Saturday, June 28, 2014

ထီးခီးမှာ အထူးစီမံကိန်းကြီးဆောက်မည်။

ထီးခီးစီမံကိန်း စက်တင်ဘာတွင် စဆောက်မည်
Dawei Watch ၊ ထားဝယ်၊ ဇွန် ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းအနီး၌
ထီးခီးဒေသဖွံ့ဖြိုးရေးစီမံကိန်းကို ယခုနှစ် စက်တင်ဘာမှစတင်၍
အကောင်အထည်ဖော်တည်ဆောက်ရန် လျာထားကြောင်း Co Co Light House ကုမ္ပဏီမှ
တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

(ထီးခီးနယ်စပ်ကို ၂၀၁၃ ဇွန်လကတွေ့ရစဉ်)

စီမံကိန်းစတင်ချိန်တွင် အဝေးပြေးကားကွင်း၊ ဓါတ်ဆီဆိုင်၊ ဈေးဆိုင်၊
စားသောက်ဆိုင်နှင့်
တည်ခိုမည့်အဆောက်အအုံ တို့ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

 “အခု စီမံကိန်းလုပ်မဲ့နေရာတွေမှာ မြေပြင်နေပါတယ်”ဟု အထက်ပါ တာဝန်ရှိသူကဆိုသည်။

အဆိုပါစီမံကိန်းကို မြေဧရိယာ ၅၀ ဧကအတွင်း ထိုင်းဘတ် သန်း ၅၀၀
ရင်းနှီးမြှုပ်နှံတည်ဆောက်သွားမည် ဖြစ်ကြောင်း ထိုင်းဘာသာဖြင့်
ရေးသားထားသော  ထိုင်းရတ်သတင်းစာတွင် ဖော်ပြထားသည်။

ယင်းစီမံကိန်း တည်ဆောက်ရန် လိုင်စင်ရရှိသော Co Co Light House ကုမ္ပဏီ၊
ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားပြု Noble prince ကုမ္ပဏီ နှင့်
ထိုင်းနိုင်ငံအခြေစိုက် Siamvattanakit Group ကုမ္ပဏီတို့
ထီးခီးဒေသဖွံ့ဖြိုးရေးစီမံကိန်း နားလည်မှုနှင့်
ပူးပေါင်းဆောင်ရွက်မှုသဘောတူညီမှု လက်မှတ်ရေးသည့် အခမ်းအနားကို
ထီးခီးနယ်စပ်အနီးရှိ အလယ်စတိုကျေးရွာ တွင် ဇွန်လ ၁၃ ရက်နေ့တွင်
ပြုလုပ်ခဲ့ပြီး ဇွန်လ ၁၄ ရက်နေ့တွင် ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ပြုလုပ်ခဲ့သည်။


စီမံကိန်း တည်ဆောက်ရန် အချိန်တစ်နှစ်ကြာမည်ဖြစ်ပြီး ယခုအချိန်တွင်
ထိုင်းနှင့် မြန်မာ အလုပ်သမားများနှင့် စက်ကိရိယာများ စီမံကိန်းဒေသတွင်
စတင်နေရာယူနေပြီဖြစ်ကြောင်း Siamvattanakit Group ကုမ္ပဏီ၏ အမှုဆောင်
အရာရှိချုပ် မစ္စတာ ချိုင်ယုကို ကိုးကား၍ ထိုင်းရတ် သတင်းစာတွင်
ဖော်ပြထားသည်။

ယင်းစီမံကိန်း၌ ဗဟိုဈေးကြီး၊ ကားအရောင်းပြခန်း၊ အားကစားခန်းမ၊ ဒေသဈေး
(local market)၊ အစားအသောက်ဆိုင်၊ ဆောက်လုပ်ရေးပစ္စည်းအရောင်းပြခန်း၊
ဈေးဝယ်စင်တာ၊ ဆီ(သို့)ဂက်စ် အရောင်းဆိုင်၊VIP နားနေအဆောက်အဦး၊ ရဲဌာန၊
ဟိုတယ်၊ ကားကွင်း၊ အစိုးရရုံးနှင့်
အကောက်အခွန်မဲ့ ပစ္စည်းရောင်းသည့် အဆောက်အအုံတို့ကို တည် ဆောက်မည်ဟု
စီမံကိန်းအချက်အလက်များအရသိရသည်။

ထီးခီးဒေသဖွံ့ဖြိုးရေးစီမံကိန်းကို အလယ်စတိုနှင့်
ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းအကြားနေရာ၌ တည်ဆောက်မည်ဟု သိရသည်။

ဆယ်သိန်းပေးမဲ့ မီဒီယာသင်တန်းကို စိတ်ဝင်စားကြသလား။

ငြိမ်းချမ်းရေးအတွက် သတင်းမီဒီယာမြှင့်တင်ရေး

အသေးစားထောက်ပံ့ကြေးအစီအစဉ် (၂ )

အင်တာနယူးစ် (မြန်မာ) သည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ ပဋိပက္ခများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ ပိုမိုကောင်းမွန်စွာ ပေါ်ထွက်လာစေရေး ရှေးရှု၍ သတင်းမီဒီယာမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် သတင်းမီဒီယာသမားများနှင့် မီဒီယာအဖွဲ့အစည်းများအတွက် အသေးစားထောက်ပံ့ကြေးအစီအစဉ်လည်း ပါဝင်သည်။

အစီအစဉ် ဦးတည်ချက်များမှာ - ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာသတင်းများ ပိုမိုရေးသားလာစေရန်၊ သတင်း အရည်အသွေး ပိုမိုကောင်းမွန်လာစေရန်၊ ငြိမ်းချမ်းရေးနှင့်ပဋိပက္ခသတင်းများကို နားလည်သဘော ပေါက်စွာ ရေးသားတင်ပြမည့် သတင်းသမားများပေါ်ထွက်လာစေရန်နှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ပြည်သူလူထု၏ ပါဝင်နိုင်မှု အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရန် ဖြစ်သည်။ သို့ဖြစ်၍ ထောက်ပံ့ကြေးရယူရန်အတွက် အကျုံးဝင်သည့် ဆောင်ရွက်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

1.    ပုံနှိပ်၊ အသံလွှင့် (ရေဒီယိုနှင့်ရုပ်သံ)၊ အွန်လိုင်းမီဒီယာတစ်ခုခုတွင် ဖော်ပြမည့် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာသတင်း၊ ဆောင်းပါး၊ ဓါတ်ပုံသတင်းစသည့် မီဒီယာရေးသားထုတ်လုပ်မှုများအတွက် ဆောင်ရွက်မှုများ (ဥပမာ- သွားလာရခက်ခဲသောဒေသများသို့ အရောက်သွား၍ သတင်းရယူတင်ပြခြင်း)၊ ရေးသားထုတ်လုပ်မှုများကို မိမိတို့လက်ရှိလုပ်ကိုင်နေသည့် မီဒီယာများမှတဆင့် ပရိသတ်ထံ တင်ပြရမည် ဖြစ်သည်။

2.    ငြိမ်းချမ်းရေးနှင့်ပဋိပက္ခသတင်းများကိုတိကျမှု၊ မျှတမှု၊ ခိုင်မာမှု၊ ဘက်မလိုက်မှု စသည့် သတင်း အရည်အသွေးများနှင့်အညီရေးသားတင်ပြမည့် သတင်းသမားများအတွက် စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း(ဥပမာ-အကြီးတန်းသတင်းသမားများက အငယ်တန်းသတင်းထောက် များအား ပဋိပက္ခကိုဂရုပြုနားလည်စွာသင်တန်းများ ပြန်လည်ပို့ချခြင်း)။

3.    မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ပြည်သူလူထု၏ ပါဝင်နိုင်မှု အခန်းကဏ္ဍကို မြှင့်တင်ပေးမည့် အရပ်ဖက်အဖွဲ့အစည်းများနှင့် မီဒီယာများအကြား ချိတ်ဆက်မှု ပိုမိုကောင်းမွန်စေမည့် လုပ်ငန်းများ (ဥပမာ - အရပ်ဖက်အဖွဲ့အစည်းများ နှင့် မီဒီယာများတွေ့ဆုံပွဲ)။

အထက်ပါ လုပ်ငန်းများနှင့် ဘောင်ဝင်မည့် ဆောင်ရွက်မှုများအတွက် မီဒီယာသမားများ တစ်ဦးချင်းအနေဖြင့်ဖြစ်စေ (နှစ်ဦးပေါင်း ဆောင်ရွက်လျှင်လည်းရပါသည်။)၊ အဖွဲ့အစည်းအနေဖြင့်ဖြစ်စေ လျှောက်ထားနိုင်သည်။ ငွေကြေးအမြတ်အစွန်းအတွက် ဆောင်ရွက်ခြင်းမဟုတ်သည့် အဖွဲ့အစည်း (Non-profit making) ဖြစ်ရပါမည်။ အဖွဲ့အစည်းသည် မြန်မာနိုင်ငံတွင် အခြေစိုက်ရမည်ဖြစ်ပြီး တစ်ဆင့်ခံမဟုတ်ဘဲ မိမိကိုယ်တိုင်အကောင်အထည်ဖော်သည့် အဖွဲ့အစည်း ဖြစ်ရပါမည်။

စိတ်ဝင်စားသူများအနေဖြင့်ပူးတွဲပါ(အဆိုပြုလွှာ) ပုံစံဖြည့်စွက်၍ အောက်ပါ E-Mail လိပ်စာသို့ပေးပို့ လျှောက်ထားနိုင်ပါသည်။

KoPyiTheinKhine (Assistant Grants Administrator) pkhine@internews.eu



လျှောက်ထားသူများသိရှိရန်နှင့် လိုက်နာရမည့် အချက်အလက်များ

အဆိုပြုလွှာတင်ပြီးသည့်နောက်ပိုင်းတွင် သိရှိလိုသောကိစ္စများကိုpkhine@internews.euသို့ စုံစမ်းနိုင် ပါသည်။

တင်ပြလာသောအဆိုပြုလွှာများအား အောက်ပါအချက်အလက်များနှင့်အညီရွေးချယ်စိစစ်ပြီး E-Mail ဖြင့် ပြန်လည်အကြောင်းကြားမည်ဖြစ်သည်။

1.    အဖွဲ့အစည်းဖြစ်ပါက အဖွဲ့အစည်းစွမ်းရည်နှင့် ဘဏ္ဍာရေးနောက်ခံအခြေအနေ၊

2.    အဆိုပြုလွှာတွင်ပါဝင်သည့် ဆောင်ရွက်မည့်လုပ်ငန်းများမှ Grant အစီအစဉ် ဦးတည်ချက်ကို အကျိုးပြုနိုင်မှု၊

3.    ဆောင်ရွက်မည့် လုပ်ငန်း၏ အကျိုးသက်ရောက်မှု၊

4.    ကုန်ကျစရိတ်နှင့်ကာမိသော ထိရောက်မှု၊

တောင်းခံနိုင်သည့် ထောက်ပံ့ကြေးငွေ ပမာဏ

အနည်းဆုံး ကျပ်တစ်သိန်း(၁၀၀,၀၀၀/-)မှ အများဆုံး ကျပ်ဆယ်သိန်း (၁,၀၀၀,၀၀၀/-)။

လျှောက်ထားသူသည် တစ်ကြိမ်လျှင် အဆိုပြုလွှာတစ်ခုသာ လျှောက်ထားခွင့် ရှိသည်။

ရွေးချယ်ခံရသောသူများအနေဖြင့်Internews Europe နှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုး ပြီးသည့်အချိန်တွင် ထောက်ပံ့ကြေးငွေ၏ ၅၀% ရရှိမည်ဖြစ်ပြီး၊မိမိလုပ်ငန်း အစီရင်ခံစာများအား Internews Europe မှ လက်ခံရရှိအတည်ပြုပြီးမှသာ ကျန်ထောက်ပံ့ကြေးအား ရရှိမည်ဖြစ်သည်။

ထောက်ပံ့ကြေး အစီအစဉ်ဖြင့် သတင်းရယူရန် ခရီးစဉ်ရှိသော သူများအား တစ်နေ့တာအတွက် စားသောက်စရိတ်နှင့် မြို့တွင်းသွားလာစရိတ်မှာ ကျပ်တစ်သောင်း(၁၀,၀၀၀/-)ဖြစ်ပါသည်။ (ယင်း အတွက် မူရင်းဘောက်ချာအားပေးပို့ရန် မလိုပါ။)

အခြားသော ကားလက်မှတ်ခ၊ တည်းခိုခန်းခ အစရှိသည့် ကုန်ကျစရိတ်များအတွက် ပြန်လည်တင်ပြရာတွင် မူရင်းဘောက်ချာဖြတ်ပိုင်းများကို ပေးပို့ရမည်ဖြစ်သည်။

လုပ်ငန်းကာလ

အဆိုပြုသောလုပ်ငန်းကာလမှာသုံးလထက် မပိုရပါ။

အဆိုပြုလွှာပေးပို့ရန် နောက်ဆုံးရက်

ဂျူလိုင်လ ( ၂၅ ) ရက်နေ့ ၂၀၁၄ခုနှစ်။

(ပေးပို့လာသော လျှောက်လွှာများအား စိစစ်ရေးကော်မတီမှ ဦးရာလူအလိုက်အပတ်စဉ် စိစစ်ရွေးချယ်သွားမည် ဖြစ်သည်။)

Thursday, June 26, 2014

တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ (အပိုင်း ၁၆)

သံရုံးသိမ်း သေနတ်သမားနှင့် ဒုတိယအကြိမ် အင်တာဗျုးရခြင်း

ထူးထူးရှယ် အင်တာဗျုး ပို့ပြီးလို့ အိမ်ပြန်ဖို့ပြင်နေတုန်း ကိုဝင်းနိုင်ဦးဆီက ဖုန်းဝင်လာပါတယ်။ ''ဆော ရီးဗျာ ဟေ့လူ။ ခင်ဗျားပို့ထားတဲ့ ဖွိုင်ကိုမှားပြီး Delete လုပ်မိလို့၊ ပြန်ပို့ပေးပါဦး'' တဲ့။ သေပြီဆရာပေါ့။ အဲဒီအချိန်က အခုခေတ်လို အသံဖွိုင်ကို ကွန်ပျူတာပေါ်တင်၊ Cool edit ပရိုဂရမ်နဲ့တည်းဖြတ်၊ အီးမေး လ်နဲ့ပို့တဲ့ အဆင့်မရှိသေးပါ။ တယ်လီဖုန်းကတဆင့် ထွက်လာတဲ့အသံကို ကြိုးနဲ့သွယ်ပြီး Sony MD ထဲ မှာ Record လုပ်၊ အဲဒီအသံကို အဲဒီရီကော်ဒါထဲမှာပဲ အကြမ်း Edit လုပ်၊ ပြီးရင် တယ်လီဖုန်းနဲ့ပြန် ချိတ်ပြီး အော်စလိုရုံးက ဖုန်းခေါ်လာချိန်မှာ ဒီတိုင်းပို့ရတဲ့အခြေနေပါ။

(သံရုံးသိမ်းသေနတ်သမား ကိုဂျော်နီကို အဲဒီအချိန်ကတွေ့ရစဉ်)

အယ်ဒီတာကို ပြန်အပြစ်ပြောဖို့ကလည်း ခပ်ခက်ခက်။ ဒီတော့ ရီကော်ဒါကိုပြန်ဖွင့်၊ အသံရှိတဲ့နံပါတ် တွေကို ပြန်ရှာ၊ တယ်လီဖုန်းနဲ့ပြန်ချိတ်ပြန်ပို့ရပြန်ပေါ့။ တယ်လီဖုန်းဆိုလို့ အဲဒီအချိန်ထိ တယ်လီဖုန်းနဲ့ ရီကော်ဒါကြားမှာချိတ်ဆက်ပေးတဲ့ ကြားခံကြိုး (adapter) မရှိသေးပါ။ ဒီတော့ ဗျုရိုတာဝန်ခံ ကိုခင် မောင်ဝင်း ကိုယ်တိုင်တီထွင်ထားတဲ့ တယ်လီဖုန်းကို အပေါက်ဖောက်ပြီး ကြိုးနဲ့ချိတ်ထားတဲ့ လက်လုပ် ကိရိယာနဲ့ ချိတ်ဆက်ပို့ရပါတယ်။ တခါတလေ အချိတ်အဆက်အဆင်မပြေရင် ''ဂျစ်စ်စ်...'' ဆိုတဲ့အသံ က ပါနေတတ်တဲ့အတွက် အတော်စိတ်ပျက်ဖို့ကောင်းပါတယ်။

ဒုတိယအကြိမ် အသံပို့မှုအပြီးမှာတော့ ဘတ်စ်ကားတိုးစီးပြီး အိမ်ပြန်လာပါတယ်။ အဲဒီခေတ်က အင် တာနက်မတွင်ကျယ်သေး၊ လက်ပတော့တွေ၊ အိုင်းပက်တွေ ခေတ်မစားသေးတော့ ရေဒီယိုအသေး လေးနဲ့ပဲ DVB ကို နားထောင်ရပါတယ်။ ဘတ်စ်ကားပေါ်မှာ ရေဒီယိုဖွင့်ပြီး Earphone နဲ့နားထောင် နေတဲ့ ကျနော်ကို ထိုင်းတွေကတော့ အထူးအဆန်းကြည့်နေမှာပေါ့။ မတတ်နိုင်။ ကိုယ်ပို့လိုက်တဲ့ သ တင်းကို ဘယ်လိုလွှင့်သလဲဆိုတာသိချင်တော့ ည ၆ နာရီခွဲ ပထမအကြိမ်အသံလွှင့်ချိန်အမီ ကားပေါ် မှာပဲ ဖြစ်သလို နားထောင်လိုက်ရပါတယ်။

ဒါပေမယ့် အဲဒီအချိန် DVB ရေဒီယိုအသံက သိပ်ကြည်လင်သေးတာမဟုတ်။ အိမ်မှာတိုင်ထောင်ပြီး ဖမ်းရင်တောင် မနည်းဖမ်းနေရတာဆိုတော့ ဘတ်စ်ကားပေါ်မှာဆိုရင် အခြေနေက ပိုဆိုးတာပေါ့။ အိမ် ခန်းရောက်ပြီးလို့ တခြားရေဒီယိုတွေဖြစ်တဲ့ VOA, RFA, BBC ရေဒီယိုတွေကို နားထောင်တော့ ဘယ် ရေဒီယိုကမှ ကိုဂျော်နီနဲ့ အင်တာဗျုးမရ။ ကိုယ်တယောက်တည်း ထူးထူးခြားခြားရတာပါလားဆိုပြီး ဂုဏ်ယူ ချင်စရာကြီး။ (ဒါပေမယ့် နောက်ပိုင်းမှပြန်သိရတာက ဒီလိုထူးထူးခြားခြားတဦးတည်းက သေ နတ်သမားနဲ့ အင်တာဗျုးရတာဟာ မတော်တဆရတာမဟုတ်ပဲ နဂိုကတည်းက အချိတ်အဆက် ရှိလို့ဖြစ်မယ်။ ကြံရာပါဖြစ်နိုင်တယ်ဆိုပြီး စွပ်စွဲမှုတွေ ရှိလာခဲ့ပါတယ်)။

အဲဒီလို ဂုဏ်ယူဖို့ပြင်နေတုန်း ည ၉ နာရီ ဒုတိယအကြိမ် (ဒုတိယအကြိမ်က အသံနည်းနည်း ပိုကြည် လင်ပါတယ်) အသံလွှင့်ချိန်အပြီးမှာတော့ တခြားရေဒီယိုတွေက လုပ်ဖော်ကိုင်ဖက်တွေနဲ့ နယ်စပ် တကျောရှိ ABSDF ခေါင်းဆောင်တွေက ကျနော်ဆီဖုန်းခေါ်လာကြပါတယ်။ ''ကိုဂျော်နီနဲ့ ဘယ်လို အင် တာဗျုးရလဲ။ ဖုန်းနံပါတ်ရှိရင် ပေးပါ'' ပေါ့။ အဲဒါမှ ဒုက္ခ။ ရဲဘော်ရဲဘက်တွေ၊ မိတ်ရင်းဆွေရင်းတွေ ဆိုတော့ မပေးလို့ကလည်းမကောင်း။ ပေးလိုက်ပြန်ရင်လည်း ကိုယ်တဦးတည်းသာ ထူးထူးခြားခြားရ ထားတဲ့ သတင်းဆို့စ်ကို သူများဆီအလားကားပေးသလိုဖြစ်သွားနိုင်ပါတယ်။

''ဟောဒီနံပါတ် ၂ ခုကိုသာခေါ်ကြည့်ပါ။ အဲဒီထဲက တလုံးလုံးနဲ့ရတယ်။ ဘယ်နံပါတ်လဲတော့ ကျနော် လည်း အတိအကျမမှတ်မိဘူးဖြစ်နေတယ်'' လို့ပြောပြီး တကယ်ခေါ်လို့ရတဲ့ နံပါတ်နဲ့ မရတဲ့နံပါတ် ၂ ခုစလုံး ရေးပေးလိုက်ပါတယ်။ ပြီးတော့မှ ဒီလူတွေမခေါ်ခင် တခါလောက်ထပ်ခေါ်ကြည့်ဦးမှဆိုပြီး နေ့လယ်ကခေါ်တဲ့ နံပါတ်ကို ထပ်ခေါ်မိပါတယ်။

လိုင်းမအားတာ၊ ဖုန်းမကိုင်တာနဲ့ပဲ တိုးနေလို့ လက်လျှော့လိုက်ရပါတယ်။ ဒါပေမယ့် ည ၁ နာရီနီးပါး လောက်မှာတော့ တစုံတယောက်က ဖုန်းလာကိုင်ပါတယ်။ ကိုဂျော်နီပါပဲ။ နေ့လယ်က ဗျုးထားပြီးသား ဆိုတော့ သိပ်မိတ်ဆက်စရာမလိုတော့။ အခြေနေကလည်း မနက်ဖြန်ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ် လိုမှ ကြိုမသိနိုင်တော့ သူတို့ကိုယ်သူတို့ သေလူအဖြစ်သဘောထားပြီး ပြောချင်တာအကုန်ပြောတော့ တာပါပဲ။ ကျနော်စိတ်ထဲမှာလည်း မနက်ဖြန်သေတော့မယ့် လူတွေဆီကနေ ဒီလိုအသံတွေ ယူထားရ တာကို ဂုဏ်ယူစရာလား။ လိုချင်ဇောသိပ်များနေသလား။ သတင်းကျင့်ဝတ်ဖောက်ရာကျမလား မဝေ ခွဲတတ်ပါ။

“ကျနော်လည်း AB ရဲဘော်ဟောင်းပါပဲ။ ကျနော်တို့ ရှေ့တန်းမှာတိုက်နေတာ နှစ်တွေကြာခဲ့ပေမယ့် ဘာမှ မထူးလာဘူးဗျာ၊ ပွန်း (စစ်တုရင် ကစားပွဲမှ စစ်သည်ရုပ်) တွေနဲ့ တိုက်နေလို့ ဘာမှမထူးဘူး၊ Key တွေ၊ ထိပ်မှာထိုင်ပီး အမိန့်ပေးနေသူတွေကို ရှင်းပစ်နိုင်မှ မြန်မာနိုင်ငံအခြေနေက ပြောင်းမှာဗျ” လို့ ကိုဂျော်နီက ပြောပါတယ်။

သူတို့ သံရုံးထဲရောက်စဉ်မှာ သံအမတ်ကြီး ဦးလှမောင်နဲ့ နည်းနည်းလေးပဲ ကပ်လွဲသွားတဲ့အကြောင်း။ ဒီလူကိုမိရင်တော့ တခါတည်း ပစ်သတ်မယ်ဆိုတဲ့အကြောင်း၊ ပြီးတော့ နယ်စပ်ကတော်လှန်ရေးအဖွဲ့ တွေဟာ ဒီလို ပစ်မှတ်ရွေးချယ်တိုက်ခိုက်တာကိုမလုပ်ပဲ၊ စစ်မတိုက်ဘဲ ဆယ်မီနာတွေ၊ အစည်းဝေး တွေပဲ လုပ်နေကြပြီး အချိန်ဖြုန်း၊ ငွေဖြုန်း လုပ်နေကြတယ်လို့ ကိုဂျော်နီက ရင်ဖွင့်ပါတယ်။

