရက် နေ့အထိ Tour de Yorkshire (ဗြိတိန်) ပွဲကြီးတွေရှိပါတယ်။
မေလဆန်းမှာတော့ ၆ ရက်ကနေ ၂၉ အထိ (၂၁ ရက်) အီတလီမှာ Giro d'Italia ပွဲ၊ မေလ ၁၅ ကနေ ၂၂ အထိ Tour of California၊ ၁၈ ကနေ ၂၂ အထိ Tour of Norway၊ ၂၅ ကနေ ၂၉ အထိ Baloise Belgium Tour ပွဲ တွေရှိနေတာမို့ တ၀ကြီးရှုစားရဖိုှု့ရှိနေပါတယ်။
အဲ...Tour of California ဆိုလို့ အမေရိကားပွဲတွေနဲ့ ဥရောပပွဲတွေ မတူတာ ကိုလည်း သတိရတုန်း တချက်လောက်ပြောကြည့်ချင်ပါတယ်။ California ပွဲ ဟာ ဒီနှစ်အစောပိုင်းက ကျင်းပခဲ့တဲ့ ဒူဘိုင်းပွဲ၊ ကာတာပွဲတွေနဲ့တူတယ်လို့ ပြောနိုင်မယ်ထင်ပါတယ်။ ဆိုလိုတာက အဲဒိနိုင်ငံတွေမှာ လမ်းတွေက ကျယ် ပြီး အဝေးပြေးကားလမ်းမပေါ် ကျင်းပသလိုဖြစ်နေတာကြောင့် လဲပြိုမှုအတော် နည်းပါတယ်။
ဥရောပပွဲတွေကတော့ လမ်းကျဉ်းတွေ၊ မြို့တွင်း၊ ရွာတွင်းတွေဖြတ်ရတာ၊ ဧရာမတောင်တွေ တက်ရတာ၊ ကျောက်တုံးခင်းလမ်းတွေဖြတ်ရတာတွေ ကြောင့် အတော်အန္တရယ်များပါတယ်။ ဒါပေမဲ လူဆိုတာကခက်သား။ အဲဒီလို အန္တရယ်များပြီး ခဲရာခဲဆစ်စီးရတဲ့ပွဲတွေကို အမေရိကားနဲ့ အရှေ့အလယ်ပိုင်း ဟိုက်ဝေးလမ်းပေါ်စီးတဲ့ပွဲတွေထက် ပိုစိတ်ဝင်စားလေ့ ရှိနေပါတယ်။ ။

၂၀၁၇ မှာ ကမ္ဘာ့ဈေးအကြီးဆုံး စက်ဘီးသမား ပေါ်လာတော့မလား...။

၂၀၁၇ မှာ ကမ္ဘာ့ဈေးအကြီးဆုံး စက်ဘီးသမား ပေါ်လာတော့မလား...။
...
ဆလိုဗက်ကီးယားနိုင်ငံသား အသက် ၂၆ နှစ်အရွယ် ကမ္ဘာ့ချန်ပီယံ Peter Sagan ပီတာ ဆာဂန်ဟာ တနှစ်အတွက် ယူရို ၄ သန်းနဲ့ ၂၀၁၇ အထိ Tinkoff အသင်းနဲ့ စာချုပ်ရှိပါတယ်။ ဒါပေမဲ့ အသင်းပိုင်ရှင် Tinkoff အသင်းက ၂၀၁၆ အကုန်မှာ အသင်းကိုရောင်းထုတ် တော့မယ်လို့ပြောထားတဲ့အတွက် ဆာဂန်ကို ဘယ်အသင်းက ၀ယ်မလဲဆို တာဟာ အခုတလော လူစိတ်ဝင်စားမှု အများဆုံး သတင်းတပုဒ်ဖြစ်လာနေပါတယ်။

