Saturday, September 27, 2014

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၂၉)

လမ်းကြုံတဲ့ Road Map

ဒီပဲယင်းအရေးခင်းဖြစ်ပြီး ၂ လခန့်အကြာ သြဂုတ်လထဲမှာတော့ အော်စလိုရုံးချုပ်ကနေ ထိုင်းနိုင်ငံဆီ တာဝန်အရ ခရီးသွားဖို့ကိစ္စတခုပေါ်လာပါတယ်။ တာဝန်ပေါ်လာတယ်ဆိုတာက အဲဒီကာလက သူများ တွေပြောသလို လိုက်ပြောကြည့်တာပါ။ တကယ်ကတော့ နိုင်ငံတော်စရိတ်နဲ့ခရီးသွားချင်လို့ ကိုယ့်ဘာ သာထွင်လိုက်တဲ့ တာဝန်မျိုးသာဖြစ်ပါတယ်။ အော်စလိုကနေ ဘန်ကောက်ကို ကိုယ့်စရိတ်နဲ့ကိုယ် သွားလည်မယ်ဆို ကုန်ကျစရိတ်က ဘယ်နည်းပါ့မလဲ။ ဒီတော့ အလုပ်ကိစ္စလေးကိုအကြောင်းပြ ခရီး ထွက်ပြီး အဲဒီခရီးစဉ်တွင်းမှာပဲ အားလပ်ရက်သတင်း ၂ ပတ်လောက်ကိုပါဆက်ယူလိုက်တော့ အိုကေ သွားတာပေါ့။

(၂၀၀၃ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ ၀န်ကြီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ တရုတ်နိုင်ငံခရီးစဉ်)

အဲဒီကာလကတော့ ဒါမျိုးလုပ်တာကို လာဘ်စားခြင်း (အဂတိလိုက်စားခြင်း) တမျိုးပါလားလို့ မတွေး မိ ခဲ့ပါဘူး။ ထားတော့။ ကိုယ်က တခေါက်ပဲသွားတာ။ ကိုယ့်ထက်တာဝန်ကြီးသူတွေ ဒီလိုမျိုးသွားခဲ့တဲ့ ခရီးစဉ်က အခေါက်ခေါက်။ သွားလေရာသတင်းလာဘ်ကောင်းလေ့ရှိတယ်ဆိုတဲ့ ကျနော်ဟာ ဘန်ကောက်လေဆိပ်ကနေ မြို့ထဲအသွား တက္ကစီကား (အဲဒီတုန်းက လေယဉ်ကွင်း မိုးပျံရထားမရှိသေး ပါ) ပေါ်မှာကတည်းက အထူးသတင်းတခုကို FM ရေဒီယိုကနေ နားးဆင်ခဲ့ရပေါ့။ ''မင်းတို့မြန်မာနိုင်ငံ မှာ အပြောင်းအလဲတွေဖြစ်နေပြီ'' လို့ တက္ကစီသမားက ထိုင်းတ၀က် အင်္ဂလိပ်တ၀က်နဲ့ ကျနော်ကိုပြော ပါတယ်။

ကျနော်က ထိုင်းစကားကောင်းကောင်းနားမလည်ပေမဲ့ ဗိုလ်ချုပ်ခင်ညွန်အမည်နဲ့ ''နိုင်ရွတ် မွန်ထရီ'' ဆိုတာတွေကိုတော့ ရိပ်ဖမ်းသံဖမ်းသိလိုက်ပါတယ်။ မြို့ထဲရောက်ပြီး အင်တာနက်ဖွင့်ကြည့်တော့မှ ဒီနေ့ သြဂုတ်လ ၂၅ ရက်နေ့မှာ နအဖ အတွင်းရေးရေးမှုး ၁ ဗိုလ်ချုပ်ခင်ညွန့်ကို ၀န်ကြီးချုပ်အဖြစ် ခန့် အပ်လိုက်ပြီး ၀န်ကြီးအဖွဲ့သစ်စာရင်းကိုပါကြေငြာလိုက်တဲ့အကြောင်းသိလိုက်ရပါတယ်။ ပြီးတော့ ဒီည နေပိုင်းမှာ ဒီမိုကရေစီလမ်းပြ Road Map ၇ ချက် (၂၀၀၈ ဖွဲ့စည်းပုံ၊ ၂၀၁၀ ရွေးကောက်ပွဲတွေအပါဝင်) ကိုပါ ကြေငြာမယ်လို့ဆိုပါတယ်။

ထိုင်းနဲ့မြန်မာက အချိန် မီနစ် ၃၀ ပဲကွာတော့ ရန်ကုန်ကသတင်းတွေကို ချက်ချင်းသိနေတဲ့သဘောပါ။ အော်စလိုမှာတော့ အခုလို ဘန်ကောက်အချိန် မနက် ၉ နာရီဆို ဟိုမှာ မနက် ၃ နာရီပဲရှိသေးတာမို့ အိပ်လို့ ကောင်းတုန်းပေါ့။ ဆိုလိုတာက ကျနော့်ခရီးစဉ်ထဲမှာ ဗိုလ်ချုပ်ခင်ညွန့်ဝန်ကြီးချုပ်ဖြစ်တဲ့ အ ကြောင်း၊ Road Map ၇ ချက်အကြောင်းတွေကို သတင်းလုပ်ဖို့တာဝန်ပါမလာပေမဲ့ တိုက်ဆိုင်မှုအရ ဘန်ကောက် ရောက်ရောက်ချင်းညမှာ အဲဒီသတင်းကိုအရေးပေါ်ပို့လိုက်ရပါတယ်။

နိုင်ငံတော်စရိတ်နဲ့ခရီးသွားနေတယ်ဆိုပေမယ့် တည ဘတ် ၁၀၀၀ ၀န်းကျင်ပေးရတဲ့ ဟိုတယ်အခန်း တွေမှာတည်းရတာကိုတော့ ကျနော်စိတ်ထဲက သိပ်မသန့်လှ။ တောထဲက ရဲဘော်တွေက ၀ါးနဲ့လုပ် ထားတဲ့ဘားတိုက်ရှည်မှာ ဖြစ်သလိုအိပ်နေရချိန်၊ စစ်ပြေးဒုက္ခသည်တွေက သစ်ပင်တွေအောက်မှာဖြစ်သလိုအိပ် နေရချိန်မှာ အဲဒီလူတွေကိုယ်စား အတိုက်ခံသတင်းဌာနမှာ တာဝန်ထမ်းနေပါတယ်ဆိုတဲ့ တော်လှန် ရေးသတင်းသမားဆိုသူက ဘတ် ၁၀၀၀ တန်ဟိုတယ်ပေါ်တက်ပြီး ဇိမ်နဲ့နှံ့နေသင့်သလားပေါ့။

ဒီလိုနဲ့နောက်တရက်မှာတော့ ဘန်ကောက်အခြေစိုက် DVB သတင်းထောက် ကိုအောင်လွင်ဦး (အခု VOA) နေတဲ့ ရမ်ဂဟန်ဖက်က ABAC တက္ကသိုလ်အနီးရှိ အကျဉ်းကျဉ်းတခုဆီပြောင်းလိုက်ပါ တယ်။ ကျနော် ဘန်ကောက်ကိုလာတဲ့အဓိကရည်ရွယ်ချက်ကလဲ သူနဲ့တွေ့ဖို့ပါပဲ။ အဲဒီကာလက ထိုင်း အခြေစိုက်သတင်းထောက်တွေဖြစ်တဲ့ ဘန်ကောက်က ကိုအောင်လွင်ဦး၊ ချင်းမိုင်က နော်နန္ဒာချမ်း (အ ခု VOA) နဲ့ မဲ ဆောက်က ခိုင်သဇင် (အခု DVB အုပ်ချုပ်ရေးဌာန) တို့နဲ့တွေ့ဆုံပြီး သူတို့နေစဉ်ကြုံတွေ့ နေရတဲ့အခက်ခဲတွေ၊ အော်စလိုဆီပုံမှန်သတင်းပို့နိုင်ရေးမှာ ကြုံတွေ့နေရတဲ့အခက်ခဲတွေကို ကူညီဖြေ ရှင်းပေးဖို့ပါ။

ကျနော်မှတ်မိသလောက်ဆိုရင် အဲဒီကာလက ထိုင်းအခြေစိုက်သတင်းထောက်ဆိုလို့ သူတို့ ၃ ဦးပဲရှိပြီး မယ်ဟောင်ဆောင်အခြေစိုက် ၀ါရင့်သတင်းထောက် ကိုမောင်တူးက ဗြိတိန်နိုင်ငံ ကားဒစ်တက္ကသိုလ် က ပို့ချတဲ့ ၃ လတာ အသံလွှင့် သတင်းထောက်သင်တန်း သွားတက်နေချိန်ဖြစ်ပါတယ်။


နိုင်ငံတော်စရိတ်နဲ့ လေယာဉ်မစီးရ

တည ဘတ် ၁၀၀၀ တန် ဟိုတယ်မှာတည်းရမှာကို စိတ်မသန့်တဲ့ကျနော်ဟာ တနာရီကို ဘတ် ၁၅၀၀ ခန့်ပေးရတဲ့ ဘန်ကောက်-မဲဆောက် လေယဉ်ကိုသွားစီးမိပါတယ်။ ဘန်ကောက်မှာကိစ္စပြီးလို့ မဲဆောက် ဆင်းမယ်ပြင်တော့ အရင် ABSDF ဘ၀က ခဏခဏ မောင်ရဲချစ် (ထိုင်းရဲတွေရဲ့ မကြာခဏ မေးမြန်းခံရသူ) အဖြစ်ခံခဲ့ရဖူးတဲ့ Tak တောင်ကြားဂိတ်ကို ထပ်ဖြတ်ရမှာစိုးရိမ်နေပါတယ်။ နော်ဝေးပြန် ဆိုပေမဲ့ အဲဒီအချိန်ထိ မြန်မာစာအုပ် အတုကို ကိုင်ထားရဆဲပါ။

(၂၀၀၃ ၀န်းကျင်ကတွေ့ရတဲ့ DVB သတင်းသမားများနဲ့ အုပ်ချုပ်ရေးဖက်မှ ပုဂ္ဂိုလ်တချို့)

ဒီတော့ ထိုင်းရဲတွေရန်ကဝေးအောင်ဆိုပြီး ဘတ် ၅၀၀ ၀န်းကျင်ပေးရတဲ့ ဘတ်စ်ကားအစား ဘတ် ၁၅၀၀ ပေးရတဲ့ လေယဉ်လက်မှတ်ကိုဝယ်လိုက်မိပါတယ်။ အဲဒီမှာ ပြသာနာစတော့တာပါပဲ။ ''တာဝန် နဲ့ခရီးသွားချိန်မှာ ဈေးအပေါဆုံး ယာဉ်ကိုသာစီးခွင့်ရှိတယ်။ ကားနဲ့သွားလို့ရတဲ့နေရာကို လေယာဉ်နဲ့ သွားတာဟာ ဘောင်မ၀င်ဘူး'' ဆိုပြီး DVB အုပ်ချုပ်ရေးဌာနက ကျနော်ကိုဆူပါလေရော့။ ကျနော်က အုပ်ချုပ်ရေးဆိုင်ရာ၊ ငွေစာရင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ဘာမှမသိ။ အလုပ်ဖြစ်ဖို့တခုတည်း ကိုသာ အာရုံစိုက်နေသူ။ ဆိုလိုတာက တည ၁၀၀၀ တန်ဟိုတယ်မှာ တပတ်ဆယ်ရက်တည်း လို့ ငွေသောင်းချီကုန်တာ ငွေစာရင်းသဘော အရဘောင်ဝင်ပေ မဲ့ ၁၅၀၀ တန် လေယဉ်စီးတာကျတော့ ဘောင်မ၀င်ဘူးတဲ့။

ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ဘန်ကောက်ကနေ မဲဆောက်အဆင်း အဲဒီ ၁၅၀၀ တန်လေယဉ်ပေါ်မှာ မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အတွင်းရေးမှုးချုပ် ဦးမောင်မောင် (အခု ဦးသိန်းစိန်အစိုးရရဲ့ အလုပ်သမားကိုယ်စားလှယ်) နဲ့ FTUB မှ ကိုသန်းလွင် တို့ နဲ့သွားတိုးပါတယ်။ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) အောက်မှာရှိတဲ့ DVB အုပ်ချုပ်ရေးအဖွဲ့ ငွေ စာရင်းသဘောအရ ကျနော်က လေယဉ်စီးခွင့်မရှိဘူးဆိုရင် NCUB က ပုဂ္ဂိုလ်တွေကကော လေယဉ်စီး ခွင့်ရှိရဲ့လား။ တော်လှန်ရေးရန်ပုံငွေနဲ့ လည်ပတ်နေတဲ့အဖွဲ့တွေအားလုံးရဲ့ ငွေစာရင်းလုပ်ထုံးလုပ်နည်း တွေက တခုနဲ့တခုမတူကြဘူးလားဆိုပြီး တွေးနေမိပါရဲ့။

တွေးမိတယ်ဆိုတာ အခုလို ဆောင်းပါးပြန်ရေးတော့မှတွေးမိတာပါ။ အဲဒီတုန်းကတော့ ဒါမျိုးတွေးဖို့ အ ချိန်မရလိုက်ပါဘူး။ သူတို့ကိုလက်ဆွဲနှုတ်ဆက်ပြီး မဲဆောက်ရောက်ရင် တပ်ပေါင်းစုခေါင်းဆောင်တွေနဲ့ တွေ့ချင်တဲ့အကြောင်း၊ DVB အပေါ် တပ်ပေါင်းစုခေါင်းဆောင်တွေရဲ့အမြင်ကို သိချင်တဲ့အကြောင်းပြော ရပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီကာလက DVB ကို နယ်စပ်ကလူတွေက သိပ်ကြည်တာမဟုတ်။ DVB ဟာ တော်လှန်ရေးရေဒီယိုလို့ပြောနေပြီး တော်လှန်ရေးအဖွဲ့တွေရဲ့လှုပ်ရှားမှုသတင်းတွေကို သိပ် အလေးမထားတော့ဘူးဆိုပြီးစွပ်စွဲခံနေရတဲ့ကာလဖြစ်ပါတယ်။

တခါ နယ်စပ်အစြေခိုက် NCUB နဲ့ ၀န်ရှင်တန်အခြေစိုက် NCGUB ကြားမှာလဲ အားပြိုင်မှုက ရှိနေပုံရပါ တယ်။ ဒါကြောင့် DVB ဘုတ်အဖွဲ့ထဲမှာ သူတို့ကိုယ်စားလှယ်တဦးကို မပါ ပါအောင် ထည့်ပေးဖို့ NCUB ဖက်က၊ အထူးသဖြင့် ကိုမောင်မောင်က ပေါ်တင်တောင်းဆိုထားတဲ့ ကာလလဲဖြစ်ပါတယ်။ အဲဒီလို အ ချိန်မျိုးမှာ DVB ကိုယ်စား ခရီးထွက်လာတဲ့ကျနော်က ကိုမောင်မောင်နဲ့မှ လေယဉ်တစိးတည်း လာတိုး မိတယ်ဆိုပါတော့။

မဲဆောက်လေယဉ်ကွင်းရောက်တော့ ကျနော်ကိုလာကြိုနေသူက NCUB ရုံးမှ ကားဆရာ ဘုကတိ။ ဘု ကတိဆိုတာ အရင် မာနယ်ပလောခေတ်တုန်းက ပဒိုဘသင်အိမ်မှာ ကျနော်နဲ့မကြာခဏတွေ့ဖူးတဲ့ ရဲ ဘော်ကြီးပေါ့။ အခုတော့ သူက NCUB ရဲ့ ပို့ဆောင်ရေးတာဝန်ခံ။ မဲဆောက်မြို့ပြင် လမ်းကြားတွေထဲက သစ်သားအိမ်ကြီးတလုံးဆီရောက်တော့ ဒါ NCUB ရုံးပဲလို့ ဘုကတိကပြောပါတယ်။ ကားပေါ်ကဆင်း တော့ အရင်ဆုံးလာကြိုသူက NCUB တွဲဖက်အတွင်းရေးမှုးလဲဖြစ်၊ လူ့ဘောင်သစ်ပါတီဥက္ကဌလဲဖြစ်တဲ့ ကိုအောင်မိုးဇော်။

ကျနော်တည်းရမဲ့အခန်းက ရုံးရဲ့အပေါ်ထပ်က အခန်းအကျယ်ကြီးတခု။ အဲဒီမှာတွေ့ရသူတွေက အရင် ABSDF မှာတုန်းက လုပ်ဖေါ်ကိုင်ဖက်တွေဖြစ်တဲ့ ကိုမင်းမင်းနဲ့ ရဲဘော်တချို့။ ကျနော်ထင်ထားတာက ဒီလိုအများနဲ့အတူနေရတဲ့အခန်းမဟုတ်ပဲ ကျနော့်အတွက် သီးသန့်အခန်းတခု ရမယ်လို့ထင်ထားတာ ပါ။ ဆိုလိုတာက ဘန်ကောက်မှာတောင် ဟိုတယ်မှာတည်းဖို့စိတ်မသန့်တဲ့ ကျနော်ဟာ တော်လှန်ရေး သမားတွေအများကြီးရှိတဲ့ မဲဆောက်လိုနေရာမျိုးဆို ပိုဆိုးတာပေါ့။ ဒီတော့ မိတ်ဆွေကြီး ကိုအောင်မိုး ဇော်ကိုအကြောင်းကြားပြီး သူတို့ရုံးမှာ အခန်းရှိရင် ၃-၄ ရက်တည်းချင်တဲ့အကြောင်း ပြောထားတာ။ သူကလဲ တောထဲကလာတဲ့ ရဲဘော်တဦးလိုသဘောထားပြီး အခန်းရှိတယ်၊ နေလို့ ရတယ်ပေါ့။


DVB ဘာလဲ။ ဘယ်လဲ လို့ မေးနေကြတယ်

ဒါပေမယ့် တောထဲကဘ၀တွေနဲ့ ၃ နှစ်လောက်ကင်းကွာသွားသူ အော်စလိုပြန်သတင်းထောက်ကြီးက အရင်လိုမျိုး လူအများစုနေရတာကို သိပ်မနှစ်သက်တော့။ Privacy ဆိုတာတွေ၊ လုပ်ငန်းသဘောအရ ဆိုတာတွေကိုအကြောင်းပြပြီး ကွန်ပြူတာနဲ့အလုပ်လုပ်နိုင်တဲ့၊ သတင်းပို့တဲ့အခါ အသံလုံတဲ့အခန်းမျိုး ရှိတဲ့ တခြားနေရာတခုခုကိုပြောင်းမှအဆင်ပြေမယ်လို့ အဆိုတင်လိုက်ရပါတယ်။ ဒီလိုနဲ့နောက်ဆုံး တော့ မဲဆောက်အခြေစိုက် သတင်းထောက်တွေရဲ့စုရပ်နေရာ မြန်မာ့စာနယ်ဇင်းကလပ် (Burma Correspondent Club) ဆီ ကျနော်ကိုပို့လိုက်ပါတယ်။

(၂၀၁၂ ခုနှစ်ထဲမှာ အသွင်းပြောင်းစပြုလာတဲ့ DVB အုပ်ချုပ်ရေး အဖွဲ့ဝင်တဦး)

အဲဒီအချိန် စာနယ်ဇင်းကလပ် တာဝန်ခံ (ရုံးမန်နေဂျာ) က ABSDF မှ လုပ်ဖေါ်ကိုင်ဖက်တဦးဖြစ်သူ ကိုမြတ်သူ (အခု ABSDF အဖွဲ့ခွဲ ကိုခင်ကျော်တို့အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှုး) ဖြစ်ပါတယ်။ သစ် သားနဲ့ဆောက်ထားတဲ့ ၂ ထပ်အိမ်က အတော်ကောင်းပြီး ခြံနဲ့ဝင်းနဲ့။ အောက်ထပ်မှာ ရုံးခန်း၊ ဧည့်ခန်း နဲ့ ကော်ဖီဘားအပြင် စာနယ်ဇင်းသမားတွေ ညနေတိုင်း မျှားပစ်ကြတဲ့ မျှားပစ်ပြိုင်ပွဲကလဲ အဲဒီကာလ အတော်နာမည်ကြီးခဲ့ပါတယ်။ အပေါ်ထပ်မှာတော့ ရုံးတာဝန်ခံရဲ့အိပ်ခန်းနဲ့ ဧည့်သည့်တွေအတွက် ခပ် သားသားနားနား အိပ်ခန်းတခုရှိပါတယ်။ အဲဒီအခန်းမှာ ကျနော်ကိုနေရာချပေးပြီး တည်းခိုခအဖြစ်က တော့ စေတနာရှိသလောက်သာ စာနယ်ဇင်းကလပ်အတွက် လှူဒန်းပေးခဲ့ပါတဲ့။

ဒီစာနယ်ဇင်းကလပ်နဲ့ ရုံးခန်းတွေကိုတာဝန်ခံငှားထားပေးတာက ကိုသန်းလွင်ထွန်း (အခု VOA မြန်မာ ဌာနမှုး)။ အဲဒီအချိန်မှာ သူက BBC မြန်မာပိုင်းကနေ ခေတ္တနားပြီး ချင်းမိုင်အခြေစိုက် Inter News ဌာ နခွဲရဲ့မြန်မာကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းနေပါတယ်။ သူနဲ့ကျနော်က ABSDF အစောပိုင်းကာလ တွေမှာကတည်းက တောထဲတချိန်တည်းရောက်ခဲ့သူ၊ လေလှိုင်းထဲမှာရင်းနှီးနေသူတွေဖြစ်ပေမဲ့ အခု မဲဆောက်ရောက်မှ လူချင်းစတွေ့ဖူးတာပါ။

သူရဲ့တိုက်တွန်းချက်အရ DVB က နာမည်ကြီးသတင်းထောက်တဦး အနေနဲ့ နယ်စပ်ဒေသကသတင်းသမားတွေကိုတွေ့ဆုံပြီး အတွေ့အကြုံတွေဖလှယ်သင့်တယ်၊ အကြံ ညဏ်ကောင်းတွေပေးသင့်တယ်ဆိုတဲ့အတွက် တနေ့မှာတော့ မဲဆောက်က စာနယ်ဇင်းသမား ၂၀ လောက်နဲ့ အဲဒီရုံးမှာဆွေးနွေးဖြစ်ပါတယ်။ စာနယ်ဇင်းသမားဆိုပေမဲ့ စာရေးခြင်းကို အသက်မွေးဝမ်း ကျောင်းအလုပ်တခုအဖြစ်တာဝန်ထမ်းနေသူတွေမဟုတ်ပါ။ ဒေါင်းအိုးဝေ အပါဝင် နယ်စပ်မှာထုတ်ဝေ တဲ့စာစောင်တွေက အယ်ဒီတာတွေ၊ စာရေးသူတွေအပါဝင် အားလုံးနိးပါးက တော်လှန်ရေးအဖွဲ့စည်း တခုခုရဲ့အဖွဲ့ဝင်တွေဖြစ်ကြပါတယ်။

ဆိုလိုတာက သတင်းသဘောတရား၊ သတင်းလုပ်ငန်းအခြေနေတွေကို ဆွေးနွေးမယ်လို့ ကျနော်က စိတ်ကူးပြီးအသေချာပြင်ထားပေမဲ့ တကယ်တန်းပွဲစတော့ အဲဒါတွေကို ဘာမှမပြောရပဲ DVB ဘာလဲ၊ ဘယ်လဲ ဆိုပြီး မေးခွန်းထုတ်တာကို ဖြေရှင်းနေရတာနဲ့အချိန်ကုန်သွားပါတယ်။ သူတို့အားလုံးဟာ တော် လှန်ရေးအဖွဲ့စည်းတွေကနေလာသူတွေဆိုတော့ DVB ဟာ တော်လှန်ရေးကို ကိုယ်စားပြုသေးရဲ့ လား။ လွတ်လပ်တဲ့ မီဒီယာတခုအဖြစ် သွားတော့မလား။ DVB ကို ဘယ်သူပိုင်သလဲ။ ဘယ်လိုမူတွေနဲ့ ဆက်သွားမှာလဲ စသဖြင့်မေးလိုက်တာ စုံနေတာပါပဲ။

အဲဒီကာလကတော့ ဒီမေးခွန်းတွေအတွက် ကျနော်အတော်စိတ်ဆိုးခဲ့ပါတယ်။ ကျနော်လဲ တော်လှန် ရေးသမား၊ ခင်ဗျားတို့လဲ တော်လှန်ရေးသမား။ ဘာလို့ ဒီမေးခွန်းတွေမေးနေတာလဲ။ DVB ဟာ ပုဂ္ဂလိ ကပိုင်မဟုတ်ပဲ တော်လှန်ရေးအင်အားစုအားလုံးကိုကိုယ်စားပြုပေါ်လာတဲ့ တော်လှန်ရေးပိုင်မီဒီယာ ဆို တာ လူတိုင်းသိပါတယ်။ ဒီအတွက် ဘာမှ သံသယရှိစရာမလိုဘူးလို့ ကျနော်ဖြေခဲ့ပါတယ်။

ဒါပေမယ့် အ ခု ၁၁ နှစ်ကြာပြီးတဲ့အချိန်မှာတော့ ကျနော်အဖြေတွေအတွက် ကျနော်ဘယ်လိုပြန်ရှင်းပြ ရမှန်းမသိတော့ပါ။ DVB ကို အခု ဘယ်သူတွေက ပိုင်ဆိုင်သွားပြီလဲ။ DVB ဘာလဲ။ ဘယ်လဲ။ အဲဒီ ကာလက စာနယ်ဇင်းကလပ်ဆွေးနွေးပွဲဆီတက်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့အသီးသီးက စာနယ်ဇင်းသမား တွေကော အခုချိန်မှာ DVB ကို ဘယ်လိုမေးခွန်းတွေများထုတ်နေကြလေမလဲ။    ။

Wednesday, September 24, 2014

Monday, September 22, 2014

မြန်မာနိုင်ငံဆီ ကမ္ဘာလှည့် ခရီးသည် ပိုလာစေချင်တယ် ဆိုရင

သူ့အတွေး သူ့အမြင်
ဧရာဝတီ။

မြန်မာနိုင်ငံဆီ ကမ္ဘာလှည့် ခရီးသည် ပိုလာစေချင်တယ် ဆိုရင်
ပုဂံတွင်စက်ဘီးဖြင့် အုပ်စုလိုက်လည်ပတ်နေသည့် နိုင်ငံခြားသားများကိုတွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မကြာခင် သီတင်းကျွတ်တော့မယ်။ မိုးရာသီကုန်ဆုံးပြီး ပွင့်လင်းရာသီရောက်တော့မယ်။ ဒီအချိန်ဟာ မြန်မာနိုင်ငံဆီ အလည်သွားချင်တဲ့ နိုင်ငံခြားသားတွေအတွက်ရော၊ နိုင်ငံခြားရောက် မြန်မာတွေအတွက်ပါ ခရီးသွားဖို့၊ ဘုရားဖူးထွက်ဖို့ အချိန်ကောင်းတခုပါပဲ။

ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရဆိုရင် ၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာ့လှည့်ခရီးသည် ၃ သန်းအထိ ၀င်လာဖို့မျှော်လင့်ထားပြီး အခု သြဂုတ်လကုန် ၈ လအတွင်းမှာတင် ၁.၈ သန်းဝင်လာခဲ့ပြီးပြီလို့သိရပါတယ်။ ဒါဟာ ၂၀၁၃ ခုနှစ်က၀င်လာတဲ့ ၂.၀၄ သန်းနဲ့စာရင် အများကြီး တိုးလာတယ်။ အခုတလော ၀င်လာတဲ့အထဲမှာ တချိန်က မြန်မာနိုင်ငံဆီ ခရီးမသွားကြဖို့ အဓိက ပိတ်ဆို့ဟန့်တားခဲ့ဖူးတဲ့ အမေရိကန်နိုင်ငံက အများဆုံးဖြစ်နေတယ်လို့လည်း သတင်းတွေထဲ ဖတ်ရပါတယ်။

စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်
ဒီသတင်းတွေကိုဖတ်ရင်းနဲ့ ပြီးခဲ့တဲ့နှစ် မြန်မာနိုင်ငံဆီသွားခဲ့စဉ်က ကြုံခဲ့ရတာတွေ၊ လိုအပ်ချက်တွေကို ပြန်စဉ်းစားမိပါတယ်။ ပထမဆုံး အခက်အခဲက ဗီဇာ ပြသာနာ။ ကျနော်တို့လို မြန်မာပြည်ဖွား နိုင်ငံခြားသား စာအုပ်ကိုင်ထားသူတွေအတွက် ဗီဇာ ခက်တာကို ထားလိုက်ပါ။ နိုင်ငံခြားသားစစ်စစ်တွေ မြန်မာပြည်သွားဖို့ ဗီဇာလျှောက်တဲ့အခါ တခြားနိုင်ငံတွေလောက် မလွယ်ဘူးလို့ သိရပါတယ်။

ဥပမာ အိမ်နီးချင်း ထိုင်းနိုင်ငံကို လာမယ်ဆိုရင် အနောက်နိုင်ငံသားတွေအတွက် ဘာဗီဇာမှ မလိုပါ။ လာချင်တဲ့အချိန် လေယဉ်လက်မှတ်ဝယ်ပြီး ထလာရုံပါပဲ။ ဒီလိုလာနိုင်ဖို့ အနောက်နိုင်ငံတွေနဲ့ ထိုင်းနိုင်ငံအကြား နားလည်မှုလက်မှတ်ရေးထိုးထားတယ်လို့ ဆိုပါတယ်။ တနှစ်တခါ Holiday ဟောလီးဒေး သွားလေ့ရှိတဲ့ အနောက်တိုင်းသားတွေဟာ လေယဉ်လက်မှတ်ကို ကြိုဝယ်ထားလေ့ရှိပါတယ်။ ချက်ချင်း ၀ယ်တာနဲ့ ၆ လလောက် ကြိုဝယ်တဲ့ လက်မှတ်က ဈေးထက်ဝက်လောက် ကွာလေ့ရှိပါတယ်။

ခရီးသည်တွေအ ဆင်ပြေအောင် ဗီဇာကြေးမယူ၊ ဗီဇာလျှောက်စရာမလိုအောင် လုပ်ပေးလိုက်တော့ သံရုံးတွေက ဗီဇာကြေးမရတော့ပါဘူး။ ဘန်ကောက်သံရုံးမှာ ဗီဇာ လျောက်ရင် တဦးကို ဘတ် ၂၀၀၀ ကျော် (ဒေါ်လာ ၈၀-၀န်းကျင်) ပေးရပါတယ်။ အနောက်နိုင်ငံသံရုံးတွေမှာဆိုရင်တော့ ဒေါ်လာ ၁၀၀ ပေးရပါတယ်။ လူ ၃ သန်းအတွက် ဗီဇာ လျှောက်စရာ မလိုတော့ဘူးဆိုရင် သံရုံးတွေ၊ သို့မဟုတ် နိုင်ငံ ခြားရေးဌာနအတွက် ဒေါ်လာ သန်း ၃၀၀ နစ်နာမှာပေါ့။

လူ ၃ သန်းသာလာတဲ့ မြန်မာနိုင်ငံမှာ ဒေါ်လာ သန်း ၃၀၀ နစ်နာမယ်ဆိုရင် လူ ၁၃ သန်းမက လာနေ တဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာဆိုရင် ဘယ်လောက်များ နစ်နာနေလေမလဲ။ ဘာကြောင့် ဒီလိုနစ်နာခံပြီး ဗီဇာ အလကား ပေးထားတာလဲ။ နိုင်ငံခြားရေးဌာနနဲ့ ဟိုတယ်ခရီးသွားဌာနကြား ဆွေးနွေးသင့်တဲ့ ကိစ္စတခုပါပဲ။

ဆိုလိုတာက ဗီဇာလျောက်ခိုင်းရင် ဒေါ်လာ ၁၀၀ ပဲ နိုင်ငံခြားရေးဌာနကရမယ်။ ဗီဇာလျှောက်စရာမလိုပဲ ၀င်ခွင့်ပေးလိုက်ရင် ခရီးသည်တွေ ပိုဝင်လာပြီး ၁၀၀ မကပဲ ဒေါ်လာတသောင်းအထိ မြန်မာနိုင်ငံက ရနိုင်ပါတယ်။ နိုင်ငံခြားရေးဌာနအတွက် တိုက်ရိုက်ဝင်ငွေဆုံးရှုံးပေမယ့် ဟိုတယ် ခရီးသွားဌာနအပါဝင် တခြားဌာနတွေ၊ သာမန်တက္ကစီသမားတွေ၊ ဈေးရောင်းသူတွေအတွက် များစွာဝင်ငွေရတာပေါ့။ ဒါပေမယ့် ပွင့်လင်းစ မြန်မာနိုင်ငံမှာ ဗီဇာ ကိစ္စကို လုံခြုံရေးအမြင်နဲ့ တင်းကျပ်ထားတာလား၊ ငွေကြေး (လာဘ်စားခွင့်) ရလိုမှုနဲ့ တင်းကျပ်ထားတာလားဆိုတာကတော့ သိပ်မကွဲပြားလှပါ။

ဒါက မြန်မာပြည်ဝင်ဖို့ ပထမ အဆင့် ပြင်ဆင်မှု အပိုင်းပါ။ ဗီဇာ ရပြီးလို့ ရန်ကုန်လေဆိပ်ရောက်ပြီဆိုရင်လည်း ဘန်ကောက်လေဆိပ်ကို ရောက်တာနဲ့ မတူပြန်ပါဘူး။ ၀င်လာတဲ့လေယာဉ်က တနာရီမှ ၂-၃ စီး သာရှိပေမဲ့ ၅ မိနစ်တစီးလောက်ဝင်နေတဲ့ ဘန်ကောက်လေယဉ်ကွင်းနီးပါးကြာအောင် လ၀က ကောင် တာမှာတန်းစီစောင့်ရပါတယ်။ အပြင်ရောက်တော့ ဘန်ကောက်မှာလို မိုးပျံရထားမရှိ၊ လေယာဉ်ကွင်းနဲ့ မြို့ထဲပြေးတဲ့ အထူးဘတ်စ်ကားမရှိ။ တက္ကစီတွေငှားမယ်ပြင်တော့ ဘယ်နှစ်ယောက်စီးမှာလဲလို့ စမေးပါတယ်။ တက္ကစီငှားတာပဲဗျာ။ ဘယ်နှစ်ယောက်စီးစီး အတူတူပဲ မဟုတ်ဘူးလားဆိုတော့ မတူဘူး။ တဦးတည်းဆိုရင် နောက်ထပ်ခရီးသည်တဦးကိုပါ ထပ်တင်လိုက်ပါသေးတယ်။

မြို့ထဲရောက်လို့ ဟိုတယ်တည်းမယ်ဆိုရင်တော့ အနိမ့်ဆုံးဟိုတယ်ခက ဒေါ်လာ ၆၀ အထက်မှာ။ ဘန် ကောက်မှာဆိုရင် ဘတ် ၉၀၀ (ဒေါ်လာ ၃၀) လောက်နဲ့ ရန်ကုန်က ဒေါ်လာ ၆၀ တန်း အခန်းထက်သာတဲ့ အခန်းမျိုး ရပါတယ်။ နောက်ထပ်ထူးခြားချက်ကတော့ နိုင်ငံခြားသားကို ဟိုတယ်ခ ၂ ဆယူခြင်းပါ။ ဟိုတယ်ခတင်လားဆိုတော့ မဟုတ်သေး။ ပြည်တွင်းလေယာဉ်ခ၊ သင်္ဘောခ၊ ရထားခတွေအပြင် ယုတ်စွအဆုံး ညစ်ပေနံဟောင်နေတဲ့ အိမ်သာ အသုံးပြုခကိုပါ ၂ ဆယူပြန်ပါတယ်။  ဘာ ကြောင့်လဲ။ နိုင်ငံခြားသားက မြန်မာတွေထက် ၂ ဆ ပိုလေးနေလို့လား။

ဒါတင်လားဆိုတော့ မဟုတ်သေး။ နိုင်ငံခြားသားဆိုရင် အစိုးရက သတ်မှတ်ထားတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှအပ သာမန်အများပြည်သူတွေရဲ့နေအိမ်မှာ အိပ်ခွင့်မရှိပါ။ ကိုယ်ဖိတ်တဲ့ နိုင်ငံခြားသားမိတ်ဆွေကိုတောင် ကိုယ့်အိမ်မှာ တည်းခွင့်မပေးနိုင်တဲ့အခြေအနေ ဆိုပါတော့။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ဟိုတယ်ခရော၊ တည်းခိုတဲ့နေရာကိုရော ဒါမျိုး ကန့်သတ်ထားတာမရှိပါ။ ဒါကိုလည်း လုံခြုံရေး အမြင်အရ လုပ်ထားတာလား။ ၂ ဆကောက်ပြီး ငွေများများလိုချင်လို့လားဆိုတာ သိပ်မရှင်းလှပါ။

တတိယ အဆင့်အနေနဲ့ကတော့ အဲဒီလို ၂ ဆပေးတည်း၊ ၂ ဆပေးသွားပြီးတဲ့နောက် ရွှေတိဂုံဘုရားကို ၀င်ဖူးမယ်ဆိုရင် ကင်မရာကြေး ၅ ဒေါ်လာ ထပ်ပေးရပြန်ပါတယ်။ တခြားစေတီပုထိုးတွေကိုဝင်တဲ့ အခါ မှာလဲ ၅ ဒေါ်လာမဟုတ်ရင်တောင် အနည်းဆုံး တဒေါ်လာတော့ ပေးရပါတယ်။ ရွှေတိဂုံပေါ်မှာတောင် အလှူခံတွေက တနေရာတည်းမဟုတ်။ စေတီအဆူတိုင်းလိုလိုမှာ သီးခြားအလှူခံတွေ ရှိနေပြန်ပါတယ်။ ကျိုက်ထီးရိုး၊ ပုဂံ၊ အင်းလေးဖက်က စေတီပုထိုးတွေမှာလဲ ဒီလိုပါပဲ။ အလှူခံတွေက လိုအပ်တာထက် ပိုများနေတဲ့အတွက် ခရီးသွားတွေအဖို့ စိတ်အနှောက်ယှက်ဖြစ်ရပါတယ်။

ဒီနေရာမှာလဲ ထိုင်းကအခြေနေကို လေ့လာသင့်ပါတယ်။ ထိုင်းမှာဆိုရင် နေရာတကာမှာ တဒေါ်လာစီ ကောက်မနေပါဘူး။ ရှေ့မှာတင်ပြခဲ့တဲ့ ဗီဇာကြေး အလကားပေးထားသလိုပါပဲ။ ကင်မရာကြေးကို အလကားပေးထားပြီး အဲဒီထက် ဆယ်ဆမကများတဲ့ ဇုန်ဝင် ကြေးကို တခါတည်း တရားဝင် လက်မှတ် တွေဘာတွေနဲ့ အသေအချာ ကောက်ခံလိုက်ပါတယ်။ ဥပမာ မြဘုရားကို ၀င်မယ်ဆိုရင် ဘတ် ၅၀၀ (ဒေါ် လာ ၂၀ ၀န်းကျင်) တခါတည်း ယူထားလိုက်ပါတယ်။ ကင်မရာကြေး ၅ ဒေါ်လာ ယူတာထက် ပိုရတဲ့ အပြင် ခရီးသည်တွေလည်း ခဏခဏ မပေးရလို့ စိတ်ညစ်စရာ မလိုတော့ပါ။

စတုတ္တအချက်ကတော့ ဘုရားဖူး၊ ပြတိုက်ကြည့်၊ ထင်ရှားတဲ့နေရာတွေကို လေ့လာပြီးတဲ့နောက် ဗိုက်ဆာလို့ တခုခု စားမယ်ဆိုရင်လဲ နီးစပ်ရာဆိုင်မှာ ၀င်စားလိုက်ရုံပါပဲ။ ခပ်သန့်သန့်ပြင်ထားတဲ့ဆိုင်ဆို ၁၀၀-၂၀၀။ ခပ်ညံ့ညံ့ဆိုင်ဆိုရင် ၅၀-၁၀၀ ပေါ့။ ဘန်ကောက်က ဆိုင်တွေကို ပြောတာပါ။ ရန်ကုန်မှာတော့ အဲဒီလို ၀င်စားလို့မရ။ ဆိုင်အပြင်အဆင်တွေ၊ စားစရာအဆင့်အတန်းတွေက ဘန် ကောက်မှာလို စားချင့်စဘွယ် သန့်ပြန့်မနေပါ။ နေရာအတော်များများမှာ ကွမ်းတံတွေးတွေ၊ အညစ် ထေးတွေနဲ့ ပေရေနေဆဲပါ။

နောက်တချက်က ငွေကြေးသုံးစွဲရမှု အခက်အခဲ။ Holiday ထွက်လာတဲ့ အနောက်တိုင်းသားတွေက မြန်မာတွေလို ငွေထုတ်ပိုက်ပြီး ခရီးသွားသူတွေမဟုတ်ပါ။ Credit Card တွေ၊ Bank Card တွေကိုင်ပြီး သွားနေကြ။ နော်ဝေးမှာဆိုရင် ဘဏ်ကတ်သုံးဈေးဝယ်သူက အများစုဖြစ်နေပြီး ငွေသားကိုင်သုံးသူက ၁၀ ရာခိုင်နှုန်းတောင် မရှိတော့ဘူးလို့ သိရပါတယ်။ ဒါပေမယ့် ရန်ကုန်ရောက်ရင်တော့ အဲဒီကဒ်တွေက သုံးဖို့ သိပ်မလွယ်။ ဟိုတယ်ခတွေ၊ လေယာဉ်ခတွေကို Credit Card နဲ့ပေးလို့ရနိုင်ပေမယ့် တက္ကစီခကအစ အရာအားလုံးကို ငွေသားနဲ့သာပေးရပါတယ်။

ဒီအတွက် မြန်မာနိုင်ငံဆီသွားမယ်လို့ ခရီးစဉ်ပြင်ကတည်းက အမေရိကန်ဒေါ်လာ ၁၀၀ တန် အသစ် စက်စက်တွေကို ဘဏ်ကနေ လဲယူလာရပါတယ်။ ရန်ကုန်ရောက်တာနဲ့ ငွေလဲကောင်တာတွေဆီသွား ပြီး အဲဒီဒေါ်လာကို မြန်မာကျပ်ငွေနဲ့ လဲရပါတယ်။ ”ဒီအရွက်က မျက်နှာပေါ်ခေါက်ရိုးကျိုးနေတဲ့အတွက် ပြန်လဲပေးပါ” ဆိုပြီး ကောင်တာထိုင်ကောင်မလေးက ဒေါ်လာ ၁၀၀ တန်ကို ပြန်ပေးတာ ကြုံရဖူးပါတယ်။ ပိုက်ဆံအိတ်ထဲခေါက်ထည့်လာမှတော့ ခေါက်ရိုးကျိုးမှာပေါ့။ မြန်မာငွေတွေလည်း ဒီလိုပဲကျိုးနေ တာပဲ မဟုတ်ဘူးလားဆိုပြီး မေးခွန်းပြန်ထုတ်တော့ သိပ်ကြိုက်ပုံမရ။ ပြန်မလဲပေးရင်တော့ ၅ ရာ ခိုင် နှုန်း အလျော့ခံရမယ်လို့ ဆိုပါတယ်။

ဒါမျိုးတွေ ဘန်ကောက်မှာမရှိပါ။ ပါလာတဲ့ Credit Card ကို နီးစပ်တဲ့ ATM စက်မှာသာ သွားထုတ်လိုက်။ တခါထုတ်ရင် ဘတ် နှစ်သောင်း ထွက်လာပါလိမ့်မယ်။ အဲဒီလို ထွက်လာတဲ့အထဲမှာ တထောင်တန်နဲ့ ၅၀၀ တန်မှအပ ၁၀၀ တန်၊ ၅၀ တန်၊ ၂၀ တန်တွေ ပါမလာပါ။ ဒါပေမယ့် ရန်ကုန်က ငွေလဲ ကောင်တာမှာတော့ အမြင့်ဆုံးဖြစ်တဲ့ ၅၀၀၀ တန်ကိုမပေးပဲ တထောင်တန်နဲ့ အောက်အဆင့်တွေကို ချည်းပေးလိုက်ပါတယ်။ တဒေါ်လာ ၉၀၀ ကျပ်နဲ့တွက်တော့ ဒေါ်လာ ၅၀၀ အတွက် တထောင်တန် အရွက်ရေ ၄၅၀ ရွက်နဲ့ ၅၀၀ တန်၊ ၂၀၀ တန်၊ ၁၀၀ တန်၊ ၅၀ တန်နဲ့ ၂၀ တန်အထိ စုံလို့။

ဒါပေမယ့် အဲဒီဘဏ်ကပေးလိုက်တဲ့ ၂၀ တန်ကို ဘယ်သူမှ လက်မခံပါ။ ၂၅ နှစ်တာကာလအတွင်း ငွေ ကြေးဖောင်းပွမှုနှုန်းထားကို မသိလိုက်တဲ့ ကျနော်ဟာ ”ငါးပြားနိုင်နိုင်၊ ဆယ်ပြားနိုင်နိုင်” ဆိုတဲ့ခေတ်လို သဘောထားပြီး ငွေလဲကောင်တာဝန်းကျင်က သူတောင်းစားကို ၂၀ တန်တရွက်သွားလှူမိပေါ့။ အဲဒီ တော့မှ ၂၀ တန်ကို သူတောင်းစားတောင် လက်မခံမှန်း သိလိုက်ရပါတယ်။ ၂၀ တန်တောင် မသုံးတော့ဘူးဆိုရင် မြန်မာနိုင်ငံမှာအကြွေဆိုတာ ဘယ်ရှိတော့မလဲ။

အကြွေနဲ့သုံးမှရတဲ့ လမ်းဘေးတယ်လီဖုန်းဆက်တာတွေ၊ ဘူတာရုံက ကော်ဖီစက်တွေ၊ ကိုကာကိုလာနဲ့ ရေသန့်ဗူးစက်တွေမှာ ဘယ်လိုဝယ်သလဲ။ အဲဒီစက်တွေတွေမရှိသေးလို့ အကြွေသုံးစရာမလိုသေးဘူး ဆိုပြီး ဆင်ခြေပေးကြမလား။ ထိုင်းမှာဆိုရင်တော့ သူတို့ အကြွေစေ့တွေ မပျောက်သွားစေဖို့အတွက် မိုးပျံရထား၊ မြေအောက်ရထားလက်မှတ်ဝယ်တာကို အကြွေနဲ့ဝယ်မှရတဲ့ စနစ်မျိုးလုပ်ပြီး ထိန်းထားတာ တွေ့ရပါတယ်။ အနောက်နိုင်ငံတွေမှာလည်း ဒီလိုပါပဲ။ အကြွေတွေကို သုံးနေဆဲ၊ အကြွေတွေ တန်ဖိုးရှိနေဆဲပါ။ ထားတော့။ အကြွေကိစ္စကတော့ နိုင်ငံခြားသားတွေ သိပ်စိတ်ဝင်စားဘွယ်မရှိပါ။ ပြည်တော်ပြန် မြန်မာတဦးအနေနဲ့ နိုင်ငံတကာနဲ့ ယှဉ်ပြီးတွေးမိခြင်းသာ ဖြစ်ပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ ဟိုတယ်ခရီးသွားဝန်ကြီးဌာနအနေနဲ့ တကယ်ပဲ ကမ္ဘာလှည့်ခရီးသည် အများအပြား လာလည်စေချင်တယ် ဆိုရင် ရှေ့မှာတင်ပြခဲ့တဲ့ အဟန့်အတား စိတ်အနှောက်ယှက်ဖြစ်ဖွယ် ကိစ္စတွေကို ပြုပြင်ပေးဖို့လိုပါလိမ့်မယ်။ နိုင်ငံခြားရေးဌာန၊ ဟိုတယ်/ခရီးဌာနနဲ့ သက်ဆိုင်ရာအခြားဌာန တွေအကြား ဒီထက်မက ပူးပေါင်းဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ ပြီးရင် လူပြောများနေတဲ့ အစားအ သောက်၊ အနေအထိုင် သန့်ရှင်းသန့်ပြန့်မှု၊ နေရာတကာ ကွမ်းသွေးတွေနဲ့ ညစ်ထေးပေရေနေမှုတွေ အတွက်လည်း နိုင်ငံသားတဦးချင်းစီက ပြုပြင်သွားဖို့လိုမယ်လို့ ထင်မြင်မိပါကြောင်း တင် ပြလိုက်ရပါတယ်။

Saturday, September 20, 2014

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၂၈)

မုံရွာနဲ့ ကျည်ရွာကြားမှာ ဘာတွေဖြစ်ခဲ့သလဲ

အခန်း ၂၇ မှာဖေါ်ပြပြီးဖြစ်တဲ့အတိုင်း မေလ ၂၉ ရက်ညက တယ်လီဖုန်းအဆက်သွယ်ရခဲ့တဲ့ မုံရွာ NLD က ဦးစောအောင် (မုံရွာ အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ်) ကို မေလ ၃၀ ရက်နေ့မှာလဲ ကျ နော်ပြန်ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ဖုန်းဆက်တဲ့ မြန်မာစံတော်ချိန် ၅ နာရီဝန်းကျင်မှာ သူကအိမ်မှာမရှိပဲ ဒေါ်အောင်ဆန်းစုကြည်တို့ယဉ်တန်းနဲ့အတူ ဘုတလင်ဖက်လိုက်သွားတယ်လို့သိရပါ တယ်။
(ဒီပဲယင်း ၁၀ နှစ်ပြည့်အခန်းနားတခု မြင်ကွင်း)

ဒီလိုနဲ့ ညနေ ၇ နာရီဝန်းကျင်လောက်မှာတော့ ဦးစောအောင်နဲ့ဖုန်းရပါတယ်။ မနေ့က မုံရွာမြို့ ရုံးခန်းဖွင့် ပွဲမှာပြောထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း အသံကို အရင်ဆုံးယူရပါတယ်။ ထုံးစံအတိုင်း သူတို့ဖွင့်ပြတဲ့ကက်ဆက်ခွေထဲကအသံကို တယ်လီဖုန်းကကြားရတဲ့အတိုင်း အဆင်ပြေသလိုဖမ်းယူပေါ့။ မီနစ် ၃၀ စာလောက်ရှိတဲ့အဲဒီအသံကိုယူပြီးမှ ဒီနေ့ခရီးစဉ်အကြောင်းမေးရပါတယ်။ တော်သေးတယ်။ အဲဒီနေ့က မြန်မာ့ဆက်သွယ်ရေးကသဘောကောင်းပြီး တယ်လီဖုန်းလိုင်းကို ဖြတ်မချလိုက်လို့။

''ဘုတလင်ကနေမုံရွာအပြန်မှာ အခြေနေက အသွားတုန်းကနဲ့ မတူဘူးဗျ။ ဘုတလင်နဲ့ မုံရွာနယ်စပ်မှာ ရဲသား ၃၀ လောက်က နံပတ်တုတ်တွေကိုင် စောင့်နေတယ်။ မုံရွာကနေ ဘုတလင်ဖက်လာတဲ့ ကား တွေ၊ မော်တော်ဆိုင်ကယ်တွေကို ဘယ်သူမှသွားခွင့်မပြုဘူး။ အဲဒါ အခြေနေသိပ်မကောင်းဘူးဗျ'' လို့ ဦးစောအောင်က နိဒါန်းချီပြီး မုံရွာနဲ့ ဘုတလင်ကြားရှိ၊ မုံရွာကအထွက် နမခ (အနောက်မြောက်ပိုင်း စစ် ဌာနချုပ်) စခန်းဝန်းကျင်မှာကြုံရတဲ့ တားဆီးနှောက်ယှက်မှုတွေအကြောင်း ပြောပြပါတယ်။

ဘုတလင်ကနေ ဒီပဲယင်းဖက်အခြေနေကိုမေးတဲ့အခါမှာတော့ ''ဘုတလင်ကို ဒီပဲယင်းမြို့နယ်က လာပြီး တော့ဆက်သွယ်တယ်ဗျ၊ အဲဒါ ဘုတလင်နဲ့ ဒီပဲယင်းကြားမှာ ကြံ့-ဖွံ့ တွေ အင်အားတချို့ရှိ တယ်။ မော် တော်ကားတွေလဲများတယ်။ အဲဒါ စိုးရိမ်ရတယ်ဆိုပြီးတော့ ဒီပဲယင်းကလာ အကြောင်းကြား တယ်။ အဲ ဒါ စစ်ကိုင်းတိုင်းစည်းရုံးရေးအဖွဲ့က ဦးဘာဘာတို့၊ ဦးထွန်းမြိုင်တို့နဲ့ စကားပြောနေကြတယ်ဗျ။ အစီစဉ် ကတော့ ဒီပဲယင်း ညအိပ်ဖို့ပဲဗျ'' လို့ စိုးရိမ်မကင်းတဲ့လေသံနဲ့ ဦးစောအောင်က ပြောပါတယ်။

ဒါပေမယ့် ခရီးစဉ်တလျောက်လုံးမှာ ကြံ့ဖွံ့လှုပ်ရှားမှုတွေ၊ တားဆီမှုတွေကရှိခဲ့တာဆိုတော့ ဒီသတင်းကို ထူးခြားသတင်းအဖြစ် ကျနော်ကထင်မထားခဲ့ပါ။ ဒီလိုနဲ့ ည ၉ နာရီ သတင်းလွှင့်ချိန်မှာ ဦးစောအောင် နဲ့ ဗျုးထားတဲ့ မုံရွာ၊ ဘုတလင်၊ ဒီပဲယင်း၊ ရေဦးခရီးစဉ်ကို ရသလောက်ပဲလွှင့်ချလိုက်ပါတယ်။ ပြီးတော့ မနက်ပိုင်း မုံရွာရုံးဖွှင့်ပွဲမှာ ဒေါ်စုပြောထားတဲ့ မိန့်ခွန်းပေါ့။ အဲဒါနဲ့တင် သတင်းက မီနစ် ၂၀ နီးပါးရှိနေ ပြီ ဆိုတော့ ရန်ကုန်က NLD ရုံးချုပ်တို့၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးလွင်တို့ကိုတောင် အဲဒီညက မခေါ်ဖြစ်လိုက် ဘူး ထင်ပါတယ်။