ပြီးတော့ မနက်ဖြန် မနက် ၈ နာရီမှာ ရဟတ်ယာဉ်တစီး ပို့ပေးဖို့ ထိုင်းအာဏာပိုင်တွေဆီ တောင်းဆို ထားတဲ့အကြောင်း၊ အဲဒါအဆင်ပြေရင် ဓားစာခံတွေနဲ့အတူ နယ်စပ်စခန်းကိုပြန်မယ့်အကြောင်း၊ ထိုင်း ဘက်က ကတည်မတည်ရင်တော့ အားလုံးကိုမိုင်းခွဲပြီး အသေခံသွားမယ်ဆိုတဲ့အကြောင်း စသဖြင့် သူ ရင်ထဲမှာ ရှိသမျှ။ သူပြောချင်သမျှကို နောက်ဆုံးနေ့အဖြစ် သဘောထားပြီး ကိုဂျော်နီက ကျနော်ကို အကုန်ပြောပြသွားခဲ့ပါတယ်။

သံရုံးရှေ့အထိ သတင်းသွားယူခြင်း


ကိုဂျော်နီနဲ့ ကျနော်စကားပြောဖြစ်တဲ့အချိန် ၁ နာရီနီးပါးတောင် ကြာမယ်လို့ ထင်ပါတယ်။ အဲဒီအသံ တွေကို အက်ဒစ်မလုပ်ပဲ အော်စလိုရုံးဆီ တခါတည်းပို့လိုက်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က မနက် ပိုင်း အသံလွှင့်ချိန်မရှိသေးတော့ ဘာမှမထူး။ နောက်တနေ့ညနေ အသံလွှင့်ချိန်အထိ ထိုင်စောင့်ပေါ့။ အသံတွေပို့ပြီးလို့ တရေးလောက်အိပ်ပျော်သွားပေမယ့် မနက်အရုဏ်တက်ချိန်မှာ ပြန်နိုးလာပါတယ်။ ကျနော့်စိတ်ထဲ ထိုင်းအထူးတပ်ဖွဲ့က သံရုံးကို အရုဏ်တက်ချိန်မှာ ၀င်စီးလိမ့်မယ်လို့ ထင်ထားပေမယ့် ဘာအသံမှ မကြားရပါ။

(ပြန်လွတ်လာတဲ့ ဓားစာခံတွေက VBSW အဖွဲ့ကို ထောက်ခံကြောင်းပြနေစဉ်)

ဒီတိုင်းဆိုရင်တော့ ကိုဂျော်နီတို့ဘက်က တောင်းထားတဲ့ ရဟတ်ယဉ်ကို ထိုင်းဘက်က လိုက်လျော မယ့် သဘောပေါ့။ ဘာလက်မှတ်မှမရှိလို့ သံရုံးရှေ့ မသွားရဲဖြစ်နေတဲ့ ကျနော်ဟာ မနေ့ညက ကို ဂျော်နီ ပြောထားတဲ့ စကားတွေကို နားထောင်ရင်းနဲ့ ရဲဆေးဝင်လာပါတယ်။

“ဒီလူတွေက အသက်နဲ့ရင်းပြီးလုပ်နေချိန်မှာ ငါက ရဲအဖမ်းခံရမှာစိုးလို့ သံရုံးရှေ့ မသွားရဲဘူးဆိုတာ မ ဟုတ်သေးပါဘူး” လို့ တွေးပြိး မနက် ၈ နာရီလောက်မှာ မြန်မာသံရုံးရှေ့ဆီ ကျနော်ရောက်လာပါ တယ်။ သံရုံးရှေ့က ဆွန်ထွန်းလမ်းမကြီးရော၊ သံရုံးဘေးတဖက်တချက်က လမ်းကြားတွေအားလုံးကို ပိတ်ထားပေမယ့် တက္ကစီသမားက အနီးဆုံးနေရာအထိ ကျနော့်ကို လိုက်ပို့ပေးပါတယ်။ ကိုဂျော်နီတို့ လုပ်ရပ်ကိုလည်း တက္ကစီသမားက ဂုဏ်ယူနေပြီး ''ဒီး ဒီး'' လို့ လက်မထောင်ပြနေပါတယ်။

သံရုံးရှေ့ မိုးပျံရထားလမ်းအောက်က ကွန်ကရစ်တုံးတွေကို အကာကွယ်ယူပြီး သံရုံးထဲ ချောင်းကြည့် နေတဲ့ သတင်းထောက်တွေအများကြီး။ ဓာတ်ပုံ၊ ဗွီဒီယိုသတင်းထောက်တွေအတွက်က ပုံရဖို့က အဓိ က မဟုတ်ပါလား။ အဲဒီအချိန်က DVB မှာ တီဗွီ မရှိသေးလို့ ကင်မရာသမားတွေရဲ့ ဒုက္ခကို ကျနော် ကိုယ်ချင်းမစာတတ်သေး။ ကင်မရာသမားတွေနဲ့စာရင် ရေဒီယိုသတင်းထောက်က ပစ်ကွင်းနဲ့ နည်း နည်းပိုဝေးပါတယ်လို့ ထင်မိပါတယ်။

အဲဒီလိုတွေးနေတုန်း ရဟတ်ယဉ်တစီးက သံရုံးထဲဆင်းဖို့ ရောက်လာပါတယ်။ ဒါပေမယ့် သံရုံးက အလံ တိုင်ကြီးခံနေလို့ဆိုပြီး အလံတိုင်ကို ခုတ်လှဲလိုက်ပါတယ်။ ဒါလည်း ရဟတ်ယဉ်ကဆင်းဖို့ အဆင်မပြေ ပြန်ဘူး။ ဒီလိုနဲ့ သံရုံးရဲ့ လမ်းတဖက်ခြမ်း ခရစ်ယာန် ဘုရားကျောင်းဝင်းထဲမှာ ရဟတ်ယာဉ်ဆင်းမယ်။ အဲဒီအထိ သံရုံးထဲက သေနတ်သမားတွေနဲ့ ဓားစားခံတွေကို ကားနဲ့ခေါ်သွားမယ်လို့ ကြားရပြန်ပါ တယ်။ ကြားရတယ်ဆိုတာ ကျနော်ဘေးနားမှာရှိတဲ့ ထိုင်းနဲ့ အနောက်တိုင်း သတင်းထောက်တွေ ပြော နေတာကို ကြားရတာပါ။ ကျနော်ကိုယ်တိုင်ကတော့ ခေါင်းထောင်ပြီး သိပ်ကြည့်ရဲသေးတာမဟုတ်။

ပေါင်မုန့်ကား ၂ စီး အရှိန်ပြင်းပြင်းနဲ့ သံရုံးထဲကနေ မောင်းထွက်လာပြီး ရဲကားရဲ့ ဦးဆောင်မှုနဲ့ ဘုရား ကျောင်းဘက်မောင်းသွားတာကို မြင်လိုက်ရပါတယ်။ လမ်းဘေးတလျှောက်ကြည့်နေကြတဲ့ ပရိသတ် ကြီးက လက်ခုပ်လက်ဝါးတီးလို့။ ဒါပေမယ့် အဲဒီဘုရားကျောင်းဝင်းထဲက ရဟတ်ယာဉ်ရပ်ထားတဲ့နေရာ ဆီသွားတဲ့မြက်ခင်းဟာ ရေ၀ပ်နေတဲ့အတွက် ကားဆက်မောင်းလို့ မရဘူးဆိုပါတယ်။ ဒီလိုနဲ့နောက်ဆုံး တော့ သံရုံးဘက်ပြန်လှည့်ပြီး လုံမနီပန်းခြံဘေးရှိ ရဲသင်တန်းကျောင်းရှေ့က ဘောလုံးကွင်းထဲမှာ ဆင်း မယ်၊ အဲဒီမှာ ဓားစားခံတွေကို လွှတ်ပေးမယ်လို့ သတင်းထွက်လာပြန်ပါတယ်။

သတင်းကြားပြီးတာနဲ့ မိနစ်ပိုင်းအတွင်းမှာပဲ ခုနက ပေါင်မုန့်ကားနှစ်စီးဟာ ရဲအထူးကား၊ ရဲဆိုင်ကယ် တွေခြံရံပြီး ကျနော်တို့ရှိတဲ့ သံရုံးရှေ့လမ်းပေါ်ကနေ လုံမနီဘက်မောင်းသွားပါတယ်။ သံရုံးနဲ့ လုံမနီက ၁ ကီလိုလောက်တောင် ဝေးမလားမသိပါဘူး။ တခြားလူတွေလို လမ်းလျှောက်ပြေးနေရင် ရဟတ်ယာဉ် တက်သွားချိန်အထိ ရောက်မှာမဟုတ်။ ဒီတော့ နီးစပ်ရာ ဆိုင်ကယ်တစီးကိုတားပြီး ရီကော်ဒါကိုပြ၊ သတင်းထောက်ကတ်အတုကိုပြ၊ ထိုင်းလို ဟိုပြောဒီပြောနဲ့ လုံမနီဆီ အမြန်မောင်းခိုင်းရပါတယ်။ ရဲသင် တန်းကျောင်းရှေ့ရောက်တော့ လူတွေကပြည့်ကျပ်နေပြီ။ ခြံဝင်းကိုကျော်ပြီး ၀င်ဖို့မပြောနဲ့ ခြံဝင်းနား ကပ်ဖို့တောင် အသဲအသန်ကြိုးစားနေရပါတယ်။

အဲဒီအချိန်သိရတဲ့ သတင်းတွေအရဆိုရင် ဓားစာခံတွေကို လွှတ်ပေးပြီး ဓားစာခံတွေအစား ထိုင်း ဒု နိုင်ငံခြားရေးဝန်ကြီးက သူတို့နဲ့အတူ တောထဲအထိ လိုက်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကျနော် ရောက်နေတဲ့နေရာက ရဟတ်ယာဉ်နဲ့ ကားနှစ်စီးရပ်ထားတဲ့နေရာနဲ့ နည်းနည်းလှမ်းနေတော့ ဘာမှ သဲ သဲကွဲကွဲမမြင်ရ။ ရဟတ်ယာဉ်ပျံတက်သွားတဲ့အသံနဲ့ ထောင်သောင်းချီတဲ့ ပရိသတ်တွေရဲ့ အော်သံတွေ ကိုသာ ကြားနေရပါတယ်။

ကံကောင်းတာကတော့ သံရုံးရှေ့ ရောက်ကတည်းကနေ အခု ရဟတ်ယာဉ်တက်သွားတဲ့အချိန်ထိ ဖြစ် စဉ်တခုလုံးကို Live ပုံစံနဲ့ Sony MD အသံဖမ်းစက်ထဲ ကျနော်က ပြောထည့်ထားပါတယ်။ ညနေကျရင် အဲဒါကြီးတခုလုံးကို အော်စလိုဆီပို့မယ်ပေါ့။ နောက်ပိုင်းပြန်သိရတာကတော့ အဲဒီညက ကျနော်ပို့ လိုက်တဲ့သတင်းဟာ အတော်လူသိများသွားခဲ့တယ်လို့ ဆိုပါတယ်။ အသံလှိုင်းမကြည်တဲ့ DVB ကို လူတွေခဲရာခဲဆစ် နားထောင်မှု တိုးလာစေတယ်လို့လည်း သိရပါတယ်။ အဲဒီသတင်းဟာ ကျနော့် သတင်းထောက် ဘ၀မှာ ပထမဆုံးပို့ဖူးတဲ့ Live သတင်း ဖြစ်ပါတယ်။

(သံရုံးသိမ်း သေနတ်သမားကိုဂျော်နီနှင့် ဆေးရုံသိမ်းသေနတ်သမား ကိုဗေဒါတို့ကို တောတွင်း ခစန်းတခုမှာတွေ့ရစဉ်)

ရဟတ်ယာဉ် တက်သွားပြီး နာရီဝက်လောက်အကြာမှာ ပြည်ထဲရေးဝန်ကြီးက သံရုံးဘေးရှိ အဆောက် အဦမှာ သတင်းစာရှင်းပွဲ လုပ်ပါတယ်။ အဲဒီရှင်းပွဲအတွက် သတင်းထောက်တွေ စုနေတဲ့အထဲ ဧရာဝတီ အယ်ဒီတာချုပ် ကိုအောင်ဇော်ကိုလည်း တွေ့ရပါတယ်။ သူက အဲဒီ အချိန်မှာ ဧရာဝတီအပြင် RFA အ တွက်ပါ သတင်းပို့နေသူပါ။ နိုင်ငံခြားသတင်းထောက်တွေအကြား အမျိုးမျိုးထင်မြင်ချက်ပေးနေပြီး ရဟတ်ယာဉ်ဟာ မဲဆောက်ဘက်က KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မြရှိတဲ့ နယ်စပ်ဆီသွားတာ ဖြစ်မယ်လို့ ပြော နေကြပါတယ်။

“ဘယ်ဟုတ်မလဲ၊ မဲဆောက်က အဝေးကြီး။ သူတို့က God Army စခန်းရှိတဲ့ ရတ်ချပူရီက ကမာပုလော စခန်းဘက်သွားတာဖြစ်ဖို့များတယ်” လို့ ကျနော် ၀င်ပြောမိပါတယ်။ “မင်းက ဘယ်လိုသိတာလဲ” ဆိုပြီး ကင်မရာတွေက ကျနော့်ဘက် လှည့်လာပါတယ်။ သတင်းထောက်ကနေ သတင်းဖန်တီးသူ ဖြစ်သွား မှာစိုးတာနဲ့ ဟိုလိုလို ဒီလိုလိုပြောပြီး လျှောချလိုက်ရတာကို ကျနော် အမှတ်ရနေပါတယ်။    ။

Friday, June 20, 2014

နေ့တာအရှည်ဆုံးနေ့မှာ သန်းခေါင်ယံနေ ဆီ ခရီးသွားခြင်း

(Video ကို စာဖွိုင်အောက်မှာ ကြည့်ရှုနိုင်ပါတယ်)

ဒီနေ့ ဇွန်လ ၂၁ ရက်နေ့ဟာ နော်ဝေးအပါဝင် အနောက်ကမ္ဘာရဲ့ နေ့တာ အရှည်ဆုံးနေ့ဖြစ်ပါတယ်။ အဂ်လိပ်ဘာသာနဲ့ Summer Solstice လို့ခေါ်ပြီး နော်ဝေးဘာသာနဲ့ Sommersolverv လို့ခေါ်တဲ့ ဒီ နေ့ဟာ တရားဝင်ရုံးပိတ်ရက်မဟုတ်ပေမဲ့ နိုင်ငံအတော်များများမှာတော့ နွေရာသီပွဲတော်၊ Summer Party တွေကျင်းပကြပါတယ်။ နော်ဝေးမှာတော့ မီးပုံပွဲကျင်းပတာကိုတွေ့ရပါတယ်။

(နော်ဝေးမြောက်ပိုင်းမှ သန်းခေါင်ယံ နေ။ ဓာတ်ပုံ- http://en.wikipedia.org)

မြန်မာနိုင်ငံမှာတော့ နေ့နဲ့ညဟာ ၁၂ နာရီစီလောက် အတူတူနီးပါးရှိတဲ့အတွက် နေ့တာအရှည်ဆုံးနေ့တွေ၊ ညတာအရှည်ဆုံးညတွေကို သတိမထားမိပါဘူး။ ဒါပေမယ့် နော်ဝေးမှာတော့ နွေနဲ့ဆောင်းမှာ နေ့အချိန်နဲ့ ညအချိန်ဟာ အတော်ကွာခြားပါတယ်။ ဆောင်းတွင်းမှာ နေ့အချိန်က မနက် ၉ နာရီကနေ ညနေ ၃ နာရီ လောက်အထိ ၆ နာရီဝန်းကျင်သာရှိပေမဲ့ အခုလို နေ့တာအရှည်ဆုံးနွေရာသီမှာဆိုရင် မနက် ၃ နာရီခွဲ လောက်ကနေ ည ၁၀ နာရီခွဲလောက်အထိ ၁၉ နာရီရှိပါတယ်။

ဒါက မြို့တော်အော်စလိုကအခြေနေကိုပြောတာပါ။ မြောက်ဝင်းရိုးစွန်းနဲ့ပိုနီးတဲ့ နော်ဝေးမြောက်ပိုင်းမှာ ဆိုရင် တနေကုန် နေမ၀င်တော့ပဲ ၂၄ နာရီနေသာနေတဲ့အချိန်က ၃ လလောက်ရှိပါတယ်။ ဆောင်းဆို ရင်လဲ နေမထွက်တဲ့ရက်ပေါင်း ၃ လလောက်ရှိတဲ့သဘောပေါ့။

အဲဒီလိုထူးခြားလှတဲ့ နော်ဝေးမြောက်ပိုင်းဆီ ၂၀၀၉ ခုနှစ် ဇွန်လ ၂၂ ရက်နေ့က ကျနော်ရောက်သွားခဲ့ပါ တယ်။ နော်ဝေးမှာနေတာ ၁၀ နှစ်လောက်ရှိနေပြီဖြစ်ပေမယ့် DVB ရုံးခန်းနဲ့ စတူဒီယိုထဲမှာသာ အလုပ် ရှုပ်နေလို့ ပြင်ပကမ္ဘာအကြောင်း၊ သဘာဝအလှအပတွေအကြောင်း ဘာမှမသိခဲ့ရိုးအမှန်ပါ။ ဒီလိုနဲ့ ဒီနှစ်တော့ နော်ဝေးမြောက်ပိုင်းကို ရောက်အောင်သွားလေ့လာဦးမှဆိုပြီး ရုံးက TV ကင်မရာကြီး ကိုဆွဲကာ တကိုယ်တော်ခရီးထွက်လာခဲ့ပါတယ်။

တကယ်တမ်း ပြောမယ်ဆိုရင်တော့ ကျနော်အပါအ၀င် နော်ဝေးရောက် မြန်မာအတော်များများဟာ ၁၀ နှစ်ဝန်းကျင်ကာလအတွင်း ထိုင်းနိုင်ငံဆီ နှစ်ခေါက်သုံးခေါက် (အခုဆိုရင် မြန်မာနိုင်ငံအထိ)၊ အခြား ဥရောပနိုင်ငံတွေဆီ လေးငါးခေါက်လောက် လည်ပတ်ခဲ့ဖူးကြပေမယ့် သဘာဝအလှတွေနဲ့ ကျော်ကြား လှတဲ့ Midnight Sun နေ မ၀င်အရပ်ရှိရာ၊ Northern Light ခေါ် ဆောင်းတွင်းမှာ မြင်ရတဲ့ မြောက်ပိုင်း ရောင်ခြည်ရှိရာ နော်ဝေးမြောက်ပိုင်းဒေသဆီ သွားရောက်လေ့လာဖူးသူ ဆယ်ဂဏန်းတောင် မရှိ သေးပါဘူး။

ဒါကလည်း သဘာဝတရားရဲ့ ဆန်းကြယ်ပုံကို စိတ်မ၀င်စားလို့ဆိုပြီး အပြစ်တင်လို့တော့ မရသေး။ ဈေး ကြီးတာက အဓိကနေရာက ပါနေတယ်လို့ထင်ပါတယ်။ ဥပမာအားဖြင့် နော်ဝေးကနေ ထိုင်းကိုသွား မယ်ဆိုရင် လေယာဉ်ခ ခရိုနာ ၅၀၀၀ (ဒေါ်လာတထာင်) လောက်နဲ့ ကိစ္စပြတ်သွားပြီ။ ဟိုရောက်ရင် အသိ အိမ်တွေမှာတည်း၊ အမျိုးတွေနဲ့တွေ့၊ နောက်ထပ် သိပ်မကုန်တော့ပါဘူး။ အလားတူ အခြားဥရောပ နိုင်ငံတွေကို သွားမယ်ဆိုရင်လည်း လေယာဉ်ခက (၁၀၀၀-၁၅၀၀) ၀န်းကျင် လောက်နဲ့ အဆင်ပြေပါတယ်။ ဒါပေမယ့် နော်ဝေးတောင်ပိုင်းကနေ မြောက်ပိုင်းကိုသွားမယ်ဆိုရင်တော့ လေယာဉ်ခက ၂၀၀၀ ကျော်ကုန် ပါတယ်ယ်။ ဟိုတယ်ခကလည်း တနေ့ (၁၀၀၀) ၀န်းကျင်ကုန်ပါတယ်။ စားစရိတ်နဲ့ တက္ကစီခပါ ပေါင်း လိုက်မယ်ဆိုရင် ထိုင်းခရီးစဉ်တခုစာမက ရှိသွားနိုင်တဲ့အတွက် အဲဒီဒေသဆီ သွားလည်ဖို့ တွန့်ဆုတ်နေကြ တာ ဖြစ်ပုံရပါတယ်။

(နော်ဝေး မြောက်ပိုင်းမြို့တော်Tromsø မြို့။ ဓာတ်ပုံ- http://www.bing.com)

ထားတော့။ ကျနော်ကတော့ အရဲစွန့်ပြီး ခရိုနာ ၅,၀၀၀ ၀န်းကျင် အကုန်ကျခံကာ ၂၀၀၉ ခုနှစ် ဇွန်လ ၂၂ ရက်နေ့က မြောက်ပိုင်းမြို့တော် Tromsø ဆီ ရောက်သွားခဲ့ပါတယ်။ ရှေ့မှာ ပလ္လင်ခံခဲ့တဲ့အတိုင်း နိုင်ငံရေး ကလွဲပြီး ကျန်တဲ့ကိစ္စတွေကိုသိပ်မလေ့လာမိတော့ ဇွန်လ ၂၁ ဟာ နေ့တာအရှည်ဆုံးနေမှန်း ကြိုမသိခဲ့ပါ။ အဲဒီညမှာ Midnight Sun Marathon အပြေးပြိုင်ပွဲရှိတယ်ဆိုတာကိုလဲမသိပါ။ အဲဒီအချိန်က ကျနော် သိတာက Midnight Sun သန်းခေါင်ယံနေ တခုတည်းသာဖြစ်ပါတယ်။

ဒီတော့ ၂၁ ရက်နေ့မှာမသွားပဲ ၂၂ မှသွားတော့ ထူးခြားလှတဲ့ သန်းကောင်းယံ မာရသွန်အပြေးပြိုင်ပွဲကို မမှီလိုက်ပါ။ နိုင်ငံပေါင်း ၅၀ ကျော်က အပြေးသမားတွေရာနဲချီဝင်ပြိုင်ကြတဲ့ပွဲကြီးကို မသိလိုက်ပါ။ Tromsø ဟာ မြို့တော်အော်စလိုနဲ့ ကီလိုမီ တာ ၁၇၀၀ နီးပါး ကွာဝေးပြီး တနာရီကျော်ကြာ လေယာဉ်စီးရပါတယ်။ နေ့တာအရှည်ဆုံးကာလ၊ နော်ဝေးနိုင်ငံရဲ့ အပူဆုံးအချိန်မို့ အော်စလိုမှာတော့ ရေခဲတောင်တွေကို လုံးဝ မမြင်ရတော့ဘဲ သစ်ပင်စိမ်းစိမ်းတွေ၊ မြက်ခင်းစိမ်းစိမ်းတွေကိုသာ နေရာတိုင်းမြင်နေရပါတယ်။