အီတလီနိုင်ငံ မီလန်မြို့ကနေ ဒီနေ့ရရှိတဲ့ (VN) velonews သတင်းအရဆိုရင် six-million-euro man သို့မဟုတ် $ 6.77 million အထိ ၂၀၁၇ မှာ ဆာဂန် ရနိုင်တယ်လို့်ဖေါ်ပြထားပါတယ်။
ဒါဟာ လက်ရှိ Tour de France နှစ်ကြိမ် ချန်ပီယံ Chris Froome စကိုင်း အသင်းနဲ့ ဇန်နာဝါရီက စာချုပ်ထပ်ချုပ်တဲ့ 4 million pounds ($5.65 million)၊ တခါ တာ တိုဘုရင် top sprinter Mark Cavendish ကားဗစ်ဒစ် Dimension Data အသင်းနဲ့စာချုပ်ချုပ်တဲ့ 2 million euros ($2.25 million) တွေကို စံချိန်ချိုး သွားတာဖြစ်ပါတယ်။
ဆာဂန်ကို ၂၀၁၇ မှာ ယူရွန် ၆ သန်းပေးပြီး ငှားဖို့ပြင်နေတဲ့အသင်းကတော့ လက်ရှိ ကာစီး လာလားစီးနေတဲ့ Trek – Segafredo အသင်းဖြစ်ပါတယ်။ ကာစီးလာလားဟာ ဒီနှစ်ကုန်မှာ နားတော့မှာဖြစ်တဲ့အတွက် သူနေရာအတွက် လူလိုနေပါတယ်။ "ငွေအများကြီးသူတောင်း ထားတယ်၊ ဘယ်လောက်လဲ ဆိုတာတော့ အတည်ပြုချက်မပေးနိုင်သေးဘူး" လို့ Trek – Segafredo manager Luca Guercilena က VeloNews ကိုပြောပါတယ်။
6 million euros ဆိုတာဖြစ်နိုင်လားဆိုပြိး ထပ်မေးတဲ့အခါမှာတော့ “The amount is more or less that.” လို့ မန်နေဂျာကဖြေပါတယ်။ Trek – Segafredo အသင်းဟာ grand tour အတွက် Vincenzo Nibali ကိုလည်း ၀ယ်ဖို့ကြိုးစားနေပါတယ်။ ဒါပေမဲ့ နီဘာလီဟာ ဥရောပအသင်းထက် ဘာရိန်း မှာအသစ်ဖွဲ့မဲ့အသင်းပေါ် ပိုစိတ်ဝင်စားနေတယ်လို့ဆိုပါတယ်။ 
Trek – Segafredo နဲ့အတူ ဆာဂန်ကို ယူရွန် ၆ သန်းပေးပြီး ငှားချင်နေတဲ့ အသင်းတွေ ကတော့ Etixx – Quick-Step, BMC Racing, နဲ့ Giant – Alpecin တို့ဖြစ်ပါတယ်။ 
တကယ်တန်းပြောမယ်ဆိုရင်တော့ Sagan ဟာ Tour de France ကို တခါမှ မနိုင်ဘူးသေး ပါဘူး။ တခါ Cavendish လို 26 stage နိုင်တာမျိုးလဲ မရှိသေးပါဘူး။ ဒါပေမဲ့ အစိမ်းရောင် အကျီကို ၃ နှစ်ဆက်တိုက်ရထားသလို မနှစ်က နှစ်ကုန်ခါနီးမှာ ကမ္ဘာချန်ပီယံဆုရခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း Gent-Wevelgem နဲ့ Flunder တွေမှာ အောင်ပွဲရခဲ့ပါတယ်။
ပြီးတော့ သူဟာ တခြားစက်ဘီးသမားတွေထက် တမူထူးနေပြီး လူစိတ်ဝင်စားမှု အများဆုံး ရနေတဲ့ စက်ဘီးသမားတဦးဖြစ်နေပါတယ်။ သူဟာ လူတွေကို စက်ဘီးနဲ့ ဖျော်ဖြေရေး entertain လုပ်နိုင်ခဲ့ပါတယ်။ ပန်းအ၀င်မှာ ရှေ့ဘီးကို ထောင်ပြီး စီးပြတဲ့အပြင် အခုဆိုရင် (ကာစီးလာလားလဲပြိုချိန်မှာ) နောက်ဘီးကိုပါ ထောင်ပြီးစီးပြတဲ့အထိတိုးတက်လာ နေပြီ၊ ဒါကြောင့် သူ့ကို ငှားထားနိုင်မယ်ဆိုရင် a win-win scenario ပါပဲလို့ စက်ဘီးသတင်းသမား တွေကပြောပါတယ်။

ဆာဂန်ရဲ့ ပုံရိပ်ဟာ လူကြိုက်သိပ်များနေတဲ့အတွက် ဒီလောက်များတဲ့ ငွေနဲ့ ဈေးကွက်ထဲသွား နိုင်ပါတယ်။ တကယ်ဆိုရင် A grand tour rider (၂၁ ရက် တာပွဲစီးသူတွေ) တယောက်ဟာ တလတာပဲ လူထုကြားရှိနေနိုင်ပါတယ်။ ဒါပေမဲ့ a classics rider ကျတော့ ဖေဖေါ်ဝါရီ ကနေစပြိး grand tour ရာသီအပါဝင် တနှစ်လုံးနီးပါး လူကြားမှာရှိနေပါတယ်။ ဒါကြောင့် ဒီငွေပမဏကို သူရသင့်ပါတယ်လို့ သူတို့ကဆိုပါတယ်။
တကယ်တော့ ဒီနှစ်ကုန်မှာ အသင်းပြောင်းပြီး ဈေးကွက်သစ်ထဲဝင်ရမဲ့သူဟာ ဆာဂန် တဦးတည်းတော့မဟုတ်ပါဘူး။ Geraint Thomas (Sky), Greg Van Avermaet (BMC Racing), Sep Vanmarcke (LottoNL – Jumbo), John Degenkolb (Giant – Alpecin), နဲ့ Edvald Boasson Hagen (Dimension Data) တို့ဟာလည်း ၂၀၁၇ အတွက် ဈေးကွက်ရှာနေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဆာဂန်သာ ယူရွန် ၆ သန်းနဲ့ဈေးတည့်ရင် ကမ္ဘာ့စက်ဘီးဈေး ကွက်မှာ စံချိန်သစ်တင်စေတော့မှာဖြစ်ပါတယ်။ ။

Spring Classics နဲ့ Grand Tour မှာ ဘယ်ပွဲကို ပိုကြိုက်သလဲ...။

Spring Classics နဲ့ Grand Tour မှာ ဘယ်ပွဲကို ပိုကြိုက်သလဲ...။
...
Spring Classics ပွဲတွေမကြာခင် ပြီးတော့မယ်။ ပြီးရင် Giro d'Italia (မေ ၆ ကနေ ၂၉ အထိ)လို ၂၁ ရက်တာ World Tour ပွဲတွေလာတော့မယ်။ ဒီကြားထဲမှာလည်း သီတင်း တပတ်တာစီးရတဲ့ ပွဲတွေကို Spring Classics နဲ့တပြိုင်တည်း ကျင်းပသွား တာတွေ လဲတွေ့ခဲ့ရပါတယ်။