ည ၉ နာရီအသံလွှင့်ချိန်ပြီးလို့ မနက်ပိုင်းအတွက် အသံသွင်းနေကြတုန်း NCGUB (အမျိုးသားညွန့် ပေါင်းအစိုးရ) ဆီက Fax တစောင် ၀င်လာပါတယ်။ (အဲဒီကာလက Email အီးမေးလ်၊ အင်တာနက် သိပ်ခေတ်မစားသေးတဲ့အပြင် Facebook ကလဲ မပေါ်သေးပါ)။ ဒေါ်စုတို့ယဉ်တန်း မေလ ၂၉ ရက်နေ့ ညပိုင်းက အကြမ်းဖက်တိုက်ခိုက်ခံရတယ်လို့ ကြားဖြတ်သတင်းကနေ သူတို့သိရတဲ့အကြောင်း၊ အမြန် စုံစမ်းမေးမြန်းဖို့လိုတဲ့အကြောင်းတွေပါဝင်ပါတယ်။

''ဒီလူတွေ ဘာကြောင်တာလဲကွာ၊ အခုပဲ ဘုတလင်ကပြန်လာတဲ့ NLD အမတ်နဲ့မေးမြန်းပြီး ၃၀ ရက် နေ့နောက်ဆုံးအခြေနေကိုတောင် လွှင့်ပြီးပြီပဲ။ ၂၉ ညက ဘာမှမဖြစ်ပါဘူး''။ အဲဒီ Fax က ကောလဟာလကြားရတဲ့ သတင်းတခုသာဖြစ်မယ်ဆိုပြီး ကိုယ့်ဘာသာဆုံးဖြတ်လိုက်ပါ တယ်။ ကိုယ့်ဘာသာဆုံးဖြတ်ဆိုတာက ဒီလိုပါ။ မြန်မာစံတော်ချိန် ည ၁၁ နာရီဝန်းကျင်၊ အော်စလိုအ ချိန်ညနေ ၆ နာရီနောက်ပိုင်းဆိုရင် သတင်းအဖွဲ့သားတွေမှအပ ဘယ်သူမှာရုံးမှာမရှိတော့ပါ။ အုပ်ချုပ် ရေးပိုင်းက ညွန်ချုပ်တွေ၊ ညွန်မှုးတွေ၊ ညွန်ကလေးတွေရဲ့အလုပ်ချိန်က မနက် ၉ နာရီကနေ ညနေ ၅ နာရီဆို ပြီးပြီ။ နော်ဝေးနိုင်ငံသားများပီသစွာနဲ့ တနေ့ ၇ နာရီခွဲထက် ပို အလုပ်မလုပ်ကြတော့ပါဘူး။

ထားတော့။ အဲဒီလိုကိုယ်ဘာသာဆုံးဖြတ်ပြီး မနက်ဖြန်ကျမှပဲ ဒီသတင်းကို အသေချာလိုက်တော့မယ် လို့သတင်းခန်း Whiteboard မှာ မှတ်ချက်ရေးလိုက်ပါတယ်။ ပြီးတော့မှ ဒေါက်တာသောင်းထွန်းကို (ညွန်ပေါင်းအစိုးရ ကုလသမဂ္ဂဆိုင်ရာကိုယ်စားလှယ်) အသေချာမေးကြည့်ဦးမှဆိုပြီး ဖုန်းဆက်တော့ စက်သတင်းနဲ့ နယ်စပ်သတင်းတွေအရ ဒီသတင်းကိုအသေချာရထားတဲ့အကြောင်း၊ အမေရိကန် နိုင်ငံ ခြားရေးဌာနနဲ့ ကုလသမဂ္ဂအသိုင်းဝိုင်းဆီလဲ အသိပေးထားတဲ့အကြောင်း သူကပြောပါတယ်။

ဒါပေမယ့် ကျနော်က ခုနလေးကတင် ဘုတလင်ကပြန်လာတဲ့ NLD အမတ်နဲ့မေးထားပြီးတဲ့အကြောင်း၊ ၂၉ ရက်နေ့က ဘာမှမဖြစ်တဲ့အကြောင်းပြန်ပြောပြီး နောက်နေ့မှပဲ အသေချာဆက်လိုက်တော့မယ်လို့ ဆုံးဖြတ်ကာ အိမ်ပြန်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ညသန်းကောင်အချိန်ကြီး ဘယ်ကိုမှဖုန်းခေါ် လို့ မရနိုင်။ ဦးလွင်ကို ဒီအချိန်သွားခေါ်ရင်လဲ အားနာစရာကြီး။ မတော် သတင်းမရတဲ့အပြင် စိတ်ဆိုး ပြီး အဟောက်ပါခံနေရဦးမယ်။ ဦးစောအောင်ကိုပြန်ခေါ်ရင်လဲ ဘုတလင်အလွန်မှာဖြစ် ဆက်ဖြစ်တဲ့ ကိစ္စကို သူဘာမှသိမှာမဟုတ်။ ဘုတလင်၊ ဒီပဲယင်းကနေ ရေဦးအကြား NLD ပါတီဝင်တွေကို ခေါ်လို့ ရနိုင်တဲ့ဖုန်းကလဲ တလုံးမှမရှိ။ ဒီလို နဲ့ လက်မှိုင်ချပြီး တညအိပ်လိုက်ရတယ်ဆိုပါတော့။


ကျည်ရွာမှာ ကမ္ဘာပျက်တဲ့ည

နောက်တနေ့မနက်စောစော ရုံးရောက်တော့ ကျည်ရွာမှာ ပစ်ခတ်နှိမ်နှင်းမှုတွေရှိခဲ့ပြီး သေဆုံးမှုတွေရှိခဲ့ တဲ့အကြောင်းသတင်းတွေက တပြုံကြီးရောက်နေပြီ။ NLD ရုံးနဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဦးလွင်တို့ဆီဖုန်းခေါ် တော့ ဘယ်လိုမှခေါ်လို့မရ။ တခြား NLD အဖွဲ့ဝင်တဦးနဲ့ဖုန်းရမှသိရတာက NLD ရုံးဆီ အထူးရဲတွေ ရောက်လာပြီး ချိတ်ပိတ်ထားလိုက်ပြီ၊ ဦးလွင်တို့ CEC (ဗဟိုအလုပ်မှုဆောင်ကော်မီတီဝင်) တွေကိုလဲ အကျယ်ချုပ်ချထားလိုက်ပြီတဲ့။ အဲဒါမှ ဒုက္ခ။

(အခင်းဖြစ်ပွါးတဲ့နေရာက ကျည်ရွာ။ ၂၀၀၃ ၀န်းကျင်က ဓာတ်ပုံ)

မနေ့က နောက်ဆုံးအခြေနေကို သတင်းပို့ခဲ့တဲ့ မုံရွာက ဦးစောအောင်ဆီဖုန်းခေါ်တော့လဲ ဘယ်လိုမှ ခေါ်မရတော့ပါ။ နိုင်ငံခြားဖုန်းအ၀င် အားလုံးကို နအဖ အစိုးရက ပိတ်ထားလိုက်ပြီလားမသိ။ နောက် ဆုံးတော့ အဲဒီကာလက ကျနော်တို့သတင်းဌာနရဲ့ အဓိကအားထားရာ Intercept ကြားဖြတ်စက် သ တင်းတွေကိုပဲ အားကိုးရတော့တာပေါ့။

နေရာ ၃-၄ ခုကနေ ၀င်လာတဲ့ ကြားဖြတ်စက်သတင်းတွေကိုအသေချာဖတ်ကြည့်တော့မှ မနေ့က ဒေါက်တာသောင်းထွန်းတို့ပြောတဲ့သတင်းဟာ အမှန်ဖြစ်နေပါတယ်။ မြန်မာနဲ့အမေရိကြား အချိန် တရက်စာကွာတဲ့အတွက် ၂၉ နဲ့ ၃၀ ရက် နေ့စွဲမှားတင်မိတာကို စီစစ်တွေ့ရှိရပါတယ်။ ''သေဟဲ့ နန္ဒိယ'' လို့ အော်ရင်း မနေ့ညသတင်းလွှင့်ချိန်မပြီးခင်မှာ အရေးပေါ်သတင်းအနေနဲ့ဖြစ်ဖြစ်၊ အနည်းဆုံးတော့ မ နက်ပိုင်း အသံလွှင့်ချိန်အမှီ အထူးသတင်းအဖြစ်ထည့်နိုင်ရက်နဲ့ မထည့်ဖြစ်လိုက်တဲ့အပေါ် နောင်တ ရ လို့ မဆုံးတော့ပါ။

စက်သတင်းတွေနဲ့ နယ်စပ်ကရတဲ့သတင်းတွေကိုအခြေခံပြီး အဲဒီညကဖြစ်စဉ်အကြမ်းကိုပြောရမယ်ဆို ရင်တော့ ဒေါ်အောင်ဆန်းစုကြည်တို့ယဉ်တန်း ကျည်ရွာအရောက်မှာ ည ၈ နာရီကျော်နေပြီ။ ရွာသား တွေက ဖုရောင်းတိုင်မီးတွေ၊ လက်လုပ်မီးခွက်တွေထွန်းပြီး ထောင်နဲ့ချီကြိုဆိုကြပါ တယ်။ ဒေါ်စုကလက် ပြနှုတ်ဆက်ချိန်မှာ ဘုန်းကြီးတွေက ကားကိုတားပြီး မိန့်ခွန်းပြောာခိုင်းတဲ့အတွက် ဟောခဲ့ရပါသေး တယ်။ အဲဒီ ဟောပြောပွဲအပြီး ကျည်ရွာအလွန်ရောက်တာနဲ့ မထင်မှတ်တဲ့တိုက်ခိုက်မှုကိုကြုံခဲ့ရတော့ တာပါပဲ။

စက်သတင်းတွေအရဆိုရင် ကျည်ရွာနဲ့ ရေဦးအကြားရှိ အစိုးရရုံးတခုမှာ စစ်ဖက်အမိန့်ပေးဌာနတခုရှိ နေ အဲဒီကနေ ဒီဖြစ်စဉ်ကိုအသေးစိပ်ကွပ်ကဲနေတာလို့ဆိုပါတယ်။ လမ်းဘေးဝဲယာရှိ သစ်ပင်တွေပေါ် မှာ ဆလိုက်မီးတွေကိုကြိုတင် တပ်ဆင်ထားပြီး အဲဒီမီးတွေဖွင့်ချိန်မှာ ကြံ့ဖွံတွေ၊ စွမ်းအားရှင်တွေ၊ ခုန က ဒေါ်စုကားကိုတားတဲ့ ဘုန်းကြီးအတုတွေက တွေ့ရာမရှောင် စရိုက်တော့တာပါပဲလို့သိရပါတယ်။ ဒီ လို ရိုက်နေတဲ့ကြားထဲကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကားက ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ကျန်လူအများစုကတော့ သေတဲ့အထိရိုက်နှက်ခံရပြိး လူပေါင်း ၈၀ ခန့်အထိသေဆုံးခဲ့တယ်လို့ အဲဒီ ကာလ က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွေမှာဖေါ်ပြကြပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ကို ရေဦးရဲစခန်းမှာဖမ်းထားတယ်၊ အဲဒီကနေတဆင့် တဖြေးဖြေးနဲ့ ရန်ကုန်ဖက်မောင်းလာပြီး နောက်ဆုံးတော့ အင်းစိန်ထောင် အထူးခန်းဆီထည့်လိုက်တယ်၊ နောက်ပိုင်း အကျယ်ချုပ်ကနေ ၂၀၁၁ နိုဝင်ဘာလ ၆ ရက်နေ့မှာပြန်လွတ်ပေးတဲ့အထိ ဒီပဲယင်းအကြောင်းအသေး စိပ်ကိုဘာမှထုတ်ပြောခြင်းမရှိပါ။ သူ့အရင်ပြန်လွတ်လာတဲ့ မန္တလေးကဒေါ်ဝင်းမြမြအပါဝင် မုံရွာဖက်က ပါတီဝင်တွေပြောကြားချက်အရတော့ စွမ်းအားရှင်တွေက သူတို့ကိုအသေရိုက်တာဖြစ်ပြီး ကံကောင်း ထောက်မစွာနဲ့ မသေပဲကျန်ခဲ့တာသာဖြစ်တယ်လို့သိရပါတယ်။

ဒီထက်အသေးစိပ်အချက်လက်တွေကိုတော့ မေလ ၃၀ ရက်နေ့ ဒီပဲယင်းနှစ်ပတ်လည်ရောက်တိုင်း အဲ ဒီကာလကထုတ်လွင့်ခဲ့တဲ့ ရေဒီယိုသတင်းတွေ၊ အင်တာနက်တွေပေါ်မှာ ရှာဖွေဖတ်ရှုစေချင်ပါတယ်။ (ဒီဆောင်းပါးအောက်မှာ အစီရင်ခံစာတွေကို သီးခြားတင်ပြထားပါတယ်)။

သေချာတာတခုကတော့ ဒီဖြစ်စဉ်ဟာ မတော်တဆဖြစ်ပျက်ခဲ့တာမျိုးမဟုတ်ပါ။ အာဏာပိုင်တွေဖက်က စနစ်တကျအကွက်ချကြိုတင်စီစဉ် တိုက်ခိုက်ခဲ့တယ်ဆိုတာ ထင်ရှားလှပါတယ်။ ဘာကြောင့် ဒီလိုတိုက် ခိုက်တာလဲ။ ဘယ်သူတွေက အမိန့်ပေးခဲ့တာလဲ။ တိုက်ခိုက်ရမှာပါဝင်သူတွေက ဘယ်သူတွေလဲ။ အ တိုက်ခိုက်ခံရပြီး သေဆုံးသွားသူ၊ ဒဏ်ရာရသူတွေက ဘယ်သူတွေလဲ။ ဘယ်လောက်သေပြီး ဘယ် လောက် ဒဏ်ရာရခဲ့သလဲ။

ဒီအတွက် လွှတ်တော်က စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းဖေါ်ထုတ်ဖို့မလိုဘူးလား။ NLD ပါတီဖက်က ကော ဒီကိစ္စအပေါ် ဘယ်လိုသဘောထားသလဲ။ အားလုံးကို ကျေအေးလိုက်ပြီလား။ တရားဥပဒေစိုး မိုးရေးအကြောင်း မကြာခဏပြောနေတဲ့ NLD ဥက္ကဌနဲ့ လွှတ်တော်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေးဥက္ကဌ ဖက်ကတော့ ဒီဖြစ်စဉ်ကြီးကို တကယ်ပဲမေ့ထားလိုက်ပြီလား။

အဲဒီကာလက NLD အမတ်တဦးဖြစ်သူ ရှေ့နေဦးသိန်းညွန့်ပြောခဲ့ဖူးတဲ့ ''သေနတ်တွေကြားမှာ ဥပဒေက အိပ်ပျော်နေတယ်'' ဆိုတဲ့ စကားလုံးကို ပြန်သတိရမိပါတယ်။ အဲဒါ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် ဇွန်လ ၀န်းကျင်ကပြောခဲ့တာပါ။ အခု ၁၂ နှစ်ကြာပြီးတဲ့အချိန်မှာတော့ ဦးသိန်းညွန့်အပါဝင် NLD ကလွှတ် တော်အမတ်တွေ၊ တခြားမဟာမိတ်ပါတီတွေ၊ တိုင်းရင်းသားပါတီတွေက လွှတ်တော်အမတ်တွေ ဥပဒေ ပြု ပါလီမန်ထဲအထိ ရောက်နေပါပြီ။ ဆိုတော့ ဒီအချိန်အထိ ''သေနတ်တွေကြား ဥပဒေက အိပ်ပျော် နေဆဲ'' လို့ဆက်ပြောနေရင် သဘာဝမကျတော့ပါ။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ''သေနတ်တွေ ကြား အိပ်ပျော်နေတာဟာ ဥပဒေလား၊ ဥပဒေပြုအမတ်တွေလား'' ဆိုပြီး မေးခွန်းထုတ်ချင်စရာ ဖြစ် လာနေပါကြောင်း တင်ပြလိုက်ရပါတယ်။    ။

(၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးခင်းအစီရင်ခံစာကို အောက်ပါ လင့်ခ် မှာဖတ်နိုင်ပါတယ်)


Thursday, September 18, 2014

စစ် အာဏာသိမ်း ၂၆ နှစ်အလွန် အိမ်ပြန်လမ်း

ဧရာဝတီ။

၈ လေးလုံး အရေးအခင်း, ABSDF, စစ်အာဏာသိမ်းခြင်း, တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ,
၈ လေးလုံး အရေးတော်ပုံကို စစ်တပ်က ကြမ်းတမ်းစွာ တုံ့ပြန်ခဲ့ပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် အာဏာ သိမ်းယူခဲ့သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏသိမ်း လိုက်ပါတယ်။ အာသိမ်းပြီး နောက်တနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ဟာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ကျောင်းသားလူငယ်တွေကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ ၂၆ နှစ်ပြည့် နှစ်ပတ်လည် နေ့ ဖြစ်ပါတယ်။

တနည်းအားဖြင့် အဲဒီလို သေနတ်နဲ့ ပစ်နေတဲ့ စစ်တပ်ကို ဆန္ဒပြရုံနဲ့ မဖြစ်တော့ဘူး၊ ဓား ဓားချင်း၊ လှံ လှံချင်းနည်းကို ယူပြီး လက်နက်ကိုင် ပြန်တော်လှန်မှ ရမယ်ဆိုတဲ့ ခံယူချက်နဲ့ ထောင် သောင်းချီတဲ့ ကျောင်းသား လူငယ်တွေ တောခိုခဲ့တဲ့ ပထမ ဆုံးနေ့ ဖြစ်ပါတယ်။

စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်
ကျနော်တို့ ထားဝယ်ဘက်မှာတော့ စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းကျမှ စတင်ပစ်ခတ်ဖြိုခွဲ ခံရတာ ဖြစ်ပြီး စစ်တပ်ရဲ့ ပစ်ခတ်မှုကနေ လွတ်မြောက် ထွက်ပြေးလာကြတဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေ၊ တခြား ကျောင်းသားတွေ အပါဝင် လူ အင်အား ၅၀ ခန့်ဟာ လွန်ခဲ့တဲ့ ၂၆ နှစ်၊ ဒီလို အချိန်မျိုးမှာ မိဘအိမ်ကနေ ယုံကြည်ရာ ခရီးကြမ်းကို စတင်ထွက်ခွာ ခဲ့ပါတယ်။

၈ လေးလုံး အရေးအခင်း ကာလအတွင်း စစ်တပ်ရဲ့ ဖြိုခွင်းပစ်ခတ်မှုကြောင့် ထားဝယ်ဘက်မှာတော့ ကျောင်းဆရာဦးပန်းကျော် အပါအ၀င် ၅ ဦး ကျဆုံး ခဲ့ရပြီး ၃၇ ဦး ဒဏ်ရာခဲ့ ပါတယ်။ တနိုင်ငံလုံး အတိုင်းတာနဲ့ ဆိုရင် ကျောင်းသားလူငယ် ၃၀၀၀ ကျော် သေဆုံးတယ် လို့ ခန့်မှန်းခဲ့ကြ ပေမယ့် အခုအချိန်အထိတော့ အရေးတယူနဲ့ စုံစမ်းဖေါ်ထုတ်တာမျိုး မရှိပါဘူး။

ကျနော်တို့လိုပဲ တခြားမြို့ရွာ နယ်ပယ် အသီးသီးက ကျောင်းသား လူငယ်တွေလည်း ဒေသအလိုက် အုပ်စုတွေ ဖွဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်၊ မြန်မာ-တရုတ် နယ်စပ်၊ မြန်မာ-အိန္ဒိယ နယ်စပ် ဒေသတွေရှိ လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ် နယ်မြေ ဆီ ချီတက်လာခဲ့ကြပါတယ်။

အဲဒီ နောက်ပိုင်းမှာတော့ အားလုံး သိပြီးဖြစ်တဲ့ အတိုင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကို ဖွဲ့စည်းပြီး စစ်အစိုးရကို ခံယူချက် ပြင်းပြင်းနဲ့ လက်နက်ကိုင် တော်လှန် စစ်ဆင်နွဲခဲ့ ကြပါတယ်။

မြို့ပြကနေ တောတွင်း ဒေသဆီ ရောက်လာကြတဲ့ ကျောင်းသားလူငယ်တွေ နယ်စပ်မှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေက များပြား လှပါတယ်။ ပထမဆုံးကြုံရတာက ငှက်ဖျား၊ ဒုတိယ ကြုံရတာက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဗမာအများစု ပါဝင်တဲ့ ကျောင်းသားလူငယ်တွေ အကြား အချင်းချင်း မယုံသင်္ကာ ဖြစ်မှု၊ တတိယက ကျနော်တို့ ကျောင်းသား လူငယ်တွေ စိတ်ကူးယဉ် ထားခဲ့သလို ဘယ်နိုင်ငံကမှ လက်နက် အကူညီ မပေးခဲ့ခြင်း တွေပါပဲ။ ဒီလိုနဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ ထင် သလောက် ခရီးမပေါက်ခဲ့ဘူး ဆိုပါတော့။

ဘာကြောင့်လဲ ဆိုရင် အဲဒီကာလက ကျနော်တို့ ကျောင်းသားတွေ စိတ်ကူးယဉ် ဖြစ်စေချင်ခဲ့တာက ဗိုလ်ချုပ် အောင်ဆန်းတို့ ရဲဘော်သုံးကျိပ် ဂျပန်မှာ စစ်ပညာသင်ပြီး မြန်မာ တနိုင်ငံလုံးကို ပြန်သိမ်းသလိုမျိုး ကျောင်းသား တပ်မတော် ပါဝင်တဲ့ တပ်ပေါင်းစုက လက်ရှိစစ်တပ်နဲ့ စစ်အာဏာရှင်စနစ်ကို အပြီးသတ်ရှင်းလင်းနိုင်ခဲ့မယ် လို့ စိတ်ကူးယဉ် မျှော်လင့်ခဲ့ကြတာကိုး။

ဒီလို ထင်သလောက် ခရီးမပေါက်ခဲ့ပေမယ့် ပေါက်သင့် သလောက်တော့ ပေါက်ခဲ့တယ်လို့ ပြောရမှာပါ။ ဘာတွေ ပေါက်ခဲ့သလဲ ဆိုတော့ ရှေ့မှာတင်ပြခဲ့တဲ့ ဗမာအများစုနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား အချင်းချင်း မယုံကြည်မှုတွေကို အတိုင်း အတာတခုအထိ လျှော့ချပြီး တပ်ပေါင်းစုမူတွေ၊ ဖက်ဒရယ်မူတွေ၊ အားလုံး ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ မူတွေကို ABSDF က ဦးဆောင် စည်းရုံးနိုင်ခဲ့ပါတယ်။

ဒုတိယ တချက်ကတော့ တိုင်းရင်းသားတွေရဲ့ခံစားမှုတွေ၊ နစ်နာချက်တွေ၊ ဘယ်သူမှ မသိတဲ့ အခြေနေတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာ သိအောင် လုပ်ပေးနိုင်ခဲ့ ပါတယ်။ ဒါက လက်ဆုပ်လက်ကိုင် ပြဖို့ခက်တဲ့ သဘောတရား ဆိုင်ရာ အောင်မြင်မှုတချို့ကို ဆွဲထုတ်ပြတာပါ။

ဒါပေမယ့် သာမန်အများစု အမြင်မှာတော့ စစ်မတိုက်ရသေးခင်မှာ ကျနော်တို့ရဲဘော်တချို့ ဒါဇင်နဲ့ချီပြီး စာရင်းပျောက် ၀င်သွားပါတယ်။ တိုက်ပွဲတွေမှာ ရာနဲ့ချီ ကျဆုံးခဲ့ပါတယ်၊ ငှက်ဖျားအပါအ၀င် ရောဂါမျိုးစုံကြောင့် ရာနဲ့ချီ ဆုံးပါးခဲ့ရပါတယ်၊ စသဖြင့် ဆုံးရှုံးခဲ့တာတွေကိုပဲ မြင်နေကြပါတယ်။

အဲဒီလို ကျောင်းသားလူငယ်တွေ ဆုံးရှုံးသွားတဲ့ စာရင်းကို ABSDF က ထုတ်ပြန် ထားတဲ့ စာရင်းအရ ၂၆ နှစ်တာ အတွင်း ၆၇၀ ကျော် ကျဆုံးပြီး ၄၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ABSDF ရဲ့ အစောပိုင်း အင်အားက သောင်းနဲ့ချီ ရှိတဲ့အတွက် မသေမပျောက်ဘဲ ကျန်နေတဲ့ လူတွေ အခု ဘယ်ရောက်နေကြ သလဲ၊ ဘာတွေ လုပ်နေကြလဲ ဆိုတာ ဒီ ၂၆ နှစ်ပြည့်နေ့မှာ မေးခွန်းထုတ်သင့်တယ် ထင်ပါတယ်။

အကြမ်းဖျင်း ခန့်မှန်းစာရင်းကတော့ လက်ရှိ ABSDF မှာ အင်အား တထောင်ဝန်းကျင်သာ ရှိပြီး အဲဒီထဲမှာ ၁၉၉၈ ကျနော်တို့နဲ့ အတူ တောခိုလာခဲ့သူ ဦးရေက ရာဂဏန်းတောင် မကျန်တော့ပါ။ တောထဲက ဆင်းရဲမှုဒဏ်၊ မဟာမိတ်နဲ့ အဆင်မပြေမှုဒဏ်၊ တော်လှန်ရေး တပ်တွေရဲ့ရှေ့တိုးတိုက်နိုင်မှု နှေးကွေးခြင်း ဒဏ်တွေကို မခံနိုင်တဲ့ အတွက် ရာနဲ့ချီတဲ့ ရဲဘော်တွေ အိမ်ပြန်ခဲ့ကြ ပါတယ်။

တကယ့် အများစုကြီး ကတော့ တတိယနိုင်ငံ အခြေချရေး အစီအစဉ်ကို ရွေးချယ်ပြီး နိုင်ငံခြား ထွက်သွားကြပါတယ်။ အဲဒါ ၁၉၉၅ ၀န်းကျင် တပ်ပေါင်းစုဌာနချုပ် မာနယ်ပလော စခန်းကျပြီး နောက်ပိုင်း ဆက်တိုက်ဖြစ်ခဲ့တာပါ။

အခု ၂၆ နှစ် ကြာပြီးတဲ့ အခါမှာတော့ မြန်မာနိုင်ငံရေး အခြေနေက ရုတ်တရက် ပြောင်းလဲသွားခဲ့ပါပြီ။ ပြောင်းလဲတယ် ဆိုတာ လွန်ခဲ့တဲ့ ၂၆ နှစ်၊ ကျနော်တို့ တောခိုစဉ်က စိတ်ကူးယဉ်ခဲ့သလို ကျောင်းသား တပ်မတော်နဲ့ တပ်ပေါင်းစုက တိုက်လို့ ပြောင်း သွားတာမျိုး မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အင်အားစုတွေက ဦးဆောင်တိုက်လို့ ပြောင်းသွားတာမျိုး မဟုတ်။ စစ်အစိုးရဘက်က ပြောင်းချင်တဲ့ပုံစံနောက်ကို ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံးနီးက ဒရွတ်တိုက်လိုက်ပါ သွားရတဲ့ အပြောင်းအလဲ မျိုးပါ။