ဒါပေမယ့် မြောက်ပိုင်းဘက်ကို လေယာဉ်ဝင်လာတာနဲ့ မြင်ကွင်းက လုံးဝပြောင်းသွားပါတယ်။ Tromsø မြို့အနီးတ၀ိုက်မှာ ရေခဲတောင်တွေ ရှိနေဆဲဖြစ်ပြီး ရာသီဥတုကလည်း အေးနေဆဲဖြစ်ပါတယ်။ အော်စ လိုမှာနေတဲ့ ပုံစံမျိုးနဲ့ အနွေးထည်ပါးပါးလေးတထည်သာ ယူလာမိတာကိုက ကျနော့်အမှား။ Tromsø လေယာဉ်ကွင်းကို ရောက်တော့ ည ၁၀ နာရီလောက်ရှိနေပါပြီ။ ဘတ်စ်ကားစီးပြီး ဟိုတယ်ကိုသွား၊ ပစ္စည်းတွေနေရာချပြီး ပြန်ထွက်တော့ ၁၁ နာရီကျော်နေပြီ။

ကံကောင်းထောက်မစွာနဲ့ အဲဒီနေ့က ရာသီဥတုကောင်းပြီး နေသာနေဆဲဖြစ်တဲ့အတွက် သန်းခေါင် ယံနေကို ဘယ်နားကနေ သွားကြည့်ရင်ကောင်းမလဲ၊ ဒီအချိန်သွားကြည့်ရင် မီနိုင်သေးလားဆိုပြီး ဟိုတယ် လော်ဘီကောင်တာမှာမေးတော့ “တံတားကြီးရှေ့က ဘုရားကျောင်းကိုသာသွား၊ အဲဒီနေရာဟာ အကောင်းဆုံးပဲ” လို့ ဟိုတယ် စာရေးက အကြံပေးပါတယ်။

ဒါနဲ့ ကင်မရာအိတ်နဲ့ ထရိုင်ပွတ်ကို ကတိုက်ကရိုက်လွယ်ပြီး တံတားထိပ်ဆီ ပြေးရပါတယ်။ တခါမှ မရောက်ဖူးသေးတော့ ဘယ်လောက်ဝေးမှန်းလည်းမသိ။ ဟိုတယ်ကနေ ဒီဘက်တံတားထိပ်ကိုတင် ၁၅ မိနစ်၊ တံတားဒီဘက်ထိပ်ကနေ ဘုရားကျောင်းရှိတဲ့ ဟိုဘက်ထိပ်အထိက ၁၀ မိနစ်ဆိုတော့ ဘုရား ကျောင်းရှေ့မှာ ကျနော်ကင်မရာချိန်နိုင်တဲ့အချိန်ကျတော့ သန်းခေါင်ယံရောက်ဖို့ ၁၅ မိနစ်ပဲ လိုပါတော့ တယ်။

အဲဒီနေရာမှာ ကျနော့်အရင်ရောက်နေသူတွေက အများကြီး။ ဒါပေမယ့် အားလုံးက အပျော်တမ်း ကင်မရာ သမားတွေသာဖြစ်တဲ့အတွက် ကျနော် တီဗွီကင်မရာကြီးကို ထရိုင်ပွတ်ပေါ်တင်ပြီး ထောင်လိုက်တော့ သူတို့ကကျနော့်ကို နေရာဖယ်ပေးကြပါတယ်။ ဒီလိုနဲ့ Tromsø မြစ် အနောက်ဘက်တောင်စွယ်မှာ ကွယ်တော့မလိုလို ဖြစ်နေတဲ့ နေကို အသေအချာရိုက်ခွင့်ရလိုက်ပါတယ်။

သန်းခေါင်ယံမရောက်ခင် ၁၀ မိနစ်အထိ နေက တဖြေးဖြေး နိမ့်ဆင်းလာနေဆဲလို့ ကျနော့်စိတ်ထဲ ထင်နေပြီး ၅ မိနစ်လောက်အလိုမှာတော့ ရပ်တန့်သွားသလို ခံစားမိပါတယ်။ ပြီးတော့ နေက အောက် ကိုဆက်မဆင်းတော့ပဲ နဘေးကို ၁၀ မိနစ်ခန့်ရွေ့သွားပြီး အပေါ်ကို နည်းနည်းပြန်ထောင်တက် လာတယ်လို့ ကျနော့်မျက်စိနဲ့ ကျနော့်စိတ်ထဲ ခံစားမိပါတယ်။

(သန်းခေါင်ယံနေ အဆင့်ဆင့်ပြပုံ။ ဓာတ်ပုံ- http://en.wikipedia.org)

သန်းခေါင်ယံကို ၁၅ မိနစ်လောက် ကျော်ပြီးတဲ့အခါမှာတော့ သန်းခေါင်ယံနေ မှတ်တမ်း ရိုက်ချက်ကို ရပ်နားပြီး ဒီနေကို တကူးတကလာကြည့်ကြတဲ့ ပရိသတ်ကို အင်တာဗျုးလုပ်၊ နောက်တခါ သန်းခေါင်ယံ အချိန်မှာ ဘုရားကျောင်းတက်ပြီး ၀တ်ပြုကြတဲ့ လူတွေကို မှတ်တမ်းရိုက်ပြီး မနက် (၁) နာရီမှာ ဟိုတယ်ကို ကျနော်ပြန်လာခဲ့ပါတယ်။

စိတ်ထဲမှာတော့ တမျိုးကြီးပါပဲ။ သန်းခေါင်ယံကျော်လည်း နေကမ၀င်။ မနက် (၁) နာရီလည်း နေက လင်းနေဆဲ။ ဒါပေမယ့် လင်းပုံလင်းနည်းကတော့ နေ့ဘက်မှာ လင်းတဲ့အလင်းရောင်နဲ့မတူသလိုပါပဲ။ နည်းနည်းအရောင်ဖျော့ပြီး လပြည့်ည လအလင်းရောင်ရဲ့ နှစ်ဆလောက်နီးပါး လင်းနေတဲ့ သဘောမျိုးလား၊ နေ၀င်ချိန် တိမ်တောက်စဉ် လင်းနေတဲ့ အလင်းမျိုးလားလို့ ကျနော့်စိတ်ထဲ နှိုင်းယှဉ်မိပေမယ့် တကယ် ကတော့ ဘာနဲ့မှနှိုင်းယှဉ်လို့မရတဲ့ ကျနော့်တသက်မှာ ဒီတခါပဲ တွေ့ဖူးသေးတဲ့ သန်းခေါင်ယံနေ ရဲ့ အလင်းရောင်ပါ။

ဒီလိုနှိုင်းယှဉ်တွေးဆရင်းနဲ့ ငယ်ငယ်က ရွာဘုရားပွဲမှာ ကြည့်ဖူးတဲ့ မြန်မာ့ဇာတ်သဘင်ထဲက စကားလုံး တချို့ကိုသွားသတိရမိပါတယ်။ “တောင်စွယ်မှာ နေကွယ်ရင် ဒီလူဆိုးကို အသေသတ်စေ” ဆိုတာမျိုး၊ “တောင်ထိပ်မှာ ကြာပေါက်ပြီး အနောက်က နေထွက်မှ မင်းငါ့ကို ဖမ်းနိုင်လိမ့်မယ်” ဆို တာမျိုးတွေဟာ ရွာကဘုရားပွဲပရိသတ်အတွက် သိပ်ကောင်းတဲ့ ဒိုင်ယာလော့တွေဖြစ်ပေမယ့် အခု နော်ဝေး မြောက်ပိုင်းမှာများ အဲဒီလိုပြောမိရင် လူဆိုးကိုလည်း မသတ်နိုင်၊ ဇာတ်လိုက်ကိုလည်း ခဏလေးနဲ့ ဖမ်းမိ သွားနိုင်မယ့်သဘောမျိုး ဖြစ်နေပါတယ်။

နောက်တခါ အာရုံတက်ချိန်မှာ ဆွမ်းတော်တင်တာတို့၊ နေမွန်းမတည့်ခင်မှာ ဘုန်ကြီးဆွမ်း အမီကပ်ရ တာတို့၊ နေလွဲညစာ မစားရတို့၊ နေထွက်ချိန်ကနေ နေ၀င်ချိန်အထိ အလုပ်လုပ်ရမယ်ဆိုတာတို့တွေဟာ ဒီလိုနေရာမျိုးမှာတော့ အံဝင်ဂွင်ကျမဖြစ်နိုင်တော့ပါ။

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ အမြဲတမ်း အမှန်တရားတခုအဖြစ် ကမ္ဘာကြီးရဲ့ဒေသတခုက လူ တွေက သဲသဲမဲမဲယုံကြည်ထားပေမယ့် အဲဒီအမှန်တရားဆိုတာဟာ ကမ္ဘာကြီးရဲ့ အခြား တနေရာမှာတော့ မှန်ချင်မှမှန်မယ်။ အမှန်တရားနဲ့ လူသားတွေရဲ့ တန်ဖိုးထားမှုဆိုတာတွေဟာ ကာလဒေသကို လိုက်ပြီး အပြောင်းအလဲ ဖြစ်သွားနိုင်သလားဆိုတာကို ကျနော် စဉ်းစားနေမိပါတယ်။        ။





(ခရီးစဉ် အသးစိပ်ကို ဖတ်လိုပါက... 
...

Wednesday, June 18, 2014

တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ (အပိုင်း ၁၅)

DVB ဘန်ကောက်ဗျုရို ရုံးခန်းဖွင့်ပြီ

၉၉၉၉ လုံးနှစ်ပတ်လည်နေ့မှာ ဘာမှမဖြစ်တဲ့အတွက် နယ်စပ်နဲ့ ထိုင်းနိုင်ငံတွင်းရှိ မြန်မာအတိုက်ခံတွေ အားလုံးညည်းတွားနေချိန်မှာ မမျှော်လင့်ပဲ ဖြစ်လာတာကတော့ ဘန်ကောက်သံရုံးကို မြန်မာကျောင်း သားတစုက ၀င်ရောက်စီးနင်းလိုက်ခြင်းပါပဲ။ အောက်တိုဘာလ ၁ ရက်နေ့၊ မနက် ၁၁ နာရီလောက် DVB ဘန်ကောက်ရုံးမှာ သတင်းမရှိလို့ စိတ်ညစ်နေတုန်း ဒီသတင်းကြီးဝင်လာတာပါ။ အဲဒီအချိန်မှာ ကိုခင်မောင်ဝင်းနဲ့ ကိုမိုးအေးတို့က မြန်မာနိုင်ငံရှေ့နေများကောင်စီ BLC က ကျင်းပတဲ့ သမ္မာဆတ် တက္ကသိုလ် ဥပဒေရေးရာဆွေးနွေးပွဲတခုဆီ သွားနေတာဆိုတော့ ရုံးမှာကျနော်နဲ့ ရုံးဝန်ထမ်းတချို့ပဲ ရှိ ပါတယ်။

(မင်းကိုနိုင် လွတ်မြောက်ရေးအတွက် ဘန်ကောက်သံရုံးရှေ့ ဆန္ဒပြနေကြတဲ့ မြန်မာကျောင်းသားများ)

DVB ဘန်ကောက်ရုံးအကြောင်း အကျဉ်လေးတင်ပြရမယ်ဆိုရင် ကိုမိုးအေးနဲ့ ကျနော် အော်စလိုကပြန် လာပြီးတဲ့နောက် ဘန်ကောက်ရုံးကို တရားဝင်ဖွင့်ပါတယ်။ ဒီလိုပြောလိုက်လို့ အရင်က တရားမ၀င်ဖွင့် ထားသလားဆိုပြီး မေးခွန်းရှိလာနိုင်ပါတယ်။ ဟုတ်ပါတယ်။ အဲဒီလိုပြောမယ်ဆိုရင်လည်း မမှားပါဘူး။ ဘာကြောင့်လဲဆိုရင် ဘန်ကောက်ဗျုရိုတာဝန်ခံ ကိုခင်မောင်ဝင်းနေတဲ့ အခန်းကို ဗျုရိုရုံးလို့ သတ်မှတ် ထားပေမယ့် လုံခြုံရေးအခြေအနေအရ (ထိုင်းရဲဖမ်းမှာစိုးလို့) ဘန်ကောက်သတင်းထောက် ကျနော် ကိုယ်တိုင် အဲဒီအခန်းဆီ သွားခွင့်မရှိပါ။

အဲဒီလို ခိုးခိုးဝှက်ဝှက် လုပ်နေရာကနေ အခုလိုသတင်းထောက်တွေ စုဆုံအလုပ်လုပ်နိုင်တဲ့ ရုံးခန်း ဖွင့်နိုင်ပြီဆိုတော့ တိုးတက်လာတဲ့သဘောပေါ့။ ဒါပေမယ့် ရုံးခန်းနေရာက အရင် ကျနော်တို့ ABSDF ကျောင်းသားအများစုအခြေစိုက်ရာ ဘန်းကပိတို့၊ ရမ်ဂဟမ်တို့ဘက်မှာမဟုတ်ပဲ ဘန်းကပိကနေ ဒေါင်း မောင်း (Don Mueang) လေယဉ်ကွင်း (အဲဒီအချိန်က သုဝဏ္ဏဘူမိ Suvarnabhumi လေယဉ်ကွင်းမရှိ သေးပါ) ဘက်သွားတဲ့လမ်းပေါ်ရှိ ရာအင်တရာ (Ramindra) လမ်းပေါ်က ကီလို ၈ လမ်းဆုံနဲ့ သိပ် မ ဝေးတဲ့အရပ်မှာဖြစ်တဲ့အတွက် သွားလာရနည်းနည်းခက်ပါတယ်။ ပိုဆိုးတာက အဲဒီရုံးခန်းရှေ့နားလေး မှာ ရဲစခန်းတခု ရှိနေခြင်းပါပဲ။

''ရဲစခန်းရှေ့တည့်တည့်မှာ ရုံးခန်းဖွင့်ထားတော့ တခြားနယ်ကရဲ လာမဖမ်းတော့ဘူးပေါ့ဗျာ။ ဒီရဲစခန်း နဲ့ တော့ အဆင်ပြေအောင် ပေါင်းထားရမှာပေါ့'' လို့ ဗျုရိုတာဝန်ခံက ပြောပါတယ်။ ကိုယ်ပိုင်ခြံဝင်းနဲ့ နှစ် ထပ်တိုက်အိမ်ရုံးခန်းဆိုတော့ မသိတဲ့လူတွေအတွက် အထင်ကြီးချင်စရာပါ။ (၂၀၀၈ ခုနှစ်က ဒေါ်လာ ၃ သိန်းလာဘ်စားပြီး Burma VJ တာဝန်ခံက ၀ယ်ထားလို့ DVB ကပြန်သိမ်းထားတယ်ဆိုတဲ့ ဘန် ကောက်ဗျူရိုရုံးခန်နီးနီး သားနားပါတယ်)။ နိုင်ငံကူးလက်မှတ် အတုတွေ၊ ဘာလက်မှတ်မှ မရှိတဲ့ ဒုက္ခ သည်တွေ စုပေါင်းအလုပ်လုပ်နေတဲ့နေရာတခုအဖြစ် ရဲတွေကိုယ်တိုင်က ထင်ထားပုံမရပါ။ ပိုပြီး အ ထင်ကြီးစရာအချက်ကတော့ ဒီရုံးခန်းကို ကျနော်တို့မြန်မာတွေရဲ့ စာအုပ်အတုနဲ့ ငှားထားတာမဟုတ်ပဲ ထိုင်း NGO တခုက သူတို့အမည်နဲ့ ငှားပေးထားခြင်းပါ။

ဗျုရိုတာဝန်ခံက ကိုခင်မောင်ဝင်း၊ သတင်းထောက်က ကိုမိုးအေးနဲ့ ကျနော်။ ရုံးတာဝန်ခံက ကိုမင်းဇော် ရွှေ၊ ထိုင်းစကားပြန်က ကိုတင့်ဇော်တို့ဖြစ်ပြီး ထမင်းချက်နဲ့ သန့်ရှင်းရေးအတွက်တောင် အချိန်ပိုင်း ၀န် ထမ်းတဦး ငှားထားလိုက်ပါသေးတယ်။ ဆိုတော့ နယ်စပ်နဲ့ဘန်ကောက်က ABSDF ရုံးခန်းတွေမှာ သာနေဖူးတဲ့ ကျနော်အတွက်တော့ DVB ရုံးခန်းက အတော်သားနားလှပါတယ်။ ဒါပေမယ့် ကံဆိုးချင် တော့ အဲဒီရုံးခန်းမှာ နေထိုင်အလုပ်လုပ်ရတဲ့အချိန်က ၃ လတောင်မကြာလိုက်ဘူးထင်ပါတယ်။ ရှေ့မှာ တင်ပြခဲ့တဲ့ သံရုံးသိမ်း ကျောင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ကိုဂျော်နီနဲ့ရတဲ့ အင်တာဗျုးကို လွှင့်ပြီးကတည်းက ပြေးလိုက်ရတာ အခုချိန်ထိပါပဲ။  

သံရုံးသိမ်း သေနတ်သမားနှင့် အင်တာဗျုးခြင်း

ကိုဂျော်နီနဲ့ အင်တာဗျုးရပုံကလည်း ထူးခြားလှပါတယ်။ မနက် ၁၁ နာရီလောက်ကတည်းက သံရုံးဝင် စီးခံရတဲ့သတင်းကို ကြားနေရပေမယ့် ထိုင်း TV မှာ ပြနေတဲ့ပုံတွေက သံရုံးရှေ့ဆန္ဒပြပွဲ ဓာတ်ပုံဟောင်း တွေဆိုတော့ သိပ်မသေချာလှပါ။ “သံရုံးသတင်းက တကယ်ဖြစ်နေတာနော်။ သေနတ်သံတွေတောင် ကြားရတယ်လို့ TV ထဲမှာ ပြောနေတယ်” ဆိုပြီး ထိုင်းစကားကျွမ်းတဲ့ DVB ဘန်ကောက်ရုံး ထိုင်း ဆက်ဆံရေးတာဝန်ခံ ကိုတင့်ဇော်က ပြောပါတယ်။

(သံရုံးသိမ်း စွမ်းအားမြင့်စစ်သည်တော်များအဖွဲ့ခေါင်းဆောင် ကိုဂျော်နီကို သံရုံးအတွင်းတွေ့ရစဉ်)

ဒါနဲ့ ကျနော်လည်း ဟိုဖုန်းဆက်၊ ဒီဖုန်းဆက် လျှောက်မေးတော့ မနီလွိုင်စခန်းက ကျောင်းသားတွေ လည်းပါတယ်။ လွန်ခဲ့တဲ့ တပတ်ကတောင် သူတို့အဖွဲ့ ကြေညာချက်တခု ထုတ်ထားသေးတယ်ဆိုပြီး အစအန တွေရလာပါတယ်။ တချိန်းတည်းမှာပဲ TV သတင်းတွေက တဖြည်းဖြည်းနဲ့ သံရုံးအခြေအနေ အသေးစိတ်ပါလာပြီး သတင်းထောက်အတော်များများ သံရုံးရှေ့ ရောက်နေကြပါပြီ။ ကျနော်လည်း တ ခြားသတင်းထောက်တွေလို သံရုံးရှေ့သွားချင်ပေမယ့် အဲဒီအချိန်အထိ ကျနော့်လက်ထဲမှာ မြန်မာစာ အုပ်အတုကလွဲပြီး ဘာသတင်းကတ်မှ မရှိသေးပါ။

အဲဒီလို ဘာ ID မှ မရှိတာကိုက ကံကောင်းသွားတယ် ပြောရမလားပါပဲ။ တခြားသတင်းထောက်တွေ သံရုံးရှေ့ပြေးနေချိန်မှာ သူတို့လို မပြေးနိုင်တဲ့ကျနော်က ရုံးခန်းကျဉ်းကျဉ်းထဲမှာ ဖုန်းတဂွမ်ဂွမ် ဆက် ရင်းနဲ့ NGO သတင်းရပ်ကွက်ဆီကနေ သံရုံးဖုန်းနံပတ်တခု ရလိုက်ပါတယ်။ ရမ်းသမ်းပြီး နှိပ်ထည့် လိုက်တော့ “ဆ၀ါဒီခပ်” ဆိုပြီး ဖုန်းကိုင်တဲ့လူက ထိုင်းလိုပြောပါတယ်။ ဒါပေမယ့် ဒီလူ့အသံ ထိုင်းအသံ မပေါက်ဘူးဆိုတာကို ရိပ်မိတာနဲ့ ထိုင်းလိုပြန်မပြောတော့ဘဲ “ကျနော် DVB ကပါ။ အဲ …” ဆိုပြီး စကား ဆက်ဖို့ အရှိန်ယူနေတုန်း။

“DVB နော်ဝေလား။ ဘယ်သူလဲမသိဘူး” ဆိုပြီး ဖုန်းကိုင်တဲ့ပုဂ္ဂိုလ်က ပြန်မေးပါတယ်။ တကယ်က ကျနော့်သတင်းထောက်အမည် ”ထက်အောင်ကျော်” ဆိုတာကို ပြောရမယ့်အစား မေ့ပြီးတော့ အမည် ရင်းဖြစ်တဲ့ “၀င်းထိန်ပါ … ကျနော်။ ခင်ဗျားတို့ အဲဒီ … ဟိုကိစ္စ ဘာပြောလို့ရမလဲ၊ နောက်ဆုံးအခြေနေ” ဆိုပြီး အစီစဉ်တကျမဟုတ်တဲ့ မေးခွန်းတွေ ထွက်သွားပါတယ်။

”သြော် … နော်ဝေးအသံကိုလား။ ဟုတ်ကဲ့ ကျနော်တို့သိမ်းထားတယ်။ သံရုံးကို စီးထားလိုက်ပြီ” ဆိုပြီး အဲဒီပုဂ္ဂိုလ်က ပြောပါတယ်။ တကယ်က အဲဒီအချိန်မှာ အသေချာ မေးခွန်းဆက်မေးရမယ့်အစား အ တွေ့အကြုံမရှိသေးတဲ့ သတင်းထောက်ပီပီ “ဒီနံပါတ်က သံရုံးနံပါတ်ဟုတ်ပါတယ်နော်” ဆိုပြီး သွားမေး မိပါတယ်။ တော်သေးတယ်။ ဟိုဘက်ကပုဂ္ဂိုလ်က စိတ်ဆိုးပြီး ဖုန်းချမသွားလို့။ ပြီးတော့ ကျနော်စမေး တဲ့ မေးခွန်းကကြည့်ပါဦး၊ “ခင်ဗျားတို့ ဘာပြောချင်လဲ။ ပြောချင်တာတွေအကုန်လုံး ပြောထားခဲ့ဗျာ” တဲ့။

“ကျနော်ဘာမှ မပြောနိုင်သေးဘူး။ စတိတ်မန့်ထဲမှာ ပါသလောက်ပဲ ပြောနိုင်ဦးမယ်။ နိုင်ငံရေး အကျဉ်း သားအားလုံးလွှတ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ ကျနော်တို့ တောင်းထားပါတယ်။ ခင် ဗျား စတိတ်မန့် ရပြီးပြီမို့လား” လို့ ပြန်မေးပါတယ်။ မရသေးရင် Fax နံပါတ်ပေး၊ သူပို့ပေးမယ်လို့ ဆိုပါ တယ်။ ကျနော်တို့ရုံးက တရားဝင်ဖွင့်ထားတယ်ဆိုပေမယ့် သတင်းဌာနအဖြစ် မှတ်ပုံတင်လုပ်ထားတဲ့ ရုံးမဟုတ်။ ဆိုတော့ ဒီလိုပြဿနာဖြစ်နေတဲ့အရပ်ဆီ Fax နံပါတ်ပေးလို့ ဘယ်ဖြစ်မလဲ။ ဒါနဲ့ အသံနဲ့ လိုချင်လို့ပါ။ ဘာညာ ညှိရတာ ၁ မိနစ်လောက်ကြာသွားပါတယ်။ ပြီးတော့မှ ကျနော်မေးမယ်၊ ခင်ဗျား ဖြေဗျာဆိုပြီးပြောတော့ “အိုကေ” လို့ သူကဆိုပါတယ်။