Spring Classics နဲ့ World Tour မှာ ဘယ်ပွဲက စီးရပိုခက်သလဲ၊ ဘယ်ပွဲကို လူတွေက ပိုစိတ်ဝင်စားသလဲ။ အရင်နှစ်တွေက ပွဲတွေကို TV မှာကြည့်မိပေမဲ့ အစ-အဆုံး မကြည့်မိ၊ အသေအချာမတွေးမိပါ။ အခုနှစ် စပရင်း ကလစစ်မှာ တော့ ကာလစစ်ဆရာကြီး ကာစီးလာလားက Spring Classics အထူးစိတ် လှုပ်ရှားဖို့ကောင်းပြီး စီးရအတော်ခက် တယ်လို့ပြောသွားတာကြားမိပါတယ်။
စက်ဘီးလောကနဲ့ဝေးတဲ့ မိတ်ဆွေတဦးကတော့ ''စက်ဘိးစီးတာပဲကွာ အရင် ပန်းဝင်တဲ့ လူနိုင်မှာပေါ့'' ဆိုပြီးပြောဖူးပါတယ်။ အဲဒီလိုဝင်နိုင်ဖို့ တာထွက်က တည်းကနေ အသား ကုန်စီးသွားသင့်တယ်လို့လဲ သူကဆိုပါတယ်။ နောက်ကိုလှည့်ကြည့် လှည့်ကြည့်နဲ့ ဟိုလူစောင့်၊ ဒီလူကိုခေါ်၊ မြွေသွားသလို တယောက်နဲ့ တယောက်ကပ်ပြီးလိုက်နေကြတာ ဘာလုပ်တာလဲလို့ သူကမေးခွန်းထုတ်ပါတယ်။
စက်ဘီးမှာ တဦးချင်း ကောင်းဖိုပလိုတဲ့အပြင် အသင်းလိုက်လည်းကောင်းဖို့လိုပါတယ်၊ အသင်းဖေါ်မရှိရှင် ပထမ ရဖို့မလွယ်ဘူးဆိုပြီးပြောတော့ သူက သိပ်သဘောက်ပေါက်ပုံမရ။ စက်ဘီးမှာ အသင်းရှိတယ်လို့တောင် သူက ထင်မထားပါ၊ ဟုတ်လည်းဟုတ်ပါတယ်။ သာမန်ကြည့်လိုက်ရင် စက်ဘီးအသင်းသား ၉ ဦး က ဘော်လုံးအသင်းသား ၁၁ ဦးလို ကွင်းထဲမှာကစားနေတာမျိုးမဟုတ်။

ဒါက စက်ဘီးစီးခြင်းရဲ့အခြေခံသဘောတရား၊ အထူးသဖြင့် Peloton ရဲ့ သဘောတရားကို ပြောကြည့်တာပါ။ အဓိပါယ်က ပွဲတခုမှာ ပထမ ရဖို့ဆိုတာ စက်ဘီးကောင်းရုံ၊ နင်းအား ကောင်းရုံ၊ ခွန်အားရှိရုံနဲ့မရပါ။ အားထားရတဲ့ အသင်းဖေါ်တွေလိုသလို ဘယ်အချိန်မှာ အရှိန်တင် ထွက်ပြေးသင့်တယ်။ ဘယ်အချိန်မှာ လေခိုပြီးလိုက်သင့်တယ်၊ အထူးသဖြင့် ၁၀ မီနစ် လောက်အထိ လွတ်သွားလေ့ရှိတဲ့ Breakaway အဖွဲ့တွေကို ပန်းမ၀င်ခင် ဘယ်လောက် အကွာအဝေးမှာ မိအောင်ဖမ်းမယ်ဆိုတဲ့ အတွက်-အချက်ကလည်း အတော် အရေးကြီးတယ်ထင်ပါတယ်။
ပြီးခဲ့တဲ့ သီတင်း ၄ ပတ် Spring Classics ပွဲတွေကို ပြန်လေ့လာကြည့်ပါ။ Breakaway မပြေးတဲ့ပွဲဆိုတာ မရှိပါဘူး။ အရေးကြီးတာက အဲဒီ ရှေ့ပြေး အဖွဲ့တွေကို အချိန်မီပြန်ဖမ်း နိုင်ဖို့ပါပဲ။ နောက်တချက်က Spring Classics ပွဲတွေဟာ အတော်အန္တရယ်များပါတယ်။ ကျောက်တုံးခင်းလမ်းတွေ၊ သဲလမ်းတွေ၊ လမ်းကျဉ်း၊ အကွေ့အကောက်တွေများတဲ့အပြင် မိုးရွာရင် လမ်းချော်တဲ့အတွက် အချိန်မရွေး တိမ်းမှောက်နိုင်ပါတယ်။
လမ်းကျဉ်းတဲ့အတွက် အဲဒီလိုမှောက်ပြီဆိုရင် ပြေးပေါက်မရှိပဲ တအုပ်လုံး ပိတ်မိတော့ တာပါပဲ။ ပြီးခဲ့တဲ့ တနင်္ဂနွေ Paris-Roubaix ပွဲကိုကြည့်ရင် သိပ်သိသာပါတယ်။ ပထမ ရနိုင်ခြေရှိတဲ့ ဆာဂန်နဲ့ ကာစီးလာလားတို့ဟာ ကီလို ၁၀၀ ၀န်းကျင် လဲပြိုမှုအတွင်း ပိတ်မိပြီး နောက်မှာပြတ်ကျန်ခဲ့ပါတယ်။ အခု ပ-ဒု-တ ရသွားတဲ့လူတွေအပါဝင် ၂၀ လောက်က လွတ်ထွက်သွားပါတယ်။ အဲဒီ လိုလွတ်ထွက်ရာကနေ ရှေ့ပြေးအုပ်စုကို ဖမ်းပြိး သူတို့အဖွဲ့ ရှေ့ဆုံး ရောက်သွားတာပါပဲ။