ဒီတော့ ၁၉၈၈ တုန်းက ကျနော်တို့ကို သေနတ်နဲ့ ပစ်ခဲ့တဲ့ စစ်အစိုးရ မရှိတော့ဘူး ဆိုပေမယ့် အဲဒီလူတွေ ပါဝင်ဆဲ ဖြစ်တဲ့ စစ် တပိုင်း အစိုးရနဲ့ စစ်အာဏာရှင် စနစ်က ရှိနေဆဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံနေရသူတွေကို ပြန်လွတ် ပေးလိုက်ပြီ ဆိုပေမယ့် နောက်ထပ် ဖမ်းဆီးမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တောင် ပါလီမန်ထဲ ရောက်နေပြီ ဆိုပေမယ့် ကြံ့ခိုင်ရေး ပါတီ ပြောသမျှ နားထောင်နေရုံမှအပ ဘာမှဦးဆောင်လုပ်ပိုင်ခွင့် မရှိသေးပါ။

ဒီလို အခြေနေမျိုးမှာ ကျနော်တို့ ပါဝင်ခဲ့တဲ့ ABSDF ကိုယ်တိုင် စစ်တပ်တပိုင်း အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုး လိုက် ပါတယ်။ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အတော်များများလည်း လက်မှတ်ထိုး လိုက်ကြပါတယ်။

နောက်ဆုံးတော့ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် နော်ဝေးနဲ့ နိုင်ငံတကာအထိ ထွက်လာပြီး တတိယနိုင်ငံရောက် ဒီမိုကရေစီ အရေး တက်ကြွသူတွေ အမိနိုင်ငံဆီ ပြန်လာပါ။ တိုင်းပြည် တည်ဆောက်ရေးမှာ ပါဝင် လက်တွဲကြပါလို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ဒီလို ဖိတ်ခေါ်မှု နောက်ပိုင်းမှာ ကျနော်အပါအ၀င် တတိယနိုင်ငံရောက် တောခိုကျောင်းသား ဟောင်းတွေ ပြည်တော် ပြန်လည်ကြတာ ဘယ်နည်းပါ့မလဲ။ ရာနဲ့ချီ ရှိတာပေါ့။ ဒါပေမယ့် ရှေ့က စာရင်းအင်းတွေ အရဆိုရင် ၁၉၈၈ တုန်းက ထွက်လာသူ ဦးရေ က သောင်းနဲ့ချီ ရှိတဲ့ အတွက် ကျန်တဲ့လူတွေ ဘာကြောင့် မပြန်ကြသေးတာလဲ။

တခါ ၁၉၉၀ ရွေးကောက်ပွဲ အပြီးမှာ ထပ်ထွက်လာတဲ့ NLD နဲ့ လူ့ဘောင်သစ် ပါတီဝင်တွေ၊ ၂၀၀၃ ဒီပဲယင်း အရေးခင်း၊ ၂၀၀၇ ရွှေဝါရောင် အရေးခင်း အပြီးမှာ ထပ်ထွက်ပြေးလာသူတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကိုပါ ထပ်ပေါင်းလိုက်ရင် သိန်း ဂဏန်း မရှိရင်တောင် သောင်းဂဏန်းအထက်မှာ ရှိနေတာ သေချာပါတယ်။ အဲဒီလူတွေ အခု ဘယ်မှာနေပြီး ဘာလုပ်နေကြ သလဲ။

“ကိုယ်ကတော့ ဒီအစိုးရ လိမ်နေတာကို သိလို့၊ သူတို့ကိုလုံးဝ မယုံလို့ ဒီဖြစ်စဉ်နဲ့ ဝေးဝေးမှာပဲ သန့်သန့်လေး နေနေတယ်” လို့ လက်ရှိအပြောင်းအလဲကို မယုံကြည်လို့ ပြည်တော်မပြန်သေးတဲ့ တောခိုကျောင်းသားဟောင်း များစွာထဲက တဦးက ပြောပါတယ်။

ပြီးတော့ Social Visa လျှောက်ပြီး နိုင်ငံခြားသားတဦး အနေနဲ့ မိဘအိမ်ဆီ အလည်ပြန်ခြင်းမျိုးဟာ ၁၉၈၈ တောခိုစဉ်က ရည်ရွယ်ခဲ့တဲ့ အိမ်ပြန်ခြင်းမျိုး မဟုတ်ဘူး လို့လည်း သူက ဝေဖန်ပါတယ်။
ဒီလို အိမ်ပြန်ခြင်းဟာ တချိန်က ရန်သူအဖြစ် သတ်မှတ်တိုက်ခဲ့သူတွေဆီ သွားရောက် လက်နက်ချသလို ဖြစ်သွားတယ်။ စစ် အုပ်ချုပ်ရေး တပိုင်း အစိုးရဘက်က လိုချင်နေတဲ့ ပုံစံထဲ ခေါင်းထိုးဝင်သလို ဖြစ်သွားတယ်လို့ သူက ထောက်ပြ ပါတယ်။

တခါ ပြည်တော်ပြန်ပြီး သမ္မတအကြံပေး လုပ်နေသူတွေ၊ ငြိမ်းချမ်းရေးစင်တာမှာ အစိုးရ လခစား လုပ်နေတဲ့ တောခို ကျောင်း သား ဟောင်းတွေကိုလည်း တော်လှန်ရေးကို သစ္စာဖောက်သူတွေအဖြစ် သူက စွပ်စွဲပါတယ်။

ဒါဖြင့် တောခိုကျောင်းသား အများစုကြီးက တသက်လုံး အိမ်မပြန်ဘဲ ဒီလိုပဲနေကြတော့မှာလား။ လက်ရှိ သွားနေတဲ့ ပေါ်လစီ အမှားအယွင်းထဲမှာ မပါနိုင်ဘူး ဆိုပြီး ဘေးထွက်ထိုင်နေရုံနဲ့ အမှားတွေက သူ့အလိုလို အမှန်ဖြစ်လာပါ့မလား။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင် လွှတ်တော်ထဲ ၀င်ထိုင်နေမှတော့ ကိုယ်က ဘာကောင်မို့လို့၊ ပြည်ပကနေ ဘာလုပ်နိုင်မှာ မို့လို့ တင်းခံနေမှာလဲ ဆိုပြီး မေးခွန်းထုတ်သူတွေ ကလည်း မနည်းလှပါ။

ထားတော့။ ကျနော်က ပြည်တော်ပြန်ပြီး လေ့လာတဲ့ အုပ်စုဘက်မှာ ပါခဲ့တဲ့ အတွက် ၂၀၁၃ ခုနှစ် ခရီးစဉ် နှစ်ခေါက်အတွင်း တွေ့ရှိချက်တွေနဲ့ တတိယနိုင်ငံရောက် တောခိုကျောင်းသားဟောင်းတွေ ပြည်တော် ပြန်ဖို့ အဆင်သင့် ဖြစ် မဖြစ်ကိုသာ တင်ပြချင် ပါတယ်။

အရင်ဆောင်းပါးတွေမှာ ရေးခဲ့ပြီး ဖြစ်တဲ့အတိုင်း သမ္မတက ဖိတ်ခေါ်တယ် ဆိုပေမယ့် ပါးစပ်က ဖိတ်ခေါ်တာသာရှိပြီး ကျနော်တို့ ပြန်လာရင် ဘာလုပ်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်မျိုး ဦးသိန်းစိန်အစိုးရမှာ ဘာမှရှိမထားပါ။ တခါ အစိုးရသစ် ဆိုပေမယ့် ဌာန ဆိုင်ရာ ၀န်ထမ်းအများစုက အရင်လူဟောင်းတွေဖြစ်ပြီး ခြစားနေတဲ့ နည်းစနစ်ဟောင်း တွေနဲ့ ခွဲခြားဆက်ဆံတာတွေ၊ ငွေညှစ် တာတွေ၊ အာဏာပြ ဆက်ဆံတာတွေ ရှိနေဆဲ ဖြစ်ပါတယ်။

ဥပဒေကြောင်း အရ ပြောမယ် ဆိုရင်လည်း ပြန်လာတဲ့ တောခို ကျောင်းသားဟောင်းတွေ အပေါ် ဥပဒေကြောင်း အရ လွတ်ငြိမ်းချမ်းသာခွင့် ပေးထားပြီးသားလား။ အစိုးရကို ဝေဖန်ရင် ပြန်ဖမ်းခွင့် ရှိသလား။ နိုင်ငံခြားသား ပတ်စ်ပို့ စာအုပ် ကိုင်ထားသူ တွေကို အမြဲတမ်း နေထိုင်ခွင့် ပေးမှာလား၊ နိုင်ငံသားအဖြစ် ပြန်လျှောက်ရင်ကော လုပ်ထုံး လုပ်နည်းက ဘယ်လိုလဲ။ ဘာမှ ရှင်း ရှင်းလင်းလင်း မရှိပါ။ သမ္မတနဲ့ သမ္မတရုံး ၀န်ကြီးတွေဆီ အသနားခံစာ တင်မှ လုပ်ပေးမယ်၊ စဉ်းစားပေးမယ် ဆိုတဲ့ အဆင့်မှာပဲ ရှိနေပါတယ်။

ဒီလို အခြေနေမျိုးမှာ (လက်ရှိ ရှိပြီးသား ငြိမ်းချမ်းရေး စင်တာက လူတွေ၊ NGO တွေ၊ မီဒီယာသမား တောခို ကျောင်းသား ဟောင်း ဆယ်ဂဏန်းမှ အပ) မြန်မာနိုင်ငံမှာ ပြန်လည် အခြေချနေထိုင်ဖို့ ဆိုတာ ဘယ်လွယ်ပါ့ မလဲ။

ကျန်တဲ့ အဆင်မပြေမှုတွေ အားလုံးကို ဖယ်ထား၊ အရေးအကြီးဆုံး အချက်က သမ္မတဆီသနားခံစာ တင်ရမယ်ဆိုတဲ့ နိုင်ငံရေး အရ ဂုဏ်သိက္ခာချတဲ့ လုပ်ရပ်မျိုးကို ဦးသိန်းစိန်အစိုးရက လုံးဝ ပြင်ဆင်ပေးသင့်ပါတယ်။

ဘာကြောင့်လဲ ဆိုရင် ၂၆ နှစ်လုံးလုံး တော်လှန်ရေး လုပ်လာခဲ့တဲ့ ကျနော်တို့မှာက ဂုဏ်သိက္ခာကလွဲပြီး တခြားဘာမှ မရှိတဲ့ အတွက် အဲဒီ သိက္ခာကို ဘာနဲ့မှ အလဲအလှယ် မလုပ်နိုင်လို့ ဖြစ်ပါတယ်။

ဒါဖြင့် သိက္ခာကို ရိက္ခာနဲ့ မလဲဘဲနဲ့ အိမ်ပြန်နိုင်တဲ့ နည်းလမ်း မရှိတော့ဘူးလား။ ဦးသိန်းစိန် အစိုးရဘက်က လက်ရှိ စည်းမျဉ်း တွေကို ပြင်မပေးရင်တော့ သူ့အစိုးရ သက်တမ်းမှာ တခြားနည်း မရှိတော့ပါ။ သူ့အစိုးရ အလွန် သက်တမ်းမှာ ကော။

၂၀၁၅ ရွေးကောက်ပွဲ အလွန်၊ NLD ပါတီနဲ့ မဟာမိတ်အင်အားစုတွေ ပါလီမန်ထဲ အများစုရောက်လာတဲ့ အခါမှာတော့ ကျနော် တို့ စိတ်ကူးယဉ်ခဲ့တဲ့ အိမ်ပြန်ခြင်းမျိုး မဟုတ်ရင်တောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးတဲ့ ဂုဏ်သိက္ခာရှိတဲ့ အိမ်ပြန်ခြင်းမျိုးတော့ အများကြီး ဖြစ်လာနိုင်ပါတယ်။

ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာမိတ် အင်အားစုတွေ ၂၀၁၅ မှာ အနိုင်ရဖို့ အတွက် တတိယ နိုင်ငံရောက် တောခို ကျောင်းသားဟောင်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ စစ်ပြေးဒုက္ခသည် ဟောင်းတွေ အားလုံးကလည်း ကိုယ်ရောက် နေတဲ့ ဒေသကနေ တတ်စွမ်းသလောက်ကူညီတာ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံထဲ ရတဲ့နည်းနဲ့ဝင်ပြီး ကိုယ်တိုင် ပါဝင်ကူညီတာဖြစ်ဖြစ် စတင်လုပ်ဆောင်ကြဖို့ အချိန်ရောက်နေပြီလို့ ထင်မြင်မိပါကြောင်း တင်ပြလိုက်ပါတယ်။     ။

Wednesday, September 17, 2014

တနသာင်္ရီ အမှတ် ၁၃ (အတွဲ ၂) ၁၇-၉-၁၄

Saturday, September 13, 2014

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၂၇)

ဒီပဲယင်းအရေးအခင်း အကြိုကာလများ

သတင်းအယ်ဒီတာ ကိုမိုးအေး ကျောင်းတက်နေစဉ် ကြားဖြတ်သတင်းအယ်ဒီတာအဖြစ် ကျနော် တာ ၀န်ယူရတဲ့ တနှစ်တာကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုးတာအပြင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဒီပဲယင်းခရီးစဉ်အကြောင်း သတင်းလိုက်ရမှုတွေကလဲ အရေးပါတယ်လို့ထင်ပါတယ်။ ဒီပဲ ယင်းမတိုင်ခင် အရင်သွားခဲ့တဲ့ခရီးစဉ်တွေကိုမှတ်မိသလောက် ပြန်ပြောရမယ်ဆိုရင် ၂၀၀၂ မေလ ၆ ရက်နေ့မှာ ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ်ကလွတ်လာပြီးနောက် ပထမ ဆုံး သွားတဲ့ရန်ကုန်မြို့ ပြင် ခရီးစဉ်ဟာ ကရင်ပြည်နယ်ရှိ သမညဆရာတော်ဆီ ဖြစ်ပါတယ်။


(၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပရိတ်သတ်ကို နှုတ်ဆက်နေစဉ်) 

ဒီခရီးစဉ်ဟာ ပါတီကိစ္စမပါပဲ သာမန်ဘုရားဖူးခရီးစဉ်သက်သက်ဖြစ်တယ်ဆိုပေမဲ့ သမညဆရာတော် ကို ဒေါ်အောင်ဆန်းစုကြည်ဖူးမျှော်နေတဲ့ဓာတ်ပုံဟာ အတော်ထင်ရှားလူသိများခဲ့ပါတယ်။ ဒီဘုရားဖူး ခရီးစဉ်နောက်ပိုင်း ပါတီကိစ္စနဲ့သွားတဲ့ခရီးစဉ်တွေကတော့ မွန်၊ မန္တလေးနဲ့ချင်းပြည်နယ်ခရီးစဉ်တွေဖြစ် ပါတယ်။ အဲဒီနောက်ပိုင်း နိုဝင်ဘာလထဲမှာသွားခဲ့တဲ့ အောင်ပန်း၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ် တို့ပါဝင်တဲ့ ရှမ်းပြည်ခရီးစဉ်တွေအတွင်းမှာတော့ အာဏာပိုင်တွေဖက်က တားဆီးနှောက်ယှက်မှုတချို့ ရှိခဲ့တယ်လို့  မှတ်တမ်းတွေမှာတွေ့ရပါတယ်။

ရှမ်းပြည်နယ်ကအပြန် ဒီဇင်ဘာလဆန်းပိုင်းမှာတော့ ရခိုင်ပြည်နယ်ခရီးစဉ်ကိုစတင်ခဲ့ပြီး မြောက်ဦးမြို့ မှာဒေါ်အောင်ဆန်းစုကြည် မီးသတ်ကားပေါ်တက် မိန့်ခွန်းပြောမှုကထင်ရှားခဲ့ပါတယ်။ အများပြည်သူ ကိုဖိနှိပ်နေတဲ့ ဒေသခံ အာဏာပိုင်တွေကို ဒီလိုမလုပ်ကြဖို့၊ အများပြည်သူကို ကူညီစောက်ရှောက်ဖို့ ဒေါ်စုကပြောခဲ့ပါတယ်။ အာဏာပိုင်တွေဖက်က အမျိုးမျိုးပိတ်ပင်တားဆီးထားတဲ့ကြားကနေ ဒေါ် အောင်ဆန်းစုကြည်တို့ယဉ်တန်းကို လာရောက်ကြိုဆိုတဲ့ပရိသတ်က ထောင်-သောင်းချီရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီလိုပါတီစည်းရုံးရေးခရီးစဉ်တွေကို သတင်းလိုက်ရင်းနဲ့ ကျနော်တို့ဆီမှာ ခိုင် မာတဲ့ သတင်းအရင်းအမြစ်တွေလည်းအများကြီး ထပ်ရလာပါတယ်။ ထပ်ရလာတယ်ဆိုတာက အရင် ကလဲ ကျနော်တို့ရဲ့ အဓိကသတင်းအရင်းအမြစ်ဟာ NLD ပါတီဝင်တွေပါပဲ။ NLD ပါတီဝင်တွေကိုယ် တိုင်က DVB ကို သူတို့ရေဒီယိုလို့သဘောထားပြီး အရမ်းကူညီခဲ့ကြတာပါ။ အဲဒီသတင်းတွေထဲမှာ ပါ တီသတင်းတွေအပြင် လုပ်အားပေးအခိုင်းခံရတဲ့သတင်း၊ ဒေသခံအာဏာပိုင်တွေက အနိုင်ကျင့်တဲ့ သ တင်း၊ လူ့အခွင့်ရေးချိုးဖေါက်ခံရမှုသတင်းမျိုးစုံပါဝင်ပါတယ်။

အရပ်သားတွေက ကျနော်တို့ခေါ်တဲ့ဖုန်းကိုလက်ခံမပြောရဲသေးတဲ့အတွက် NLD ပါတီဝင်တွေပိုင်တဲ့ သို့မဟုတ် သူတို့နဲ့နီးစပ်တဲ့ဖုန်းတွေကိုနေ့စဉ်ခေါ်ရပါတယ်။ အဲဒီလိုခေါ်ရင်းနဲ့ အပိတ်ခံ၊ အသိမ်းခံလိုက် ရတဲ့ဖုန်းတွေလဲ မနည်းလှပါဘူး။ ဒီလို နေ့စဉ်ခေါ်ပေမဲ့ အဲဒီကာလက တနေ့ကုန် တလုံးမှဖုန်းခေါ်မရတဲ့ နေ့တွေလဲရှိခဲ့ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ရွာကနေတက်လာတဲ့လယ်သမားတွေ၊ လုပ်အားပေး အခိုင်း ခံရသူတွေ၊ နိုင်ငံရေးလှုပ်ရှားမှုကြောင့်ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေ၊ ပေါ်တာအဖမ်းခံရကနေ ထွက်ပြေး လွတ်မြောက်သူတွေနဲ့ DVB က အင်တာဗျုးလုပ်နိုင်အောင် NLD ပါတီဝင်တွေက စီစဉ်ပေးခဲ့ တာပါ။

အဲဒီထဲက ကျနော်မှတ်မိသမျှပုဂ္ဂိုလ်တချို့ကို ဒီနေရာမှာထုတ်ပြောရမယ်ဆိုရင် ရခိုင်ပြည်နယ်တောင် ကုတ်မြို့မှာ နှစ်ရှည်ထောင်ကျခံသွားရတဲ့ ဦးခင်လှနဲ့ ကိုမင်းအောင်တို့ဟာ DVB အတွက် တကယ့်ကို ကူညီပေးခဲ့တဲ့လူတွေပါ။ ချင်းပြည်ဖက်မှာဆိုရင် ဟားခါးမှ ဦးဘာလျန်း၊ ကလေးမြို့ကဆိုရင် လွှတ်တော် ကိုယ်စားလှယ် ဦးဒိုထောင်းနဲ့ ဒေါက်တာသိန်းဝင်းတို့အိမ်။ ရှမ်းပြည်နယ်ခရီးစဉ်မှာဆိုရင် ကျိုင်းတုံမြို့ အကျဉ်းထောင်အတွင်းကွယ်လွန်သွားတဲ့ ဦးစိုင်းဖတ်ရဲ့ မိသားစုတွေဖြစ်ပါတယ်။

ဒါ့အပြင် ဒုတိယမြို့တော် မန္တလေးနဲ့မကွေးတိုင်းကနေ DVB ကို ကူညီခဲ့သူတွေကလဲ မနည်းလှပါဘူး။ အဲဒီထဲက ဒီပဲယင်းအပြီး ထောင်နှစ်ရှည်ကျခံလိုက်ရတဲ့ မန္တလေးက ဒေါ်ဝင်းမြမြတို့မိသားစု၊ ထိုင်းနိုင်ငံ အထိထွက်ပြေးလာရတဲ့ မကွေးမြိ့က ဒေါ်စန္ဒာတို့မိသားစု၊ အခု လယ်သမားအရေးတွေဆောင်ရွက်နေ တဲ့မိတ္တိလာက ဒေါ်မြင့်မြင့်အေး။ တခါ ရေနံချောင်းမှ ခင်စောဌေး၊ ဦးလှမြင့်၊ ဦးမောင်မောင်၊ ကိုတင့် လွင်။ ရေစကြိုမှ ဒေါက်တာကျော်ငွေ၊ ပခုက္ကူမှ ဦးပိုက်ကို၊ မိုးညှင်းမှ ဦးဖေစိန်၊ ပဲခူးမြို့မှ ဦးမြတ်လှတို့ မိသားစုတွေဟာ DVB ကို အင်တိုက်အားတိုက်ကူညီခဲ့သူများစွာထဲက ကျနော်ရုတ်တရက်စဉ်းစားမိသူ တွေဖြစ်ပါတယ်။


ဒီပဲယင်းခရီးစဉ်အစပိုင်းနဲ့ တားဆီးနှောက်ယှက်မှုများ

ဒီပဲယင်းခရီးစဉ်ဆိုပေမဲ့ တကယ်တော့ ဒီခရီးစဉ်ဟာ ကချင်ပြည်နယ်ကနေ စတင်ခဲ့တာပါ။ ၂၀၀၃ ခုနှစ် မေလ ပထမ သတင်းပတ်မှာ စတင်ခဲ့တဲ့ဒီခရီးစဉ်အတွင်း မြို့တော်မြစ်ကြီးနားအပါဝင် ကချင်ပြည်နယ် တောတောင်ဒေသတွေအထိရောက်ခံပြီး တနေရာမှာဆိုရင် နွံနစ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယဉ်တန်းကို KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့က ကူညီပေးခဲ့ရတဲ့မှတ်တန်းဓာတ်ပုံတွေကို တွေ့ရဖူး ပါတယ်။

(၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလမှာ စည်းရုံးရေးထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်)

အဲဒီကအပြန်မှာတော့ မိုးကုတ်ဖက်ကိုခရီးဆက်ထွက်ပြီး မိုးကုတ်ကအပြန် မတ္တရာမြို့နားမှာဖြစ်ခဲ့တဲ့ တားဆီးနှောက်ယှက်မှုက အတော်ဆိုးဝါးခဲ့ပါတယ်။ ဒီအမှုကို သက်ဆိုင်ရာဒေသတရားရုံးမှာ ပါတီ ဒုဥက္ကဌဦးတင်ဦးကတိုင်ကြားခဲ့ပေမဲ့ ဘာမှအရေးယူဆောင်ရွက်ပေးခြင်းမရှိခဲ့ပါဘူး။ အဲဒီနောက်မှာ တော့ မန္တလေးကနေတဆင့် မုံရွာဖက်ကိုခရီးထွက်ခဲ့ပါတယ်။ အာဏာပိုင်တွေကလဲ လမ်းတလျောက် မှာ နည်းမျိုးစုံနဲ့ဆက်လက်နှောက်ယှက်ခဲ့ပါတယ်။ ဒီလိုနှောက်ယှက်မျိုးစုံကြားထဲမှာ ပရိတ်သတ်က သောင်းနဲ့ချီထွက် အားပေးတဲ့အတွက် မြို့တိုင်းလိုလိုမှာကားရပ်ပြီး ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောခဲ့ရပါတယ်။

ဒီလိုနဲ့ မုံရွာမြို့အ၀င်ရောက်တော့ ည ၉ နာရီလောက်ရှိနေပြီ။ အာဏာပိုင်တွေက တမြို့လုံးကို မီးဖြတ် ထားတဲ့အတွက် မြို့ခံတွေက ဖုရောင်းတိုင်မီးလေးတွေကိုင်ပြီး ကြိုဆိုနေကြတာ တန်ဆောင်တိုင်ပွဲကြ နေတာပဲလို့ မုံရွာ NLD မှ ဦးစောအောင် ကပြောပါတယ်။ နောက်တနေ့မနက် (မေလ ၃၀ ရက်နေ့) ၉ နာရီဝန်းကျင်မှာတော့ မုံရွာမြို့ NLD ရုံးခန်းဖွင့်ပွဲအခန်းနားကျင်းပပြီး ဒေါ်အောင်ဆန်းစုကြည်က မိန့် ခွန်းပြောခဲ့ပါတယ်။ ပရိတ်သတ်သောင်းနဲ့ချီတက်ရောက်ခဲ့တာကို နောက်ပိုင်းထုတ်ပြန်တဲ့ NLD မှတ် တမ်းဓာတ်ပုံတွေ၊ ဗွီဒီယိုတွေမှာတွေ့ရပါတယ်။

ဒီလိုဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်တွေ၊ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်တွေကို နေ့စဉ်အချိန်မီလွှင့်နိုင် ဖို့ဘယ်လိုစီစဉ်ရသလဲဆိုရင် ခရီးသွားသမျှမြို့တိုင်းကို အော်စလိုကနေ ဖုန်းခေါ်ရပါတယ်။ အဲဒီကာလ တွေက နိုင်ငံခြားကနေ မြန်မာနိုင်ငံဆီဖုန်းခေါ်ရဘယ်လောက်ခက်သလဲဆိုတာကိုတော့ နိုင်ငံခြား အသံ လွှင့်ဌာနတွေမှာလုပ်ဖူးတဲ့ဝန်ထမ်းတွေမှအပ ကျန်တဲ့လူတွေခံစားနားလည်ဖို့ သိပ်မလွယ်ဘူးလို့ထင်ပါ တယ်။ ဆယ်လုံးမှာ တလုံးရအောင်မနည်းခေါ်ရပါတယ်။ ရပြန်တော့လဲ အသံကမရှင်းဘူး။ အသံမရှင်း လို့ပြန်ခေါ်တော့ ဖုန်းကမ၀င်တော့ဘူး။ ဒီလိုနဲ့စိတ်ဓာတွေကျ၊ လက်တွေညောင်း၊ အသံလွှင့်ချိန်နီးတဲ့အ ထိ ဘာအသံမှမရသေးတဲ့ ဖိအားက မသေးလှပါ။