ဓားစာခံကိစ္စ အင်တာဗျုးအတွက် အထူးလေ့ကျင့်ထားဖို့လိုမလား

ခင်ဗျားတို့က ဘယ်အဖွဲ့ကလဲ။ ဘာကြောင့် အခုလိုဝင်စီးတာလဲ ဆိုပြီး စမေးဖြစ်ပါတယ်။ “ကျနော်တို့ က ဘယ်အဖွဲ့အစည်းရဲ့ လက်အောက်ခံမှမဟုတ်ဘူး။ Vigorous Burmese Students Warrior စွမ်းအားမြင့် မြန်မာကျောင်းသားစစ်သည်တော်များအဖွဲ့။ ဘယ်အဖွဲ့နဲ့မှ မဆိုင်ဘူး။ အခုမှ အသစ်ဖွဲ့တဲ့ အဖွဲ့” ဆိုပြီး အဲဒီပုဂ္ဂိုလ်က ပြောပါတယ်။ ပြီးတော့ ဘာကြောင့်ဝင်သိမ်းလဲဆိုတော့ ဒီကောင်တွေက ပြည်သူကရွေးချယ်ခန့်အပ်ထားတဲ့ လူတွေမဟုတ်ဘူး။ သူ့ဟာသူ သေနတ်နဲ့ အာဏာသိမ်းပြီး လျှောက် လုပ်နေတာ။ ကျနော်တို့က တော်လှန်ရေးသမားတွေပဲ။ ပြည်သူဘက်က လူတွေပဲ။ ဒါကြောင့် ၀င်သိမ်း တာလို့ အဲဒီ ပုဂ္ဂိုလ်က ပြောပါတယ်။

(VBSW စွမ်းအားမြင့်စစ်သည်တော်အဖွဲ့ကိုထောက်ခံနေတဲ့ ဓားစာခံများ)

ဒီကိစ္စကို ခင်ဗျားတို့ ဘယ်လိုဖြေရှင်းမှာလဲ။ ထိုင်းအာဏာပိုင်တွေနဲ့ ညှိမှာလားဆိုပြီး ဆက်မေးတော့ “မိထားတဲ့ ဓားစားခံတွေကိုဖမ်းပြီး တော်လှန်ရေးနယ်မြေကို ပြန်ဆုတ်မယ်။ ထိုင်းနဲ့ ညှိမယ်။ ထိုင်းကို စော်ကားတာ မဟုတ်ဘူး။ မြန်မာသံရုံးဟာ မြန်မာပိုင်နက်ထဲမှာပဲ ရှိတယ်။ ကျနော်တို့ လက်နက်ချဖို့ မရှိဘူး။ ကျနော်တို့နဲ့အတူ မဟာမိတ် God Army လည်း ပါတယ်။ ခင်ဗျားတို့အနေနဲ့ Mediator လိုင်း ကနေ ၀င်ပေးနိုင်ရင်ကောင်းမယ်။ မဟုတ်ရင် အားလုံးသေကုန်မယ်။ လက်နက်ချဖို့မရှိဘူး” ဆိုပြီး အဲဒီ ပုဂ္ဂိုလ်က ဆက်ပြောပါတယ်။

''ခင်ဗျားတို့အင်အားက ဘယ်လောက်ရှိလဲ။ ဖမ်းထားတဲ့ ဓားစားခံဦးရေကော ဘယ်လောက်ရှိလဲ'' ဆို ပြီးကျနော်က ဆက်မေးတော့ သူက အတိအကျမဖြေပဲ လှည့်ပတ်ဖြေသွားပါတယ်။ တကယ်က အဲဒီလို အရှိန်ကောင်းနေတုန်း မေးခွန်းတွေ ဆက်တိုက်မေးသင့်တယ် ထင်ပါတယ်။ ဒါပေမယ့် ကျနော်စိတ်ထဲ ဒီလူသံရုံးထဲနေ တကယ်ပြောနေတာရော ဟုတ်ရဲ့လား။ သံရုံးနံပါတ်ရော ဟုတ်ရဲ့လားဆိုပြီး သံသယ ထပ်ဝင်လာပြန်ပါတယ်။ “ခင်ဗျား သံရုံးထဲကပြောနေတာ ဟုတ်ပါတယ်နော်။ ခင်ဗျားနာမည်နဲ့ တာဝန် ကို ပြောနိုင်မလားဗျ။ ကျနော် အတည်ပြုချက် ယူချင်လို့ပါ” ဆိုပြီး သွားမေးမိပြန် ပါတယ်။

”နာမည်။ နာမည်က အကုန်လုံးသိနေပြီဗျ။ By Name နဲ့တောင် Fax တွေဝင်လာနေပြီ။ ကျနော့်နာမည် ဂျော်နီပဲ” ဆိုပြီး အဲဒီပုဂ္ဂိုလ်က ဖြေပါတယ်။ ပြီးတော့ သေနတ်သံတွေ၊ မှန်ပြတင်းကွဲသံတွေ ကြားလိုက် ရပါတယ်။” ဒါပဲနော်။ ကျနော် ထိုင်းအာဏာပိုင်တွေနဲ့ စကားပြောရဦးမယ်” လို့ပြောပြီး ဖုန်းချသွားပါ တယ်။ အဲဒါဟာ အတွေ့အကြုံ နုသေးတဲ့ သူပုန်လူထွက်ခါစ သတင်းထောက်ပေါက်စနဲ့ မြန်မာသံရုံးကို စီးထားသူ သေနတ်သမားတို့ရဲ့ ပထမဆုံး အင်တာဗျူးပါပဲ။

တကယ်ကတော့ နိုင်ငံတကာ သတင်းဌာနတွေမှာဆိုရင် ဒီလို အကြမ်းဖက်စီးနင်းမှုတွေ၊ ဓားစာခံကိစ္စ တွေအတွက် အထူးသတင်းထောက်တွေ ရှိတယ်လို့ ဆိုပါတယ်။ ဒီဘာသာရပ်အတွက် အထူးလေ့ ကျင့်ထားတဲ့ သတင်းသမားတွေပေါ့။ ဒါပေမယ့် ကျနော်တို့ မြန်မာသတင်းလောကမှာတော့ အခုချိန် အထိ ဒါမျိုးလေ့ကျင့်ထားတာ၊ ဒီဘာသာရပ်ကို သင်ကြားတယ်ဆိုတာမျိုး မကြားမိသေးပါဘူး။ နောက် တခါ ဒီလိုဖြစ်ရပ်ဟာ ဆယ်နှစ်လောက်ကြာမှ တခါလောက် ပေါ်တဲ့ကိစ္စမျိုးဆိုတော့ ခန့်မှန်းဖို့ သိပ် မ လွယ်။ နီးတဲ့လူ၊ ဖုန်းရတဲ့လူကပဲ မေးလိုက်တာ သဘာဝကျတယ်လို့ ထင်ပါတယ်။

ဒါက အခုမှ စဉ်းစားမိတဲ့ အချက်တွေပါ။ အဲဒီအချိန်ကတော့ ရင်တုန်ပန်းတုန်ဖြစ်နေပြီး ဘာလုပ်လို့ ဘာ ကိုင်ရမှန်းမသိပါ။ ဒီအင်တာဗျူး ပြီးသွားတဲ့အထိ ကျနော့်စိတ်ထဲ ယုံတ၀က်၊ မယုံတ၀က်ဖြစ်နေဆဲ။ ဒီ လိုနဲ့ အော်စလိုရုံးက ဖုန်းခေါ်လာချိန်ကိုတောင် မစောင့်နိုင်တော့ပါဘူး။ ကိုယ်ကပဲ အရင်ခေါ်ပြီး သံရုံး ကိုစီးထားတဲ့ အဖွဲ့ခေါင်းဆောင်နဲ့ အင်တာဗျုးရထားတဲ့အကြောင်း၊ အမြန်ပို့ချင်ကြောင်း ပြောလိုက်ပါ တယ်။ အဲဒီအချိန် အော်စလိုရုံးတာဝန်ကျ သတင်းအယ်ဒီတာက ကိုဝင်းနိုင်ဦး (နောက်ပိုင်း RFA ကို ပြောင်းသွားသူ) ဖြစ်ပါတယ်။ သူလည်း ကျနော်အင်တာဗျုးရတာကို အတော်အံ့သြနေပုံရပါတယ်။ ကျ နော် ကိုယ်တိုင်လည်း ကိုယ်ဘာသာ အံ့သြနေဆဲ။    ။



Sunday, June 15, 2014

မိုးသီးဇွန်၊ ပီနန်ဆရာတော်နှင့် တကိုယ်စာ ရှင်သန်နေထိုင်သူများ

သူ့အတွေး သူ့အမြင်

ဧရာဝတီ။
  
မိုးသီးဇွန်၊ ပီနန်ဆရာတော်နှင့် တကိုယ်စာ ရှင်သန်နေထိုင်သူများ
၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် မြန်မာပြည် ပြန်လာသော မိုးသီးဇွန် (ဓာတ်ပုံ – ဧရာဝတီ)

၈ လေးလုံးကျောင်းသားခေါင်းဆောင်ဟောင်းလည်း ဖြစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌဟောင်းလည်း ဖြစ်တဲ့ ကိုမိုးသီးဇွန်နဲ့ သူရိယနေဝန်းဂျာနယ်က ကိုမိုးဟိန်းတို့ကို ဦးသိန်းစိန်အစိုးရက ဗီဇာ ထပ်တိုးမပေးတော့ပဲ ရန်ကုန်ကနေ နှင်ထုတ်လိုက်တယ်။ ပြီးတော့ အမေရိကန်နိုင်ငံသား သူတို့ နှစ်ဦးနဲ့ မိသားစုကို လေယဉ်ပေါ်တင်မလာပါနဲ့လို့ မြန်မာ့လေကြောင်းလိုင်းတွေ အားလုံးဆီ လ၀က ဌာနက အမိန့် ထုတ်လိုက်ပါတယ်။

ဒီအမိန့်စာကို ဇွန်လ ၁၀ ရက်နေ့စွဲနဲ့ ကိုမိုးသီးဇွန်ရဲ့ Facebook ပေါ်တင်လိုက်တော့ သတင်းဌာနတချို့က သတင်းလုပ်ကြပါတယ်။ Share သူ တရာနီးပါး၊ Like လုပ်သူ တရာကျော်နဲ့ Comment ရေးသူ ၁၅ ဦးခန့်ရှိပါတယ်။ တ၀က်လောက်က ကိုမိုးသီးဇွန်တို့အပေါ် ဒီလိုလုပ်တာကို မကျေမနပ်နဲ့အစိုးရကို ဝေဖန်ကြပေမဲ့ အခြားတ၀က်နီးပါးလောက်ကတော့ ဒီလိုဖြစ်တာကို ကျေနပ်တဲ့လေသံနဲ့ ”ငန်းငန်းတက် သွားချင်နေတာ၊ ခံရမှာပေါ့”၊ ”မိုးသီးရေ အမျှ အမျှ” ဆိုပြီး ပြောတဲ့လူတွေတောင်ရှိပါတယ်။

အဓိပ္ပါယ်ကတော့ ဒီမိုကရေစီအင်အားစုနဲ့ စစ်အစိုးရကြား (အခုတော့ စစ်တပိုင်းအစိုးရ) ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ အားပြိုင်မှုတွေကို လူတွေက အရင်လိုမမြင်ကြတော့ပဲ ကိုယ်လမ်းကိုလျောက်၊ ကိုယ်ဖြစ် ကိုယ်ခံဆိုတဲ့ Individual သဘောထားတွေ၊ တကိုယ်စာ အဆင်ပြေနေရင် တော်ပြီ၊ ကျန်တဲ့ ရဲဘော်ရဲဘက်တွေ ဘာဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ သဘောထားတွေ ဒီမိုကရေစီလှုပ်ရှားတက်ကြွ သူတွေရဲ့ စိတ်ထဲမှာ အတော်ပြန်နှံ့နေပြီဆိုတဲ့ သဘောဖြစ်ပါတယ်။

ကျနော် ဒီလိုပြောလိုက်လို့ ကိုမိုးသီးဇွန်ဘက်က ရှေ့နေလိုက်နေတယ်လို့ တချို့ ထင်ကောင်းထင်နိုင်ပါ တယ်။ မဟုတ်ပါ။ ABSDF ကွဲပြဲစဉ်ကတည်းကနေ အခုချိန်ထိ သူနဲ့ကျနော်ကြားမှာ ပုဂ္ဂိုလ်အရ ရင်းနှီးမှု မရှိပါ။ ပုဂ္ဂိုလ်အရ ကျနော်မကြိုက်တဲ့အချက်လက်တချို့ သူ့ဆီမှာ ရှိကောင်းရှိနေနိုင်ပေမယ့် သူဟာ ဒီမိုကရေစီ ဘက်တော်သားတဦးပါ။
ဒီမိုကရေစီအရေးဆောင်ရွက်ဖို့ မြန်မာနိုင်ငံဆီပြန်ပြီး မြန်မာနိုင်ငံသား ပြန်လျှောက်တာပါ။ တခြားလူ ၅၀ နီးပါးကို နိုင်ငံသားအဖြစ် ပေးလိုက်ပေမယ့် သူတို့ကိုမှမပေးဘဲ ငြင်းလိုက်တာ ပါ။

ဒါပေမယ့် ဘ၀တူ ပြည်တော်ပြန် နိုင်ငံသားရပြီးသူတွေ၊ လျှောက်ထားဆဲဖြစ်သူတွေ၊ လျှောက်ဖို့ပြင်နေသူတွေက သူတို့ရဲ့ တကိုယ်စာကိစ္စတွေ ထိခိုက်မှာစိုးတဲ့အတွက် ဒီဖြစ်စဉ်အပေါ် ဘာမှဝင်မပြောရဲကြပါ။ သံရုံးမှာ ဗီဇာလျှောက်ပြီး ၀င်ဖို့ပြင်နေသူတွေကလည်း သူတို့ကို ဗီဇာငြင်းပယ်မှာစိုးလို့ ဘာမှမပြောရဲကြပါ။ ”ဒါလားဟဲ့ တော်လှန်ရေးသမားတွေ” ဆိုပြီး မေးခွန်းထုတ်ချင်စရာပါပဲ။

ဒီလိုနဲ့ ”ကိုယ်ဖြစ်ကိုယ်ခံ၊ ငါနဲ့မဆိုင်ဘူး” ဆိုတဲ့ မူ သိပ်လွှမ်းမိုးလာနေပြီး နိုင်ငံရေးအဖွဲ့တွေ၊ နယ်စပ်က နိုင်ငံရေးတက်ကြွသူတွေ၊ ပြည်တော်ပြန်တွေ ဘယ်သူကမှ လေသံကျယ်ကျယ်နဲ့ ထုတ် မပြောရဲတော့ပါ။ အထူးသဖြင့် တချိန်က သူ့အောက်မှာ တာဝန်ထမ်းခဲ့ပြီး အခုချိန်မှာတော့ အစိုးရဆီမှာ လခစားသွားလုပ်နေကြတဲ့ MPC မြန်မာငြိမ်းချမ်းရေးစင်တာရှိ ရဲဘော်တွေဆီက ဘာအသံမှထွက်မလာ တော့ပါ။

ဒါက ကိုမိုးသီးဇွန်ရဲ့ ဖြစ်စဉ်အပေါ်တုန့်ပြန်ချက်တွေကို ဥပမာထုတ်ပြတာပါ။ နောက်ထပ်ပြည်တော်ပြန်တဦးဖြစ်တဲ့ ပီနန်ဆရာတော်ကြီးလည်း ဒီလိုပဲ အာဂန္တုဆိုပြီး ပြန်အခြေချခွင့် မပေးတာလည်း အတူတူပဲ။ ပြည်တော်ပြန်ထဲက ကံအဆိုးဆုံးက အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ သာသနာ့ရံသီ ဝိဟာရ ကျောင်းထိုင်ဆရာတော် အရှင်ဥတ္တရပါ။ သူ့ကို အစိုးရက ဖမ်းဆီးပြီး လူဝတ်လဲလိုက်ပါတယ်။ ဒါတွေဟာ ပြန်လာကြပါ၊ တိုင်းပြည်အတွက် အတူတူ အလုပ်လုပ်ကြမယ်ဆိုတဲ့ သမ္မတဦးသိန်းစိန်ရဲ့ အမျိုးသားရင်ကြားစေ့ရေး မူဝါဒ ဇာတ်သိမ်းခန်းအစလား။ ဒါဆို ဒီကိစ္စအပေါ် ပြည်တွင်းပြည်ပက ဒီမိုကရေစီရေးသမားတွေ ဘယ်လိုတုန့်ပြန်ကြမလဲ။

လတ်တလောဖြစ်စဉ်နှစ်ခုကိုကျော်ပြီး လွန်ခဲ့တဲ့ တနှစ်ခန့်လောက်အထိကို ပြန်လှမ်းမျှော်ကြည့်မယ်ဆိုရင် မြန်မာ့ဒီမိုကရေစီအင်အားစုတွေဟာ အရင်လို တပ်ပေါင်းစုအသွင်၊ ရဲဘော်ရဲဘက်အသွင် အတော်နည်းသွားတာကိုတွေ့ရနိုင်ပါတယ်။ နယ်စပ်တကျောရှိ လက်နက်ကိုင်အဖွဲ့ အားလုံးနီးပါး ဦးသိန်းစိန်အစိုးရနဲ့ အပစ်ရပ်ပြီး ကားပါမစ်တွေ ယူလိုက်ကြပါတယ်။ ကချင်နဲ့ရှမ်းကို အစိုးရဖက်က ထိုးစစ် ဆင်နေဆဲဖြစ်ပေမဲ့ ကျန်တဲ့အဖွဲ့တွေက သူတို့နဲ့မဆိုင်သလိုနေပြီး နေပြည်တော်က ဗိုလ်ချုပ်တွေနဲ့ လက်ဆွဲနှုတ်ဆက် နေကြပါတယ်။ သမ္မတဦးသိန်းစိန်ကို ၂၀၁၅ မှာ ရွေးကောက်ပွဲထပ်နိုင်စေချင်သေးတယ်လို့တောင် ကရင်ခေါင်းဆောင်တွေက ဆုတောင်းပေးကြပါသေးတယ်။

ဘာကြောင့် ဒီလိုဖြစ်သွားတာလဲ။ ရှင်သန်ရပ်တည်ရေးက ပထမ၊ နိုင်ငံရေးယုံကြည်ချက်က ဒုတိယ ဖြစ်သွားတဲ့သဘောလား။ မဟာမိတ်အချင်းချင်း ရင်းနှီးဖို့ထက် စစ်တပ်နဲ့ ရင်းနှီးဖို့က ပိုအရေးကြီးလာတဲ့ သဘော၊ ရဲဘော်ရဲဘက်အချင်းချင်း ရိုင်းပင်းဖို့ထက် အစိုးရဆီမှာ လခစားဝင်လုပ်ပြီး ပုဂ္ဂိုလ်ရေးအရ အရေးပါကြောင်းပြသဖို့က ပိုခေတ်စားလာတဲ့ သဘောလား။ တနည်းအားဖြင့် တပ်ပေါင်းစုမူ၊ မဟာမိတ် မူ၊ ရဲဘော်ရဲဘက်မူတွေထက် တဖွဲ့စီ၊ တကိုယ်စီ အဆင်ပြေစွာနေထိုင်ရေးကို ဦးစားပေးလာကြတဲ့ သဘောလား။

နယ်စပ်ကိုကျော်ပြီး ရန်ကုန်နိုင်ငံရေးကို ကြည့်လိုက်မယ်ဆိုရင်လည်း တပ်ပေါင်းစုမူထက် တဖွဲ့ချင်းဦးစား ပေးရေးမူ၊ ရဲဘော်ရဲဘက်မူထက် ကိုယ်ဖြစ်ကိုယ်ခံမူတွေက နယ်စပ်နိုင်ငံရေးနဲ့အတူတူလို ဖြစ်လာနေပါတယ်။ ဦးသိန်းစိန်အစိုးရမတက်ခင်အထိ၊ အတိအကျပြောရမယ်ဆိုရင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီအထိ ဒေါ်အောင်ဆန်းစုကြည်ကို တပ်ပေါင်းစုခေါင်းဆောင်အဖြစ်တင်ပြီး တိုက်ပွဲဝင်လေ့ရှိတဲ့ ဒီမိုကရေစီအင်အားစုတွေဟာ အခုတော့ အဲဒီလိုတပ်ပေါင်းစုမူ မရှိတော့။

စစ်အာဏာရှင်စနစ်နဲ့ မတရားမှုကို ဦးတည်တိုက်ရမယ့် လမ်းကြောင်းကနေ အချင်းချင်း အပြန်အလှန်တိုက်ကြတဲ့ လမ်းကြောင်းပေါ်ရောက်လာနေတာကို မြင်လာနေရပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အတွက် NLD နဲ့ 88 က လုပ်တဲ့ပွဲတွေကို ထောက်ခံရမယ့်အစား ဝေဖန်မှုတွေကို လုပ်လာနေကြပါတယ်။ နိုင်ငံရေးသမားတချို့နဲ့ နိုင်ငံရေးတက်ကြွသူတချို့ဟာ အစိုးရကပေးတဲ့ အခွင့်အရေးတွေကို ယူလိုက်ကြပြီး နိုင်ငံရေးယုံကြည်ချက်ထက် မိမိအဖွဲ့၊ မိမိတကိုယ်စာ ရှင်သန်နေထိုင်မှု အဆင်ပြေရေးဘက် ရွှေ့ပြောင်းကြတာကို တွေ့လာနေရပါတယ်။

၂၅ နှစ်ကျော် ဒီမိုကရေစီခရီးကြမ်းအတွင်း ထောင်ကျခံခဲ့သူတွေ၊ လက်နက်ကိုင်တိုက်ပွဲဝင်ရင်း မသေလို့ ကျန်ခဲ့သူတွေဟာ ဘာကြောင့်များ အခုလိုဖြစ်သွားကြတာလဲ။ စစ်တပိုင်းအစိုးရသစ်ရဲ့ ပါးနပ်လွန်းတဲ့ စည်းရုံးရေးနည်းသစ်တွေကြောင့်လား။ ဒီမိုကရေစီအင်အားစုတွေကိုယ်တိုင် ခြေကုန်လက်ပန်းကျ သွားလို့  ရသလောက်နဲ့ တင်းတိမ်တော့မယ်၊ ပေးသလောက်ပဲ ယူတော့မယ်ဆိုပြီး စိတ်လျှော့လိုက်ကြလို့ လား။
သေချာတာကတော့ ”လူကို ဖမ်းဆီးထောင်ချလို့ ရချင်ရမယ်၊ လွတ်လပ်တဲ့စိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖမ်းဆီးထောင်ချလို့မရဘူး” ဆိုတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲဝင်တွေရဲ့ကြွေးကြော်သံဟာ အခုတော့ မှုန်ဝါးလာနေပါပြီ။

ဘာကြောင့် ဒီလိုဖြစ်သွားတာလဲ။ ဒီလိုဖြစ်သွားတယ်ဆိုတာကိုကော အသေချာ သတိထားမိသူ ဘယ်နှစ်ဦးရှိသလဲ။ ကိုယ့်ကို မထိမချင်း ဒီတိုင်းပဲ ငြိမ်ခံနေကြမလား။ အရင်ခေတ်ကလို တပ်ပေါင်းစုမူ၊ မဟာမိတ်မူ၊ ရဲဘော်ရဲဘက်မူတွေ ပြန်လည်ရှင်သန်လာအောင် ဘယ်လိုလုပ်ကြမလဲ။ ရပ်တည်ချက် ခိုင်ခိုင်မာမာနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အတွင်း ဘယ်လိုပူးပေါင်းပြီး ခရီးနိုင်မလဲဆိုတာကို ဒီမိုကရေစီရေးအင်အားစုတွေအားလုံး အသေအချာ ပြန်လည်သုံးသပ်ဖို့ အချိန်ကျနေပြီလို့ တင်ပြဆွေးနွေးလိုက်ပါတယ်။

စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်။

Thursday, June 12, 2014

တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ (အပိုင်း ၁၄)