ဘယ်နေရာမှာ ဘယ်သူလဲနိုင်သလဲဆိုတာကလည်း ဘယ်လိုမှ ကြိုတွက်ဖို့ မလွယ်။ အခုလဲတဲ့ ကားစီးလာလားဆိုရင် အဲဒီလမ်းကို သိပ်ကြိုက်တယ်၊ သူ့ အတွက် အဆုံးအဖြတ် ပေးတဲ့နေရာ၊ Winning move လုပ်တဲ့နေရာလို့ဆိုပါတယ်။ ဒါပေမဲ့ ဒီနှစ်တော့ သူ့ကြိုက်တဲ့ နေရာမှာ သူကိုယ်တိုင်ချော်လဲတော့ ဘာမှမတတ်နိုင်။ ဆာဂန်ပါ ဒုက္ခရောက်သွားခဲ့ပေါ့။
အနှစ်ပြန်ချုပ်ရရင်တော့ တရက်တည်းနဲ့ ကီလို ၃၀၀ နီးပါးစီးရတဲ့ Spring Classics ပွဲတွေဟာ သီတင်းတပတ်တာစီးရတဲ့ World Tour တွေထက် ပိုခက်၊ ပိုအန္တရယ်များတယ်လို့ စာရေးသူက ယူဆပါတယ်။ ဒါကြောင့်ဖြစ်မယ်။ World Tour ချန်ပီယံတွေ Spring Classics ပွဲမှာ ၀င်ပြိုင်တာ မတွေ့မိပါဘူး။
လက်ရှိ Tour de France ချန်ပီယံ Chris Froome (Team Sky), Giro d'Italia ချန်ပီယံ Alberto Contador (Spa) Tinkoff Team, Vuelta a Espana ချန်ပီယံ Fabio Aru (Astana)၊ အီတလီနဲ့ စပိန်ပွဲတွေမှာ ချန်ပီယံ ရဖူးပြီး Tour de France မှာ ချန်ပီယံရဖို့ အသဲအသန်ကြိုးစားနေသူ Nairo Quintana (Col) Movistar Team၊ ပြီးတော့ တခြား GC ဆရာကြီးတွေဖြစ် တဲ့ Richie Porte (Aus) BMC Racing Team၊ Thibaut Pinot (Fra) FDJ၊ နီဘာလီတို့ဟာ Classics ပွဲတွေဆီ ၀င်လေ့မရှိပါဘူး။