အဲဒီလိုခဲရာခဲဆစ်ခေါ်လို့ရတဲ့ဖုန်းတွေကနေတဆင့် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မိန့်ခွန်းအသံကို ကြည်ကြည်လင်လင်ရဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ မူရင်းအသံ အ တော်များများကို အကောင်းပကတိနည်းပါး ကျနော်တို့ထုတ်လွှင့်နိုင်ခဲ့ပါတယ်။ အဲဒီကာလ အသံယူ နည်းကတော့ ရှင်းရှင်းလေးပါပဲ။ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောနေစဉ် ပါတီဝင်တွေက ကက် ဆက်ကြီးနဲ့အသံသွင်းထားပြီး ကျနော်တို့ဖုန်းခေါ်တဲ့အခါ အဲဒီကက်ဆက်ကြီးကိုပြန်ဖွင့်ပြ၊ ကက်ဆက် ရှေ့မှာ တယ်လီဖုန်းကိုချထားလိုက်တာပါပဲ။ အဲဒါကို စတူဒီယိုထဲက အသံဖမ်းစက်ကိုချိန်ပြီး သင့်သလို သာ ဖမ်းယူပေတော့။

အသံမကောင်းတာတွေ၊ မကြည်တာတွေ၊ ဘေးအသံပါနေတာတွေကို သွားပြောနေလို့မရ။ ကိုယ့်သ တင်းထောက်က အဲဒီမှာရှိတာမဟုတ်။ သူတို့ပေးသမျှသတင်းကိုယူပြီး ရသလိုလွှင့်ခဲ့ရတဲ့ ကာလတွေ ပေါ့။ အင်း...အဲဒီအသံတွေရဖို့၊ နယ်ကလူတွေနဲ့ချိန်းထားတဲ့အချိန်မှာ ဖုန်းခေါ်နိုင်ဖို့အတွက် ကျနော်တို့ အော်စလိုရုံးက၀န်ထမ်းတွေ ရုံးတက်ရတဲ့အချိန်ကိုလည်းကြည့်ပါဦး။ ပုံမှန်ရုံးချိန်က မနက် ၁၀ နာရီက နေ ညနေ ၇ နာရီဝန်းကျင်သာဖြစ်ပေမဲ့ နော်ဝေးနဲ့မြန်မာကြား အချိန်က ၅ နာရီလောက်ကွာတာ ကြောင့် တခါတလေ ညသန်းကောက်ယံမှာ ဖုန်းလာခေါ်ရတာတို့၊ မနက် ၄ နာရီလောက်မှာ ဖုန်းလာ စောင့်ရတာတို့ရှိပါတယ်။

ဒီအတွက် ဘယ်သူကမှ အချိန်ပိုလုပ်အားကြေး ပေးတာမဟုတ်။ အချိန်ပိုကြေးမရတဲ့အပြင် သတင်း ဌာနကလူတွေဟာ (DVB မှာ သတင်းဌာနအပြင် အပတ်စဉ်ဌာန၊ ၀က်ဆိုက်ဌာန၊ ငွေစာရင်းဌာန၊ အုပ်ချုပ်ရေးဌာနဆိုတာတွေရှိပြီး တချို့ဌာနတွေဆို အယ်ဒီတာ လစာရချင်တဲ့အတွက် တဦးတည်းရှိတဲ့ဌာနမှာ အယ်ဒီတာရာထူးခန့်ထားတာမျိုးလဲ တကယ်ရှိခဲ့ဖူးပါတယ်) သတ်မှတ်ထားတဲ့ တယ်လီဖုန်း ဘတ်ဂျက်ကိုကျော်ပြီး အမြဲတန်းဖုန်းခေါ်နေတယ်လို့ တောင် တာဝန်ရှိသူတွေရဲ့ အဆူခံရပါသေးတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ အပြုံးမပျက်ပါဘူး။ ဘာကြောင့်လဲဆိုရင် ကျနော်တို့က အိပ်ရေးအပျက်ခံ၊ အချိန်ပိုအခိုင်းခံပြီးလုပ်နေရပေမဲ့ အိမ်ပြန် ရောက်ရင် ဘာမှပူစရာမလို။ ဒါပေမယ့် ကျနော်တို့နဲ့တယ်လီဖုန်းချိန်းပြီး ပြည်တွင်းကနေ သတင်းပေး နေရသူတွေက အချိန်မရွေးဖမ်းခံရနိုင်တယ်၊ ထောင်နန်းစံရနိုင်တယ်၊ တယ်လီဖုန်းခေါ်ရင်းတန်းလန်းနဲ့ ထောင်နန်းစံသွားရသူတွေလည်း မနည်းလှပါ။

ဒီလို ညကြီမင်းကြီးဖြစ်ဖြစ်၊ မနက်စောစောဖြစ်ဖြစ် မညီမညူပဲ ဖုန်းခေါ်ပေးကြတဲ့၊ NLD ပါတီဝင်တွေနဲ့ ဆက်ဆံရေးအရမ်းကောင်းအောင်ကြိုးစားခဲ့ကြတဲ့ အဲဒီကာလ၀န်ထမ်း ၃ ဦးဖြစ်သူ မခင်နှင်းထက်၊ မ အေးအေးမွန်နဲ့ နန်းခမ်းကယောက်တို့ကို ဒီနေရာကနေ မှတ်တမ်းတင် ဂုဏ်ပြုချင်ပါတယ်။ တခါ DVB မှာ စတူဒီယိုက နှစ်လုံးသာရှိပြီး တလုံးကသိပ်မကောင်းတဲ့အတွက် အသံလွှင့်တဲ့စတူဒီယို အားတဲ့အ ချိန်ကိုသာ အားလုံးက၀ိုင်းစောင့်နေကြပါတယ်။ သတင်းထောက်အသီးသီးက သက်ဆိုင်ရာ သတင်း ဆိုစ်နဲ့ ဖုန်းချိန်းထားသူချည်းဆိုတော့ စတူဒီယိုအားတဲ့အချိန်မှာ ၀ိုင်းလုတိုးဝင်ကြတာကိုလဲ အမှတ်ရနေ ပါတယ်။

ဝန်ထမ်း ၄ ဦးတည်းနဲ့ မနက်ဆိုင်း ညဆိုင်း ဘယ်လိုအသံလွှင့်သလဲဆိုပြီး မယုံနိုင်သူတွေရှိကောင်းရှိ နိုင်ပါတယ်။ လျှပ်စစ်မီးနဲ့ နည်းမပညာမကောင်းသေးတဲ့ မြန်မာနိုင်ငံမှာဆိုရင်တော့ လူ ၄ ယောက်နဲ့ မ နက်ဆိုင်း ညဆိုင်း ၂ ခုစလုံးအသံလွှင့်ဖို့ဆိုတာမဖြစ်နိုင်ပါ။ ဒါပေမယ့် အော်စလိုမှာတော့ အလိုအ လျောက်အသံလွှင့်နိုင်တဲ့စက်တွေ၊ ၂၄ နာရီ လျှပ်စစ်မီးတွေကရှိတော့ ဒါတွေကို (အလုပ်ဖြစ်ရုံ) ဖန်တီး နိုင်ခဲ့ပါတယ်။

ည ၉ နာရီအသံလွှင့်ချိန် (အော်စလိုအချိန် နွေမှာ ညနေ ၄ ခွဲ၊ ဆောင်းမှာ ၃ ခွဲ)ကို Live လွင့်ပြီး မနက် ပိုင်းကိုတော့ Pre-record (အသံသွင်းပြီးသားပြန်လွှင့်) လုပ်ရပါတယ်။ ညပိုင်း Live ဆိုတာကလဲ သ တင်းအတွက်ရထားတဲ့ ၂၅ မီနစ်သာဖြစ်ပြီး ကျန်တဲ့ အပတ်စဉ်ကဏ္ဍ ၁၅ မီနစ်နဲ့ တိုင်းရင်းသားဘာသာ ၁၅ မီနစ်က Pre-record ဖြစ်ပါတယ်။ ဒီတော့ သတင်းလွှင့်ချိန်အပြီး မြန်မာစံတော်ချိန် ၉ နာရီခွဲ၊ နော် ဝေးစံတော်ချိန် ညနေ ၅ နာရီဆို စတူဒီယိုထဲမှာလူမရှိတော့ပါ။ ကွန်ပြူတာကနေ အသံတွေ သူ့အလို လိုထွက်နေရုံပါပဲ။

(မနက် ၉ နာရီကနေ ည ၉ နာရီအထိ တာဝန်ထမ်းခဲ့ကြတဲ့ DVB မှ အမျိုးသမီးဝန်ထမ်းတချို့)

အဲဒီအချိန်ကျမှ နေ့လည်စာ ထမင်းပြေးစားကြရပါတယ်။ အဆာမခံနိုင်တဲ့လူတွေကတော့ ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့အတိုင်း စတူဒီယိုမအားလို့စောင့်နေရတဲ့အချိန်တွေမှာ အဆာပြေစားထားကြပေါ့။ အဲဒီ ထ မင်းစားမှုကို မီနစ် ၃၀ အတွင်းအပြီးသတ်ပြီး စတူဒီယိုက ညပိုင်းလွှင့်လို့ပြီးပြီဆိုတာနဲ့ မနက်ပိုင်းအ တွက် သတင်းဖတ်၊ အသံဖမ်းလုပ်ရပါတယ်။ တခါတလေ အဲဒီအချိန်ကျမှ ၀င်လာတဲ့သတင်းတွေကလဲ မနည်းလှပါဘူး။ အထူးသဖြင့် အမေရိကန်နဲ့ ကုလသမဂ္ဂဖက်ကလာတဲ့သတင်းတွေက ဒီအချိန်ကျမှ ၀င်လာတတ်ပါတယ်။ တခါ အမေရိကားနဲ့ ဥရောပမှာဆန္ဒပြလေ့ရှိတဲ့မြန်မာတွေဆီကလဲ အဲဒီအချိန် ကျမှ ဖုန်းခေါ်ပါဦး။ သတင်းပေးစရာရှိတယ်လို့ ဖုန်းခေါ်လာတတ်ပါတယ်။

အဲဒီလိုနေ့တွေမျိုးဆိုရင်တော့ မနက်ပိုင်းအတွက်အသံပြန်သွင်းတာအပြင် သတင်းအသစ်တွေကိုပါ မေး မြန်းစုံစမ်း ရေးသားနေရတဲ့အတွက် ၇ နာရီ အိမ်ပြန်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ပါ။ တခါတလေ ဆို ရင် ည ၉ နာရီ၊ တခါတလေဆိုရင် မနက်ပိုင်းအသံလွှင့်တဲ့ ည ၁၂ နာရီခွဲ (မြန်မာအချိန် မနက် ၆ နာရီ) အထိရုံးကနေ မပြန်နိုင်သေးတဲ့ နေ့ရက်တွေလဲရှိခဲ့ဖူးပါတယ်။

မနက်ပိုင်း Auto လွှင့်တဲ့ နည်းပညာပိုင်းကိုပြောရမယ်ဆိုရင်တော့ Dalet Sound System ဆိုတဲ့ အသံ လွှင့်အသံပရိုဂရမ်ထဲမှာ Auto လွှင့်နိုင်တဲ့အစီစဉ်တခါတည်းပါလာပါတယ်။ အဖွင့်တီးလုံးတွေ၊ Cue တွေ၊ Intro တွေ၊ သတင်းတွေ၊ အပတ်စဉ်ကဏ္ဍတွေ၊ တိုင်းရင်းသားအစီစဉ်တွေအားလုံးပါဝင်တဲ့ မီနစ် ၆၀ စာအသံဖွိုင်ကို Dalet Sound System ရဲ့ Timeline ပေါ်တင်ထားခဲ့ရုံပါပဲ။ ပြီးရင် မနက် ၁၂ နာရီ ခွဲ (မြန်မာအချိန် မနက် ၆ နာရီ) မှာ ဒီအသံတွေ စထွက်နိုင်အောင် ကွန်ပြူတာမှာ Command အမိန့်ပေး ထားခဲ့ရပါတယ်။ အဲဒါဆိုရင် အမိန့်ပေးထားတဲ့အချိန်ရောက်တာနဲ့ ကွန်ပြူတာအလိုအလျောက် ထ အော်၊ အသံလွှင့်ရုံဆီပို့တဲ့ တယ်လီဖုန်းလိုင်းက အလိုအလျောက်ချိတ်ဆက်၊ အသံတွေက အလို အ လျောက်ထွက်ပြီး မြန်မာပြည်ကပရိသတ်နားထဲရောက်ပေါ့။

အဲဒါက ဘာမှပြသာနာမရှိပဲ အားလုံးအချိတ်ဆက်မိတဲ့နေ့တွေကိုပြောတာပါ။ တခါတလေ ကွန်ပြူတာ ကြောင်တဲ့နေ့တွေ၊ တခါတလေ သတင်းထောက်တဦးဦးက အသံထွက်တဲ့ခလုတ်ပြန်ဖွင့်ဖို့ မေ့ခဲ့တဲ့ နေ့တွေ၊ တယ်လီဖုန်းက အော်တိုမပွင့်တဲ့နေ့တွေမျိုးဆိုရင်တော့ ဘယ်သူမှဘာမှမကြားရတော့တဲ့ အ တွက် နေ့မအား ညမနားကြိုးစားခဲ့ရတဲ့ ကျနော်တို့ရဲ့အားထုတ်မှုတွေဟာလဲ အလကားဖြစ်ခဲ့ရပေါ့။ ဒါ ပေမယ့် ကံကောင်းတာတခုကတော့ အဲဒီလိုမျိုးဖြစ်တဲ့နေ့ အတော်နည်းပါတယ်။ တလမှာ တရက် နှစ် ရက်လောက်ပဲရှိပါတယ်။ နောက်ထပ်ကံကောင်းတာတခုကတော့ နော်ဝေးမှာ ၂၄ နာရီစလုံး မီတခါမှ မပျက်ခြင်းပါပဲ။ ရန်ကုန်မှာလို မီးခဏခဏပျက်ရင်တော့ ဒီနည်းက အလုပ်ဖြစ်ဖို့မလွယ်ဘူးထင်ပါတယ်။    ။

Friday, September 12, 2014

စောထနဲ့ သံလွင်မြစ်ကမ်းမှာ ဒေါင်းနီနှင့် ကြယ်နီ ကြွေသောအခါ

''လူတိုင်း တနေ့ကျရင် သေရမှာ'' ဆိုတာ အမှန်တရားတခုဖြစ်ပေမဲ့ ကိုယ်နဲ့ရင်းနှီးသူတချို့၊ အထူး သဖြင့် ကိုယ့်ဘ၀စာမျက်နှာရဲ့ အရေးကြီးဆုံးနဲ့ တန်ဖိုးအထားဆုံး တောတွင်းကာလတွေအတွင်း အတူ လက်တွဲ တာဝန်ထမ်းခဲ့ဖူးတဲ့ ရဲဘော်တချို့ (ကျဆုံး)ကွယ်လွန်ကြောင်းသတင်းတွေကိုကြားရတဲ့ အခါ ရင်ထဲ ''ကျဉ်'' ကနဲခံစားနေရဆဲဖြစ်ပါတယ်။ အဲဒီလိုခံစားရသူတွေထဲမှာ အခုလပိုင်းအတွင်း ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်သွားကြတဲ့ စောထစခန်းမှ ကိုဒေါင်းနီ (တင်ဦးလွင်)နဲ့ သံလွင်စခန်းမှ ကြယ်နီ (ကိုမောင်မောင်တိတ်ကို တင်စားခေါ်ဝေါ်ခြင်းဖြစ်ပါတယ်) ပါဝင်ပါတယ်။

(ရဲဘော်မောင်မောင်တိတ်)

သူတို့နှစ်ဦးစလုံးဟာ စောထ (၂၁၀-တပ်ရင်း)နဲ့ သံလွင် (၂၀၉-တပ်ရင်း) စခန်းတွေရဲ့ ခေါင်းဆောင် တွေဖြစ်သလို ကျနော်တာဝန်ထမ်းခဲ့ဖူးတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ် ဦး (ABSDF) ကရင်နယ်မြေကော်မီတီ (ကရင့်အမျိုးသားအစည်းရုံး-KNU နယ်မြေရောက် ကျောင်း သား စခန်းတွေဖြစ်တဲ့ စောထ၊ သံလွင်၊ ကလက်ဒေး၊ ကော့မူးရာ၊ သေဘောဘိုး၊ မင်းသမီးနဲ့ မောတောင်စခန်း ၇ ခုကိုစုဖွဲ့ထားတဲ့အဖွဲ့) ရဲ့ခေါင်းဆောင်တွေလဲဖြစ်ကြပါတယ်။ တယောက်က မင်္ဂလာဒုံ သား၊ အသက် ၂၀ ကျော်မှာတောခိုလာသူ။ တယောက်က ပဲခူးသား၊ အသက် ၃၀ ကျော်မှာ တောခို လာသူ။

ကိုတိတ်ဟာ ၁၉၇၄ ဦးသန့်အရေးခင်းမှာကတည်းက ကျောင်းသားလှုပ်ရှားမှုအတွင်းပါဝင်ခဲ့သူဖြစ်ပြီး အလွန်စိတ်ဓတ်တက်ကြွသူဖြစ်ပါတယ်။ သူကိုလူချင်းမတွေ့ခင် သူအကြောင်း ကျနော့်ကိုစပြောပြသူက ကျနော်တို့မင်းသမီးစခန်းကနေ ပထမ ဆုံးအကြိမ် ABSDF ဖွဲ့စည်းရေးညီလာခံသွားတက်တဲ့ ကိုယ်စား လှယ် ဦးဟန်လင်း (၂၀၀၈ မှာကွယ်လွန်)။ ၁၉၈၈ ခုနှစ် အောက်တိုဘာလက သေဘောဘိုးစခန်းမှာ ကျင်းပတဲ့ ပထမဆုံးအကြိမ် ကျောင်းသားများဆွေးနွေးပွဲအတွင်း ကိုတိတ်ရဲ့တက်ကြွစွာ ဆွေးနွေးမှုတွေ အကြောင်း၊ ရဲရဲတောက်တောက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့အကြောင်း ဦးဟန်လင်းက ပြောပါတယ်။

ဦးဟန်လင်းရဲ့ပြောဆိုချက်တွေ တကယ်ဟုတ်မဟုတ်သိရတဲ့ပွဲကတော့ ၁၉၈၈ နိုဝင်ဘာလနှောင်းပိုင်း သောင်းရင်းမြစ်ဘေးရှိ ကလက်ဒေးစခန်းမှာကျင်းပတဲ့ KNU နယ်မြေကော်မီတီဖွဲ့စည်းရေးညီလာခံပါပဲ။ ရဲဘော်တိတ်ဟာ အဲဒီညီလာခံဆီ သံလွင်စခန်းကိုယ်စားလှယ်အဖြစ်တက်လာပြိး သူနဲ့အတူ ကိုမျိုး သန့်၊ ဒေါ်နုနုအေး၊ ကိုသိန်းဆန်းနဲ့ ကိုအောင်သူတို့ ပါလာပါတယ်။ ကိုတင်ဦးလွင် (ကိုဒေါင်းနီ) က တော့ စောထစခန်းကိုယ်စားလှယ်အဖြစ်တက်လာပြီး သူနဲ့အတူ ကိုမောင်မောင်စိုး (မနှစ်ကကွယ်လွန်)၊ ကိုတင်စိုး၊ ကိုသိန်းထိုက်နဲ့ ကိုဇော်ခင်တို့ပါ လာပါတယ်။

အဲဒီပွဲအတွင်း လူကြီးပိုင်းထဲက (အဲဒီကာလက ကျနော်တို့ ကိုတင်ဦးလွင်တို့အသက်က ၂၀ ကျော်သာ ရှိပြီး ကိုတိတ်တို့၊ ဦးအောင်ခင်တို့အသက်က ၃၀ ကျော် တန်းတွေဖြစ်ပါတယ်) ဆွေးနွေးအားအကောင်းဆုံး ပုဂ္ဂိုလ်တွေထဲမှာ ကိုတိတ်ကိုမှတ်မိနေပြီး လူငယ်တွေထဲမှာတော့ ကိုသိန်းဆန်းကို ကျနော်အမှတ်ရ နေပါတယ်။ အဲဒီနောက်ပိုင်းတော့ နယ်မြေကော်မီကိုဖွဲ့စည်းပြိး ကိုကျော်ကျော်က ဥက္ကဌ၊ ရဲဘော်တိတ် က ဒုဥက္ကဌ၊ ကိုတင်ဦးလွင်က ပြန်ကြားရေးတာဝန်ခံအပါဝင် ကော်မီတီဝင် ၁၀ ကျော်ကို ရွေးချယ်ခဲ့ပါ တယ်။ အဲဒီ ၁၀ ဦးကျော်ထဲမှာ ကျနော်လဲတဦးပါဝင်တဲ့အတွက် ၁၉၈၈ နိုဝင်ဘာကနေ ၁၉၈၉ နိုဝင် ဘာလောက်အထိ သူတို့နှစ်ဦးနဲ့အတူ တနှစ်နီးပါး နယ်မြေကော်မီတီမှာ တာဝန်ထမ်းခဲ့ကြပါတယ်။ ဒါ ပေမယ့် ကိုတိတ်က နယ်မြေရုံးမှာသိပ်မနေပဲ စခန်းဖက်ပြန်သွားတဲ့အတွက် အဲဒီကာလက သူနဲ့ သိပ် စ ကားမပြောဖြစ်ခဲ့ပါ။

၁၉၈၉ နိုဝင်ဘာမှကျင်းပတဲ့ ဒုတိယအကြိမ် ဗဟိုညီလာခံအပြီးမှာတော့ နယ်မြေကော်မီတီတွေ ဆက် ထားဖို့မလိုတော့ဘူးလို့ဆုံးဖြတ်လိုက်တဲ့အတွက် ကျနော်တို့အားလုံး မိခင်စခန်းအသီးသီးဆီပြန်လာ ကြရပါတယ်။ ဒါပေမယ့် ၁၉၉၃ မှာကျင်းပတဲ့ ABSDF ပြန်လည်ပေါင်းစည်းရေးဆွေးနွေးပွဲတွေ၊ တခါ အဲ ဒီနောက်ပိုင်း ဒေါက်တာနိုင်အောင်တို့ဖက်ကကျင်းပတဲ့ ဗဟိုကော်မီတီအစည်းဝေးတွေဆီသွားရင်းနဲ့ ရဲ ဘော်တိတ်ကိုရော၊ ကိုတင်ဦးလွင်ကိုပါ ပြန်တွေ့ခွင့်ရခဲ့ပါတယ်။

ကိုတိတ်နဲ့ပတ်သက်ပြီးအမှတ်တရတခုကိုပြောပါဆိုရင် ၁၉၉၆ စက်တင်ဘာလက ပိတောက်မြိုင် (ထီးကပလယ်) စခန်းမှာကျင်းပတဲ့ ABSDF ပြန်လည်ပေါင်းစည်းရေးညီလာခံကာလတွေပါပဲ။ ထုံးစံအ တိုင်း အငြင်းသန်တဲ့ရဲဘော်တိတ်ကို ကျနော်တို့က၀ိုင်းစကြပါတယ်။ နိုင်ငံရေးအကြောင်း၊ ၀ါဒရေးရာ အကြောင်း၊ ခံယူချက်အကြောင်းတခုခု စပေးလိုက်ပြီဆိုရင် သူက အချက်လက်အကိုးအကားများစွာနဲ့ ငြင်းတော့တာပါပဲ။

တနေကုန် ညီလာခံခန်းမှာထဲမှာ ငြင်းခုန်ရလွန်းလို့ စိတ်ညစ်နေတဲ့ ကျနော်တို့ညီလာခံကိုယ်စားလှယ် တွေဟာ ညဖက် ဘားတိုက်ပြန်ရောက်ရင် အချင်းချင်း စလိုက်နောက်လိုက်နဲ့ ပျော်စေပျက်စေ လျောက်ပြောလေ့ရှိပါတယ်။ အဲဒီလိုပြောလို့ကောင်းတုန်း အသံအကြယ်ကြီးနဲ့ ဘုရာရှိခိုးလေ့ရှိသူဟာ ရဲဘော်တိတ်ပါပဲ။ တချို့က ဒီလူဟာ ရဲရဲတောက်ပြောလွန်းပြီး သံမဏိစည်းကမ်းတွေနဲ့နေလွန်းတဲ့အ တွက် ကွန်မြူနစ်လိုလားသူဆိုပြီး တံဆိပ်ကပ်လေ့ရှိပေမဲ့ ဘုရားတရားတော့ အတော်ကြည်ညိုသူ ဖြစ် ပါတယ်။

အဲဒီလို သူဘုရားရှိခိုးတော့ ကျနော်တို့လဲ ၀ိုင်းသိမ်းပြီး အိပ်ပျော်အောင် ကြိုးစားရတော့တာပေါ့။ ခြင် ကကိုက်၊ လေကတိုက်လို့ နိုးတ၀က်၊ အိပ်တ၀က်နဲ့တရေးနိုးမယ်ကြံကာရှိသေး ကိုတိတ်ကြီးက အသံ ကျယ်ကျယ်နဲ့မနက် ၄ နာရီလောက်မှာ ဘုရားရှိခိုးနေပြန်ပါပြီ။ အဲဒီနောက်ပိုင်းတော့ ဗဟိုအစည်းဝေး တွေမှာသူ့ကိုတွေ့ရလေ့ရှိပြီး ထိုင်းရဲမဖမ်းအောင် ကိုယ်ရောင်ကိုယ်ဆင်း နည်းနည်းတောက်ပအောင် ၀တ်ဆင်ထားလေ့ရှိတဲ့ ကျနော့်ကို သူမျက်စိနောက်နေပုံရပါတယ်။ ဘာကြောင့်လဲဆိုရင် တောင်ပိုင်းက နေ ထိုင်းနိုင်ငံတလွှားဖြတ်လာရတဲ့ ကျနော်တို့က ဒီလိုမ၀တ်လို့မဖြစ်။ ဒါပေမယ့် တောထဲမှာသာ အ နေများတဲ့ ရဲဘော်တိတ်ကတော့ ကျနော့်တို့ကို အောက်ခြေမခိုင် သူတွေ၊ မြို့ပေါ်တက်ဖို့ပြင်နေသူတွေ အဖြစ် ဝေဖန်လေ့ရှိပါတယ်။

ဒီလိုနဲ့ သူကိုကျနော်နောက်ဆုံးတွေ့တာက ၂၀၁၁ ခုနှစ် သင်္ကြန်ကာလ၀န်းကျင် မဲဆောက်က ဒေါက် တာစင်သီယာမောင်ဆေးခန်းမှာ။ ကျနော်က ABSDF တပ်ဖွဲ့ဝင်ဟောင်း၊ DVB က ပူပူနွေးနွေး အလုပ် ဖြုတ်ခံရတဲ့ ၀ါရင့်သတင်းထောက်။ ရဲဘော်တိတ်က မယ်တော်ဆေးခန်း ကလေးမွေးစာရင်း မှတ်ပုံတင် ဌာမှာ အချိန်ပိုင်းဝန်ထမ်း။ ''ရဲဘော်တိတ် မိန်းမ မယူသေးဘူးလား'' ဆိုပြီးနောက်တော့ သူက အဲဒီအ ချိန်မှာ အိမ်ထောင်ကျနေပြီတဲ့။ မွေးကင်းစကလေးတွေရဲ့ခြေဖ၀ါးကို မှင်သုတ်ပြီး စာရင်းလုပ်ရင်းနဲ့ သူနဲ့ ကျနော်အချိန်အတော်ကြာအောင် စကားပြောဖြစ်ခဲ့ပါတယ်။