(၉၉၉၉) ကိုးလေးလုံးအကြို စကားဝိုင်းနှင့် PP 21

အော်စလိုရုံးချုပ်မှာ ၃ လတာ Interim တာဝန်ပြီးဆုံးလို့ ဘန်ကောက်ပြန်ရောက်တော့ ပထမဆုံး ပေး အပ်ခြင်းခံရတဲ့တာဝန်က ၉ လေးလုံး စကားဝိုင်းလုပ်ဖို့ပါ။ စကားဝိုင်းဆိုလို့ အခုခေတ် DVB TV စကား ၀ိုင်းတွေ၊ ဒီဘိတ်တွေလို ဟိုတယ်အခန်းတွေငှားပြီး ကင်မရာမင်း များစွာ၊ ၀န်ထမ်းတွေများစွာနဲ့ စိတ် ကြိုက်ပြင်ဆင်ပြီး ရန်ကုန်မြို့လယ်မှာ လုပ်ခွင့်ရတယ်လို့ မထင်လိုက်ပါနဲ့။ အဲဒီအချိန်က ဒီမိုကရေစီ အင်အားစု အားလုံးနီးပါး အခြေစိုက်တဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့စွန်က လျှို့ဝှက်နေရာတခုမှာ လုပ်ခဲ့ရတာပါ။

(ABSDF ဒုဥက္ကဌ၊ PP21 အဖွဲ့ခေါင်းဆောင် ကိုမိုးသီးဇွန်ကို နယ်စပ်စခန်းတခုမှာတွေ့ရစဉ်။  ဓာတ်ပုံ- ထက်အောင်ကျော်)

လျှို့ဝှက်နေရာဆိုတာကတော့ အဲဒီအချိန်က အတိုက်ခံအင်အားစုတွေ သုံးနေကြ စကားလုံးကို ယူသုံး လိုက်တာပါ။ အတိုက်ခံအများစုဟာ မဲဆောက်မှာ ရုံးခန်းဖွင့်ပြီး အလုပ်လုပ်နေကြပေမယ့် သူတို့ကျင်းပ တဲ့ အခန်းနားနေရာကို မဲဆောက်လို့ ထည့်လေ့မရှိပါ။ မီဒီယာတွေက အဲဒီလို တည့်တည့်ညွှန်းဆိုတာ ကိုလည်း သူတို့က မကြိုက်ကြပါ။ ဒါကြောင့် နယ်စပ်ကလျှို့ဝက်တနေရာ သို့မဟုတ် လွတ်မြောက်နယ် မြေ တနေရာဆိုပြီး ခေါင်းစဉ်တပ်လေ့ရှိပါတယ်။ ဒါကြောင့် မဲဆောက်မြို့စွန်တနေရာက ကိုမိုးသီးဇွန်တို့ ရဲ့ ရုံးခန်း PP21 (People Power 21 Century) မှာ လုပ်ခဲ့တဲ့ စကားဝိုင်းကို နယ်စပ်က လျှို့ဝှက်စခန်း တခုမှာ လုပ်သလိုလိုနဲ့ သတင်းပို့လိုက်ပါတယ်။

အဲဒီအချိန်ထိ ကိုမိုးသီးဇွန်ဟာ ABSDF ဒုဥက္ကဋ္ဌ တာဝန်ယူထားဆဲဖြစ်ပြီး သူနဲ့အတူ ကိုဝင်းမင်း (အခု VOA)၊ ကိုမင်းမင်းနဲ့ ရဲဘော်အတော်များများ တွေ့ရပါတယ်။ သူတို့ရုံးခန်း (အဲဒီကာလရုံးခန်းတွေဟာ လူနေဆောင်တွေလည်းဖြစ်ပါတယ်) နဲ့ မျက်နှာချင်းဆိုင် လမ်းတဖက်ချမ်းမှာတော့ NGO တွေ အလုပ် လုပ်တဲ့ သစ်သားအိမ်တလုံးရှိပါတယ်။ အဲဒီဘေးမှာတော့ ပဒိုမန်းငြိမ်းမောင် (အခု KNU ပြောခွင့်ရ ပုဂ္ဂို လ်) ရဲ့ နေအိမ်ရှိပါတယ်။ အဲဒီနိုင်ငံရေးရုံးခန်းတွေရှိတဲ့ လမ်းကိုကျော်ပြီး လယ်ကွင်းတခုကိုဖြတ် လိုက် မယ်ဆိုရင်တော့ NCGUB ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အေးရဲ့ ရုံးခန်း သို့မဟုတ် ကျနော်တို့ DVB သတင်းထောက်ကြီး ကိုစိုးဝင်းညိုရဲ့ ရုံးခန်းကို တွေ့ရမှာဖြစ်ပါတယ်။

ကျနော်ရဲ့ ၉ လေးလုံးစကားဝိုင်းမှာ ပါဝင်ဆွေးနွေးသူတွေကတော့ ABSDF နဲ့ ၈ လေးလုံးခေါင်းဆောင် ကိုမိုးသီးဇွန်၊ ၁၉၉၆ ၀န်းကျင်မှာ နယ်စပ်ဆီထွက်လာတဲ့ ကျောင်းသားလူငယ် ကိုမင်းဇင်နဲ့ ၁၉၉၈ မှာ ထွက်လာတဲ့ ကိုဝင်းနိုင် တို့ဖြစ်ပါတယ်။ စကားဝိုင်းဆိုပေမယ့် စားပွဲဝိုင်းမရှိ၊ ပရိသတ်လည်းမရှိပါ။ PP21 ရုံးအောက်ထပ်မြေပြင်က ထိုင်ခုံတခုမှာ သူတို့ ၃ ဦးကို စုထိုင်ခိုင်းပြီး ကျနော်ရဲ့ Sony MD ရီကော်ဒါ လေးနဲ့ တလှည့်စီ မိုက်ကရိုဖုန်းထိုးပေးပြီး မေးမြန်းဖြေကြားခြင်းသာဖြစ်ပါတယ်။ သူတို့ရဲ့ပြောကြား ချက်ကို အတိအကျ မမှတ်မိတော့ပေမယ့် ၉ လေးလုံးနေ့ (၁၉၉၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့) မှာ လူထုအုံကြွမှု တကယ်ပဲဖြစ်လာတော့မယ့် ပုံစံမျိုး အားလုံးကပြောခဲ့တယ်လို့ ထင်ပါတယ်။


ဒုက္ခသည်ကို ဒုက္ခထပ်ပေးမိတဲ့ သတင်းထောက်

ကိုစိုးဝင်းညိုရဲ့ ရုံးခန်းမှာတည်းပြီး မဲဆောက်နိုင်ငံရေး အခြေနေကို လေ့လာရင်းနဲ့ သောင်ရင်းမြစ်ဘေး ကဈေးတန်းတွေ၊ ဒုက္ခသည်စခန်းတွေဆီ ကျနော်ရောက်သွားပါတယ်။ အခု အုန်းဖျန်စခန်းအဖြစ် နာ မည်ကြီးနေတဲ့ ဒုက္ခသည်စခန်းဟာ အဲဒီအချိန်က စတင်တည်ခါစပဲရှိသေးပြီး ကျနော်တို့ရောက် သွား ချိန်မှာ တဲအိမ်တွေဆောက်နေဆဲ၊ အင်ဖက်တွေ၊ ၀ါးလုံးတွေ သယ်ယူနေဆဲဖြစ်ပါတယ်။

( ၉၉၉၉ ကာလအတွင်း မနီလွိုင်စခန်းမှာ သတင်းသွားယူစဉ်က)

ကျနော်နဲ့အတူ အဲဒီစခန်းဆီရောက်သွားသူက ဧရာဝတီအယ်ဒီတာချုပ်လည်းဖြစ်၊ RFA နာမည်ကြီး သ တင်းထောက်လည်းဖြစ်တဲ့ ကိုအောင်ဇော်ပါ။ တကယ့်တော့ အတူရောက်သွားတာမဟုတ်ပါဘူး။ သူ့ ကားနဲ့ ကျနော်ကလိုက်သွားတာပါ။ သူ့ကားဆရာက ထိုင်းနိုင်ငံသားဆိုတော့ လမ်းတလျှောက်က ထိုင်း စစ်တပ်ဂိတ်တွေကို ကောင်းကောင်းစကားပြောနိုင်ပြီး ဒီလမ်းတလျှောက်က လှပတဲ့ ရှုခင်းတွေကို ကြည့်ဖို့လာတယ်လို့ ရွှီးလိုက်ပါတယ်။ ဒီလိုမရွှီးလို့မရ။ အဲဒီအချိန်က သတင်းထောက်တွေ ဒီဘက်လာ တာကို ထိုင်းလုံခြုံရေးက မကြိုက်ပါ။

အုန်းဖျန်စခန်းဆီရောက်တဲ့အခါမှာလည်း လုံခြုံရေးဂိတ်မရှိတဲ့ စခန်းအောက်ဘက်နားမှာ ကားရပ်ပြီး ကရင်လို ဟိုပြောဒီပြောနဲ့ ၀င်သွားရတာပါ။ တောင်နံရံမှာ၊ တောင်နံရံဆိုပေ မယ့် ကျောက်ဆောင်မရှိတဲ့ မြေသားသက် သက်နံရံမှာ ဖြစ်သလိုဆောက်ထားတဲ့ တဲအိမ်တွေကို ဓာတ်ပုံရိုက်ရင်း၊ တွေ့မျှလူ တွေ ကို ဟိုမေး ဒီမေး လုပ်ရင်းနဲ့ အင်ဖက်အိတ်ကြီးတလုံး ထမ်းပြီး တောင်ပေါ်တက်လာနေတဲ့ လူတဦးကို ကျနော်က အင်တာဗျုးသွားလုပ်မိပါတယ်။

ဟိုလူက အင်ဖက်အိတ်ကြီးလေးလွန်းလို့ ချွေးပြန်နေချိန်၊ ဟောဟဲဖြစ်နေချိန်မှာ ကျနော်က မိုက်က လေးကိုင်ပြီး လမ်းလျှောက်လိုက်မေးနေတဲ့ပုံကို ကိုအောင်ဇော်က ဓာတ်ပုံလှမ်းရိုက်ပါတယ်။ ပြီးတော့ ''ခင်ဗျားက Refugee ကို torture ထပ်လုပ်နေတာပဲ'' လို့ပြောပြီး ကျနော်ကိုနောက်ပါတယ်။ သူပြောမှ ပဲ ကျနော်လည်း သတိထားမိပါတယ်။ သတင်းထောက်ဆိုတာ တခါတခါ ကိုယ်လိုချင်တာရဖို့ပဲသိပြီး တဖက်သားရဲ့ ဒုက္ခတွေ၊ အခြေနေကို ထည့်သွင်းစဉ်းစားဖို့ မေ့လျော့တတ်တဲ့ သတ္တ၀ါမျိုးဖြစ်နေပါရော့ လား။


၉ လေးလုံး ဆန္ဒပြပွဲနှင့် မြန်မာသတင်းထောက်များ

မဲဆောက်မှာ တပတ်လောက်ကြာပြီးတဲ့နောက် ၉ လေးလုံးနေ့အမှီ ဘန်ကောက်မြို့ဆီ ကျနော် ပြန် တက်လာပါတယ်။ ဘန်ကောက်မြို့လယ်က မြန်မာသံရုံးရှေ့မှာဆန္ဒတာပြတာနဲ့ ရန်ကုန်က ကျောင်းအိမ် သာတွေမှာ စာကပ်တာမျိုးကလွဲရင် ၉ လေးနှစ်ပတ်လည်မှာ ထူးခြားတဲ့လူထုလှုပ်ရှားမှု ဘာမှဖြစ်မလာ ခဲ့ပါ။ ဒီတော့ ဘန်ကောက်သံရုံးရှေ့မှာ သတင်းတပတ်လောက် စခန်းချဆန္ဒပြနေတဲ့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကိုပဲ အဓိက သတင်းလုပ်ခဲ့ရပေါ့။


(၉၉၉၉ ကာလ ဘန်ကောက်သံရုံးရှေ့မှာ ဆန္ဒပြနေကြတဲ့ ABSDF ရဲဘော်ဟောင်းတချို့)

အဲဒီမှာ ကျနော်တွေ့ရတဲ့ BBC မြန်မာပိုင်းသတင်းထောက်တဦးကတော့ ကိုကျော်ဇံသာ (အခု VOA တိုက်ရိုက်လေလှိုင်း) ဖြစ်ပါတယ်။ BBC၊ VOA ရေဒီယိုတွေကို ကျောင်းသားဘ၀ ၇-၈ တန်းလောက် ကတည်းက နားထောင်ဖူးပေမဲ့ အဲဒီသတင်းဌာနက မြန်မာသတင်းထောက်တဦးကို အပြင်မှာ လူချင်း တွေ့ဖူးတာ ဒါ ပထမ ဆုံးဖြစ်ပါတယ်။ ကျနော်အမှတ်မမှားဘူးဆိုရင် အဲဒီအချိန်ထိ BBC နဲ့ VOA ဟာ အရင်လူဟောင်းတွေ၊ မူဟောင်းတွေအတိုင်းသွားနေဆဲဖြစ်ပြီး အစိုးရစိတ်အနှောက်ယှက်ဖြစ်စေမဲ့ ဒီလို သံရုံးရှေ့အထိ သတင်းလာယူတာမျိုးလုပ်လေ့မရှိသေးပါ။

''အေးရာအေးကြောင်း'' မူအရသွားနေဆဲဖြစ်ပြီး သူတို့ကိုယ်သူတို့လဲ Journalist တွေ၊ Reporter တွေ အဖြစ်ခေါင်းစဉ် မတပ်သေးပါ။ Broadcaster အဖြစ်သာ အမည်တပ်ထားပြီး ကွင်းဆင်းသတင်းယူသူ မရှိသလောက်နည်းနေဆဲဖြစ်ပါတယ်။ သတင်းလောကဆီရောက်နေပြီး ရေဒီယိုမှာ နေ့စဉ် သတင်းဖတ် နေပေမဲ့ သတင်းထောက်လို့ ပြောလို့မဖြစ်သေး။ အသံလွှင့်ဌာန ၀န်ထမ်းတွေ၊ သူများပို့တဲ့ (နိုင်ငံတကာ သတင်းထောက်တွေ) သတင်းတွေကို ဘာသာပြန်လွှင့်တာ၊ ပြန်ဖတ်တာသာ လုပ်ဖူးပြီး ကွင်းဆင်းသ တင်း ထောက်မလုပ်ဖူးသူတွေ အဲဒီခေတ်က အများကြီးရှိခဲ့တယ်လို့ ထင်ပါတယ်။

ကျနော်အမှတ်မမှားဘူးဆိုရင် အဲဒီအချိန်ထိ BBC, VOA, FRA အားလုံး ဘန်ကောက်မှာ ရုံးခန်းမဖွင့် သေးပါ။ DVB လဲ အဲဒီအချိန်ထိရုံးခန်းမရှိသေးပဲ မြေအောက်သတင်းဌာနဆန်ဆန် ABSDF ရုံးတွေ၊ သ တင်းထောက်နေတဲ့အခန်းတွေကနေ ဖြစ်သလိုသတင်းပို့နေရဆဲပါ။ အဲဒီ ၉ လေးလုံးကာလတို လေး အတွင်းမှာ BBC သတင်းထောက် ကိုကျော်ဇံသာနဲ့တွဲပြီး မနီလွိုင်ကျောင်းသားစခန်းဆီသတင်းသွားယူ တာအပါဝင် ဘန်ကောက်နဲ့ ဆင်ခြေဖုံးဒေသတချို့ဆီ ခရီးထွက်ဖြစ်ခဲ့ပါတယ်။

ဘန်ကောက်မှာအလုပ်လာလုပ်နေတဲ့ မြန်မာအင်ဂျင်နီယာတွေ၊ ABAC (Assumption Business Administration College)   ကျောင်းဆရာတွေနဲ့တွေ့ဆုံမှု၊ မနီလွိုင်မှာတွေ့ရတဲ့ မြန်မာကျောင်း သား တွေရဲ့ ပြောဆိုမှု အပေါ်အခြေခံပြီး ရေးလိုက်တဲ့ The Nation သတင်း စာပါ ''Role of the Educated in the Revolution'' ဆိုတဲ့ဆောင်းပါးဟာ ပညာတတ်လောကဆီ အတော်ဂရက်ရိုက်သွားတယ်လို့ သိ ရပါတယ်။ ABSDF ကျောင်းသားတွေက အသက်စွန့်တိုက်ပွဲဝင်နေချိန်မှာ ပညာတတ်တွေက တော် လှန်ရေးထဲမပါပဲ၊ တော်လှန်ရေးကိုဦးဆောင်ဖို့ မကြိုးစားပဲ နိုင်ငံခြားထွက် အလုပ်လုပ်ဖို့၊ နိုင်ငံခြားထွက် ပညာသင်ဖို့ပဲ ဆန္ဒစောနေတယ်ဆိုပြီး အဲဒီဆောင်းပါးအတွင်း ဝေဖန်မိပါတယ်။

ကျနော်မေးမြန်းခွင့်ရတဲ့ ကျောင်းသားအများစုကတော့ တတိယ နိုင်ငံဆီထွက်ခွါ ပညာသင်မှာဖြစ်ပြီး ''မြန်မာနိုင်ငံ ဒီမိုကရေစီရတဲ့ တနေ့'' မှာ အဲဒီပညာတွေနဲ့ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွင်း ပါ ၀င်ကူညီနိုင်ဖို့ အဆင်သင့်ပြင်ထားမယ်လို့ပြောကြပါတယ်။ ဒါပေမယ့် အဲဒီတနေ့က ဘယ်တော့ရောက် မှာလဲ၊ အဲဒီနေ့ဆီရောက်ဖို့ ဘယ်သူတွေက လုပ်ဆောင်မှာလဲ။ ပညာတတ်အားလုံးက ပညာပဲဆက် သင်ပြီး အဲဒီနေ့ကို ဒီတိုင်းထိုင်စောင့်နေကြမှာလားလို့ မေးခွန်းနဲ့ ဆောင်းပါးကို အဆုံးသတ်ထားပါ တယ်။

အခု ၁၅ နှစ်လောက်ကြာပြီးချိန်မှာတော့ အဲဒီလိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ဖူးတဲ့ ကျနော်ကိုယ်တိုင် နော် ဝေးနိုင်ငံဆီရောက်နေတာ ၁၂ နှစ်ရှိနေပါပြီ။ ABSDF ကျောင်းသားအများစုအပါဝင် မနီလွိုင်စခန်းက ကျောင်းသားအားလုံး တတိယ နိုင်ငံတွေဆီရောက်သွားတာလဲ ၁၀ နှစ်ကျော် နှစ် ၂၀ နီးပါးရှိနေပါပြီ။ ဒါ ပေမယ့် အဲဒီဆောင်းပါးထဲမှာမေးခွန်းထုတ်ထားသလို အခု မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်ဆိုတာဟာ ပြည်ပရောက် ပညာတတ်တွေထိုင်စောင့်နေတဲ့ ''မြန်မာနိုင်ငံ ဒီမိုကရေစီ ရတဲ့ တနေ့'' ဟုတ်မဟုတ်ဆိုတာကတော့ မသေချာသေးပါ။

ABSDF ကနေ နိုင်ငံခြားပညာတော်သင်အဖြစ်စေလွှတ်ခံရသူတချို့ ပြည်တော်ပြန်ပြီး သမ္မတအကြံပေး တွေ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေ၊ NGO တွေ၊ သတင်းဌာနတွေမှာ တာဝန်ပြန်ထမ်းနေတာ တွေ့ရပေမဲ့ တပ်ဖွဲ့ဝင်အများစုကြီးကတော့ အခုချိန်ထိ အိမ်မပြန်နိုင်သေးပဲ တတိယ နိုင်ငံတွေဆီမှာ သောင်တင်နေဆဲ၊ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်တဲ့ အပြောင်းအလဲကို အတုအယောင်အဖြစ် ဝေ ဖန်နေဆဲဖြစ်တာကို မြင်နေရဆဲဖြစ်ပါတယ်။    ။

Monday, June 9, 2014

တနသာင်္ရီ ဂျာနယ် အမှတ်စဉ် ၅၁

Sunday, June 8, 2014

ပြည်တော်ပြန်ခွင့်မရသေးတဲ့ ပြည်တော်ပြန်များ

ခေါင်းစဉ်ကိုဖတ်ပြီး နားရှုတ်မသွားပါနဲ့။ ၂၈ ရက်စာ Social Visa နဲ့ အလည်သဘောသာပြန်ခွင့်ရနေ သေးတဲ့ ပြည်တော်ပြန်တွေ မြန်မာနိုင်ငံအတွင်းရက်ရှည်နေထိုင်ခွင့်၊ အပြီးပြန်နေခွင့်မရသေးတဲ့အချက် ကိုဆွေးနွေးချင်လို့ ဒီလိုခေါင်းစည်းတပ်လိုက်တာပါ။


အများသိပြီးဖြစ်တဲ့အတိုင်း ၈ လေးလုံးအရေးတော်ပုံနောက်ပိုင်း နိုင်ငံရေး၊ တော်လှန်ရေးမှာပါဝင်လှုပ် ရှားခဲ့ပြီး အခြေနေအမျိုးမျိုးကြောင့် နယ်စပ်နဲ့ ပြည်ပနိုင် ငံတွေဆီရောက်သွားသူအားလုံး အမိမြေဆီပြန် လာနိုင်ပြီလို့ သမ္မတဦးသိန်းစိန်က ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလမှာ တရားဝင်ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီ ဖိတ်ခေါ်ချက်ထွက်လာပြီးတဲ့နောက် တောခိုကျောင်းသားဟောင်းတဦးဖြစ်တဲ့ စာရေးသူအပါဝင် ပြည်ပ ရောက်နေသူတွေ ရာနဲ့ချီပြီး ပြည်တော်ပြန်လေ့လာရေးလုပ်ခဲ့ကြပါတယ်။

၂၅ နှစ်ကျော်ခွဲခွာနေရတဲ့ အမိမြေဆီ မနှစ် ဇွန်လအတွင်းက ပထမ ဆုံးအကြိမ်ပြန်ရောက်ဖူးတဲ့ အ တွက် အခုဆိုရင် တနှစ်တိတိ ရှိပါပြီ။ ဒီတနှစ်တာအတွင်း ဘာတွေလေ့လာနိုင်ခဲ့သလဲ။ ဒီမိုကရေစီအင် အားစုတွေနဲ့ ဘာတွေပူးပေါင်းဆောင်ရွက်နိုင်ခဲ့သလဲ။ အစိုးရနဲ့ကော ဘာတွေ ပူးပေါင်းဆောင်ရွက်ဖို့ရှိ သလဲ။ ဘယ်တော့အပြီးပြန်မှာလဲဆိုပြီး မေးကြသူတွေ များလာနေသလို ဒီလိုပြန်တာဟာ ဂုဏ်သိက္ခာ ရှိတဲ့ အိမ်ပြန်ခြင်းပုံစံမျိုးဟုတ်ရဲ့လားဆိုပြီး ဝေဖန်သူတွေလဲရှိလာနေပါတယ်။

''ခင်ဗျားတို့ပြန်တာက အပျော်ပြန်တာပဲဗျာ။ ဟောလီးဒေး (Holiday) ပြန်တဲ့သဘောဆိုတော့ ဘာကို များ ထဲထဲဝင်ဝင် လေ့လာနိုင်မှာမို့လဲ။ စာအုပ်ထုတ်တာကလွဲပြီး ခင်ဗျား ဘာလုပ်နိုင်ခဲ့လို့လဲ'' ဆိုပြီး အ ခု ချိန်ထိ ပြည်တော်မပြန်သေးတဲ့ နော်ဝေးရှိမိတ်ဆွေတဦးက ဝေဖန်ပါတယ်။