ပွဲရဲ့သဘောသဘာဝချင်း မတူလို့ဖြစ်နိုင်ပါတယ်။ ဆာဂန်အပါဝင် Classcis ဆရာတွေကလဲ မြေပြန်နဲ့ ကုန်းတက်ပါတဲ့ပွဲတွေမှာသာကောင်းပြီး တောင်အမြင့်ကြီးတွေပါတဲ့ ပွဲတွေကျရင် မရတော့ပါဘူး။ တခါ ၇ ရက်ပေါင်း ပထမ ရဖို့၊ ၂၁ ရက်ပေါင်း ပထမ ရဖို့ဆိုရင် ပိုခက်ပါတယ်။ ဒါကြောင့် စက်ဘီး အ သင်းတွေဟာ Classcis သမားနဲ့ GC သမားတွေကို သီးခြားစီရွေး ငှားလေ့ရှိပါတယ်။
အဲဒီ နှစ်ဦးကလွဲရင် ကျန် ၇ ဦးကတော့ အကူလုပ်သားတွေပေါ့။ ဒါက ပွဲတခု အတွက် တသင်းစာ ၉ ဦးကိုပြောတာပါ။ ဒါပေမဲ့ တခါတလေမှာ တပြိုင်တည်း ပွဲ ၃-၄ ခုကျင်းပ လေ့ရှိတာကြောင့် ၉ ဦးတည်းငှားလို့လည်းမရပြန်ပါဘူး။ ၃၆ ယောက်လောက် ကိုငှားထားရတဲ့အတွက် စက်ဘီးအသင်းဟာ ဘော်လုံး အသင်းထက်တောင် လူများနေတတ်ပါတယ်။
ကဲ..၊ လာမဲ့ တနင်္ဂနွေမှာ နောက်ဆုံး Spring Classics လို့ပြောနိုင်တဲ့ Amstel Gold Race ပွဲကို နယ်သာလန်မှာကျင်းပဖို့ရှိနေပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ ဇတ်လိုက်ကြီး ပီတာ ဆာဂန်တော့ မပါ ပါဘူး။ သူဟာ လောလောဆယ် ခဏ အနားယူနေပြီး ရှေ့လဆန်း ကာလီဖိုးနီးယားပွဲကျမှ ပြန်မြင်ခွင့်ရမှာပါ။ ပြီးရင် ၂၀ ရက်နေ့မှာ ဘလဂျီယံမှာ La Flèche Wallonne ပွဲ၊ ၂၄ (တနင်္ဂနွေ) မှာ Liège - Bastogne - Liège တွေရှိပါတယ်။
အဲဒီပွဲတွေပြီးရင်တော့ Spring Classics ပွဲကုန်ပြီလို့တောင်ပြောနိုင်မယ်ထင် ပါတယ်။ ၂၄ ကနေ မေလ ၁ ရက်နေ့အထိ Tour of Turkey၊ ၂၆ ကနေ မေလ ၁ ရက်နေ့အထိ Tour de Romandie (ဆွင်ဇလန်)၊ ၂၉ ကနေ မေလ ၁ ရက် နေ့အထိ Tour de Yorkshire (ဗြိတိန်) ပွဲကြီးတွေရှိပါတယ်။
မေလဆန်းမှာတော့ ၆ ရက်ကနေ ၂၉ အထိ (၂၁ ရက်) အီတလီမှာ Giro d'Italia ပွဲ၊ မေလ ၁၅ ကနေ ၂၂ အထိ Tour of California၊ ၁၈ ကနေ ၂၂ အထိ Tour of Norway၊ ၂၅ ကနေ ၂၉ အထိ Baloise Belgium Tour ပွဲ တွေရှိနေတာမို့ တ၀ကြီးရှုစားရဖိုှု့ရှိနေပါတယ်။
အဲ...Tour of California ဆိုလို့ အမေရိကားပွဲတွေနဲ့ ဥရောပပွဲတွေ မတူတာ ကိုလည်း သတိရတုန်း တချက်လောက်ပြောကြည့်ချင်ပါတယ်။ California ပွဲ ဟာ ဒီနှစ်အစောပိုင်းက ကျင်းပခဲ့တဲ့ ဒူဘိုင်းပွဲ၊ ကာတာပွဲတွေနဲ့တူတယ်လို့ ပြောနိုင်မယ်ထင်ပါတယ်။ ဆိုလိုတာက အဲဒိနိုင်ငံတွေမှာ လမ်းတွေက ကျယ် ပြီး အဝေးပြေးကားလမ်းမပေါ် ကျင်းပသလိုဖြစ်နေတာကြောင့် လဲပြိုမှုအတော် နည်းပါတယ်။
ဥရောပပွဲတွေကတော့ လမ်းကျဉ်းတွေ၊ မြို့တွင်း၊ ရွာတွင်းတွေဖြတ်ရတာ၊ ဧရာမတောင်တွေ တက်ရတာ၊ ကျောက်တုံးခင်းလမ်းတွေဖြတ်ရတာတွေ ကြောင့် အတော်အန္တရယ်များပါတယ်။ ဒါပေမဲ လူဆိုတာကခက်သား။ အဲဒီလို အန္တရယ်များပြီး ခဲရာခဲဆစ်စီးရတဲ့ပွဲတွေကို အမေရိကားနဲ့ အရှေ့အလယ်ပိုင်း ဟိုက်ဝေးလမ်းပေါ်စီးတဲ့ပွဲတွေထက် ပိုစိတ်ဝင်စားလေ့ ရှိနေပါတယ်။ ။

Thursday, April 14, 2016

Disc ဘီးတွေအသုံးပြုမှုကို UCI က ဆိုင်းငံ့လိုက်ပြီ...။

Disc ဘီးတွေအသုံးပြုမှုကို UCI က ဆိုင်းငံ့ လိုက်ပြီ...။
...
Disc ဘီးတွေကို နိုင်ငံတကာ Pro ပွဲတွေမှာ အသုံးပြုခွင့်ရှိကြောင်း မနှစ် ၂၀၁၅ ကုန်ခါနီးမှ ကြေညာခဲ့တဲ့ UCI (ကမ္ဘာ့စက်ဘီးအဖွဲ့ချုပ်) ဟာ မနေ့က တော့ Disc ဘီးတွေအသုံးပြုမှုကို ယာယီရပ်စဲကြောင်း ကြေညာလိုက်ပါ တယ်။


တကယ်တော့ Disc ဘီးတွေသုံးမယ်ဆိုကတည်းက ဒီဘီးတွေပြိုလဲရင် တခြား စက်ဘီးသမားတွေကို ထိခိုက်စေမလား (ရိုးရိုးဘီးထက် ပိုထိခိုက်စေမလား) ဆိုတဲ့ စိုးရိမ်မှုတွေ၊ မေးခွန်းထုတ်မှုတွေရှိနေခဲ့တာပါ။ ဆိုလိုတာကသာမန်ဘီး လဲလို့ လာတိုက်မိရင် ပုံမှန်သာနာပြီး Disc ဘီးတွေနဲ့ဆိုရင် ဒါးနဲ့လှီးသလိုများ ဖြစ်သွားလေမလားဆိုတဲ့ စိုးရိမ်ချက်မျိုးပါ။
အခုတော့ အဲဒီစိုးရိမ်ချက်တကယ်ဖြစ်လာတယ်ပြောရတာ့မယ်ထင်ပါတယ်။ ပြီးခဲ့တဲ့သတင်းပတ် Paris-Roubaix ပွဲအတွင်း ချော်လဲမှုဖြစ်စဉ် Movistar team မှ စက်ဘီးသမး Francisco Ventoso ဟာ သူဘေးမှာချော်လဲသူ Disc ဘီးသမားရဲ့ Disc နဲ့ထိလို့ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ပါ တယ်။ 
အဲဒီလိုထုတ်ပြောပြီးတဲ့နောက် UCI's Equipment Commission ကနေ ဒီလို တားမြစ်ချက် ထွက်လာတာဖြစ်ပါတယ်။ ဒီအတွက် နစ်နာရသူတွေကတော့ Disc ဘီးတွေကို ဒီနှစ်ရာသီမှာအသုံးပြမယ်ဆိုပြီး ပြင်ဆင်ထားတဲ့ စက်ဘီး အသင်းတွေပါပဲ။