မနေ့က (စက်တင်ဘာလ ၁၁ ရက်နေ့) တော့ အဲဒီရဲဘော်တိတ် ဆုံးသွားပြီလို့ကြားရပါတယ်။ အသက် ၆၀ ကျော်ဝန်းကျင်ပေါ့။ သိပ်တက်ကြွဖြတ်လတ်တဲ့ရဲဘော်တိတ်ဟာ မကွယ်လွန်ခင် အိပ်ရာထဲလဲတဲ့ အထိ ဝေဒနာကိုခံစားခဲ့ရတယ်လို့သိရပါတယ်။ အဝေးရောက်နေတဲ့ကျနော်တို့က ဘာမှမတတ်နိုင်။ ရဲ ဘော်ဟောင်းတွေစုပေါင်းပြီး အလှူငွေလေး နိုင်သလောက်စုထည့်ရုံပေါ့။

(ရဲဘော်တင်ဦးလွင် - ဒေါင်းနီ)

ရဲဘော်တိတ်ပြီးတော့ ရဲဘော်ဒေါင်းနီ။ သူကိုနောက်ဆုံးအမှတ်ရနေတာကတော့ Green November 32 လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့မှာ သူတာဝန်ထမ်းစဉ် ချင်းမိုင်မှာ တွေ့စဉ် ကပေါ့။ အဲဒီကာလဟာ တနသာင်္ရီတိုင်းမှာ ရတနာသဘာဝဓာတ်ငွေ့ပိုက်လိုင်းအကြီးကျယ် နာမည်ကြီး နေချိန်။ ဒီတော့ အဲဒီဒေသက သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအကြောင်း မှတ်တမ်းတင်ဖို့ တောင်ပိုင်း သတင်းထောက် ကျနော့်ကို Pentax ကင်မရာကြီးတလုံး ကိုဒေါင်းနီက ပေးအပ်ခဲ့ပါတယ်။

ပေးအပ်တယ်ဆိုတာ အပိုင်ပေးတာ မဟုတ်။ လုပ်ငန်းကာလ တနှစ် နှစ်နီးပြီးရင် ပြန်အပ်ရမှာပေါ့။ ဒါ ပေမယ့် ၁၉၉၇-၉၈ နောက်ပိုင်းကနေ တဖြေးဖြေးရွှေလျားသွားတဲ့တော်လှန်ရေးအခြေနေအရ သူနဲ့ ကျ နော် ပြန်မတွေ့ဖြစ်တော့ပါ။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ကတော့ ရဲဘော်ဒေါင်းနီခေါ်တင်ဦးလွင်တယောက် အမေရိကန် ပြည် ထောင်စု အိုဟိုင်းရိုးပြည်နယ်မှာ ကွယ်လွန်သွားပြီလို့သတင်းကြားရပါတယ်။ မကွယ်လွန်ခင်မှာ အသဲ ရောဂါ ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့အကြောင်း ဆေးရုံပေါ်က မှတ်တန်းဓာတ်ပုံတွေကိုလဲ Facebook ပေါ်မှာတွေ့ရပါတယ်။

သြော်- အခုတော့ လွန်ခဲ့တဲ့ ၂၆ နှစ်က သံလွင်မြစ်ဘေးက စောထစခန်းနဲ့ သံလွင်စခန်းတွေမှာ၊ သောင် ရင်းမြစ်ဘေးက ကလက်ဒေးနဲ့မာနယ်ပုလောစခန်းတွေမှာ၊ မဲဆောက်နဲ့မယ်ဟောင်ဆောင်မြို့တွေမှာ တွေ့ခဲ့ဖူးတဲ့၊ ငြင်းခုံခဲ့ဖူးတဲ့ ရဲဘော်ကြီးနှစ်ဦး ရှေဆင့်နောက်ဆင့်ကွယ်လွန်သွားလေပြီ။ ကျနော်တို့ကော ဘယ်နေ့ သူတို့နောက်လိုက်ရမလဲ....။

အရေးကြီးတာက ဘယ်နေ့သေရမလဲဆိုတာကို တွေးကြောက်နေဖို့မဟုတ်။ မသေခင်မှာ ဘာလုပ်ခဲ့ သလဲဆိုတဲ့ သမိုင်းမှတ်တမ်း ကျန်မကျန်ကိုသာ စိုးကြောက်သင့်တယ်ထင်ပါတယ်။ ဘာကြောင့်လဲ ဆို ရင် အခုကွယ်လွန်သွားတဲ့ ရဲဘော်ကြီးနှစ်ဦးဟာ သမိုင်းမှာအမှန်တရားဖက်ကရပ်တည်ပြီး အသက် သေတဲ့အထိ မဖေါက်မပြန်ပဲ တိုက်ပွဲအလံကိုကိုင်စွဲ သွားခဲ့ကြတယ်မဟုတ်ပါလား။    ။

Tuesday, September 9, 2014

ခြေ-ဥ ပြင်ရေးအတွက် အပြင်ကလူတွေ ဘာလုပ်နိုင်မလဲ

ခေါင်းဆောင်စဉ်ကိုဖတ်ပြီး ''လွှတ်တော်အထဲကလူတွေတောင် ဘာမှလုပ်လို့မရတာ၊ ခင်ဗျားတို့အပြင် က လူတွေက ဘာလုပ်နိုင်မှာလဲ'' ဆိုပြီး အပြစ်တင်ဖို့ဆန္ဒမစောပါနဲ့။ ခြေ-ဥ ပြင်ရေးအတွက် တနိုင်ငံ လုံးအနှံ့ စည်းရုံးဟောပြောနေတဲ့ NLD ပါတီ ဥပဒေအထောက်ကူပြုအဖွဲ့မှ ရှေ့နေတဦးကိုယ်တိုင် နော်ဝေး အထိလာပြီး ဒီကိစ္စကိုဆွေးနွေးသွားလို့ အပြင်ကလူတွေ ၀ိုင်းစဉ်းစားရင် လုပ်ငန်းစဉ်တခုခု ထွက်လာမလားဆိုပြီး တွေးမိလို့ပါ။

(၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ဆွေးနွေးနေတဲ့ Audun၊ ဦးကျော်မင်းဆန်းနဲ့ ဒေါ်တင်တင်ညို)

ခြေ-ဥ ပြင်ပေးဖို့ (ပုဒ်မ ၄၃၆ ပြင်ပေးဖို့) လူ ၅ သန်း လက်မှတ်ထိုးထားတဲ့စာကို လွှတ်တော်ဆီတင်ပြီး တဲ့နောက် ပြည်တွင်းမှာတင်မက ပြည်ပမှာပါ ခြေ-ဥ ပြင်ရေးလှုပ်ရှားမှုကို ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာ့နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ် ၃ ဦးနော်ဝေးနိုင်ငံဆီရောက်လာပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကတော့ NLD ဥပဒေအထောက်ကူပြုအဖွဲ့မှ ရှေ့နေဦးကျော်မင်းဆန်း၊ စာရေးဆရာမ မသီတာနဲ့ အမျိုးသမီးအဖွဲ့ ချုပ်မှ ဒေါ်တင်တင်ညိုတို့ဖြစ်ပါတယ်။

နော်ဝေးနိုင်ငံရဲ့အခြေခံဥပဒေ နှစ် ၂၀၀ ပြည့် အခန်းနားကျင်းပချိန်နဲ့ အချိန်ကိုက် ရောက်လာကြတာ ဖြစ်ပြီး အော်စလိုကိုမရောက်ခင် နော်ဝေးမြောက်ပိုင်းမှာ မြန်မာ့ ခြေ-ဥ အကြောင်း ဆွေးနွေးပွဲတွေလုပ် ခဲ့ပြီးပြီလို့သိရပါတယ်။ စက်တင်ဘာလ တရက်နေ့က နော်ဝေ-မြန်မာကော်မီတီ Norwegian Burma Committee (NBC) ရုံးမှာ ကျင်းပတဲ့ ဆွေးနွေးပွဲကိုတော့ ခရီးပန်းနေတဲ့ မသီတာ မတက်နိုင်တဲ့ အ တွက် ဦးကျော်မင်းဆန်းနဲ့ ဒေါ်တင်တင်ညိုတို့ နှစ်ဦးက တာဝန်ယူဆွေးနွေးခဲ့ပါတယ်။

လက်ရှိ တနိုင်ငံလုံးမှာလှုပ်ရှားနေတဲ့ ခြေ-ဥ ပြင်ရေး ဆောင်ရွက်မှုအခြေနေ၊ လယ်မြေအသိမ်းခံရမှုအ တွက် ဥပဒေအထောက်ပြုအဖွဲ့က လယ်သမားတွေကိုကူညီပေးမှုအခြေနေ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ အပစ်ခတ် ရပ်စဲရေးဆွေးနွေးမှုအခြေနေ၊ အမျိုးသမီးနဲ့ကလေးသူငယ်တွေရဲ့အခြေနေ တွေကို သူတို့ ၂ ဦးက အချိန်ယူရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် ပွဲစီစဉ်သူ NBC မှ Audun Aagre ကလဲ ပရိ သတ်သိချင်မဲ့ အချက်တွေကို မေးခွန်းထုတ်ပေးပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ရေးဟာ NLD နဲ့ပြည်မကလူတွေအတွက်တင်မက တိုင်းရင်းသားအဖွဲ့တွေ အားလုံးအတွက်ပါ အရေးကြီးတယ်၊ တခါ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်တဲ့အခွင့်လမ်းကိုလဲ ဒီဥပဒေကတားဆီးထားတယ်လို့ ဦးကျော်မင်းဆန်းကပြောပါတယ်။ ဒေါ်တင်တင်ညို ကတော့ မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) အပါဝင် အစိုးရကကျောထောက်နောက်ခံပေးထားတဲ့ Civil Society အ မည်ခံအဖွဲ့တွေဟာ လွတ်လပ်တဲ့ NGO တွေမဟုတ်ပဲ GONGO (Government Non-Governm-ental Organization) တွေသာဖြစ်တယ်။ ဒီအဖွဲ့တွေအနေနဲ့ အစိုးရလက်အောက်ခံမဟုတ်ပဲ လွတ်လပ်တဲ့ အဖွဲ့တွေအဖြစ် တာဝန်ထမ်းသင့်တယ်လို့ဝေဖန်ခဲ့ပါတယ်။

ဆွေးနွေးပွဲနောက်ဆုံးပိုင်းမှာတော့ ပရိသတ်တွေရဲ့မေးမြန်းချက်ကိုဖိတ်ခေါ်ပါတယ်။ ''NLD က ခြေ-ဥ ပြင်ဖို့ပြောနေတာကတော့ ဟုတ်ပါပြီ။ မပြင်ရင် ဘာဆက်လုပ်မယ်ဆိုတဲ့အစီစဉ်နဲ့ အခုရထားတဲ့ လူ ၅ သန်းလက်မှတ်ကို ဘာဆက်လုပ်မယ်ဆိုတဲ့အစီစဉ် ရှိရဲ့လား'' လို့ မြန်မာပရိတ်သတ် တဦးက ထမေးပါ တယ်။ ဒါပေမယ့် NLD ရှေ့နေက ဒီမေးခွန်းကို အသေချာပြန်လည်ရှင်းပြနိုင်ခြင်းမရှိပါဘူး။ NLD မှာ တိကျတဲ့အဖြေ မရှိတာလား၊ ဒါမှမဟုတ် အများပြည်သူကိုထုတ်ပြောဖို့ စောနေသေးလို့လားဆိုတာက တော့ မသဲကွဲလှပါ။

ဒေါ်တင်တင်ညိုကတော့ မပြင်ပေးရင် လူတွေလမ်းပေါ်ထွက်ဆန္ဒပြတာမျိုးတော့ ဖြစ်လာမှာမဟုတ်ဘူး၊ ဒီလိုလူတွေလမ်းပေါ်ထွက်လာမှာကို မကြိုက်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကပြောထားတဲ့ အတွက် တခြားဘာနည်းလမ်းတွေရှိသလဲဆိုတာကို အားလုံးစဉ်းစားသင့်တယ်လို့ဖြေပါတယ်။ မြန်မာ ပရိသတ်တွေကတော့ အားမလိုအားမရနဲ့ ထပ်မေးချင်နေတဲ့ပုံ ရှိနေဆဲပါ။

(ခြေ-ဥ ပြင်ရေးဆွေးနွေးပွဲဆီ တက်လာကြတဲ့ နော်ဝေးနဲ့မြန်မာပရိသတ်တချို့)

ဒါပေမယ့် နော်ဝေးပရိတ်သတ်တွေကိုလဲ အလှည့်ပေးရဦးမယ်မဟုတ်ပါလား။ အားမလိုအားမရနဲ့ပြီး သွားတဲ့ ဆွေးနွေးပွဲနောက်ပိုင်းမှာတော့ ဦးကျော်မင်းဆန်းကို ကျနော်သီးခြားတွေ့ဆုံပြီး နော်ဝေးအထိ ဒီလိုလာပြောခြင်းအားဖြင့် ခြေ-ဥ ပြင်ရေးက ဘာထူးလာမှာလဲ။ နိုင်ငံတကာဖက်ကနေ ဘာတွေရဖို့ မျှော် လင့်ထားသလဲဆိုပြီး မေးမြန်းခဲ့ပါတယ်။

''နိုင်ငံတကာက အခု ဥပဒေပါမောက္ခတွေ၊ ပညာရှင်တွေ တောက်လျောက်လာပြီးတော့ အထိအခိုက် အနည်းဆုံးနည်းနဲ့ ခြေ-ဥ ကို ဘယ်လိုပြင်နိုင်မလဲဆိုတာအတွက် ပညာပေးမှုတွေလုပ်နေပါတယ်။ ဒီလို ပြောခွင့်ရတာကိုက အကောင်းမြင်တိုးတက်မှုတခုပါ'' လို့ သူကဖြေပါတယ်။

ပညာရှင်တွေပြောရုံနဲ့တော့ဘယ်ရမလဲ။ နိုင်ငံတကာ အစိုးရတွေကိုယ်တိုင်က အသေချာပြောဆိုဖိအား ပေးဖို့ မလိုဘူးလားဆိုပြီးထပ်မေးတော့... ''နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာအစိုးရကိုတိုက်ရိုက် ပြောလို့ရနေပြီ၊ ဒီမိုကရေစီအခြေခံနဲ့ မညီတာတွေကိုပြင်ဖို့ပြောသင့်ပါတယ်။ အခုဆိုရင် အမေရိကန်နဲ့ ဗြိတိန်အစိုးရတွေက ခြေ-ဥ ပြင်ဖို့ ဖိအားပေးနေပြီ။ တပ်မတော်ကိုလဲ ဒီမိုကရေစီအခြေခံစနစ်နဲ့ညီတဲ့ တပ်မတော်ဖြစ်လာအောင် ဖိအားပေးပြုပြင်ကူညီနေပြီ'' လို့ ဦးကျော်မင်းဆန်းကဖြေပါတယ်။

ဒါက ပြည်တွင်းကနေ နော်ဝေးအထိရောက်လာပြီး ခြေ-ဥ ပြင်ရေး ဟောပြောစည်းရုံးခဲ့သူ NLD ဥပဒေ အထောက်ကူပြုအဖွဲ့ဝင်တဦးရဲ့ အမြင်ပါ။ ဒီအဖွဲ့တွေကို နော်ဝေးအထိဖိတ်ခေါ်ပြီး ဆွေးနွေးပွဲလုပ်ပေးခဲ့ တဲ့ NBC ကိုယ်တိုင်ကကော ဒီလိုဆွေးနွေးမှုတွေကနေ ဘယ်လောက်အထိဖြစ်လာမယ်လို့မျှော်လင့် ထားသလဲ။ နော်ဝေးလူ့အဖွဲ့စည်းနဲ့ နော်ဝေးအစိုးရဖက်က ခြေ-ဥ ပြင်ရေးအပါဝင် မြန်မာနိုင်ငံမှာ စစ်မှန် တဲ့ ဒီမိုကရေစီဖြစ်လာစေရေးအတွက် ဘာတွေလုပ်ပေးနိုင်မလဲဆိုပြီး Audun Aagre ကိုကျနော်သီးခြား မေးမြန်းခဲ့ပါတယ်။

''ခင်ဗျားမေးခွန်းက ကောင်းပါတယ်။ ဒါပေမယ့် ဘာမှထိထိရောက်ရောက် လုပ်ပေးနိုင်ဘွယ်မရှိဘူးလို့ ဖြေရမှာကို ကျနော်စိုးရိမ်မိပါတယ်'' လို့ သူကအရင်ဆုံး နိဒါန်းခံပါတယ်။ ပြီးတော့မှ ပါလီမန်ထဲမှာ ထိုင် ခုံ ၂၅ ရာခိုင်နှုံးကိုစစ်တပ်ကယူထားတာအပါဝင် စစ်မှန်တဲ့ဒီမိုကရေစီကျင့်စဉ်ကို တားဆီးနေတဲ့အချက် တွေ အတော်များများကိုပြင်ဖို့လိုနေကြောင်း၊ လူ ၅ သန်းရဲ့လက်မှတ်ဆိုတာ ဒါကို ပြင်စေချင်တဲ့လူတွေ အများကြီးရှိနေတယ်ဆိုတာထင် ရှားနေကြောင်း၊ မြန်မာအစိုးရက ဦးတည်သွားနေတဲ့ စည်းကမ်းပြည့်ဝ သော ဒီမိုကရေစီစနစ်အစား စစ်မှန်တဲ့ဒီမိုကရေစီဖြစ်လာအောင် နိုင်ငံတကာ အသိုင်းဝိုင်းတခုလုံးက တသံတည်း၊ တစည်းတလုံးတည်း ၀ိုင်းဝန်းဖိအားပေးဖို့လိုတယ်လို့ သူကဖြေပါတယ်။

''မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးအတွက် လက်ရှိဦးသိန်းစိန်အစိုးရအပေါ် ကူညီထားမှုတွေကနေ ဘာ ရလာဒ်တွေထွက်မလဲဆိုတာကို နော်ဝေးအပါဝင် နိုင်ငံတကာအသိုင်းဝိုင်းတခုလုံးက အသေချာတွက် ဆ ထားဖို့လိုပါတယ်''။ စစ်မှန်တဲ့ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့လူမှုအဖွဲ့စည်းတွေပေါ်လာဖို့ မျှော်လင့်ချက် ရှင်းရှင်းထားသင့်ပါတယ်။ စည်းကမ်းပြည့်ဝသောဒီမိုကရေစီဆိုတာကို လက်ခံလို့မဖြစ်ပါဘူး။ ဒါကြောင့် ရှေ့ဆက် အကူညီပေးတဲ့အခါ အစိုးရ၊ အတိုက်ခံနဲ့ ပြည်တွင်း-ပြည်ပ အားလုံးကို ဟန်ချက်ညီပေးဖို့ လို ပါတယ်လို့ သူကဖြေကြားခဲ့ပါတယ်။

ခြေ-ဥ ပြင်ရေးအတွက် ပြည်တွင်းကလာပြီး စည်းရုံးသူ၊ ပြည်ပကနေပြီး ဖိတ်ခေါ်သူတွေရဲ့အမြင်ကို ကြားရပြီးနောက်ပိုင်းမှာတော့ နော်ဝေးရောက်မြန်မာတွေအပါဝင် နိုင်ငံတကာရောက်မြန်မာတွေက ကော ခြေ-ဥ ပြင်ရေးအတွက် ဘာများလုပ်နိုင်ဘွယ်ရှိသလဲဆိုပြီး ကျနော်တို့မြန်မာတွေအချင်းချင်း ကြားဆက်ဆွေးနွေးကြပါတယ်။ တကယ်တော့ အခုမှဆွေးနွေးတာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၈ လေးလုံး ၂၆ နှစ်ပြည့်အခန်းနားတုန်းကလဲ ဒီမေးခွန်းကိုပဲ အကြိတ်အနယ်ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။

''အဓိက ကဗျာ။ မပြင်ရင် ဘာလုပ်မလဲဆိုတာကို NLD က အတိအကျမပြောတော့ ကျနော်တို့က ထ အော်ဖို့ခက်နေတယ်။ ကိုယ်က တအားအော်ပြီးမှ မပြင်လဲဝင်မယ်ဆိုပြီး သူက၀င်သွားရင် ဒုက္ခ'' လို့ တက်ကြွလှုပ်ရှားသူတဦးကပြောပါတယ်။ ပြီးတော့ ''ပြင်ပြင်မပြင်ပြင် ၀င်မယ်'' ဆိုတဲ့ ဦးညဏ်ဝင်းရဲ့ စ ကားလုံးကို သူကထောက်ပြပါတယ်။ မြန်မာအတိုက်ခံတွေမှာ နိုင်ငံတကာအတိုက်ခံတွေလို ဈေးကိုင် နိုင်တဲ့အခြေနေမရှိဘူးလားလို့လဲ တချို့ကမေးခွန်းထုတ်နေကြပါတယ်။

ဒါပေမယ့် ဘာဖြစ်ဖြစ် ဒီမိုကရေစီအခြေခံနဲ့မကိုက်ညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို မကြိုက်ဘူး၊ စည်းကမ်း ပြည့်ဝတဲ့ဒီမိုကရေစီဆိုတာကို မကြိုက်ဘူး၊ ဦးသိန်းစိန်အစိုးရက ဒီမိုကရေစီ ကတိတွေသာပေးပြီး လက်တွေ့ဘာမှမလုပ်တာကို မကြိုက်ဘူး၊ လယ်သမားတွေ ဖိနှိပ်ခံနေရတာ၊ ဆန္ဒပြသူတွေဖမ်းဆီးခံနေ ရတာ၊ အများပြည်သူဘ၀ ဒုက္ခဆင်းရဲဖြစ်နေတာတွေကို မကြိုက်ဘူး။ ဒီလိုမကြိုက်ဘူးဆိုတာတွေကို တော့ သမ္မတဦးသိန်းစိန်နဲ့တကွ၊ အထူးသဖြင့် ဦးသိန်းစိန်အစိုးရကိုအားပေးထောက်ခံနေတဲ့ နော်ဝေး အပါဝင် နိုင်ငံတကာအစိုးရတွေ အားလုံးသိအောင် ပြည်ပရောက်နိုင်ငံရေးတက်ကြွသူတွေက သက် ဆိုင်ရာနိုင်ငံတွေအလိုက် တခုခုထလုပ်ဖို့လိုနေတယ်ဆိုတာကိုတော့ အတော်များများက သဘောတူ ကြပါတယ်။

''နော်ဝေးကလူတွေဆိုဗျာ၊ ဒေါ်အောင်ဆန်းစုကြည် ဒီကိုလာသွားပြီးကတည်းက မြန်မာနိုင်ငံမှာ အား လုံး အိုကေ နေပြီလို့ထင်နေကြတာ။ နိုင်ငံရေးအကြောင်းတောင်မပြောတော့ဘူး၊ မြန်မာနိုင်ငံဆီ သွား လည်ပတ်ဖို့ ချည်းပဲပြောနေကြတော့တယ်''လို့ အခြားတက်ကြွသူတဦးကဆိုပါတယ်။ ဒီအတွက် မြန်မာ နိုင်ငံမှာအားလုံး အိုကေ နေတာမဟုတ်ဘူး။ အဆင်မပြေသေးတာတွေ အများကြီးရှိနေသေးတယ်။ ဒီလိုအဆင်မပြေမှုတွေအတွက် နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာအဖွဲ့စည်းတွေက ဆက်လက် စောင့်ကြည့်ဝေဖန် ထောက်ပြဖို့လိုနေဆဲဖြစ်တယ်။ ဒီအတွက် နော်ဝေးအပါဝင် သက်ဆိုင်ရာနိုင်ငံတွေ အလိုက် ပြည်ပရောက်မြန်မာတွေ ပြန်လည်ခေါင်းထောင်လှုပ်ရှားဖို့လိုနေပြီလို့ သူကထောက်ပြပါ တယ်။

သတင်းတွေဖတ်ရင်း သတိထားမိသလောက်ဆိုရင်တော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရပြီး ပါလီမန်ထဲဝင်သွားပြီးကတည်းက ဦးသိန်းစိန်ဦးဆောင်တဲ့ စစ်တပိုင်းအစိုးရအပေါ် နိုင်ငံတ ကာဖက်က ဖိအားပေးမှု လုံးဝမရှိတော့သလောက်ကျဆင်းသွားပြီး ပြည်ပရောက်မြန်မာတွေရဲ့ အသံ တွေလဲ ငြိမ်သွားခဲ့ပါတယ်။ ရုတ်စွအဆုံး လာမဲ့ ၁၈ ရက်နေ့ စစ်အာဏာသိမ်းတဲ့နေ့မျိုးမှာတောင် နိုင်ငံ တကာရှိ မြန်မာသံရုံးတွေရှေ့မှာ ဆန္ဒပြပွဲရှိပါတော့မလားလို့ သံသယ၀င်မိပါတယ်။

ဘာဖြစ်ဖြစ် အခုချိန်မှာတော့ သမ္မတဦးသိန်းစိန်ရဲ့ ဂျာမဏီ၊ ဆွင်ဇလန်၊ နယ်သာလန် ဥရောပ ၃ နိုင်ငံ ခရီးစဉ်ကို အဲဒီနိုင်ငံတွေဆီရောက်နေသူတချို့က ကန့်ကွက်ဆန္ဒပြကြမယ်လို့သတင်းတွေကြားနေရပါ တယ်။ အရင်နှစ် နော်ဝေးကိုလာစဉ်ကလဲ အော်စလိုရှိ နိုင်ငံရေးတက်ကြွသူတွေက အလားတူ ဆန္ဒပြ ကန့်ကွက်ခဲ့ဖူးပါတယ်။ ဒီလိုဆန္ဒပြခြင်းအားဖြင့် မြန်မာနိုင်ငံမှာ အားလုံး အိုကေ နေတာမဟုတ်သေး ဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်စေဖို့ ဦးသိန်းစိန်အစိုးရကို နိုင်ငံတကာအစိုးရတွေက ဆက်လက်စောင့်ကြည့်ဖိအားပေးဖို့ လိုနေဆဲဖြစ်တာကို အသိပေးနိုင်ပါတယ်။

ဒါပေမယ့် သမ္မတလာမှ ဒီလိုဆန္ဒထပြရုံ သက်သက်နဲ့တော့ ပြည်ပရောက်လှုပ်ရှားမှုက ထိရောက်သင့် သလောက် ထိရောက်မှာမဟုတ်ပါ။ အရင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်ကာလတွေတုန်း ကလိုမျိုး အင်နဲ့အားနဲ့၊ အုံနဲ့ကျင်းနဲ့ စနစ်တကျပြန်လည်လှုပ်ရှားဖို့ လိုနေပြီလို့ ထင်မြင်မိပါတယ်။      ။

Saturday, September 6, 2014

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၂၆)