ဟုတ်ပါတယ်။ ပြည်တော်ပြန်အများစုရဲ့ ရည်ရွယ်ချက်ဟာ ၂၅ နှစ်ကျော်ခွဲခွာနေရတဲ့ မိသားစုနဲ့တွေ့ဖို့ အရေးသာ အဓိကလိုဖြစ်နေပြီး နိုင်ငံရေး ဂုဏ်သိက္ခာအတွက် အလေးထားစဉ်းစားမိရဲ့လားဆိုတာဟာ မေးခွန်းထုတ်သင့်ပါတယ်။ ပြည်တော်ပြန်လည်ခွင့်ရသူအများစုဟာ ခွဲခွာနေရတဲ့မိသားစုတွေနဲ့တွေ့ဆုံ၊ မိဘတွေစိတ်ချမ်းသာအောင် ရဟန်းခံ၊ ရှင်ပြုပွဲလုပ်၊ မိသားစုတွေနဲ့အတူ ဘုရားဖူးသွား၊ အပန်းဖြေ ခရီးသွားတဲ့ပုံတွေကိုသာ သူတို့ရဲ့ Facebook မှာ အဓိက မြင်ခဲ့ရပါတယ်။ တနည်းအားဖြင့် ပြောမယ်ဆို ရင်တော့ အပေါ်ကမိတ်ဆွေထောက်ပြခဲ့သလို Holiday သွားတဲ့သဘောထက်ပိုတဲ့ အဓိပ္ပါယ်ကို သိပ် မ တွေ့ရသေးပါဘူး။

ဒါကပြည်တော်မပြန်သေးတဲ့၊ လက်ရှိအစိုးရဆီမှာ ဗီဇာသွားလျှောက်တာကိုတောင် ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်အဖြစ်မြင်နေသေးတဲ့ ပြည်ပရှိ မိတ်ဆွေတချို့ရဲ့ အမြင်ပါ။ ပြည်တွင်းရှိ မိတ်ဆွေတချို့ကလဲ သွား လိုက်လာလိုက်လုပ်နေတဲ့ ပြည်တော်ပြန်တွေအပေါ် သိပ်အမြင်မကြည်ပါ။ သမ္မတကိုယ်တိုင်က ဖိတ် ခေါ်ထားတာတောင် ဒီလူတွေက ဘာကြောင့်အပြီးပြန်မလာသေးတာလဲ။ နိုင်ငံခြားမှာအနေကြာသွား လို့ မြန်မာနိုင်ငံမှာ မနေချင်တော့တာလား။ တိုင်းပြည်အတွက် တာဝန်ပြန်ထမ်းဖို့ ဒီလူတွေမှာ စိတ်ကူး မရှိတော့ဘူးလား ဆိုပြီး ဝေဖန်သံတချို့ကို ကျနော်ကြားခဲ့ရပါတယ်။

ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလို ပြည်တော်ပြန်တွေရဲ့ ဒုက္ခကို ပြည်တော်ပြန်တွေ အသိဆုံးပါ။ ကျနော် ရဲ့ပြည်တော်ပြန်ခရီးစဉ်ဟာ Holiday သဘောသက်သက်မဟုတ်ပါ။ မြန်မာပြည်နိုင်ငံရေးအခြေနေကို လေ့လာပြီး နေလို့ရရင် ရက်ရှည်နေထိုင်ဖို့၊ အဲဒီထက် ပိုအဆင်ပြေမယ်ဆိုရင် အမြဲတန်းပြန်နေဖို့ဖြစ်ပါ တယ်။

ဒါပေမယ့် အခြေနေက ကျနော်တို့ထင်ထားသလို၊ အများကထင်ထားသလို မဟုတ်သေးပါ။ သမ္မတနဲ့ အဖွဲ့က တရားဝင်ဖိတ်ခေါ်တယ်ဆိုပေမဲ့ ပါးစပ်နဲ့ဖိတ်ခေါ်တာသာဖြစ်ပြီး ကျနော်တို့ပြန်လာရင် ဘယ်လို လက်ခံမယ်၊ ဘယ်လိုပူးပေါင်း ဆောင်ရွက်မယ်ဆိုတဲ့ လက်တွေ့လုပ်ငန်းစဉ် ဘာမှမရှိပါ။ သမ္မတ ဦး သိန်းစိန်ရဲ့ စကားတလုံးဟာ သမ္မတအိုဘားမားရဲ့စကားတလုံးလိုပဲ လက်တွေ့လုပ်ငန်းစဉ်ပါလိမ့် မယ်လို့ ပုံသေတွက်ထားမိတာကိုက ကျနော်တို့အမှားပါ။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ကျနော် တို့ကို ဖိတ်ခေါ်ပါတယ်ဆိုတဲ့ သမ္မတရဲ့စကားဟာ နွားနို့သောက်ဖို့ နှိုးဆော်ခဲ့ဖူးတဲ့စကားလိုပါပဲ ပြောပြီး ပြီး သွား တဲ့သဘော။ လက်တွေ့ လုပ်ငန်းစဉ် ဘာမှမရှိတဲ့သဘောဆိုတာကို မြန်မာနိုင်ငံဆီ ရောက်ပြီးမှ သိ လိုက်ရပါတယ်။

သံရုံးမှာ ဗီဇာ သွားလျှောက်ကတည်းက ကိုယ်ရေးအချက်လက်မှန်အားလုံးကို အသေးစိပ်တင်ပြထား ပြီးဖြစ်ပေမဲ့ ကျနော့်ရွာဆီရောက်တဲ့အခါ နယ်မြေခံရဲနဲ့ ထောက်လှမ်းရေးက နော်ဝေးနိုင်ငံသား မှတ်ပုံ တင်နံပတ်တွေ၊ ဗီဇာနံပတ်တွေ၊ နိုင်ငံရေးနောက်ခံအချက်လက်တွေ လာမေးပြန်ပါတယ်။ ပြီးတော့ မြို့ နယ် လ၀က ရုံးဆီသွားပြီး နိုင်ငံခြားသားအဖြစ် ဧည့်စာရင်းတိုင်ရမယ်လို့ ဆိုပါတယ်။

အဲဒီဧည့်စာရင်းတင်းကျပ်မှုတွေထဲမှာ ''၁၉၄၈ ခု နိုင်ငံခြားသားများ မှတ်ပုံတင်ရေးစည်းကမ်းဥပဒေ များ''၊ ရပ်ကွက်အတွင်း တည်းခိုတဲ့ နိုင်ငံခြားသားဧည့်စာရင်း။ ရပ်ကွက် နေအိမ်၊ အဆောက်ဦများတွင် တည်းခိုနေထိုင်သည့် နိုင်ငံခြားသားများနှင့်အိမ်ရှင်များ လိုက်နာရမည့် စည်းကမ်းချက်များ။ အိမ်ထောင် စု လူဦးရေစာရင်း။ ကျေးရွာအုပ်ချုပ်ရေမှုးရဲ့ ထောက်ခံစာ ဆိုတာတွေပါရှိပါတယ်။

ဒါတွေကို ကျနော်လက်မခံနိုင်ပါ။ ကျနော်တို့ဟာ မြန်မာပြည်ကိုတခါမှမရောက်ဖူးလို့ အလည်လာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေမဟုတ်ပါ။ မြန်မာနိုင်ငံမှာ ပြန်နေဖို့ ကိုယ်အိမ်ကိုယ်ပြန်လာသူတွေသာဖြစ်ပါ တယ်။ ဆိုတော့ ဒီလိုပုံနဲ့တော့ ရွာမှာရေရှည်နေဖို့မဖြစ်နိုင်သေးပါ။ ဒါဟာ ကျနော်တဦးတည်းကြုံရတဲ့ ကျနော်တို့ဒေသက အာဏာပိုင်တွေရဲ့ တမင်ညစ်မှုလားလို့တော့ သံသယ၀င်မိပါတယ်။ ဒါပေမယ့် တ ခြားနယ်အတော်များများက ပြည်တော်ပြန်တွေလဲ ကျနော်လိုပဲ ကြုံရတယ်လို့ပြောကြပါတယ်။ ဒါပေ မယ့် ခက်တာက ဒီကိစ္စတွေကိုလူသိရှင်ကြားပြန်ပြောရင် ကျေးလက်ဒေသက သူတို့မိသားစုတွေ ထိ ခိုက်မှာစိုးလို့ ပြန်မပြောရဲတာလို့ဆိုကြပါတယ်။

အင်း...အစိုးရကို ပြန်မပြောရဲတဲ့သူတွေထဲမှာ ပြန်တော်ပြန်တွေပါ ပါနေပြီလား။ ထားတော့။ ကျေးလက် ကကိစ္စဆိုတော့ လူတွေသိပ်မသိကြပါ။ ရန်ကုန်မှာကော အခြေနေဘယ်လိုလဲ။ လောလောဆယ် လူ ပြောများနေတဲ့ ABSDF ဥက္ကဌဟောင်း ကိုမိုးသီးဇွန်ရဲ့ မြန်မာနိုင်ငံအတွင်းနေထိုင်ခွင့်နဲ့ နိုင်ငံသား ပြန် လျှောက်ထားမှုအခြေနေကိုကြည့်ရင် ပြည်တော်ပြန်တွေရဲ့အခြေမှန်ကို ပိုပြီးသဘောပေါက်လွယ် မယ် လို့ ထင်ပါတယ်။

အမေရိကန်နိုင်ငံသားစာအုပ်ကိုလွှင့်ပစ်ပြီး မြန်မာနိုင်ငံသားအဖြစ်ပြန်လျှောက်ထားတာ တနှစ်နီးပါးကြာ တဲ့အထိ အစိုးရဖက်က ဘာမှအကြောင်းမပြန်သေးဘူးလို့သိရပါတယ်။ အခုတော့ ယာယီနေ ထိုင်ခွင့် တောင် မပေးတော့ပဲ ထိုင်းနိုင်ငံကိုပြန်ထွက်ပြီး ဗီဇာ ပြန်လျှောက်ဖို့၊ အဲဒီကနေ နိုင်ငံသားပြန် လျှောက် ဖို့ အစိုးရက သတိပေးလိုက်တယ်လို့ သတင်းတွေထဲဖတ်ရပါတယ်။

(အခုနောက်ဆုံးသတင်းတွေအရတော့ ကိုမိုးသီးဇွန်နဲ့ ကိုမိုးဟိန်းတို့ကို ဦးသိန်းစိန်အစိုးရက BlackList ကြေငြာလိုက်ပြီလို့သိရပါတယ်။ ကိုမိုးသီးဇွန်ရဲ့ Facebook မှာ အောက်ပါအတိုင်းဖေါ်ပြထား တာကို ဒီနေ့ ၁၁-၆-၁၄ မှာတွေ့ရပါတယ်)



ဒီကိစ္စတွေကိုကိုင်တွယ်တဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီးဦးခင်ရီရဲ့ စကားကို ကိုးကားရမယ်ဆိုရင် “နိုင်ငံသားပြန်လျှောက်သူတွေကို ဝန်ကြီးဌာန ၃ ခုကနေပြီးတော့ ပြန် လည်စစ်ဆေးပါတယ်။ စစ်ဆေးပြီးတာကို နိုင်ငံတော်သမ္မတဆီကို တင်ပါတယ်။ တင်တာကို သမ္မတက နေ ပြန်လက်ခံဖို့ ချပေးပါတယ်။ ချပေးတာနဲ့ မပြီးသေးပါဘူး။ သူလုပ်ကိုင်ရမယ့် အဆင့်တွေ ထပ်လုပ်ရ မှာတွေ ရှိပါတယ်” လို့ မေလ ၇ ရက်နေ့က ရန်ကုန်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတခုအတွင်း ဦး ခင်ရီကပြောသွားပါတယ်။

ဦးခင်ရီရဲ့စကားကို စာဖတ်သူတွေ ဘယ်လိုသဘောပေါက်သလဲတော့ မသိပါ။ ပြည်တော်ပြန်တဦးဖြစ် တဲ့ ကျနော်ကတော့ နိုင်ငံသားအဖြစ်ပြန်လက်ခံခြင်းဟာ လုပ်ထုံလုပ်နည်းတွေ၊ ဥပဒေတွေထက် သမ္မ တနဲ့အစိုးရအဖွဲ့ကလက်ခံမှ၊ ပိုရှင်းအောင်ပြောရမယ်ဆိုရင်တော့ သူတို့အစိုးရကကြိုက်တဲ့လူမှ၊ သူတို့ အစိုးရကို ဖားတဲ့လူကိုမှ ထုတ်ပေးမယ်ဆိုတဲ့ လေသံမျိုးထွက်နေတယ်လို့ခံစားရပါတယ်။

သမ္မတအကြံပေးအဖြစ် လစားတာဝန်ထမ်းနေတဲ့ ပြည်တော်ပြန်တွေ၊ MPC ငြိမ်းချမ်းရေးစင်တာမှာ လခစားဝင်လုပ်နေတဲ့ ပြည်တော်ပြန်တွေအားလုံးဟာ တချိန်က ABSDF ဥက္ကဌဟောင်း ကိုမိုးသီးဇွန်ရဲ့ အောက်မှာ တာဝန်ထမ်းခဲ့ဖူးသူတွေပါ။ အဲဒီလူတွေကိုကျတော့ ချက်ချင်းနိုင်ငံသားထုတ်ပေးတာ၊ ချက် ချင်းမထုတ်ပေးနိုင်ရင်တောင် မြန်မာနိုင်ငံအတွင်းမှာရေရှည်နေထိုင်ခွင့်ရအောင် အစိုးရအာဏာကို သုံး ပြိး တနည်းနည်းနဲ့လုပ်ပေးထားနိုင်ပေမဲ့ ကိုမိုးသီးဇွန်ကျမှ ဘာလို့လုပ်မပေးနိုင်တာလဲ။ အစိုးရလခစား ၀င်မလုပ်ပဲ အစိုးရကို ဝေဖန်နေလို့လားဆိုတာဟာ မေးခွန်းထုတ်စရာဖြစ်လာနေပါတယ်။

ABSDF ဥက္ကဌဟောင်း ကိုမိုးသီးဇွန်လို ပုဂ္ဂိုလ်ကိုတောင် ဒီလိုညစ်ထားတယ်ဆိုရင် ကျနော်တို့လို သာ မန် တပ်ဝင်ဟောင်းတွေဆို ဘယ်လွယ်ပါ့မလဲ။ အမှန်တိုင်းဝန်ခံရရင် ကျနော်ဟာ ကိုမိုးသီးဇွန်လို လက် ရှိကိုင်ထားတဲ့ နိုင်ငံခြားသားစာအုပ်ကိုလွှင့်ပစ်ပြီး မြန်မာနိုင်ငံသားပြန်လျှောက်ဖို့အထိ သတ္တိမရှိသေးပါ။ အာမခံချက်ရှိတဲ့ သေချာတဲ့နိုင်ငံရေးပြောင်းလဲဖြစ်စဉ်မဖြစ်မချင်း၊ အနည်းဆုံးအားဖြင့် ၂၀၁၅ ရွေး ကောက်ပွဲအလွန် အရပ်သားစစ်စစ်အစိုးသစ်ကာလအထိ လက်ရှိနိုင်ငံခြားသားစာအုပ်ကိုကိုင်ပြီး မြန်မာ နိုင်ငံမှာ မီဒီယာအလုပ် လုပ်ကိုင်ဖို့ စိတ်ကူးယဉ်ထားသူပါ။

ရှေ့မှာညွှန်းခဲ့တဲ့ ၀န်ကြီးဦးခင်ရီကိုယ်တိုင် လွန်ခဲ့တဲ့တနှစ်ခန့်ကပြောခဲ့ဖူးတဲ့ PR အမြဲတန်းနေထိုင်ခွင့်ဆို တာကို စိတ်ကူးယဉ်စောင့်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအစီစဉ်ကလဲ သမ္မတရဲ့ဖိတ်ခေါ်ချက်လိုပဲ အသံသာရှိပြီး အဆံမရှိတဲ့ စကားလုံးသက်သက်များဖြစ်နေလေမလားလို့တော့ သံသယ၀င်မိပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီ PR ဥပဒေထုတ်ပေးဖို့ လွှတ်တော်ဆီတင်ထားပါတယ်လို့ပြောသံကြားပြီး တနှစ်လောက်ကြာတဲ့အထိ ဘာလုပ်ငန်းစဉ်မှ ထွက်မလာသေးလို့ဖြစ်ပါတယ်။

ကျနော့်တဦးတည်းအမြင်ကိုပြောရမယ်ဆိုရင် နိုင်ငံရေးယုံကြည်ချက်ကြောင့် ပြည်ပရောက်သွားသူတွေ ထဲက ယုံကြည်ချက်ကိုအတိမ်းအစောင်းခံပြီး အစိုးရလခစားအဖြစ်ပြန်လုပ်မဲ့သူ ဆယ်ဂဏန်းထက် မကျော်နိုင်ပါ။ နိုင်ငံရေးပါတီထောင်ပြီး အာဏာအသိုင်းဝိုင်းထဲပြန်ဝင်မဲ့လူလဲ ရာဂဏန်းဝန်းကျင်သာ ရှိ မယ်လို့ထင်ပါတယ်။ တကယ့်လူအများစုဟာ ကိုယ်တတ်ထားတဲ့ ပညာတွေ၊ အတွေ့အကြုံတွေနဲ့ ကိုယ့် ရပ်ကိုယ့်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာသန့်သန့်နဲ့ ပြန်လည်အလုပ်အကျွေးပြုချင်သူတွေသာ ဖြစ်တယ်လို့ မြင်ပါတယ်။

အတတ်ပညာနဲ့အတွေ့အကြုံဆိုတဲ့အထဲမှာ ဒေါက်တာဘွဲ့ရမှ၊ မာစတာဘွဲ့ရမှ မဟုတ်ပါ။ သန့်ရှင်းရေး လုပ်သားပဲဖြစ်ဖြစ်၊ ကားပြင်ဆရာပဲဖြစ်ဖြစ်၊ ကလေးထိမ်းကျောင်းအကူလုပ်သားပဲဖြစ်ဖြစ်၊ ဈေးဆိုင် ရောင်းသူပဲဖြစ်ဖြစ်၊ ဆူရှီသမားပဲဖြစ်ဖြစ် နိုင်ငံရပ်ခြားမှာတာဝန်ထမ်းဖူးသူဟာ စနစ်တကျတတ်မြောက် ထားသူဖြစ်ပါတယ်။ ဒီလူတွေရဲ့ အတတ်ပညာနဲ့ အတွေ့အကြုံကို မြန်မာနိုင်ငံမှာပြန်လည်အသုံးချခွင့် ပေးခြင်းအားဖြင့် တိုင်းပြည်အခြေခံအဆောက်ဦ တိုးတက်ရေးအတွက် တစုံတရာအကျိုး ရှိစေမယ်လို့ ယုံကြည်ပါတယ်။

ဒီလိုအလုပ်အကျွေးပြုဖို့ ပြန်လာချင်သူတွေကို အစိုးရက ဘာကြောင့်တားဆီးပိတ်ပင်ချင်နေရတာလဲ။ တခြားအိမ်နီးချင်းနိုင်ငံတွေရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေမှာ ပြည်ပရောက်နေသူတွေ ပြန်လာနိုင်ရေးအတွက် အစိုးရဖက်က ဘယ်လိုဆောင်ရွက်ပေးခဲ့သလဲဆိုတာကို သမ္မတဦးသိန်းစိန်နဲ့ အဖွဲ့ အသေချာလေ့လာဆန်းစစ်သင့်ပါတယ်။ ဒါဟာ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲမှု Political Reform မလုပ်ခင် အာဏာပြမှုများအားဖြေလျှော့ခြင်း Liberate အဆင့်မှာကတည်းက လုပ်ပေးရမဲ့ အချက်တခုဖြစ်တယ်လို့လဲ မြင်မိပါကြောင်း တင်ပြအပ်ပါတယ်။    ။

Saturday, June 7, 2014

‘‘တခု တကောင် တယောက်’’ စာပေစကားဝိုင်း



Saturday, June 7, 2014

“ဦးနေ၀င်းရဲ့ နောက်မြီးဆွဲ မလုပ်ချင်ကြနဲ့တော့’’ လို့ ပြောလိုက်တဲ့ ဆရာမောင်သင်းခိုင်၊ ဆရာမောင်ကြူးရင့်တို့နှင့် ‘‘တခု တကောင် တယောက်’’ စာပေစကားဝိုင်း

(မိုးသစ်ဝေ ရေးသားမှတ်တမ်းတင်သည်။)


ပျဉ်းမနားကဗျာဆရာများ တွေ့ဆုံလေ့ရှိရာ ကိုမိုးကြီး(ကဗျာဆရာမိုးကျော်အောင်) ရဲ့ Rain ကဖီးကို ကျွန်တော်ရောက်တော့ ဆရာမောင်သင်းခိုင်က ရောက်နှင့်ပြီ။

“မင်္ဂလာပါဆရာ”

“မင်္ဂလာပါ ကိုမိုးသစ်ဝေရေ၊ ထိုင်ကွာ၊ ဗိုလ်ကြူးလည်း ခဏနေရင် ရောက်လာလိမ့်မယ်”

ကျွန်တော်လည်း ခုံတလုံးမှာ ၀င်ထိုင်လိုက်ရင်း လက်ဖက်ရည်တခွက် မှာလိုက်ပါတယ်။

“ဆရာရေ ဒီနေ့တော့ ကျွန်တော် ဆရာတို့နဲ့ အင်တာဗျူးစရာလေးတွေ ရှိတယ်။ ဒီကိစ္စက ကျွန်တော်လည်း သိမီသလောက်တော့ သိမီခဲ့တယ်ပေါ့လေ။ ဒါပေမယ့် ဆရာတို့ပြောတာ ကြားရရင် ပိုပြီး ပြည့်စုံမယ် ထင်လို့ပါ”

“ဘာကိစ္စများလဲ ဆိုပါဦး”

“တစ်ခု၊ တစ်ကောင်၊ တစ်ယောက်ဆိုတဲ့ အရေးအသား အမှားကိစ္စပါဆရာ”

“သိပ်ကောင်းတယ်ဟေ့၊ ဒီကိစ္စကို အမှန်အတိုင်းဖြစ်အောင် ပြန်ဖော်ထုတ်သင့်တာကြာနေပြီ။ ဟော .. အတော်ပဲ။ ဗိုလ်ကြူးလည်း ရောက်လာပြီ။ စကားဝိုင်းလေး ပိုပြီး စိုပြည်သွားတာပေါ့ကွာ”

ဗိုလ်ကြူးလို့ ကျွန်တော်တို့က ချစ်စနိုးခေါ်တဲ့ ကဗျာဆရာမောင်ကြူးရင့် စားပွဲမှာဝင်ထိုင်လိုက်ပြီးနောက် ကျွန်တော်တို့စကားဝိုင်းလေး စပြီး အသက်ဝင်သွားပါတော့တယ်။

သင်း။ ။ ဗိုလ်ကြူးရေ၊ ငါတို့ အခုပြောနေတာက တစ်ခု တစ်ကောင် တစ်ယောက် ဆိုတဲ့ အရေးအသား အမှားကိစ္စကွာ။ တချို့တွေလည်း တခု တကောင် ဆိုပြီး ပြန်ပြင်ရေးဖို့ ကြိုးစားနေကြပါပြီ။ ဒါပေမယ့် တွင်တွင်ကျယ်ကျယ်တော့ ဖြစ်မလာသေးဘူး။ ဒီတော့ ဒီကိစ္စကို အများပြည်သူလည်း ပြန်သတိရလာအောင် အမှန်အတိုင်း ပြန်ရေးလာကြအောင် ဘယ်လိုလုပ်သင့်ကြသလဲ ဆွေးနွေးကြရင် မကောင်းဘူးလား။

ကြူး။ ။ သိပ်ကောင်းတာပေါ့ ဗိုလ်ကြီးရာ၊ ကိုယ်ကတော့ ကဗျာတပုဒ်ထဲမှာတောင် ထည့်ရေးခဲ့ပြီးပါပြီ။ ကဗျာဆိုတော့ ဖတ်တဲ့လူနည်းတော့ သိပ်ပြီး မပျံ့နှံ့ခဲ့ဘူးပေါ့။ ဒီအကြောင်းကို ၀ိုင်းဆွေးနွေးကြပြီး ဆောင်းပါးရေး၊ ဂျာနယ်မှာထည့်ခိုင်းရင် ပိုကောင်းမယ်ထင်တယ်။