Disc ဘီးတွေအသုံးပြုနေတဲ့ နယ်သာလန်စက်ဘီးအသင်း team Roompot ဟာ စက်ဘီးအပြောင်းအလဲချက်ချင်းလုပ်လိုက်ရပါတယ်။ Disc ဘီးအစား သာမန်ဘီးတွေကို လာမဲ့တနင်္ဂနွေ Amstel Gold Race အမီ ပြောင်းလဲနေပါ တယ်။
တသင်းလုံးက စက်ဘီးတွေကို အချိန် ၃ ရက်အတွင်း ဒီလိုအပြောင်းအလဲ လုပ်ရတာ မလွယ်ကြောင်း၊ ထောင့်စုံအောင် စဉ်းစားပေးဖို့လိုကြောင်း Roompot အသင်းရဲ့ technical အဖွဲ့ကဝေန်ခဲ့နေကြောင်းသိရပါတယ်။

(ပြီးခဲ့တဲ့အပတ်က ၀ယ်လိုက်တဲ့ ကျနော်ဘီးလဲ Disc ပါပဲ။ လူ ၁၀၀ ကျော်ပါ တဲ့ ပြိုင်ပွဲထဲမစီးလို့ တော်သေးတာပေါ့)။ ။

နှစ် ၃၀ နီးပါးကြာပြီးမှ ပြိုင်ဘီး ပြန်စီးခြင်း...။

နှစ် ၃၀ နီးပါးကြာပြီးမှ ပြိုင်ဘီး ပြန်စီးခြင်း...။
...
၁၉၈၈ စက်တင်ဘာ ၁၉ ရက်နေ့ကတည်းက ပြိုင်ဘီးနဲ့ကွဲကွာခဲ့တာ ဒီနေ့အထိ ဆို ၂၉ နှစ်ရှိပါပြီ။ သူများပြောမယ်ဆိုလည်းပြောချင်စရာ။ ၈ လေးလုံးကာလ ဆန္ဒပြပွဲတွေရှိနေစဉ်မှာတောင် မနက်ဖက်ဆန္ဒပြပြိး ညနေဖက် စက်ဘီးထွက် စီလို့ကောင်းတုန်း၊ အာဏာသိမ်းပြီးနောက်တရက် စက်တင်ဘာ ၁၉ မှာ တောင် စက်ဘီးလေ့ကျင့်ခန်းဆင်းဖို့ပြင်နေတုန်း။


ဒါပေမဲ့ အဲဒီနေ့ညနေကနေစပြီး ဘ၀ဟာ တဆစ်ချိုးပြောင်းသွားခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသား စက်ဘီးသမားဘ၀ကနေ တော်လှန်ရေးသမား လက်နက်ကိုင်စစ်သားဖြစ်သွားခဲ့ပေါ့။ တောထဲမှာ ၁၀ နှစ်လုံးလုံး စက်ဘီးနဲ့ လုံးဝ အဆက်ပြတ်သွားခဲ့ပါတယ်။
၁၉၉၈-၉၉ ဘန်ကောက်ရောက်တော့ ဟိုနားဒီနားစီးတဲ့ စက်ဘီးစုတ်လေး တစီး စီးခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ၁၀ နှစ်ကျော် အဆက်ပြတ်၊ လေ့ကျင့်မှုပြတ်၊ အာဟာရပြတ်ဆိုတော့ ထိုင်ခုံပေါ်တောင် ကြာကြာမထိုင်နိုင်ပါဘူး။
၂၀၀၁ ခုနှစ်မှာ နော်ဝေးရောက်တော့ ၀ါသနာက မပျောက်သေး။ ခရိုနာ ၁၀၀၀ ကျော်လောက်ပေးရတဲ့ စက်ဘီးတစီးဝယ်လိုက်ပါသေးတယ်။ ဒါပေမဲ့ အားလုံးစုနေတဲ့အခန်းနဲ့ DVB ရုံးက နီးနီးလေးဆိုတော့ အသေချာ မစီးဖြစ်ခဲ့ ပါဘူး။ 
၂၀၀၃ ၀န်းကျင်မှာတော့ ခရိုနာ ၁၅၀၀ လောက်ပေးရတဲ့ စက်ဘီးတစီးကို အဟောင်းဆိုင်ကနေ၀ယ်ခဲ့ပါတယ်။ ဒီဘီးက နည်းနည်းပိုကောင်းတဲ့အပြင် ကျနော်ပြောင်းသွားတဲ့အိမ်ကလည်း ရုံးနဲ့နည်းနည်းဝေးတဲ့အတွက် အဲဒီ ဘီးကိုတော့ ရုံးသွား-ရုံးပြန် အတော်လေးစီးဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ကံဆိုးစွာနဲ့ ၂၀၀၆ နှစ်ကုန်လောက်မှာ အဲဒီဘီး အခိုးခံလိုက်ရပါတယ်။ ဒီလိုနဲ့ ၄ နှစ်လောက် ဘီးမရှိပြန်ဘူး။ ၂၀၁၀ ဆောင်းဝင်ခါနီး စက်ဘီးတွေဈေးချနေချိန်မှာ (အရင်ပုံတွေထဲက တောင်တက်ဘီးကြီး) ခရိုနာ ၃၀၀၀ ပေးရတဲ့ တောင်တက်ဘီး ခပ်ညံ့တစီး ၀ယ်ဖြစ်ပါတယ်။ (နော်ဝေးမှာက တောင်တက်-အဆင်းများတဲ့အတွက် ပုံမှန် အားဖြင့် ၅၀၀၀ ကနေ အထက်ပေးရတဲ့ဘီးတွေမှ တော်ကာကျပါတယ်)။