ရွာသတင်း၊ တောသတင်းတွေနဲ့ နာမည်ရလာတဲ့ သတင်းဌာန

နိုင်ငံတကာရှိ သတင်းဌာနအတော်များများဟာ နိုင်ငံ့ခေါင်းဆောင်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေ ဘာ လုပ်ကြသလဲဆိုတဲ့ မိုးပေါ်ကသတင်းကြီးမျိုးတွေကိုသာ ဦးစားပေးလိုက်ကြ၊ တင်ပြကြတာကို သတင်း လေ့လာသူတိုင်း သတိထားမိမှာပါ။ ဒါပေမယ့် DVB ကတော့ အဲဒီထဲမှာ မပါပါဘူး။ မပါဆို DVB သတင်းဌာနအခြေစိုက်တဲ့နေရာနဲ့ မြန်မာစစ်ခေါင်းဆောင်တွေ အခြေစိုက်တဲ့မြို့တော်ဟောင်းရန်ကုန်၊ မြို့တော်သစ်နေပြည်တော်တို့ကြား မိုင်ပေါင်း ၅၀၀၀ ကျော်ကွာဝေးနေပါတယ်။

(အော်စလိုရုံးချုပ် စတူဒီယိုမှာ တာဝန်ထမ်းခဲ့တဲ့ စက်ဆရာ ကိုအောင်ကျော်ဦး)

ဒီလိုပြောလိုက်တော့ စစ်ရုံးချုပ်ဘေးမှာ အခြေစိုက်ထားတဲ့ ရန်ကုန်ကသတင်းဌာနတွေက စစ်ခေါင်း ဆောင်တွေအကြောင်း အသေချာရေးသားဖေါ်ပြနိုင်တယ်လို့ မထင်လိုက်ပါနဲ့။ အဲဒီခေတ်က အခုခေတ် လို အစိုးရပြောခွင့်ရပုဂ္ဂိုလ်တို့၊ သမ္မပြောခွင့်ရပုဂ္ဂိုလ်တို့၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့စည်းတွေရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တို့ဆိုတာမျိုးမရှိပါဘူး။ သတင်းစာရှင်းပွဲဆိုတာကလဲ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန်ရဲ့ တကိုယ်တော်ပွဲမှအပ ဘာမှမရှိ။ တက်ရောက်တဲ့သတင်းထောက်တွေကလဲ သူပြော သမျှကို ပြန်ရေးတာကလွဲပြီး ဘာမှမေးမြန်းခွင့်မရှိ။

အဲဒီလိုအခြေနေမျိုးမှာ စစ်တပ်အတွင်းစည်းထဲကသတင်းတွေအပြင် ဘယ်သတင်းဌာန၊ ဘယ်သတင်း ထောက်မှ မရောက်နိုင်တဲ့ ကျေးလက်တောရွာက သတင်းတွေကိုပါ နေ့စဉ်အသံလွှင်နိုင်တဲ့သတင်းဌာန တခုကိုပြောပါဆိုရင် DVB ကို လက်ညှိုးထိုးပြရပါလိမ့်မယ်။

ရန်ကုန်မှာနေတဲ့သတင်းထောက်တွေ မသိနိုင်၊ မသွားနိုင်တဲ့သတင်းတွေကို မိုင်ပေါင်း ၅၀၀၀ ကျော်အ ဝေးမှာအခြေစိုက်တဲ့ သတင်းဌာနက သတင်းထောက်တွေက ဘယ်လိုသိနေတာလဲ။ ဘယ်လိုရနေတာ လဲဆိုပြီးမေးမလို့လား။ အရိုးသားဆုံးဖြေကြားရရင်တော့ နယ်စပ်တကျောရှိ တော်လှန်ရေးအဖွဲ့တွေက ပေးပို့တဲ့ ကြားဖြတ်စက် သို့မဟုတ် Intercept ကနေ ဖမ်းယူရရှိတဲ့သတင်းတွေအပေါ် အခြေခံ အစ ယူပြီး ဆက်လိုက်တဲ့နည်းနဲ့ ရခဲ့တာပါ။

DVB အတွက် သတင်းပို့ပေးနေတဲ့ ကြားဖြတ်စက် ဘယ်နှစ်လုံးရှိသလဲဆိုတာကို အသေးစိပ် ထုတ် ပြောဖို့မလိုပေမဲ့ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး) မှ တလုံး၊ ထိုင်း-ထောက်လှမ်းရေးတွေနဲ့တွဲပြီး အလုပ်လုပ်နေတဲ့ ABSDF-KNU ရဲဘော်ဟောင်းတဦးဆီက တလုံး နဲ့ တရုတ်-မြန်မာနယ်စပ်ရှိ တော်လှန်ရေးအဖွဲ့တွေဆီက တလုံးတို့ဟာ အရေးပါတဲ့အခန်းက ပါဝင်ခဲ့တာ ကိုတော့ ကျနော်အမှတ်ရနေပါတယ်။


ဗိုလ်ချုပ်တင်ဦး ရဟတ်ယဉ်ပေါ်မှာ DVB သတင်းထောက် ပါသွားသလား

အဲဒီလို ကြားဖြတ်စက်ကနေဖမ်းယူရရှိတဲ့သတင်းတွေဟာ အလွန်အသေးစိပ်ဆန်ပြီး မီနစ်၊ စက္ကန့်က အစ၊ ဖြစ်စဉ်အသေးစိပ်ကို စစ်သတင်းဆန်ဆန် (တကယ်တော့ စစ်ဖက်သတင်းကို ကြားဖြတ်စက်က နေဖမ်းယူတာပါပဲ) ရလေ့ရှိပါတယ်။ အဲဒီလိုအသေးစိပ်ရထားတဲ့ ကြားဖြတ်စက်သတင်းတွေထဲက လူ သိများ (လူပြောများ) သွားတဲ့သတင်းတပုဒ်ကိုတင်ပြရမယ်ဆိုရင် န၀တ အတွင်းရေးမှုး ၂ လဲဖြစ်၊ တပ် မတော်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) လဲဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြိးတင်ဦးနဲ့အဖွဲ့ ရဟတ်ယဉ်ပျက်ကျ သေဆုံးတဲ့သတင်းပါပဲ။

(ရဟတ်ယဉ်ပျက်ကျ သေဆုံးသွားတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး)

ဗိုလ်ချုပ်တင်ဦးနဲ့အဖွဲ့ စီးနင်းလိုက်ပါလာတဲ့ ရုရှားလုပ်စစ်ရဟတ်ယဉ်တစီး ဘားအံမြို့နဲ့အတော်လှမ်း လှမ်းရှိ သံလွင်မြစ်ဘေးက တရုတ်လှရွာအနီးမှာ ပျက်ကျသွားတယ်လို့ ၂၀၀၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှာ သတင်းအသေးစိပ် ကြားဖြတ်စက်ကနေဖမ်းယူရရှိပါတယ်။ အခုခေတ်မှာဆိုရင်တော့ အဲဒီ သတင်းဟုတ်မဟုတ် သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို တယ်လီဖုန်းနဲ့လှမ်းမေး ရုံပေါ့။ ဒါမှမဟုတ်လဲ နေပြည်တော်ဗျုရိုက သတင်းထောက်တဦးဦး ဦးရဲထွဋ်ရုံးဆီပြေးပြီး လူတွေ့မေး မြန်းပေါ့။ အဆင်ပြေရင် နေပြည်တော်စစ်ရုံးချုပ်က ပြောခွင့်ရပုဂ္ဂိုလ်ကိုတောင် ၀င်မေးလို့ရနိုင်တဲ့ အခြေ နေမျိုးပါ။

ဒါပေမယ့် အဲဒီကာလကတော့ ဒီလိုမေးခွင့်ရဖို့နေနေသာသာ အတွင်းရေးမှုး ၂ လဲဖြစ်၊ ကာကွယ်ရေး ဦး စီးချုပ် (ကြည်း) လဲဖြစ်တဲ့ ဒီလိုအရေးကြီးပုဂ္ဂိုလ်သေဆုံးတာကိုတောင် အစိုးရက သတင်းထုတ်ပြန် ခြင်း မရှိပါဘူး။ ဘားအံနဲ့အနီးဝန်းကျင်က ရသမျှဖုန်းနံပတ်တွေကိုဆက်ပြီးမေးတော့လဲ ဘယ်သူမှ မသိ ပါဘူး။ ရသမျှဖုန်းလို့အလွယ်ပြောလိုက်ပေမဲ့ တကယ်တော့ ဘာဖုန်းမှမရပါ၊ ရတဲ့ဖုန်းကလဲ DVB ကလို့ ပြောလိုက်တာနဲ့ လိုင်းကျသွားလေ့ရှိပါတယ်။ အဲဒီကာလ နိုင်ငံခြားသတင်းဌာနတွေ သြဇာကြီးပုံများက တော့ DVB ကို လက်ခံပြီးတယ်လီဖုန်းပြောမိရင်တောင် ဖမ်းဆီးထောင်ချခံရတဲ့ခေတ်လေ။

ဒီတော့ ရထားတဲ့စက်သတင်းတွေကိုပဲအခြေခံပြီး ရုပ်လုံးပေါ်အောင်ရေးရတော့တာပေါ့။ ဘယ်လောက် အထိရုပ်လုံးပေါ်သွားသလဲဆိုရင် ရုရှားလုပ် စစ်သုံးရဟတ်ယဉ်ပေါ်မှာ ဗိုလ်ချုပ်တင်ဦးနဲ့အတူ ကမ်းရိုး တန်းတိုင်း တိုင်းမှုး ဗိုလ်ချုပ်သီဟသူရစစ်မောင်၊ ဗိုလ်မှုးကြီးလှဌေးဝင်းအပါဝင် စစ်ဖက်အရာရှိ ၂၀ နီးပါး လိုက်ပါသွားတဲ့အကြောင်း၊ ဗိုလ်ချုပ်တင်ဦးနဲ့ ဗိုလ်ချုပ်စစ်မောင်တို့ကတဖက် တခြားတပ်မှုးတွေကတ ဖက် အခြေတင်စကားများနေစဉ် စစ်ဗိုလ်တဦးက လက်ပစ်ဗုံးကို ပင်-ဖြုတ်ပြီး ခြိမ်းခြောက်မယ်လုပ်တုံး ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အဲဒီလက်ပစ်ဗုံးက ရဟတ်ယဉ်ကြမ်းပြင်ပေါ် ပြုတ်ကျသွားတယ်ဆိုပါတယ်။ ဗိုလ်ချုပ်တင်ဦးရဲ့ ကိုယ်ရံတော်က အဲဒီဗုံးကို အချိန်မီကောက်ပြီး အောက်ပစ်ချဖို့ကြိုးစားကြပေမဲ့ အချိန် မမှိတော့ပဲ အဲဒီဗုံးပေါက်ကွဲရာကနေ ရဟတ်ယဉ်ပျက်ကျသွားတယ် စသဖြင့် အသေးစိပ် သရုပ်ပေါ် အောင် အယ်ဒီတာက ရေးထည့်လိုက်ပါတယ်။

န၀တ ဖက်က ဖုံးထားတဲ့သတင်းကို DVB က ဒီလိုအသေးစိပ်လွှင့်လိုက်တော့ အတော်လေး ဟိုးလေး တကျော်ဖြစ်သွားပါတယ်။ ထုံးစံအတိုင်း DVB သတင်းတွေကို မော်နီတာလုပ်နေတဲ့ BBC Monitoring ကလဲ ချက်ချင်း အင်္ဂလိပ်ဘာသာနဲ့ပြန်ရေးတင်ပေါ့။ နောက်တော့ နိုင်ငံခြားသတင်းဌာတွေကနေ န၀တ အစိုးရဆီမေး၊ နယ်စပ်က သူပုန်တွေကိုမေးနဲ့ ဒီသတင်းက အကြီးကြီးဖြစ်သွားပါတယ်။ နောက်တနေ့ ထုတ် အစိုးရသတင်းစာမှာလဲ ဒီသတင်းကိုမဖေါ်ပြပေမဲ့ ဗိုလ်ချုပ်တင်ဦးသေဆုံးတဲ့အတွက် ၀မ်းနည်း ကြောင်း နာရေးကြော်ငြာတပုဒ်ပါရှိလာပါတယ်။

အဲဒီမှာတင် ကျနော်တို့ရဲ့သတင်းဦး သတင်းထူးရနေပုံတွေကို နည်းနည်းမျက်စိနောက်နေပုံရတဲ့ နယ် စပ်နဲ့ပြည်ပရောက်မိတ်ဆွေတချို့က ''မင်းတို့သတင်းတွေက ဟုတ်လှချည်လား၊ သတင်းထောက်ကိုယ် တိုင် အဲဒီရဟတ်ယဉ်ပေါ် ပါသွားတာလား'' ဆိုပြီးမေးတော့တာပါပဲ။ ဘယ်သူမှမသိနိုင်တဲ့အခြေနေ၊ သိသူတွေကလဲ ဘာမှထုတ်မပြောရဲတဲ့ သတင်းအမှောင်ခေတ်မှာ အဲဒီလိုရေးလိုက်ရပေမဲ့ အခုလို ပွင့် လင်းစကာလမှာတော့ မသေပဲကျန်ခဲ့သူတွေက အဲဒီရဟတ်ယဉ်ပေါ် အမှန်တကယ် ဘာတွေဖြစ်ခဲ့သ လဲ၊ ဗိုလ်ချုပ်တင်ဦးတို့ ဘာကြောင့်သေဆုံးခဲ့ရသလဲဆိုတာကို ထုတ်ပြောသင့်ပြီလို့ ထင်မိပါတယ်။

 
၁၀၅ မိုင်ကစတဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ နိဂုံး

ကြားဖြတ်စက်နဲ့ အကျိုးပေးတဲ့ DVB ဟာ အတွင်းရေးမှုး ၂ ဗိုလ်ချုပ်တင်ဦးရဲ့ ကျဆုံးသတင်းတင်မက အတွင်းရေးမှုး ၁ လဲဖြစ်၊ စစ်ထောက်လှမ်းရေးအကြီးအကဲလဲဖြစ်၊ ၀န်ကြီးချုပ်လဲဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွန့် ရဲ့ ကျဆုံးခန်းနိဒါန်းကိုလဲ စောစောစီးစီးရလိုက်ပါသေးတယ်။ ၂၀၀၁ ခုနှစ် ဗိုလ်ချုပ်တင်ဦးတို့ ရဟတ် ယဉ်ပျက်ကျစဉ်က ပြည်တွင်းကို တယ်လီဖုန်းခေါ်လို့ သိပ်မလွယ်သေးပေမဲ့ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ် ခင်ညွှန့်တို့အဖွဲ့ အဖမ်းခံရချိန်မှာတော့ ဖုန်းလိုင်းတွေက အတော်ခေါ်လို့ရနေပြီဖြစ်သလို ပြည်တွင်းရှိ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးတက်ကြွသူတွေကလဲ DVB ကို လက်ခံပြီး တယ်လီဖုန်းပြောရဲနေကြ ပြီ ဖြစ်ပါတယ်။

(KNU ကိုယ်စားလှယ်တွေနဲ့ ဒုတိယ အကြိမ်တွေ့ဆုံဖို့ပြင်နေစဉ် ဖမ်းဆီးခံလိုက်ရတဲ့ ဗိုလ်ချုပ်ခင်ညွန့်)

တခါ နယ်စပ်ဒေသမှာလဲ နိုင်ငံရေးအကဲခတ်တွေ၊ စစ်ရေးအကဲခတ်တွေရှိလာနေပြီဖြစ်ပြီး ထိုင်းနယ်စပ် က ဦးဌေးအောင်နဲ့ တရုတ်နယ်စပ်က ဦးအောင်ကျော်ဇောတို့ဟာ ကျနော်တို့ DVB ရဲ့ အဲဒီကာလက ထင်ရှားတဲ့ စစ်ရေးအကဲခတ်တွေဖြစ်ပါတယ်။ အဲဒီအချိန်ဟာ ဗိုလ်ချုပ်ခင်ညွန်ရဲ့သြဇာအကြီးဆုံးအချိန် ဖြစ်ပြီး အရာရာဟာ သူ့လက်ညှိုးညွန်တဲ့အတိုင်း လိုက်လုပ်နေကြရတဲ့ခေတ်ပါ။ တနည်းအားဖြင့် သူနဲ့ သူထောက်လှမ်းရေးတပ်ဖွဲ့ကို ဘယ်သူမှ ခေါင်းထောင်ပြီး ပြန်မကြည့်ရဲတဲ့ခေတ်ပါ။

အဲဒီလိုအချိန်မှာ စစ်ထောက်လှမ်းရေးတွေအပါဝင် စစ်တပ်နဲ့ စစ်အုပ်ချုပ်ရေးအဖွဲ့ထဲက လူတွေ မဟုတ် တာလုပ်သမျှဖေါ်ထုတ်နေတဲ့ DVB ဟာ စစ်ထောက်လှမ်းရေးလက်အောက်ခံ နစက (နယ်စပ်ဒေသ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့) အဖွဲ့ရဲ့ လာဒ်စားမှုသတင်းကြီးတခုကို လက်ခံရရှိခဲ့ပါတယ်။ သတင်းကြီးလို့ ပြောရတာကတော့ သာမန်လာဒ်စားတာမျိုးမဟုတ်ပဲ ဒီလိုလာဒ်စားလို့ရတဲ့ငွေတွေကို ရံပုံငွေအဖြစ်စုပြိး ဗိုလ်ချုပ်ခင်ညွန့်တို့အဖွဲ့က တခုခုအတွက် ကြံစည်နေတယ်ဆိုပြီး ပါလာလို့ဖြစ်ပါတယ်။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ လာအိုနဲ့ တရုတ်နယ်စပ်တလျောက်ရှိ နစက တွေ အားလုံး လာဒ်စားကြ ပေမဲ့ တရုတ်နယ်စပ် လာဒ်စားမှုက အများဆုံးနဲ့ အဆိုးဆုံးလို့ဆိုကြပါတယ်။ အဲဒီထဲက နာမည်အကြီး ဆုံးဂိတ်ကတော့ ၁၀၅ မိုင်ဂိတ်ပါပဲ။ စားတဲ့ ပမာဏကို မမှတ်မိတော့ပေမဲ့ အတော်ကိုများပါတယ်။ အဲဒီ သတင်းကို တရုတ်နယ်စပ် စစ်ရေးအကဲခတ် ဦးကျော်ဇော်နဲ့မေးမြန်းပြိး ကျနော်တို့ DVB က ဆက် တိုက်လွှင့်ခဲ့ပါတယ်။ ဒါပေမယ့် အစိုးရဖက်က ဘာမှစုံစမ်းအရေးယူခြင်းမရှိခဲ့ပါဘူး။

ဘယ်အချိန်ကျမှ ကျနော်တို့ရဲ့ သတင်းထုတ်လွှင့်မှုမှန် မမှန်ကိုသိရသလဲဆိုတော့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ အ ဖွဲ့ကို ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့မှာဖမ်းဆီးပြီး ဗိုလ်ချုပ်ရေရွှေမန်းနဲ့အဖွဲ့က ဥပဒေအထက် မှာဘယ်သူမှ မရှိဘူးဆိုပြီး သတင်းစာရှင်းပွဲလုပ်ချိန်ကြမှသိရပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီ သ တင်းစာရှင်းပွဲကြမှ ဗိုလ်ချုပ်ခင်ညွန့်ကို လာဒ်စားမှုနဲ့စွပ်စွဲခဲ့ပြီး အဲဒီစွပ်စွဲချက်ထဲမှာ ကျနော်တို့ တ လျောက်လုံးအသံလွှင့်ခဲ့တဲ့ ၁၀၅ မိုင် နစက လာဒ်စားမှုက အဓိကဖြစ်နေတာကို တွေ့ခဲ့ရလို့ဖြစ်ပါတယ်။

အခုချိန်မှာတော့ ဗိုလ်ချုပ်ခင်ညွန့်လဲ အပြင်ပြန်ရောက်နေပြီ။ ဗိုလ်ချုပ်ရွှေမန်းလဲ ပါလီမန်ဥက္ကဌဖြစ်နေ ပါပြီ။ ဒါပေမယ့် အဲဒီကာလက အမှန်တကယ်ဘာတွေဖြစ်ခဲ့သလဲဆိုတာကိုတော့ ဘယ်သူကမှ အသေ ချာပြန်လည်ရှင်းပြခြင်းမရှိသလို သူတို့နဲ့တွေ့ဆုံခွင့်ရနေတဲ့ သတင်းသမားတွေကလဲ မေးမြန်း ရေသား ခြင်း မရှိသေးပါဘူး။    ။

Tuesday, September 2, 2014

အမြဲတမ်းနေထိုင်ခွင့် PR စနစ် မြန်မာကျင့်သုံးတော့မည်ဟု ဦးခင်ရီပြော

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
PR ခေါ် နိုင်ငံခြားသားတွေကို မြန်မာပြည်မှာ အမြဲတမ်းနေထိုင်ခွင့်စနစ်ကို လာမယ့် အောက်တိုဘာလကုန်လောက်မှ စတင်ပြီး ကျင့်သုံးဖို့ ရှိနေကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီးက ပြောဆိုလိုက်ပြီး ဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင် မြန်မာပြည်ဟာ စင်္ကာပူနိုင်ငံလို တိုးတက်လာနိုင်မယ်လို့ စီးပွားရေးပညာရှင်တဦးက သုံးသပ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

တဘက်နိုင်ငံသားခံယူမှုကို စွန့်လွှတ်စရာမလိုဘဲ မြန်မာပြည်မှာ အချိန်အတိုင်းအတာတခုထိ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် ရရှိစေမယ့် PR ခေါ် အမြဲတမ်းနေထိုင်ခွင့်စနစ်ကို မြန်မာအာဏာပိုင်တွေက ၂၀၁၂ ခုနှစ်တည်းက စတင် ဆွေးနွေးဆောင်ရွက်ခဲ့ရာက လာမယ့် အောက်တိုဘာလကုန်လောက်မှာ စတင် ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။

ဒီလို ကျင့်သုံးနိုင်တော့မယ့် အခြေအနေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က အခုလို ပြောပါတယ်။

“အောက်တိုဘာလမှာ အကောင်အထည်ဖော်ဖို့ရှိပါတယ်။ နိုင်ငံတော်အကြီးအကဲ ကလည်း ကျနော့်ကို အောက်တိုဘာလမှာ အကောင်အထည်ဖော်ပါလို့ ပြောပါ တယ်။ အဲတော့ ကျနော်လည်း ကတိပေးပြီးပါပြီ။ အောက်တိုဘာလ နောက်ဆုံးရက် လောက်မှာ ဖြစ်အောင်လို့ ကျနော် လုပ်ပါမယ် PR စနစ်ကို။ ပြီးပါပြီခင်ဗျ နည်းဥပဒေပါ ကျနော်တို့ နိုင်ငံတော်အစိုးရကလည်း ခွင့်ပြုပြီးပါပြီ။ နောက်ပြီးတော့ လွှတ်တော်ကလည်း ခွင့်ပြုပြီးပါပြီ။ ဆိုတော့ အောက်တိုဘာမှာ အပြီး အကောင်အထည် ဖော်ပေးပါလို့လည်း အကြီးအကဲက သတ်မှတ်ပြီးသား။ ကျနော်ကတော့ အောက်တိုဘာလ နောက်ဆုံးပတ်လောက် အကောင်အထည်ဖော်မယ်လို့ ကျနော် ဒီမှာ ကတိက၀တ် ပြုပါတယ်။ Permanent Resident System ကို ပြောတာနော်။ ဟို PR မဟုတ်ဘူး။”

ဒါကတော့ အွန်လိုင်းကနေ ဗီဇာလျှောက်ထားတာကို စတင်ခွင့်ပြုကြောင်း ထုတ်ပြန်တဲ့ တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတာဖြစ်ပါတယ်။ အမြဲတမ်းနေထိုင်ခွင့်ကို  အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ တခြားနိုင်ငံသား ခံယူထားတဲ့ မြန်မာနိုင်ငံသားဟောင်းတွေနဲ့ မြန်မာနိုင်ငံသားတွေ နဲ့ နိုင်ငံခြားသားသွေးနှောသူတွေ ဆိုပြီး စံ ၄ မျိုး ခွဲခြား လက်ခံသွားဖို့နဲ့ အမြဲတမ်းနေထိုင်ခွင့် ပေးရာမှာတော့ ကနဦးကာလ နေထိုင်ခွင့်ကို  ၅ နှစ် ခွင့်ပြုဖို့ သတ်မှတ်ထားပါတယ်။ စီးပွားရေးပညာရှင် ဦးလှမောင်ကတော့ စင်္ကာပူနိုင်ငံမှာ ဒီစနစ်ကို ကျင့်သုံးပြီး တိုးတက်မှုရနေတာကြောင့်  မြန်မာပြည်မှာ အလားတူ တိုးတက်လာနိုင်ကြောင်း သုံးသပ်ပြောဆိုပါတယ်။

“စင်္ကာပူနိုင်ငံဟာ ဘာသယံဇာတ ဘာပစ္စည်းမှ မရှိပါဘူး။ နိုင်ငံလေး သေးသေးလေးပါ။ အင်မတန် ချမ်းသာကြွယ်ဝပါတယ်။ အဲ့ဒီလိုချမ်းသာသွားတာဟာ နိုင်ငံခြားကို သူတို့ စပါယ်ရှယ် Economic Zone တွေနဲ့ Industrial Zone တွေ ကျကျနနလုပ်ပြီးတော့ ဖိတ်ခေါ်ပြီးတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်စေပါတယ်။ ဘယ်နိုင်ငံခြားသားဖြစ်ဖြစ် စင်္ကာပူမှာသွားပြီး အလုပ်လုပ်ရင် အလုပ်အကိုင်ရတာနဲ့ PR ရပါတယ်။ Permanent Resident လခကောင်းကောင်းနဲ့ အလုပ် အတည်တကျ ရသွားရင် မြေရော၊ အိမ်ရော ၀ယ်ခွင့်ရှိပါတယ်။ အဲ့ဒါကြောင့် စင်္ကာပူကို နိုင်ငံခြားသားတွေ လာပြီးတော့ ၀ိုင်းပြီး အလုပ်လုပ်လိုက်ကြတာဟာ စင်္ကာပူကြီး ဒီလောက် ချမ်းသာသွားပါတယ်။ အခု PR စနစ် ပေးတော့မယ်ဆိုပြီးတော့ ပြဌာန်းလိုက်ရင်တော့ ဥပဒေမှာ တိုင်းပြည်အတွက် အင်မတန်မှပဲ အကျိုးရှိပါတယ်လို့ပဲ ပြောချင်ပါတယ်။”

PR ခေါ် အမြဲတမ်းနေထိုင်ခွင့်စနစ် ကျင့်သုံးမယ်ဆိုရင် ရန်ကုန်မြို့က လူနေတိုက်ခန်းဈေးတွေလည်း ကျဆင်းလာနိုင်ကြောင်း ပြောပါတယ်။

“အခု သူတို့ PR မရတဲ့အတွက် ရပ်ကွက်တွေထဲက တိုက်ခန်းတွေမှာ လျှောက်ပြီးတော့ ငှားနေရပါတယ်။ ဟိုတယ်တွေကလည်း မလောက်လို့ သူတို့နဲ့ကိုက်ညီတဲ့ Resident တွေကလည်း မလောက်တော့ ရပ်ကွက်က တိုက်ခန်းတွေ ဈေးတွေ ခုန်ခုန်တက်သွားပါတယ်။ အဲတော့ အကယ်၍များ PR စနစ်ပေးပြီးတော့ သူတို့ ကျကျနန နိုင်ငံခြားရပ်ကွက်လေးတွေနဲ့ စနစ်တကျလေး ဖန်တီးပေးမယ်ဆိုရင် ဒီနေ့ တိုက်ခန်းဈေးနှုန်းတွေလည်း ပြန်ကျလာနိုင်တယ်။”