မိုး။ ။ ဒီနေ့ပြောသမျှကို မှတ်သားပြီး ကျွန်တော် ပြန်ရေးပေးပါ့မယ်။ ကဲ ကျွန်တော် စပြီး မေးချင်ပါတယ်။ အဲဒီလို တ၀မ်းပူစသတ် တစ် လို့ အရင်ရှေးထုံးမရှိပဲ အမှားကြီး စရေးခဲ့တာ ဦးနေ၀င်းလို့ ကျွန်တော်ကြားဖူးပါတယ်။ အဲဒီအကြောင်း ဆရာတို့ ပြောပြပေးပါဦး။

သင်း။ ။ သိပ်ဟုတ်တာပေါ့ကွာ။ ပြန်ပြောရရင်တော့ တရုတ်ပြည်က တိန့်ယင်ရှောင် အလည်လာတုန်းကပေါ့။ တခါမှ စာတပုဒ်ကို ဖြစ်ဖြစ်မြောက်မြောက်မရေးဖူးတဲ့ ဦးနေ၀င်းက ကိုယ်တိုင် ဆောင်းပါးတပုဒ်ရေးပြီး သတင်းစာထဲမှာ ထည့်ခိုင်းတယ်ကွာ။ သတင်းစာအယ်ဒီတာတွေလည်း တော်တော် ခေါင်းခြောက်ခဲ့ရတယ်တဲ့။ ဘာလို့လဲဆိုတော့ သူ့ဆောင်းပါးထဲမှာ တခါမှ သုံးလေ့သုံးထမရှိတဲ့ အသုံးအနှုန်း အမှားတွေ ပါနေလို့ပဲ။

“အဆွေတော်နှင့် ကျွန်ုပ်တို့ တစ်ဦးနှင့် တစ်ဦး၊ တစ်ပြည်ထောင်နဲ့ တစ်ပြည်ထောင် ” စသဖြင့် ပေါ့ကွာ။ ရေးထုံးအမှားကို အမှန်လို့ မှတ်လာခဲ့ရတဲ့ အခုခေတ် လူငယ်တယောက် ဖတ်ကြည့်ရင်တော့ ဘာမှားလို့လဲပေါ့ကွာ။ ဒါပေမယ့် အဲဒီအချိန်ကတော့ တော်တော့်ကို မျက်စိထဲမှာ ထူးဆန်းနေတဲ့ သတ်ပုံအမှားကြီးပေါ့ကွာ။ အယ်ဒီတာတွေလည်း ဦးနေ၀င်းရေးတာဆိုတော့ မပြင်ရဲဘဲ ဒီအတိုင်းပဲ သတင်းစာထဲ ထည့်ပေးလိုက်တာပေါ့။ နောက်နေ့ အဲဒီဆောင်းပါး ဖတ်ပြီးသူတွေက ပြုံးစေ့စေ့နဲ့ပေါ့ကွာ။ နိုင်ငံ့ခေါင်းဆောင်တယောက် လုပ်နေပြီး စာလေးတပုဒ်တောင် ဖြောင့်အောင်မရေးနိုင်ဘူး ဆိုပြီးတော့ပေါ့။

ကြူး။ ။ အဲဒီအမှားကို မသိလိုက်မသိဖာသာဘဲ နေလိုက်ကြရင်တော့ အဲဒီကိစ္စက အဲဒီမှာပဲ ပြီးခဲ့မှာပဲ။ ဒါပေမယ့် သူ့ရဲ့နောက်လိုက်တွေက ငါတို့ခေါင်းဆောင်ကြီး ရေးတဲ့အတိုင်း လိုက်ရေးကြမယ်ဆိုပြီး လိုက်ရေးကြရာက အဲဒီလိုအမှားရေးတဲ့ လူတွေ အတော်လေးများလာပြီး၊ အမှားနဲ့အမှန် ရောထွေးလာတယ်။ နှစ်အတော်ကြာလာတော့ တယောက်လို့ရေးတာ အမှန်လား၊ တစ်ယောက်လို့ ရေးတာအမှန်လားဆိုတာ ပြဿနာကြီးတခု ဖြစ်လာခဲ့တော့တာပေါ့။

သင်း။ ။ အဲဒီမှာပဲ ဦးနေ၀င်းက အာဏာရှင်ညာဉ်အတိုင်း သူစခဲ့တဲ့ အမှားကို အမှန်ဖြစ်လာအောင် အတင်းလုပ်ခိုင်းတော့တာပေါ့။ သတ်ပုံအမှန်ဖြစ်ရေး လုပ်ကြပါ ဆိုပြီး မြန်မာစာအဖွဲ့ကို ဖိအားပေးခဲ့တယ်လေ။ မြန်မာစာအဖွဲ့ကလည်း ဦးနေ၀င်းအလိုကျ ကြိုးဆွဲရာ ကပေးခဲ့တယ်။ မြန်မာစာလုံးပေါင်းသတ်ပုံ ကျမ်းဆိုတာ ထုတ်ပြီး တစ် လို့ ရေးကြပါဆိုပြီး သတ်မှတ်ပေးလိုက်တယ်။ ဥပဒေစကားနဲ့ပြောရရင်တော့ အများပြည်သူမနှစ်သက်တဲ့ ဥပဒေတခု ပြဋ္ဌာန်းပေးလိုက်တာပေါ့။

မိုး။ ။ မြန်မာစာအဖွဲ့က သတ်ပုံကျမ်းမှာ “တစ်” လို့ရေးသင့်တယ်ဆိုတာကို ဘယ်လိုအထောက်အထား တွေများရှာပြီး အကြောင်းပြခဲ့တာလဲဆရာ။

သင်း။ ။ အထောက်အထားရှာလို့ ဘယ်လိုရမှာလဲကွာ။ ပုဂံခေတ်ကစလို့ ခေတ်အဆက်ဆက် ပညာရှင်အကုန်လုံး တခု တကောင်တယောက်လို့ပဲ ရေးခဲ့ကြတာကိုကွာ။ အနန္တသူရိယအမတ်ကြီးရဲ့ မျက်ဖြေအလင်္ကာမှာပဲ ကြည့်လေကွာ။

“သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း” တဲ့။ “သူတည်းတစ်ယောက်” လို့ ရေးခဲ့လို့လား။ မင်းဘူးဆရာတော် ဦးသြဘာသရဲ့စာတွေထဲပဲရှာရှာ၊ ဦးပုညရဲ့စာတွေထဲပဲရှာရှာ၊ ဆရာကြီးရွှေဥဒေါင်းရဲ့ စာတွေထဲပဲ ရှာရှာ ဘယ်တွေ့လိမ့်မလဲ။ အဲဒီလိုရေးထုံးမှ မရှိခဲ့ပဲကိုး” ဒါပေမယ့် လိုရာဆွဲပြောဖို့ ဉာဏ်နီဉာဏ်နက်ထုတ် စကားလုံးရှာတဲ့နေရာမှာတော့ မြန်မာစာအဖွဲ့က တကယ်တော်တယ်ဟေ့။ “တ နှင့် တစ်အရေးကို စဉ်းစားသောအခါ ရေးတော့အမှန် ဖတ်တော့အသံ ဟူသည်ကို လိုက်နာမည်” တဲ့။ “သဘာဝယုတ္တိအရ ပြုပြင်သင့်သည်ကို ပြုပြင်မည်” တဲ့။ နာမ်၊ မျိုးပြပစ္စည်းတို့နှင့် ယှဉ်တွဲသော တ သည် ကိန်းဂဏန်းတစ်ခုကို အရင်းခံသော ပုဒ်ဖြစ်သဖြင့် စသတ်ဖြင့်ရေးရန်” တဲ့။

ရှေးစာပေ အထောက်အထား အကိုးအကား တခုမှ မပါဘူးနော်။ ငါတို့မှာ အာဏာရှိတယ်၊ ငါတို့ရေးခိုင်းတဲ့အတိုင်း ပြင်ရေးရမယ်ဆိုတာကို စကားလုံးလှလှလေးတွေနဲ့ ပြောလိုက်တာပဲ။

မိုး။ ။ ရေးတော့အမှန် ဖတ်တော့အသံ ဆိုပြီး “ဒို့” ဆိုတဲ့စကားလုံးကိုတောင် “တို့” လို့ ပြောင်းရေးကြရမယ်ဆိုလို့ “ဒို့ကျောင်းသား” စာစောင်ကိုတောင် “တို့ကျောင်းသား” လို့ နာမည်ပြောင်းပေးခဲ့ရတာ ကျွန်တော်မှတ်မိသေးတယ် ဆရာ။

ကြူး။ ။ အဲဒီ မြန်မာစာအဖွဲ့ပဲလေ၊ စစ်အစိုးရတက်လာတော့ ဒို့တာဝန်အရေးသုံးပါး ဆိုတာ စာလုံးပေါင်းမှားနေတယ်။ တို့တာဝန်အရေးသုံးပါး လို့ရေးပါ ဆိုပြီး ထောက်ပြရဲခဲ့လို့လား။

မိုး။ ။ မှန်လိုက်တာ ဆရာရယ်။

သင်း။ ။ ဆက်ပြောရရင် ဦးနေ၀င်းက သူ့ရေးထုံးအမှားကြီးကို အမှန်ဖြစ်အောင်လို့ မြန်မာစာအဖွဲ့ကိုအသုံးချပြီး တရားဝင်ဖြစ်အောင် ပြဋ္ဌာန်းခဲ့တယ်။ ဒါပေမယ့် လူတိုင်းက လိုက်မရေးခဲ့ကြပါဘူး။ ဒီတော့ ဘယ်သူ့ကို အသုံးချလာလဲဆိုတော့ စာပေကင်ပေတိုင်လို့ အများကခေါ်ကြတဲ့ စာပေစိစစ်ရေးအဖွဲ့လေ။ ပုံနှိပ်သမျှ စာအုပ်စာတမ်းတွေ အားလုံးကို သတ်ပုံမမှန်ရင် ထုတ်ခွင့်မပေးဘူးဆိုပြီး အတင်း ပြင်ခိုင်းတော့တာပဲ။ ဒီတော့ နောက်လူတွေလည်း တခု တကောင် ဆိုတဲ့အရေး အသားကို မမြင်ဘူး ကြတော့ပဲ၊ တစ်ခုတစ်ကောင်လို့ ရေးရတယ်လို့ပဲ အမှားကြီးကို အရိုးစွဲလာခဲ့ကြတာပေါ့။

မိုး။ ။ အဲဒီတုန်းက စာရေးဆရာတွေက မကန့်ကွက်ခဲ့ကြဘူးလား။

သင်း။ ။ အဲဒီတုန်းက အာဏာရှင်စနစ်အောက်မှာဆိုတော့ ကန့်ကွက်ကြောင်း တရားဝင်ရေးသားခွင့် မရခဲ့ဘူးလေ။ ကိုတင်မိုးကြီးကတော့ ဘီဘီစီနဲ့ အင်တာဗျူးမှာ မကြိုက်ကြောင်းပြောခဲ့တာမှတ်မိတယ်။ ဆရာမင်းသုဝဏ် ရွဲ့တည့်တည့် ပြောတာခဲ့တာလည်း မှတ်မိသေးတယ်။ ဆရာမင်းသုဝဏ်ကို ဆရာဇော်ဂျီနဲ့ တွေ့ဖြစ် လားမေးတော့ “ကျွန်တော် တစ်ခါတစ်လေ (ရေးသည့်အတိုင်း အသံထွက်ပြီးပြော) တော့လည်း တွေ့ဖြစ်ပါတယ်” တဲ့။ အဲဒီ တစ် ဆိုတဲ့ အရေးအသားကို ဆရာမင်းသုဝဏ်လို ဆရာကြီးတွေလည်း မကြိုက်ခဲ့ကြပါဘူး။

ကြူး။ ။ ရှင်းနေတဲ့ အရေးအသားကို ရှုပ်အောင် ပြောင်းရေးခိုင်းတော့ နောက်ထပ် ပြဿနာတွေကို ထပ်တွေ့ရပြန်ရော။ လူတွေလည်း ရေးကောင်းကောင်းနဲ့ တ၀မ်းပူ စသတ် တစ် လိုက်ကြတာ တစ်ကျက်ကျက်တို့၊ တစ်သသတို့၊ တစ်အံ့တစ်သြတို့တောင် ဖြစ်သွားကြပြန်ရော။ အဲဒါတွေကျတော့ စသတ် မတစ်ရပြန်ဘူး ဆိုတော့ လူတွေလည်း ဘယ်ဟာကို စသတ်နဲ့ တစ်ရမယ်၊ ဘယ်ဟာကိုတော့ စမသတ်ပဲ တ လို့ပဲ ရေးရမယ်၊ တခမ်းတနားလား တစ်ခမ်းတစ်နားလား၊ တခါတလေလား တစ်ခါတစ်လေလား တစ်ခါတလေလားဆိုတာ မှတ်ရတဲ့အပိုဒုက္ခတွေပါ တွေ့လာရတယ်။ သူတို့ရဲ့သတ်ပုံကျမ်း ဆိုတာကြီးကိုသာ မဆောင်ထားရင် ရေးတာမှားသွားဖို့များတယ်။ အယ်ဒီတာတွေလည်း သတ်ပုံကျက်ရတဲ့ဒုက္ခ၊ သတ်ပုံလိုက်ပြင်ပေးရတဲ့ဒုက္ခတွေ အများကြီး ကြုံခဲ့ကြရတာပေါ့။

သင်း။ ။ ကဲ၊ အဲဒါတွေ ထားလိုက်ပါတော့ကွာ။ အခု ဦးနေ၀င်းလည်း မရှိတော့ဘူး။ အာဏာရှင်စနစ်လည်း ချုပ်ငြိမ်းသွားပြီ၊ အဲ .. ဆိုသော်ရကောင်း၏ပေါ့ကွာ။ စာပေစိစစ်ရေးလည်း မရှိတော့ဘူး၊ စာပေလွတ်လပ်ခွင့်လည်း ရလာပြီ။ ဒီလို အခွင့်အရေးရတုန်းမှာ ဦးနေ၀င်းစခဲ့တဲ့ ဒီ တ၀မ်းပူ စသတ် တစ် အရေးမှားကြီး ကို ပြန်ပြင်ရေးကြဖို့ ကောင်းပြီ။

မိုး။ ။ အခုဆို ကျွန်တော်လည်း စာရေးရင် တ နဲ့ပဲ ပြောင်းပြီးရေးနေတာပါပဲဆရာ။ ဒါပေမယ့် အယ်ဒီတာတွေက တစ် ဆိုပြီး ပြန်ပြန်ပြောင်းပစ်တော့ ခက်တယ်ဆရာ။

သင်း။ ။ အယ်ဒီတာတွေကိုယ်တိုင်က ဒီကိစ္စရဲ့နောက်ခံသမိုင်းကို လေးလေးနက်နက် မစဉ်းစားမိကြ လို့ အရေးကြီးတယ်လို့ မယူဆကြလို့ စာစီတဲ့ကလေးတွေ ကို သေသေချာချာ မမှာဖြစ်တာလည်း ဖြစ်နိုင်တယ်။ ဒီတော့ အခုအချိန်ကစပြီး ငါတို့ခင်တဲ့ အယ်ဒီတာတွေကို စပြီး စည်းရုံးကြမယ်ကွာ။ ကိုချစ်မောင်တို့၊ တင်တင်ဦးတို့၊ ကိုဝင်းသူရတို့၊ ကိုလေးကိုတင်တို့က စကြမယ်ကွာ။ သူတို့မဂ္ဂဇင်းတွေမှာ စပြီး ပြောင်းရေးလာကြရင် ဒီကိစ္စဟာ ဦးနေ၀င်းရဲ့လက်ကျန် အမှားကြီးဆိုတဲ့ ခံယူချက်အသိ စိတ်ဓာတ်ရှိတဲ့ လူတွေ လိုက်ပြောင်းရေးလာကြမှာပဲ။

ကြူး။ ။ နောက်ပြီး ပိုပြီး တွင်တွင်ကျယ်ကျယ် လူသိလာဖို့ movement တခု၊ campaign တခုလိုကို သဘောထားပြီး ၀ိုင်းဝန်းလှုပ်ရှားနိုင်ကြရင် အကောင်းဆုံးပဲ။ ကိုထက်မြက်တို့ရဲ့ စာရေးဆရာသမဂ္ဂတို့၊ မသီတာတို့ရဲ့ Pen Myanmar တို့လို ရှိပြီးသားအဖွဲ့အစည်းတွေ ပူးပေါင်းလှုပ်ရှားလာကြရင် ပိုထိရောက်မယ်။

သင်း။ ။ ဒိပြင် စာဖတ်ပရိသတ်နဲ့ ထိတွေ့မှုများတာ စာပေဟောပြောပွဲတွေကွာ။ မောင်သာချိုတို့၊ ချစ်ဦးညိုတို့၊ နေ၀င်းမြင့်တို့ကိုလည်း ဟောပြောပွဲတွေမှာ ဒီကိစ္စအကြောင်း ထည့်ဟောပေးဖို့ တိုက်တွန်းကြမယ်ကွာ။

မိုး။ ။ ကောင်းတယ်ဆရာ။ ကျွန်တော်တို့ ခင်တဲ့စာရေးဆရာတွေ၊ အယ်ဒီတာတွေကို တဖြည်းဖြည်း စပြီး စည်းရုံးကြတာပေါ့။ ဒီနေ့ ဆရာတို့ပြောတဲ့အကြောင်းတွေ ကို ပြန်ရေးပြီး ဆရာဦးချစ်မောင်တို့ဂျာနယ်ကို ပို့လိုက်မယ်။ ဆရာတို့အနေနဲ့ နောက်ဆုံး ဘာများပြောချင်ပါသေးလဲ။

ကြူး။ ။ ဒီကိစ္စကို ဦးနေ၀င်းက စခဲ့တာဆိုပေမယ့် တိုက်ရိုက်တာဝန်ရှိခဲ့တာက မြန်မာစာအဖွဲ့ပဲ။ ဒီတော့ သူတို့လုပ်ခဲ့တဲ့အမှားကြီးကို ပြန်လည်ဝန်ချတောင်းပန်ပြီး၊ တရားဝင် ပြန်ပြင်ဆင်ပေးဖို့ မြန်မာစာအဖွဲ့အပေါ်မှာ တာဝန်ရှိတယ်လို့ ကိုယ်ပြောချင်တယ်။

သင်း။ ။ တကယ်တော့ ဒီ တ၀မ်းပူ စသတ်နဲ့ တစ်နေရတဲ့ကိစ္စဟာ ဦးနေ၀င်းက အာဏာသုံးပြီး အတင်းပြင်ရေးခိုင်းလို့ အောင့်သက်သက်နဲ့ လိုက်ရေးခဲ့ရတဲ့ကိစ္စပဲကွာ။ ဒီနေ့ ဒီလိုအချိန်မျိုးမှာတောင် တခု တကောင် တယောက်လို့ အမှန်အတိုင်း ပြန်မရေးကြပဲ၊ တစ်ခု တစ်ကောင် တစ်ယောက် လို့ပဲဆက်လုပ်နေတာဟာ ဦးနေ၀င်း ရဲ့ နောက်မြီးဆွဲ ဆက်လုပ်နေရာကျတယ်ကွာ။ ဦးနေ၀င်းရဲ့ နောက်မြီးဆွဲတော့ ဆက်မလုပ်ချင်ကြပါနဲ့တော့လို့ စာရေးဆရာ အယ်ဒီတာ စာဖတ်ပရိသတ်တွေကို တိုက်တွန်းလိုက်ချင်ပါတယ်။

မိုး။ ။ အခုလို ပြောဆိုဆွေးနွေးပေးကြတဲ့အတွက် ဆရာတို့ကို ကျေးဇူးတင်ပါတယ်။

(မိုးသစ်ဝေ ရေးသား မှတ်တမ်းတင်သည်။)

ရှုခင်းသစ် http://newsightsmm.com/ မှ ကူးယူဖော်ပြပါတယ်။
 

(Dr Lun Swe Blog မှ ထပ်ဆင့်ကူးယူဖေါ်ပြပါသည်။ )

Wednesday, June 4, 2014

တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ (အပိုင်း ၁၃)

DVB နယ်သတင်းထောက်များ

အသံလွှင့်ဌာနတခု အောင်မြင်ဖို့အတွက် ရုံးချုပ်စတူဒီယိုက ၀န်ထမ်းတွေ အရေးကြီးသလို နယ်သတင်း ထောက်တွေဟာလည်း အလွန်အရေးပါတဲ့ အခန်းမှာရှိတယ်လို့ ထင်ပါတယ်။ ကျနော်မှတ်မိသမျှ နယ် သတင်းထောက်တွေရဲ့စာရင်းကို တင်ပြရမယ်ဆိုရင် လက်ရှိ DVB ဒုညွှန်မှူးအဖြစ် တာဝန်ထမ်းနေဆဲ ကိုခင်မောင်ဝင်းဟာ DVB ရဲ့ ပထမဆုံး နယ်သတင်းထောက်ဖြစ်ပါတယ်။ သူရဲ့ကလောင်အမည်က ဘ မောင်ဇင် ဖြစ်ပြီး ၁၉၉၃-၉၄ ၀န်းကျင် DVB ခေတ်ဦးပိုင်းကနေ စတင်သတင်းပို့ခဲ့တာပါ။

(နယ်သတင်းထောက်တချို့အပါဝင် DVB ၁၀ နှစ်ပြည့်အခန်းနားမှာ တွေ့ရသူများ)

ဒုတိယ တဦးကတော့ မောင်ဒိုး၊ မောင်ပိုင်ထွန်းဆိုတဲ့ ကလောင်အမည်တွေနဲ့သတင်းပို့ခဲ့သူ ကိုခင်သန်း ဖြစ်ပါတယ်။ သူဟာ DVB အတွက် ABSDF ရဲ့ သတင်းအယ်ဒီတာဖြစ်ပြီး အော်စလိုရုံးချုပ်ကနေ မဲဆောက်ကိုအပြန် ၁၉၉၉ နှောင်းပိုင်းမှာ လက်နက်ချသွားသလိုလိုနဲ့ ပျောက်ဆုံးသွားပါတယ်။ အခု ၂၀၁၄ မှာပေါ်လာတဲ့သတင်းတွေအရတော့ သူ့ကို DVB ရန်ကုန်ရုံးခွဲမှာ ပြန်တာဝန်ပေးထားတယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးလို ဗဟိုရဲ့တာဝန်ပေးချက်မပါပဲ (ဗဟိုပြန်ကြားရေးတာဝန်ခံနှင့် ဗဟိုသုတေသနဌာနမှူး တာ ၀န်များအရ သတင်းလောကသို့ ရောက်လာဟုပြောနိုင်) ရဲဘော်ဘ၀ကနေ သတင်းထောက်ဖြစ်လာသူ တွေထဲမှာတော့ ၁၉၉၄ ၀န်းကျင်မှာ မောင်ဇော် အမည်နဲ့စတင်သတင်းပို့ခဲ့တဲ့ ကိုဇော်ထွန်းကို အ မှတ်ရနေပါတယ်။ သူဟာ ၂၀၀၀ ပြည့်နှစ် မတိုင်ခင်ကတည်းက သြစတြေးလျနိုင်ငံကို ထွက်သွားပြီး ၂၀၀၇ DVB TV နာမည်ကြီးချိန်မှာ TV သတင်းထောက်အဖြစ် ပြန်လည်တာဝန် ထမ်းခဲ့ပါတယ်။ ဒါ ပေမယ့် ၂၀၀၉ လောက်မှာ အကြောင်းပြချက် ခိုင်လုံမှုမရှိပဲ DVB အုပ်ချုပ်ရေးအဖွဲ့ကနေ သူ့ကို အ လုပ်ထုတ်လိုက်တယ်လို့ ကိုဇော်ထွန်းက ပြောပါတယ်။