အဲဒီ ဘီးကိုတော့ အတော်စီးဖြစ်ခဲ့ပါတယ်။ စီးဆို အလုပ်ပြုတ်တဲ့အချိန်နဲ့ တိုက်နေတာလဲ ပါမယ်ထင်ပါတယ်။ DVB မှာ တာဝန်ထမ်းနေစဉ်ကဆို ရုံး-သွားပြန် တနေ့ ၃-၄ ကီလို စီးတာမှအပ လေ့ကျင့်ခန်းဆင်းသလို ညနေတိုင်း ကီလို ၃၀-၄၀ စီး ဖို့ ဘယ်လိုမှ အချိန်မရနိုင်ပါ။
အခုတော့ အလုပ်လက်မဲ့ဆိုတော့ စက်ဘီးစီးတာကိုပဲ အလုပ်တခုအဖြစ် သဘောထား လိုက်တယ်ပြောရမလားပါပဲ။ ဘာမှမသေချာတဲ့ အနာဂတ်အတွက် လောလော ဆယ်သေချာအောင်လုပ်ထားဖို့က ကျန်းမာရေးပဲ မဟုတ်ပါလား။ 
ဒီတော့ စက်ဘီးဦးထုပ်တွေ၊ လက်အိတ်တွေ၊ ဘောင်းဘီတွေဝယ်ပြီး နွေရောက်တိုင်း စီးလိုက်တာ တာယာနှစ်လုံး စလုံးပေါက်ပြဲတဲ့အထိ၊ တလုံး ၆၀၀ ကျော်တန် အထူး တာယာတွေ လဲထည့်လိုက်ရတဲ့အထိပါပဲ။ ဒါပေမဲ့ အသက်က မငယ်တော့ဘူးလေ။ ၁၉၈၈ မှာ ၂၄ နှစ်ဆိုတော့ အခု ၂၀၁၆ မှာ ၅၀ ကျော်နေပြီပေါ့။
အဲဒီတော့ ဘာဖြစ်လဲ။ လမ်းမှာတွေ့သမျှစက်ဘီးသမားလူငယ်တွေက ကိုယ့် ကိုကျော်ကျော်သွားခဲ့ပေါ့။ လူငယ်တွေက လေ့ကျင့်ရေးလည်းကောင်း၊ စက် ဘီးလည်းကောင်းတော့ ကိုယ့်ကိုကျော်သွားတာ သဘာဝကျပါတယ်။ ဒါပေမဲ့ ကိုယ့်ထက်အသက်ကြီးပုံရတဲ့ အဖိုးကြီးတွေကပါ ကိုယ့်ကိုကျော်သွားတဲ့ အခါ မှာတော့ စိတ်ထဲ သိပ်မကျေနပ်ချင်။ (နော်ဝေအဖိုးကြီးတွေက အတော်သန်ပါ တယ်)။