မြန်မာပြည်ရဲ့ ရိုးရာယဉ်ကျေးမှုအရ ထိန်းသိမ်းလုပ်ဆောင်နိုင်ရင် PR ခေါ် အမြဲတမ်း နေထိုင်ခွင့်စနစ် ကျင့်သုံးတာကြောင့် ဆိုးကျိုးသက်ရောက်မှုတွေ မရှိနိုင်ကြောင်းလည်း ပြောပါတယ်။
PR ခေါ် အမြဲတမ်း နေထိုင်ခွင့်စနစ် နဲ့ပတ်သက်တဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတခုမှာတော့ နိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက PR စနစ်ကျင့်သုံးတာကြောင့် နည်းပညာ၊ အရင်းအနှီး၊ လူ့စွမ်းအားအရင်းအမြစ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ မိမိတို့ နိုင်ငံအတွင်းသို့ စီးဝင်လာနိုင်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူကောင်းတွေ ရရှိနိုင်မှာဖြစ်သလို နိုင်ငံတော်ကပေးအပ်သည့် အခွင့်အလမ်းကောင်းတွေ ဆုပ်ကိုင်ပြီး ကြိုတင်စီမံမှုတွေနဲ့ နယ်ပယ် အသီးသီးကို နည်းမျိုးစုံဖြင့် စိမ့်ဝင်ထိုးဖောက် ဝင်ရောက်တာတွေလည်း ရှိလာနိုင်ကြောင်း၊ နိုင်ငံသားတွေအတွင်း ယှဉ်ပြိုင်မှုတွေ များပြားလာနိုင်ကြောင်းနဲ့ ရာဇဝတ်မှုတွေ များပြားလာနိုင်ကြောင်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ တည်ဆဲဥပဒေအရ နှစ်နိုင်ငံသားခံယူခွင့် ပြုမထားတာကြောင့် ပြည်ပမှ လာရောက်မယ့် ပညာရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ တခြားနိုင်ငံသားခံယူထားတဲ့ မြန်မာနိုင်ငံသားဟောင်းတွေကို တွေ့ကြုံရတဲ့ အခက်အခဲတွေ ဖြေရှင်းဖို့ PR ခေါ် အမြဲတမ်းနေထိုင်ခွင့်စနစ်ကို အကောင်အထည်ဖော်တာဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။

(ဦးခင်ရီပြောတာပဲပါပြီး တခြားဘာမှမပါသေးတဲ့အတွက် နိုင်ငံခြားသားခံယူထားတဲ့ မြန်မာများရဲ့အမြင်ကို သိချင်ပါတယ်ဗျ။ အပန်းမကြီးရင် ရေးထားပေးခဲ့ကြပါ။ ဒီပေါ်မှာမရေးချင်လဲ winhtein201@gmail ကိုဖြစ်စေ၊  Facebook မက်စေ့မှာဖြစ်စေ ရေးထားခဲ့နိုင်ပါကြောင်း...။)

Monday, September 1, 2014

Me N Ma ရဲ့နော်ဝေးခရီးစဉ် (သို့မဟုတ်) အပြောင်းအလဲများ ကြားက မိန်းကလေးတစု

  ဧရာဝတီ။
 









 


နော်ဝေနိုင်ငံတွင် လာရောက်ဖျော်ဖြေသည့် Me N Ma Girl Band (ဓာတ်ပုံ – ထက်အောင်ကျော်) 
(အောက်ဆုံး ၂ ပုံမှာ သူတို့အဖွဲ့ရဲ့ Facebook မှယူထားခြင်းဖြစ်ပါတယ်)


Me N Ma သို့မဟုတ် Tiger Girls လို့ လူသိများတဲ့ မြန်မာအမျိုးသမီး တေးဂီတအဖွဲ့ နော်ဝေနိုင်ငံ အော်စလိုမြို့ ၀န်းကျင်မှာ သီချင်းလာဆိုဖို့ ရှိတယ်ဆိုတဲ့ ဖိတ်စာကိုရတော့ အဲဒီပွဲကိုသွားဖို့ လိုမလို အရင်ဆုံး စဉ်းရပါတယ်။ ဘာကြောင့်လဲဆိုရင် အသက် ၄၀ ကနေ အထက် နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးတက်ကြွသူ တွေနဲ့သာ နှစ် ၂၀ ကျော်လုံးလုံး တွေ့ဆုံ သတင်းလုပ်လာခဲ့တဲ့ ကျနော်ဟာ ဒီလို အသက် ၂၀ ၀န်းကျင် မိန်းကလေး အဆိုတော် တွေနဲ့ တခါမှ တွေ့ဆုံစကားမပြောဖူးပါ။

တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ပြည်ပရောက် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းနဲ့ ၀န်ကြီး အဖွဲ့ဝင်တွေသာ အလာများခဲ့တဲ့နိုင်ငံ၊ လွန်ခဲ့တဲ့ နှစ်ပိုင်းကစပြီး သမ္မတဦးသိန်းစိန်နဲ့ အစိုးရ ၀န်ကြီးတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေသာ လာရောက်လေ့ရှိတဲ့ နိုဗဲလ် ငြိမ်းချမ်းရေးဆုပေးတဲ့ နိုင်ငံတနိုင်ငံဆီ အခုလို အမျိုးသမီးဂီတအဖွဲ့တဖွဲ့ ရောက်လာခြင်းက ထူးခြားနေပါတယ်။

နောက်ဆုံးတော့ ဘာဖြစ်ဖြစ် ”သွားကြည့်မှ သိရမှာပေါ့လေ” ဆိုတဲ့သတင်းသမားထုံးကို နှလုံးမူရင်း အော်စလိုနဲ့ ၁၅ ကီလိုမီတာလောက် ဝေးတဲ့ ဆန်ဗီကာ (Sandvika) မြို့ကလေးဆီ သြဂုတ်လ ၂၉ ရက် ညနေ ၆ နာရီ ကျော်ကျော်လေးမှာ ကျနော်ရောက်သွားပါတယ်။ သူတို့အဖွဲ့အကြောင်း မှတ်တမ်း ရုပ်-သံ (Documentary Film) ပြမယ့် နေရာလို့ကြော်ငြာထားတဲ့ ကမ်းခြေမြို့ကလေးရဲ့ ရေလက်ကြားဘေးနားက Musikkflekken ခန်းမဆီ ကျနော်ရောက်ချိန်မှာ ပရိသတ်ကသိပ်မရှိသေးပါဘူး။

သြဂုတ်လကုန်ဆိုတော့ နော်ဝေရာသီဥတုက နွေကနေ ဆောင်းဦးကာလဆီ ပြောင်းစပြုနေပြီ၊ ရေလက်ကြား တလျောက် သစ်ပင်တွေပေါ်က သစ်ရွက်တချို့ အ၀ါရောင်သမ်းစပြုနေပါပြီ။ ကံကောင်းထောက်မစွာနဲ့ ဒီနေ့ မိုးမရွာဘဲ နေသာနေတဲ့အတွက် လူအတော်များများက ရုံထဲမ၀င်ဘဲ အပြင်ကခုံတန်းနဲ့ ရေပြင်ပေါ်က ဖောင်ပေါ် စားသောက်ဆိုင်မှာ ထိုင်ပြီး ကုန်ဆုံးတော့မယ့် နွေရဲ့ အရသာကို ခံစားနိုင်ဖို့သာ ဆန္ဒ စောနေကြတာ တွေ့ရပါတယ်။

ဥရောပ မြောက်ပိုင်းက မြို့ငယ်လေးတခုရဲ့ သဘာဝအလှကို ငေးမောပြီး ရုံထဲဝင်လိုက်တော့ မှတ်တမ်း ရုပ်ရှင်က ၇၅ မိနစ်တောင် ကြာမယ်တဲ့။ ကျနော်က သူတို့အကြောင်း မိတ်ဆက်တဲ့ ရုပ်-သံ မှတ်တမ်းတို လေး ၁၀ မိနစ်လောက် ပြမယ်လို့ပဲ ထင်ထားခဲ့တာ။ တနာရီကျော်တောင် ကြာမယ်ဆိုတော့ ပျင်းစရာကြီး။ ဒါနဲ့ ကျနော့် ဘေးနားက ခုံမှာထိုင်နေတဲ့ နော်ဝေနိုင်ငံသားတဦးနဲ့ စကားစမြည် ပြောဖြစ်ခဲ့ပါတယ်။

”အပြောင်းအလဲ တွေကတော့ တဖြည်းဖြည်းချင်း ဖြစ်လာမှာပါ။ ကျနော်ကတော့ မြန်မာလူငယ်တွေ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ၀န်ဆောင်မှု ကျွမ်းကျင်လာအောင် ရန်ကုန်နဲ့ မန္တလေးမှာ သင်တန်းတွေ ပေးနေပါတယ်” လို့ အဲဒီပုဂ္ဂိုလ်က ပြောပါတယ်။

အင်း ဒါလဲ အပြောင်းအလဲ တခုပါပဲ။ ဘာကြောင့်လဲဆိုရင် အရင်က ကျနော်တက်ဖူးခဲ့သမျှ မြန်မာနိုင်ငံဆိုင်ရာ အခမ်းအနားတွေမှာ ဒီလိုစီးပွားရေးသမားတွေကို မတွေ့ဘူး။ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေး လှုပ်ရှား သူတွေ၊ NGO ၀န်ထမ်းတွေကိုသာ တွေ့ခဲ့ဖူးလို့ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ ၈ လေးလုံး ၂၆ နှစ်ပွဲတုန်းက မိတ်ဆွေတဦး ပြောဖူးတဲ့ နော်ဝေးတွေရဲ့ စိတ်နေ သဘောထား ပြောင်းလဲသွားပုံအကြောင်း ခေါင်းထဲဝင်လာလို့ တယောက်တည်း ပြုံးမိပါသေးတယ်။
”နော်ဝေမိတ်ဆွေနဲ့တွေ့ရင် အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အခြေအနေ၊ နိုင်ငံရေး အကျဉ်းသား အခြေအနေတွေကို မေးလေ့ရှိပါတယ်။ အခုတော့ အဲဒီလို မဟုတ်တော့ဘူး။ မြန်မာနိုင်ငံက ဘယ်နေရာတွေကို သွားလည်ရင် ကောင်းမလဲဆိုပြီးသာ မေးတော့တယ်” လို့ အဲဒီပုဂ္ဂိုလ်က ဆိုပါတယ်။

ဒါကိုကော ပြောင်းလဲခြင်းတခုလို့ ဆိုသင့်ပါသလား။ မြန်မာ့နိုင်ငံရေးအခြေအနေ တကယ့်ပြောင်းမပြောင်း မသေချာလှသေးပေမယ့် နိုင်ငံတကာရဲ့ မြန်မာနိုင်ငံအပေါ်သဘောထားကတော့ အတော့်ကိုပြောင်းလဲ သွားခဲ့ပါပြီ။ ဒီလိုတွေးလို့ကောင်းတုန်း မှတ်တမ်း ရုပ်ရှင်က စပြတဲ့အတွက် အတွေးစ ပြတ်သွားပါတယ်။ ဆယ်ကျော်သက် ကောင်မလေးတွေအကြောင်း ရိုက်ထားတဲ့ ရုပ်-သံ မှတ်တမ်းက ဘာများထူးမှာလဲဆိုပြီး ထင်ထားပေမယ့် တကယ်တန်းကြည့်လိုက်ရတဲ့ အခါမှာတော့ Tiger Girls ၅ ဦးအကြောင်း မိတ်ဆက် သက်သက် မဟုတ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲလွန် မြန်မာ့နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အခြေနေကို ၂ နှစ်နီးပါးအချိန်ယူ ရိုက်ကူးထားတဲ့ တကယ့်မှတ်တမ်းကြီး ဖြစ်နေပါတယ်။

ပြီးတော့ ရိုက်ကူးသူ၊ ထုတ်လုပ်သူတွေက သြစတေးလျက ပုဂ္ဂိုလ်တွေဆိုတော့ ရိုက်ကွက်တွေ၊ ကင်မရာ အယူအဆတွေ၊ မြန်မာလူမှုဘ၀ရဲ့ တကယ့်သရုပ်မှန်တွေ၊ ပေးချင်တဲ့ သတင်းစကားတွေက တကယ့်ကို ပေါ်လွင်လှပါတယ်။ မြန်မာ့သင်္ကြန်ပွဲတခုမှာ ကောင်မလေး ၅ ဦး သီချင်းဆို ဖျော်ဖြေနေပုံနဲ့ ဇာတ်အိမ်ကို စထားပြီး တဦးချင်းစီရဲ့ မိသားစုဘ၀ အခက်အခဲတွေ၊ လမ်းဘေးဈေးတခုမှာ ၀က်ခေါင်းသုပ် ရောင်းနေရတဲ့ အဆိုတော် မိသားစု အခြေအနေ၊ ဗွက်တွေထ၊ အမှိုက်တွေပွ ဖြစ်နေတဲ့ ရန်ကုန်ပျံကျ ဈေးတန်းမြင်ကွင်း၊ ပြုပြင်ထိမ်းသိမ်းမှု အားနည်းလွန်းလို့ ညစ်ထေး ပေရေနေတဲ့ ရန်ကုန်က တိုက်တန်းတွေ … စတာတွေက ကြည့်ရသူ ပရိသတ်ကိုယ်တိုင် ရန်ကုန်လမ်းကြားတွေထဲ ရောက်သွားသလို ခံစားရပါတယ်။

ဒီလို ဘ၀ကြမ်းကြမ်းနဲ့ ဗိုင်းကောင်းကျောက်ဖိ ဆိုတဲ့ အစဉ်အလာအောက်မှာ နေလာခဲ့ရတဲ့ ဆယ်ကျော်သက် မိန်းကလေး တစုက နိုင်ငံခြားသူတဦးနဲ့တွဲပြီး အင်္ဂလိပ် ဘာသာနဲ့ သီချင်းဆိုဖို့၊ နိုင်ငံတကာဆီ ထိုးဖောက်ဖို့ ကြိုးစားမှုမျိုးဟာ အရင်ကမကြားဖူး၊ မရှိဖူးတဲ့ ဇာတ်အိမ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေဟာ အခုမြန်မာနိုင်ငံမှာ တကယ်ဖြစ်နေပါပြီ။ ဒီအဖွဲ့ကို ဟောလိဝုဒ်က နိုင်ငံတကာအဆင့်မီ အသံသွင်း ကုမ္ပဏီတခုက ဖိတ်ခေါ်ပြီး စာချုပ်ချုပ်လိုက်တဲ့ အတွက် Tiger Girls ၅ ဦးကို ပြည်တွင်းမှာတင်မက ပြည်ပမှာပါ အတော်လူသိများနေပါပြီ။

ဒါပေမယ့် အော်စလိုဝန်းကျင်က မြန်မာ အသိုင်းအ၀န်းကတော့ ဒီပွဲဆီ သိပ်မလာကြပါဘူး။ အားလုံးပေါင်းမှ မြန်မာပရိသတ် ၁၀ ဦးလောက်ပဲ ရှိတာကိုတွေ့ရပါတယ်။ ဘာကြောင့်လဲ။ နိုင်ငံရေး ပဋိပက္ခနဲ့ဆက်စပ်ပြီး နော်ဝေကို ရောက်လာကြသူတွေများလို့ နိုင်ငံရေးမပါတဲ့ ဒီလို သီချင်းဆိုပွဲသက်သက်ကို လာမကြည့်ချင်ကြတာ များလား။ ဆန်ဗီကာမြို့ နှစ်ပတ်လည် ယဉ်ကျေးမှုပွဲရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေကကော မြန်မာနိုင်ငံမှာ ဂီတအဖွဲ့များစွာ ရှိတဲ့ အထဲကမှ ဘယ်လိုစိတ်ကူးတွေနဲ့ Me N Ma အဖွဲ့ကိုမှ အခုလို ရွေးဖိတ်ခဲ့တာလဲ။

”ဒီပွဲတော်မှာ နိုင်ငံတကာ ယဉ်ကျေးမှုကိုထည့်ဖို့ ကျနော်တို့ကြိုးစားနေတာ တနှစ်လောက်ရှိနေပါပြီ။ မြန်မာနိုင်ငံ အတွက်ကတော့ တိုက်တိုက်ဆိုင်ဆိုင် အခု ခင်ဗျားကြည့်ခဲ့တဲ့ မှတ်တန်းရုပ်ရှင်ကို ဒိန်းမတ် TV လိုင်းတခုမှာ ကြည့်မိရာကနေ အခုလို ရွေးချယ်ဖို့ဖြစ်လာတာပါ” လို့ ပွဲစီစဉ်သူ Frode Valland ကပြောပါတယ်။

ပြီးတော့ ဒီပွဲကိုကျင်းပလာတာ ၉ နှစ်ရှိပြေီဖြစ်ပြီး ဒီနှစ်ကျမှ မြန်မာနိုင်ငံက အဖွဲ့တခုကို ပထမဆုံး အကြိမ် ဖိတ်ခေါ်ခြင်း ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ အခုပြတဲ့ မှတ်တမ်း ရုပ်-သံကို လာမယ့် အောက်တိုဘာလ ကျရင် နော်ဝေ TV လိုင်းတွေမှာ ပြသဖို့ရှိတယ်လို့လည်း သူက ပြောပြခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Me N Ma အဖွဲ့ဝင် ၄ ဦးနဲ့ တွေ့ခွင့်ရပါတယ်။ ”ဟ … မှတ်တန်းရုပ်ရှင်ထဲကပုံနဲ့ အပြင်က ပုံတွေကလည်း သိပ်မတူပါလား” ဆိုပြီး ကျနော်က နောက်မိပါတယ်။ တကယ်က ကျနော့်မျက်စိမှားတာ မဟုတ်၊ အခု တွေ့နေရတဲ့ အသက် ၂၀ ၀န်းကျင်သာရှိသေးတဲ့ မိန်းကလေး ၂ ဦးက ခုနက မှတ်တမ်းထဲမှာ မပါဘူးလို့ သိရပါတယ်။ အရင် ၅ ဦးထဲက ကီမီနဲ့ အမွန်းပဲ ကျန်ပြီး အခု အသစ် ၂ ဦး ဖြစ်တဲ့ မွိုင်းမွိုင်းနဲ့ ယိုးယိုကို ထပ်ထည့်ထားတာလို့ သူတို့က ရှင်းပြပါတယ်။ အင်း အနုပညာလောက မှာလည်း နိုင်ငံရေးလောက လိုပဲ အကွဲအပြဲနဲ့ မကင်းပါလားလို့ စဉ်းစားရင်း ပြုံးမိပါသေးတယ်။

ဒီနေ့မြန်မာ့ဂီတ လောကအခြေနေက ဘယ်လိုရှိလဲ၊ မြန်မာနိုင်ငံကလာတဲ့ ဂီတအဖွဲ့ဆိုတော့ ဆိုင်းဝိုင်းတွေ၊ ထိုင်မသိမ်းအင်္ကျီတွေနဲ့များ ကြည့်ရမလားလို့ ဆိုပြီး ကျနော်ကမေးတော့ သူတို့က ရယ်နေပြီး အဲဒီမေးခွန်းကို မဖြေတတ်ဘူးလို့ တဦးကဆိုပါတယ်။ လူဟောင်းတွေဖြစ်တဲ့ ကီမီနဲ့ အမွန်းတို့ကို အသေအချာ မေးကြည့်တော့ ဒီပွဲဟာ သူတို့ရဲ့ ပထမဆုံး ဥရောပခရီးစဉ်ဖြစ်ပြီး အမေရိကားမှာဆိုရင် လော့စ်အိန်ဂျလိစ်နဲ့ နယူးယောက်၊ အာရှမှာ ဆိုရင် ဘန်ကောက်၊ စင်ကာပူ၊ ဟောင်ကောင်တွေမှာ ဖျော်ဖြေပြီးပြီလို့ သိရပါတယ်။

ဒီညအတွက်တော့ သီချင်းဆိုဖို့မရှိဘဲ မနက်ဖြန် စနေညနေမှာ တပွဲဆိုမယ်၊ ပြီးရင် စက်တင်ဘာ ၁၃ ရက် နေ့ကျမှ တခါဆိုမယ်။ နိုင်ငံခြားပွဲတွေ၊ ပြည်တွင်းပွဲတွေ အားလုံးအတွက် လော့စ်အိန်ဂျလိစ်က ထုတ်လုပ်သူက အားလုံး တာဝန်ယူ စီစဉ်ပေးတယ်၊ ဂီတအလုပ်ကို အသက်မွေးဝမ်းကျောင်း အလုပ်တခုအဖြစ် သဘောထားပြီး အချိန်ပြည့် ဆောင်ရွက်နေတယ်လို့ အမွန်းက ပြောပါတယ်။

စကားပြောခွင့်သာရပြီး သူတို့သီချင်းဆိုတာကို ကြည့်ခွင့်မရ ဖြစ်ခဲ့တဲ့ကျနော်ဟာ စနေညနေပိုင်း သီချင်းဆိုပွဲအမီ ဆန်ဗီကာဆီ တခေါက် ပြန်လာရပါသေးတယ်။ မနေ့က သောကြာဆိုတော့ လူတွေအလုပ် မအားလို့ သိပ်မလာ ကြတာ ဖြစ်မယ်။ ဒီနေ့တော့ မြန်မာပရိသတ် အတော်များလိမ့်မယ်လို့ ထင်ထားခဲ့ ပေမယ့် မနေ့ကဦးရေထက် သိပ်မပိုပါဘူး။ ဒီနေ့ မိုးရွာနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

နောက်တချက် ကတော့ ရှေ့မှာ တင်ပြခဲ့သလို နိုင်ငံရေး နောက်ခံအခြေနေကြောင့် နော်ဝေးကို ရောက်လာကြတဲ့ မြန်မာအများစုဟာ ဒီလိုပွဲမျိုးဆီ သူတို့လာဖို့ မလိုဘူးလို့ ထင်ထားကြတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် နိုင်ငံရေးနဲ့ဆိုင်တဲ့ ပွဲတိုင်းလိုလိုဆီ သွားနေကြ ကျနော့် မိတ်ဆွေတချို့ကို ဒီပွဲဆီ မသွားဘူးလားလို့ မေးမိတော့ ”ဘာသွားလုပ်မှာလဲ” လို့ ပြန်မေးကြပါတယ်။ အသက် ၄၀ ကျော် ၅၀ တန်း လူတွေနဲ့ ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ သီချင်းဆိုပွဲ ဘာမှမဆိုင်ဘူးလို့ သူတို့စိတ်ထဲ ထင်ထားတာလည်း ဖြစ်နိုင်ပါတယ်။

ကျနော်တို့ ၈၈ မျိုးဆက်ဟာ နိုင်ငံရေးကလွဲရင် ကျန်တာကို သိပ်စိတ်မ၀င်စား ကြတော့ဘူးလား။ ဒါမှမဟုတ် သူတို့နဲ့ ဒီ ဆယ်ကျော်သက် မိန်းကလေးတွေအကြား မျိုးဆက်တခုစာ ကွာခြားသွားတာ ကြောင့်များလား။
မြန်မာနိုင်ငံက ရောက်လာသူတိုင်းကို ဒီမှာရှိတဲ့ မြန်မာ မိသားစုတွေက အားမပေးသင့် ဘူးလား။

အဲဒီလိုတွေးရင်း ဆန်ဗီကာမြို့ ဘူတာကြီးဘေးနားက Me N Ma အဖွဲ့သီချင်းဆိုနေတဲ့ ယာယီ စင်မြင့်ရှေ့ ကျနော် ရောက်လာ ပါတယ်။ သူတို့ရဲ့ ၀တ်စားဆင်ရင်မှုက အနောက်တိုင်း လူငယ်တွေနဲ့ ဘာမှ မကွဲပြား၊ ဆိုနေတဲ့ သီချင်းစာသား ကလည်း အင်္ဂလိပ်တေးသွား၊ နောက်မှာကလည်း ဆိုင်းဘုတ်ကထောင် မထားတော့ ကြိုသာ သိမထားရင် မြန်မာနိုင်ငံက ရောက်လာတဲ့ ဂီတအဖွဲ့လို့ ဘယ်လိုမှ သိဖို့မလွယ်တဲ့ အခြေအနေ မျိုးပါ။

ဒါတွေကိုသိနေလို့ ကျနော့်မိတ်ဆွေတွေ လိုက်မလာကြတာများလား။ ယဉ်ကျေးမှုအဖွဲ့ဆိုရင် ဆိုင်းဝိုင်းတွေ၊ ထိုင်မသိမ်း အင်္ကျီတွေကိုသာ ကျနော်တို့မျိုးဆက်က ပြေးမြင်ရောင်နေဆဲလားလို့ စဉ်းစားနေမိပါတယ်။  အသေအချာ ပြန်စဉ်းစားမယ်ဆိုရင်တော့ အသက် ၄၀ ကျော် ၅၀ တန်းတွေကသာ ဒီလိုစဉ်းစားနေပေမယ့် သူတို့ရဲ့ မျိုးဆက်သစ် နော်ဝေမှာကြီးတဲ့ ဆယ်ကျော်သက်၊ သူတို့ရဲ့ ကလေးတွေ ၀တ်စားဆင်ရင်မှု၊ နေထိုင် ပြောဆိုမှုတွေကတော့ အခု စင်ပေါ်မှာ ကခုန်နေကြတဲ့ Me N Ma အဖွဲ့က ကောင်မလေးတွေနဲ့ ဘာမှ သိပ်မကွာပါ။

ဒီလိုခေတ်ရှေးပြေးပြီး နိုင်ငံတကာတန်းဝင်အောင် ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ ဒီမိန်းကလေးတွေကို ကျနော်တို့ အားမပေးသင့်ဘူးလား။ တချိန်တည်းမှာပဲ Myanmar Girls ဆိုတဲ့ခေါင်းစဉ်နဲ့ ညီအောင် မြန်မာရဲ့ အမှတ်အသား တခုခု၊ ကိုယ်ပိုင် အမျိုးသားလက္ခဏာ Identity တခုခု Me N Ma အဖွဲ့ဆီမှာ ရှိနေဖို့ လိုမနေဘူးလားလို့လည်း တွေးမိပါတယ်။ နောက်တချက်ကတော့ နိုင်ငံရေးအပြောင်းအလဲ လုပ်တဲ့နေရာမှာ မြန်မာ့နည်းမြန်မာ့ဟန်ကို မရရအောင် ထည့်ဖို့ ကြိုးစားလေ့ရှိတဲ့ မြန်မာတွေ၊ ယဉ်ကျေးမှုအပြောင်းအလဲ ကျမှ ဘာကြောင့်များ မြန်မာ့နည်း မြန်မာ့ဟန်ကို မရရအောင်ထည့်ဖို့ မကြိုးစားတာလဲလို့ စဉ်းစားရင်း ဆန်ဗီကာမြို့ကနေ ကျနော် ပြန်လာခဲ့ပါတယ်။




Share

Twitter Delicious Facebook Digg Stumbleupon Favorites More