ရဲဘော်ဘ၀ကနေ သတင်းထောက်ဖြစ်လာပြီး အခုချိန်ထိ DVB မှာ တာဝန်ထမ်းနေဆဲ သက် တော်ရှည်တဦးတည်းသော ABSDF မှ ပုဂ္ဂိုလ်ကတော့ ကိုမောင်တူးပဲဖြစ်ပါတယ်။ သူဟာ ကျနော် သ တင်း ထောက်မလုပ်ခင် ၁၉၉၃-၉၄ လောက်ကတည်းက DVB အတွက် သတင်းပို့နေသူဖြစ်ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်၊ DVB ခေတ်ဦးပိုင်းကနေ အခု ၂၀၁၄ အထိ အဖြုတ်မခံရပဲ ကျန်တဲ့ လူဟောင်း ဆိုလို့ ကိုမောင်တူးတယောက်ပဲ ထူးထူးခြားခြားရှိပါတော့တယ်။

ABSDF မှ နောက်တဦးကတော့ ကိုအောင်မျိုးမင်းဖြစ်ပြီးး ၁၉၉၇ ကနေ ၂၀၀၀ ပြည့်နှစ် ၀န်းကျင် အတွင်း DVB အတွက် သတင်းပို့ခဲ့တယ်လို့ အမှတ်ရနေပါတယ်။

ABSDF အပြင် တခြားအဖွဲ့အစည်းတွေက သတင်းထောက်တွေကို ပြောရမယ်ဆိုရင် DPNS လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီမှ ကိုစိုးဝင်းညိုဟာ ထင်ရှားတဲ့ နယ်သတင်းထောက်တဦးဖြစ်ပါတယ်။ သူဟာ သတင်းပို့တာအပြင် ဆောင်းပါးရေးလည်းတော်သူ။ န၀တ ကို ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ဝေဖန် တိုက်ခိုက်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ DVB စတင်ထူထောင်တဲ့ ၁၉၉၂ ဇူလိုင်လကတည်းက မာနယ် ပုလော စတူဒီယိုမှာ စတင်တာဝန်ထမ်းခဲ့သူဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် အစောပိုင်းမှာ အော်စလိုစတူဒီယိုဆီ ရောက်လာပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမတိုင်မီ DVB TV နာမည်ကြီးစအချိန် ဇူလိုင်လမှာ DVB အုပ်ချုပ်ရေးအဖွဲ့က သူ့ကိုအလုပ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။ အလုပ်ထုတ်ခံရပြီး ၆ လမပြည့်ခင် ဒီဇင်ဘာလမှာ ကွယ်လွန်သွားခဲ့ပါတယ်။

အနောက်ဘက်နဲ့ မြောက်ဖက်ဒေသမှ သတင်းထောက်များ

ဒါက အရှေ့ဘက်ဒေသလို့ခေါ်ကြတဲ့ ထိုင်း-မြန်မာနယ်စပ်တလျှောက်က DVB နယ်သတင်းထောက် တွေ ဖြစ်ပါတယ်။ အနောက်ဘက်ဒေသလို့ခေါ်ကြတဲ့ အိန္ဒိယ-မြန်မာနယ်စပ်နဲ့ နယူးဒေလီအခြေစိုက် ဒေလီစတူဒီယိုဘက်က သတင်းထောက်တွေကို ပြောရမယ်ဆိုရင် ကိုသက်နိုင်ဟာ အစောဆုံးသတင်း ထောက် ဖြစ်ပါတယ်။ NLD-LA အဖွဲ့ဝင်တဦးဖြစ်ပြီး ၁၉၉၈ ၀န်းကျင်ကနေ ၂၀၀၈ ခုနှစ်အထိ DVB အ တွက် သတင်းများစွာ ပို့ပေးခဲ့သူပါ။ အခုတော့ သြစတြေးလျနိုင်ငံမှာ နေထိုင်နေတယ်လို့ သိရပါတယ်။
(ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုစိုးဝင်းညို (နောက်တန်း ယာအစွန်ဖက်က မျက်မှန်နဲ့ ပုဂ္ဂိုလ်) အပါဝင် DVB သတင်းအဖွဲ့သားများကို KNPP ဥက္ကဌ ခူထဲဘူးဖဲ၊ NCGUB ၀န်ကြီးချုပ်ဒေါက်တာစိန်ဝင်းနဲ့ KNU ဥက္ကဌ ပဒိုဘသင်စိန်တို့နဲ့အတူ တွေ့ရစဉ်)

ဒုတိယ တဦးကတော့ ကိုခင်မောင်စိုးမင်းဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် အစောပိုင်းကတည်းက DVB အတွက် သတင်းတွေပို့ပေးခဲ့ပါတယ်။ သူဟာ ABSDF တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး မီဇိုရမ်ဒေသကနေ စတင် သတင်း ပို့ခဲ့တာပါ။ ၂၀၀၂ ခုနှစ်မှာတော့ တရားဝင်သတင်းထောက်အဖြစ် ရွေးချယ်ခံရပြီး အော်စလိုရုံးချုပ်ဆီ ၃ လ သင်တန်းတက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒေလီအခြေစိုက် သတင်းထောက်အဖြစ် တာဝန် ထမ်းခဲ့ပြီး အော်စလိုရုံးချုပ်မှာ လူလိုတိုင်း သူ့ကိုခေါ်ယူခဲ့ရပါတယ်။ ၂၀၀၉ မှာတော့ DVB ကနေ နုတ် ထွက်သွားပါတယ်။ အခုတော့ RFA ၀ါရှင်တန် စတူဒီယိုမှာ တာဝန်ထမ်းနေတယ်လို့ သိရပါတယ်။

တတိယ တဦးကတော့ မစန္ဒာဖြစ်ပါတယ်။ သူဟာ ဒေလီစတူဒီယိုရဲ့ ၀န်ထမ်းတဦးဖြစ်ပြီး ဒေါက်တာ ဇော်ဝင်းအောင်ရဲ့ နာမည်ကြီး ပရိုဂရမ်တခုဖြစ်တဲ့ ကိုအောင်ဒင် မရွှေပွင့်ရဲ့ အသံသရုပ်ဆောင်လည်း ဖြစ်ပါတယ်။ ၂၀၀၃ ၀န်းကျင်မှာတော့ အာရှဒေသဆိုင်ရာ သတင်းများနဲ့ အခြားသတင်းတချို့ ပို့ပေး ခဲ့ပါတယ်။ ၂၀၀၄-၀၅ ၀န်းကျင်မှာတော့ ကိုသင်းကိုကိုနဲ့အတူ DVB TV ကို ဦးစီးပြီး စတင်ထူ ထောင် ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၅ နှောင်းပိုင်းမှာ DVB အုပ်ချုပ်ရေးအဖွဲ့မှ ပုဂ္ဂိုလ်တွေနဲ့ မကျေမလည်ဖြစ်ပြီး နုတ်ထွက်သွားပါတယ်။ တချို့ကတော့ ကွဲပြဲခဲ့တယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမယ့် နှစ်ဖက်စလုံးက တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိခဲ့ပါ။ နောက်ပိုင်းမှာတော့ VOA TV မှာ တာဝန်ထမ်းခဲ့တယ်လို့ သိရ ပါတယ်။

အနောက်ဖက်ကနေ မြောက်ဖက်ကိုလှည့်ရမယ်ဆိုရင် ထိုင်းနဲ့ အိန္ဒိယဘက်က နယ်သတင်းထောက် တွေလို လူသိမများပေမယ့် ထူးခြားသတင်းအများဆုံး ပို့ပေးခဲ့တဲ့အဖွဲ့ကတော့ တရုတ်-မြန်မာနယ်စပ် အခြေစိုက် AKT ခေါ် အောင်-ခိုင်-သန်း သတင်းအဖွဲ့ဖြစ်ပါတယ်။ ကြားဖြတ်စက်သတင်းနဲ့ ငြိမ်းအဖွဲ့ တွေရဲ့ လှုပ်ရှားမှုသတင်းတွေကို အဓိကပို့ပေးခဲ့ပြီး ၂၀၀၅ မှာ န၀တ ၀န်ကြီးချုပ်လည်းဖြစ်၊ စစ်ထောက် လှမ်းရေးအကြီးအကဲလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့် ဖမ်းဆီးခံရတဲ့ ၁၀၅ မိုင် နယ်စပ်ဂိတ် လာဘ်စား မှုသတင်းဟာ သူတို့ဆီက စလာတာလို့ ကျနော်အမှတ်ရနေပါတယ်။ (ကြားဖြတ်စက်သတင်းရဲ့ အရေး ပါပုံအကြောင်းကိုတော့ နောက်ပိုင်းမှာ သီးခြားခေါင်းစဉ်တခုနဲ့ တင်ပြပါဦးမည်)။

သူတို့အားလုံးဟာ ABSDF နဲ့ NDD (ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့) အဖွဲ့ဝင်တွေဖြစ်ပါတယ်။ ၁၉၈၈ ကနေ ၁၉၉၄ အထိ ကချင်နယ်အတွင်းအခြေစိုက်ခဲ့ပေမယ့် နောက်ပိုင်း အပစ်ခတ်ရပ်စဲရေး လုပ်ပြီးတဲ့နောက် ကချင်နယ်ကနေ ထွက်ခွာပေးရပြီး တရုတ်နယ်စပ်မှာ ဖြစ်သလိုအခြေစိုက်နေခဲ့ရ ပါတယ်။ အဲဒီလိုအခြေနေကနေ ကြားဖြတ်စက်၊ နယ်စပ်ကုန်သွယ်ရေးဂိတ်နဲ့ ငြိမ်းအဖွဲ့သတင်းရပ်ကွက် တွေကို ကိုးကားပြီး သတင်းထူးများစွာ ပို့ပေးခဲ့ပါတယ်။ AKT အဖွဲ့ဝင်တဦးဖြစ်သူ ကိုကျော်ခိုင်ဟာ တရုတ်နယ်စပ်ကနေ ငြိမ်းနယ်မြေတွေကိုဖြတ်ပြီး ထိုင်းနယ်စပ်ကတဆင့် ၂၀၀၃ ၀န်းကျင်မှာ အော်စလို စတူဒီယိုဆီ ၃ လတာ ရောက်လာခဲ့ဖူးပါတယ်။

နောက်တိုး သတင်းထောက်များ

နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့စည်းတွေနဲ့မဆက်စပ်ပဲ တကိုယ်တော်သတင်းထောက်အဖြစ် DVB အ တွက် ၁၉၉၈ မှာ သတင်းစပို့လာသူတဦးကတော့ ရနောင်းမှ ကိုဒီဖြစ်ပါတယ်။ သူဟာ ၂၀၀၂ ခုနှစ်မှာ တော့ အော်စလိုရုံးချုပ်မှာ ၃ လ တာ ၀န်လာထမ်းခဲ့ပါတယ်။ ၂၀၀၃ နောက်ပိုင်းမှာတော့ FRA သတင်း ဌာနဆီ အလုပ်ပြောင်းသွားပါတယ်။ အခုတော့ အမေရိကန်နိုင်ငံမှာအခြေစိုက်ပြီး သစ်ထူးလွင်ဆိုတဲ့ အမည်နဲ့ တရက် လူ တသန်းခွဲကျော်ဝင်ကြည့်တဲ့ နာမည်ကြီး ဘလော့ဂါအဖြစ် မီဒီယာတာဝန်များကို ဆက်လက် ထမ်းဆောင်နေတာ တွေ့ရပါတယ်။

(နယ်သတင်းထောက်တွေနဲ့အတူတွေ့ရတဲ့ DVB သတင်းအဖွဲ့)

ကိုဒီနဲ့မရှေးမနှောင်းပေါ်လာတဲ့ သတင်းထောက်တဦးကတော့ ဂျပန်နိုင်ငံ တိုကျိုမြို့မှ ကိုအောင်ဒင် ဖြစ် ပါတယ်။ ၁၉၉၉ ကနေ ၂၀၀၂ အထိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသတင်းတွေကို ပေးပို့ခဲ့ပါတယ်။ နောက် ပိုင်းမှာတော့ RFA သတင်းဌာနဆီပြောင်းသွားပါတယ်။ ကိုအောင်ဒင် FRA ကို ရောက်သွားပြီးနောက် မှာတော့ ကိုထင်အောင်က ဂျပန်သတင်းတွေကို ၂၀၁၀ ခုနှစ်အထိ ဆက်လက်ပေးခဲ့ပါတယ်။

ကိုဒီထွက်သွားပြီးနောက် ရနောင်းဒေသကနေပေါ်လာတဲ့ နောက်သတင်းထောက်တဦးကတော့ ကို မောင်မောင်ဟိန်း ဖြစ်ပါတယ်။ ထန်းမနိုင်ရွာသူ မစုစုနွေး လုပ်အားပေးခိုင်းစေခံရတဲ့သတင်းအပါဝင် ရွာ သတင်း၊ နယ်သတင်းအတော်များများကို ၂၀၀၃ နှောင်းပိုင်းကနေ ၂၀၀၈ လောက်အထိ ပေးပို့ခဲ့ပါ တယ်။ နောက်ပိုင်းမှာတော့ BBC နယ်သတင်းထောက်ဖြစ်သွားပါတယ်။

၂၀၀၁ ၀န်းကျင်မှာ နောက်ထပ်ပေါ်လာတဲ့ နယ်သတင်းထောက်တွေကတော့ ဘန်ကောက်မှ ကို အောင်လွင်ဦး၊ ချင်းမိုင်မှ နော်နန္ဒာချမ်းနဲ့ မဲဆောက်မှ ခိုင်သဇင်တို့ဖြစ်ပါတယ်။ သူတို့အားလုံးဟာလည်း ၂၀၀၂ နှောင်းပိုင်းမှာ အော်စလိုရုံးချုပ်ဆီ ၃ လသင်တန်းရောက်လာကြပါတယ်။ နောက်ပိုင်းမှာတော့ ကို အောင်လွင်ဦးနဲ့ နန္ဒာချမ်းတို့ဟာ VOA သတင်းဌာနဆီရောက်သွားပါတယ်။ ခိုင်သဇင်ကတော့ သတင်း ထောက်အဖြစ်ကနေ ငွေစာရင်းဌာနဘက်ဆီပြောင်းသွားပြီး အခုချိန်ထိ DVB ရန်ကုန်ရုံးနဲ့ ချင်းမိုင်ရုံး ငွေ စာရင်းဌာနမှာ တာဝန် ထမ်းနေဆဲလို့ သိရပါတယ်။

ခိုင်သဇင် ငွေစာရင်းဌာနဆီပြောင်းပြီးနောက် မဲဆောက်ကနေ ပေါ်လာတဲ့ နောက်ထပ်သတင်းထောက် တဦးကတော့ ကိုထက်ရာဇာဖြစ်ပါတယ်။ သူဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး ၂၀၀၅ အ စောပိုင်းကနေ ၂၀၀၉ အစောပိုင်းအထိ DVB အတွက် သတင်းတွေ ပို့ပေးခဲ့ပါတယ်။ ဒါဟာ DVB TV သြဇာကြီးချိန်မှပေါ်လာတဲ့ ချင်းမိုင်ရုံးမတိုင်ခင်၊ တနည်းအားဖြင့် ရုံးခန်းတွေအသေချာမရှိခင်မှာ ကိုယ့် အိမ်ကိုရုံးခန်းလိုသဘောထားပြီး၊ ထိုင်းရဲဖမ်းတာကို နည်းမျိုးစုံနဲ့ရှောင်ပြီး ခက်ခဲစွာ တာဝန်ထမ်းဆောင် ခဲ့တဲ့ နယ်သတင်းထောက်တွေဖြစ်ပါတယ်။ (ကျနော်မှတ်မိသမျှကို ရေးထားခြင်းသာဖြစ်တဲ့အတွက် ကျန်နေသူများ၊ လွဲချော်မှုများရှိပါက ပြန်လည်ထောက်ပြ ပြုပြင်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်)။   

နယ်သတင်းထောက်ဟောင်းတွေ၊ ရုံးချုပ်ဝန်ထမ်းဟောင်းတွေရဲ့စာရင်းကိုပြန်ကြည့်မယ်ဆိုရင် မကျေ မလည်ဖြစ်လို့ထွက်သွားသူ၊ သဘောထားမတိုက်ဆိုင်လို့ အလုပ်ထုတ်ခံရသူ၊ အခြေနေအရ တခြားသ တင်းဌာနတွေဆီပြောင်းသွားသူဦးရေဟာ ၉၀ ရာခိုင်နှုန်းကျော်ရှိပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆို ရင်တော့ ၁၉၉၂ ဇူလိုင် ၁၉ ရက်နေ့ DVB စတင်ကတည်းကပါလာသူတွေထဲမှာ အခု ၂၂ နှစ်ကြာပြီးချိန် အထိကျန်နေတဲ့လူဟောင်းဆိုလို့ ညွန်မှူးနှစ်ဦး၊ ဖျော်ဖြေရေးတာဝန်ခံတဦးနဲ့ သတင်းထောက် ကို မောင်တူးတို့ ၄ ဦးသာရှိပါတော့တယ်။

ဒီလို လူဟောင်းတွေ အစုအပြုံလိုက်ထွက်သွားတာ၊ ထုတ်ပစ်တာ၊ ပြောင်းသွားတာတွေဟာ DVB အုပ် ချုပ်ရေး အာဏာပိုင်အဖွဲ့ရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုကြောင့်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။ ဒါ ပေမယ့် DVB ညွှန်မှူးတွေကတော့ ဒီဝေဖန်ချက်ကိုလက်မခံကြပါဘူး။ DVB က လူတော်တွေ ထွက် သွားပြီး တခြားသတင်းဌာနတွေ၊ တခြားနယ်ပယ်တွေမှာ တာဝန်ယူနေတာဟာ ဂုဏ်ယူစရာဖြစ်တယ်။ DVB ကနေ အဲဒီလူတွေကို မြေတောင်မြှောက်ပေးလိုက်တာဖြစ်တယ်လို့ ပြောဆိုလေ့ရှိတာကို အခုချိန် ထိ ကြားနေရဆဲဖြစ်ပါတယ်။    ။

Tuesday, June 3, 2014

ထားဝယ် လယ်သမား၂၀ ဦး ကို သက်ဆိုင်ရာက အမှုဖွင့်

Dawei Watch၊ ထားဝယ်၊ ဇွန် ၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ၊ ဆန်းချီရပ်ရှိ သိမ်းဆည်း လယ်မြေများပေါ်တွင် အကောင်အထည်ဖော်နေသည့် မြို့ပြစီမံကိန်း ဧရိယာအတွင်း မြေကွက်ရိုက် အုတ်တိုင်စိုက်သည်ကို တားဆီးသည့် သိမ်းဆည်းခံ လယ်သမား ဦးကြူလွင်အပါအ၀င် ၂၀ ဦးကို ထားဝယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးနိုင်က တရားလို ပြုလုပ်ပြီး ဇွန်လ ၂ ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


ပြည်သူဝန်ထမ်းများ တာဝန်ထမ်းဆောင်နေစဉ် ၀တ္တရား နှောက်ယှက်မှု၊ ဆဲဆိုမှုနှင့် ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်မှုတို့ကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၅၃ ၊ ၂၉၄ နှင့် ၁၁၄ တို့အရ အမှုဖွင့်ထားပြီး လက်ရှိတွင် လယ်သမား ၂၀ ဦးအား စစ်ဆေးနေကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

“လက်ရှိတော့ စစ်ဆေးနေတုန်းပဲ၊ စစ်ဆေးပြီးမှ ဘယ်နှယောက် တရားစွဲတင်ခံမယ်ဆိုတာ သိနိုင်မယ်” ဟု ၎င်းက ဆိုသည်။

ဇွန်လ ၁ ရက်နေ့က သက်ဆိုင်ရာဌာနများမှ ယင်းလယ်ယာမြေများ၌ မြေကွက်ရိုက်ပြီး အုတ်တိုင်စိုက်ရန် စီစဉ်စဉ် အစိုးရက ပေးသည့် နှုန်းထားကို သဘောမတူသည့် လယ်သမားများက တားမြစ်သဖြင့် ထိပ်တိုက်ရင်ဆိုင်မှု ၅ ကြိမ် ဖြစ်ပွားခဲ့ရာမှ ထိုသို့ အမှုဖွင့် တိုင်ကြားခံရခြင်း ဖြစ်ကြောင်း လယ်သမားများက ပြောသည်။

“မြေကွက်ယူဖို့ သဘောတူထားတဲ့ နေရာတွေမှာ မြေကွက်ရိုက်ပြီး၊ အုတ်တိုင်စိုက်တာကို မတားမြစ်ခဲ့ဘူး၊ ညှိနှိုင်းလို့ မပြေလည်သေးတဲ့ လယ်မြေမှာ လုပ်တာတော့ တားမြစ်ခဲ့တယ်၊ ဆဲဆိုခဲ့တာတော့ မရှိဘူး၊ အမှန်တရားကို လုပ်ပေးဖို့ ရှိခိုးတောင်းပန်တာပဲ ရှိတယ်”ဟု လယ်သမား ဦးကြူလွင်က ဆိုသည်။

လယ်သမားများအား ယင်းသို့ အမှုဖွင့်ကာ တရားစွဲတင်ရန် စစ်ဆေးနေချိန်တွင် အခင်းဖြစ်သည့် လယ်မြေများပေါ်တွင် အုတ်တိုင်များကို သက်ဆိုင်ရာက စတင် စိုက်နေပြီဖြစ်ကြောင်း လယ်သမား ဦးကြူလွင်က ပြောသည်။

“လက်ရှိတော့ ကိုယ့်ကိုကိုယ် အာမခံပြီး လွှတ်လိုက်တယ်၊ ဘယ်နှယ်ယောက်ကို တရားစွဲတင်မယ် ဘာညာ နောက်ပိုင်းကိစ္စကိုတော့ မသိသေးဘူး”ဟု သိမ်းဆည်းခံ လယ်သမားတစ်ဦးဖြစ်သည့် ဦးထွန်းထွန်းဝင်းက ဆိုသည်။


သိမ်းဆည်းထားသည့် လယ်မြေများအတွက် သုံးဧကကို ပေ ၄၀၊ ပေ ၆၀ ရှိ မြေကွက်တစ်ကွက်ပေးမည်၊ သုံးဧက အနည်းငယ်ကျော်သူကို မြေကွက်နှစ်ကွက်ပေးမည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြောဆိုခဲ့သော်လည်း ယင်းကို လယ်သမားအချို့သာ သဘောတူခဲ့သည်။

သဘောမတူသည့် လယ်သမားများက ၎င်းတို့၏ လယ်ယာမြေများပေါ်တွင် စီမံကိန်း အကောင်အထည်ဖော်မှုကို အစဉ်တစ်စိုက် ကန့်ကွက်ခဲ့ပြီး ရဲတပ်ဖွဲ့များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ထိပ်တိုက်တွေ့မှု အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။

ထို့အပြင် သိမ်းဆည်း လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက်လည်း နှစ်ကြိမ် ဆန္ဒပြခဲ့ပြီး ဖြစ်သည်။

ယခင်အစိုးရလက်ထက်က ကမြောကင်းလမ်းမကြီး၏ အရှေ့နှင့် အနောက်ဖက်ရှိ လယ်မြေများအား ၁၉၉၀ခုနှစ်က သိမ်းဆည်းခဲ့ပြီး အရှေ့ဘက်ရှိ မြို့သစ်စီမံကိန်း တည်ဆောက်ထားသည့် လယ်မြေများအတွက် မြေကွက်တစ်ကွက်နှင့် ငွေကျပ် ၇၀၀၀ကျပ် ပေးအပ်ခဲ့ပြီး လမ်းမကြီး အနောက်ဘက်ခြမ်းရှိ လယ်ယာမြေများအတွက် မည်သည့် နစ်နာကြေးမှ မပေးခဲ့ပေ။

Dawei Watch

တနသာင်္ရီ ဂျာနယ် အမှတ်စဉ် ၅၀။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More