ဘာကြောင့် ဒီလူတွေ ကိုယ့်ကိုကျော်နိုင်တာလဲဆိုပြိး အဖြေလိုက်ရှာတော့ သူတို့စီးနေတဲ့ဘီးတွေက ၃၀၀၀၀ (သုံးသောင်း) လောက်တန်တဲ့ ဘီးတွေ၊ ကိုယ်စီးနေတာက ၃၀၀၀ (သုံးထောင်)တန်။ တာယာအချိုးအစားကလဲ ကိုယ် ဘီးက ၂၆ လက်မ၊ သူတို့ ဘီးတွေက ၂၉ လက်မ။ ကိုယ်ဘီးက သံထည်ကြီး၊ သူတို့ဘီးတွေက ကာဘွန်တွေ၊ အလူမီဒီယံတွေ။
ဒီလိုနဲ့ ဒီနှစ်နွေဦးမှာတော့ ဖြစ်ညှစ်ပြီး ၁၅၀၀၀ (တသောင်းခွဲ) တန် ပြိုင်ဘီး အသေးတစီးဝယ်မြှုဖစ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ တသောင်းခွဲဆို မြန်မာ ငွေ ၁၅ သိန်းကျော်ရှိတယ်ဆိုပေမဲ့ ဒီမှာက ငွေသားချက်ချင်းပေးစရာမလို။ အကြွေးဝယ်ကတ် Credit Card နဲ့ဝယ်တာဆိုတော့ တလ ၁၀၀၀ ကျော် ဆပ်သွားရင် တနှစ်လောက်အတွင်းတော့ ပြေလောက်ပါတယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ 
တသောင်းကျော်တန် စက်ဘီးစီးပြီဆိုတော့ လမ်းလျောက်ဖိနပ်နဲ့ စီးနေလို့ မဖြစ်၊ ရန်ကုန်မှာတုန်းကလို ကျော်စိန်ဘောကန်ဖိနပ်ကို ဘားတွေဖြုတ်ပြီး စက်ဘီးဘား တပ်ထည့်လို့လဲမဖြစ်။ ဒီတော့ ၁၀၀၀ ကျော်ပေးရတဲ့ စက်ဘီးစီး ဖိနပ်ကိုလည်း ဆင်မြန်းရပါသေးတယ်။ ဦးထုတ်တွေ၊ ၀တ်စုံတွေလည်း အသစ် ၀ယ်ချင်ပေမဲ့ လောလောဆယ်တော့ မတတ်နိုင်သေး။
ဒါပေမဲ့ ဒီနိုင်ငံမှာက ရာသီအလိုက် ၀တ်စုံတွေမရှိရင် မလွယ်ဘူး။ အခုက နွေ ဦးဆိုတော့ ဒီရာသီမှာဝတ်တဲ့ လေတိုးခံစက်ဘီးစီး အကျီ၊ ဘောင်းဘီတွေ သီး ခြားရှိပါတယ်။ ဒါပေမဲ့ ဈေးက အကျီ ၁၉၀၀၊ ဘောင်းဘီ ၁၂၀၀ ဆိုတော့ မတတ်နိုင်။ ဒီတော့ မြန်မာ့နည်းမြန်မာ့ဟန် ရှိတဲ့အ၀တ်ကိုပဲ ၂ ထပ်၊ ၃ ထပ် ၀တ်ပြီးစီးနေရပေါ့။
ပြိုင်ပွဲဝင်ဖို့လဲမဟုတ်ပဲနဲ့ ဘာကြောင့် တသောင်းကျော်တန်ဘီးကိုသွားဝယ်နေ သလဲဆိုပြီး အပြစ်တင်ဖို့ဆန္ဒမစောပါနဲ့။ ဒါဟာ ဈေးအပေါ်ဆုံး ပြိုင်ဘီးလို့ဆိုနိုင် ပါတယ်။ အဲဒီ Sport 1 Storgata ဆိုင်မှာ ပြထားတဲ့ တခြားပြိုင်ပွဲဝင်ဘီးတွေဆို ၅ သောင်းကျော်၊ ၆ သောင်းအထိ ရှိပါတယ်။ မြန်မာငွေနဲ့ဆို သိန်း ၈၀ လောက်ရှိသွားနိုင်တာပေါ့။


ဒါပေမဲ့ ဘားမားလက်ရွေးစဉ်တွေ စီးနေတဲ့ ဘီးတွေကလည်း သိန်း ၅၀ ကျော် တယ်လို့သိရပါတယ်။ ခေတ်က အရင် ၁၉၈၈ လိုအပိတ်အဆို့ခံ ကာလမဟုတ် တော့။ ၂၅ လမ်းက စက်ဘီးဆိုင်တွေနဲ့ အား-ကာ က ထုတ်ပေးမဲ့အချိန်ကို ချည်းစောင့်နေစရာမလိုတော့ပါ။ ပြိးတော့ စက်ဘီးကုပ္ဗဏီတွေကလည်း စပွန် ဆာပေးနေပြီမဟုတ်ပါလား။
စပွန်ဆာမရှိတဲ့ ကျနော်ကတော့ ၂၉ နှစ်ကြာပြီးမှ ပြိုင်ဘီး (ဘီး စကောစက၊ လမ်းချော၊ လမ်းကြမ်း ၂ ခုစလုံးစီးနိုင်) တစီးကို ၀ယ်လိုက်ပါပြီ။ ပြီးခဲ့တဲ့အပတ် က မိုးရွာနေလို့ ကောင်းကောင်းမစီးလိုက်ရ။ ဒီတပတ်မှာတော့ နေသာစပြုလာ ပြီ (နေသာတယ်ဆိုပေမဲ့ အပူချိန်က ၁၀ ဒီဂရီဝန်းကျင်သာရှိပါသေးတယ်) ဖြစ် တဲ့အတွက် နေ့စဉ်မပျက်စီးနိုင်ဖို့ ပြင်ဆင်နေပါတယ်။
အသက် ၅၀ ကျော် ကျနော်က ဒီလိုညည်းနေပေမဲ့ ကျနော်တို့ရဲ့ ၈၈ တုန်းက မဟာပြိုင်ဖက်ကြီး မော်လမြိုင်မှ ကိုဖိုးအောင်ကတော့ ၆၀ နီးတဲ့အထိ စီးလို့ ကောင်းတုန်း။ ရန်ကုန်က ကိုမောင်မောင်စိုးကလည်း မောင်းတိန်ဘိုက် အကောင်းစားနဲ့ စီးလို့ကောင်းတုန်း။ 
တခြားပြိုင်ဖက်ဟောင်းတွေကော ဘယ်လိုစီးနေကြသလဲ။ လူငယ်ခြေတက် တွေကော ဘယ်လိုလဲ။ ဒီတခေါက် ရန်ကုန်ပြန်ရောက်ရင် ၈၈ တုန်းက မဟာ ပြိုင်ဖက်တွေနဲ့ အတူစီးချင်ပါကြောင်း ဖိတ်ခေါ်လိုက်ရပါတယ်။ 

Share

Twitter Delicious Facebook Digg Stumbleupon Favorites More